ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်ချက်

Thursday, January 7, 2010

ကမ္ဘာတ၀ှမ်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့ လှုပ်ရှားမှုတွေ ရှိသလို မအောင်မြင်သေးပဲ နိုင်ငံရေး အကျပ်အတည်းဆိုက်မှု ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ လှုပ်ရှားမှုတွေလဲ အများကြီးပါပဲ။ အောင်မြင်တဲ့ လှုပ်ရှားမှုတွေဆီကနေ လိုက်နာကျင့်သုံးဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်သလို၊ မအောင်မြင်သေးတဲ့ လှုပ်ရှားမှုတွေဆီကနေလဲ ရှောင်ရှားသတိထားဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လှုပ်ရှားမှုအဆင့်ဆင့်ကို စနစ်တကျ အကောင်အထည်ဖော်မှု၊ တိကျတဲ့ တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်နိုင်မှုနဲ့ လှုပ်ရှားမှု အဂါင်္ရပ်တွေ ပြည့်ဝစေရေးက အရေးကြီးပါတယ်။



လှုပ်ရှားမှု အဆင့်ဆင့်

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ဖော်ဆောင်ရေးကို ပထမအဆင့်၊ ကွန်ယက်ချိတ်ဆက်ပြီး တပ်ပေါင်းစုသဏ္ဍာန် ချိတ်ဆက်ရေးက ဒုတိယအဆင့်၊ ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ရေးက တတိယအဆင့်၊ အခြေအနေနဲ့ အချိန်ကာလပေါ် မူတည်ပြီး ချိန်ကိုက်လှုပ်ရှားမှုက စတုတ္ထအဆင့် စပြီး အဆင့်ဆင့် လှုပ်ရှား အကောင်အထည်ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေက ပိုပြီး အောင်မြင်တတ်လေ့ရှိတယ်လို့ နိုင်ငံရေး ပညာရှင်များက လေ့လာဖော်ပြခဲ့ကြပါတယ်။

ပထမအဆင့်ဖြစ်တဲ့ အသင်းအဖွဲ့တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေ ဖော်ဆောင်ရေးမှာလဲ ပျောက်ကျားတိုက်ပွဲဖော်ဆောင်ရေး အုပ်စုငယ်လေးတွေကို သီးခြားစီ ဖွဲ့စည်းထားသင့်ပါတယ်။ ဒုတိယအဆင့်ကို တက်လှမ်းပြီး တပ်ပေါင်းစုထဲမှာ ပါဝင်လာရမယ့် အုပ်စုတွေကို ပျောက်ကျားတိုက်ပွဲ ဖော်ဆောင်ရေးမှာ တာဝန်ပေးမိရင် တပ်ကျွံသွားတတ်ပါတယ်။ သတင်းလုံခြုံရေးကို ထိခိုက်မှု ရှိလာနိုင်တာကြောင့် တပ်ပေါင်းစုသဏ္ဍာန် ချိတ်ဆက်ရေးမှာ အခက်အခဲ ဖြစ်စေတတ်ပါတယ်။ တပ်ပေါင်းစု သဏ္ဍာန်ချိတ်ဆက်ရေးမှာလဲ သတင်းလုံခြုံမှုရှိရေးနဲ့ လျှို့ဝှက်ရေးက အဓိက အရေးကြီး ပါတယ်။ ဒီနှစ်ချက်ကို မထိန်းနိုင်ရင် တတိယအဆင့်ဖြစ်တဲ့ ကျစ်လျစ်ခိုင်မာအောင် စည်းရုံးရေးနဲ့ တည်ဆောက်ရေးကို ထိခိုက်စေနိုင်ပါတယ်။

တတိယအဆင့်မှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ရှိနေရင်လဲ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင်မှ မအောင်မြင်တဲ့အခါ နိုင်ငံရေး ခါးဆက်ပြတ်သွားတတ်ပါတယ်။ တတိယအဆင့်ကို ပြန်ဆင်းပြီး နောက်တကြိမ် ထိုးစစ်ကို ပြန်မဖော်ဆောင်နိုင်ပဲ ပထမအဆင့်ကနေ ပြန်စရတာကြောင့် အချိန်နှောင့်နှေးသွားပါတယ်။ စဉ်ဆက်မပြတ် လှုပ်ရှားမှုကို မဖော်ဆောင်နိုင်တော့တာကြောင့် လူထုရဲ့ နိုင်ငံရေး ရေချိန် ပြန်ကျသွားတတ်ပါတယ်။ ရန်သူ စစ်အာဏာရှင်တွေဘက်က ထိုးစစ်၊ ခံစစ် ဆင်ဖို့ အချိန်တွေ ပိုရသွားပါတယ်။ နောက်တကြိမ် ထပ်ပြီး လူထုရဲ့ နိုင်ငံရေး ရေချိန်နဲ့ ချိန်ကိုက်လှုပ်ရှားဖို့ ပြန်စောင့်ရတဲ့အတွက် အချိန်တွေ ပိုကြာသွားတတ်ပါတယ်။

တိုက်ပွဲဝင် ပန်းတိုင်သတ်မှတ်ချက်

တိုက်ပွဲဝင် ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေမှာ အယူအဆက နှစ်မျိုးကွဲပြားပါတယ်။ တချို့ အဖွဲ့အစည်းတွေက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အာဏာရှင်တွေဘက်က ညှိနှိုင်းလာအောင် တွန်းအားပေးတာလို့ ယူဆကြပါတယ်။ တချို့အဖွဲ့အစည်းတွေကကျတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေပြီး၊ ကြားဖြတ်အစိုးရ အနေနဲ့ အာဏာလွှဲပြောင်း ရယူပြီးမှ ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်တာလို့ ယူဆကြပါတယ်။ ဒီယူဆချက် နှစ်မျိုးမှာ ပထမအယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိသလို၊ ဒုတိယအယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အယူအဆ နှစ်မျိုးလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။

ပထမအယူအဆမှာ အာဏာရှင်ဘက်ကနေ ဆွေးနွေးပွဲလုပ်မယောင် ဟန်ပြပြ၊ အင်အားကို ပြန်စုစည်းယူပြီးမှ အာဏာရှင် အုပ်ချုပ်ရေး ယန္တရားကို အသက်ပြန်သွင်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။ အဲဒီအခြေအနေ မျိုးဖြစ်လာခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်က ဆွေးနွေးပွဲဖြစ် လာမလားလို့ မျှော်လင့်စောင့်စားနေကြရင်းနဲ့ အချိန်တွေကြာလာပြီး လှုပ်ရှားမှုအရှိန် ပြုတ်ကျသွားပါတယ်။

ဒုတိယ အယူအဆမှာကျတော့ ပြင်ဆင်မှုအားနည်းချက်တွေ ရှိတာကြောင့် အောင်မြင်မှုမရတာမျိုးတွေ ရှိနိုင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစိုးရအုပ်ချုပ်ရေးယန္တရား အသက်ဝင်မှုဟာ အရေးကြီးပါတယ်။ ယန္တရားတခုကို ရပ်စဲပြီးတဲ့အခါ နောက်ထပ်ယန္တရားတခုက အချိန်မဆိုင်းပဲ အသက်ဝင်လာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာရှင်စနစ် အသက်ပြန်ဝင်လာဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ သို့ပေမယ့် လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေရှိပါတယ်။ မင်းသားကြီးလုပ်ချင်သူတွေ၊ မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်ချင်သူတွေ၊ အရေးပေါ်အခြေအနေကျမှ တွေဝေနေသူတွေ၊ အတိတ်က နာကျည်းချက်တွေပြန်ဖော်ပြီး ရန်ဖြစ်ငြင်းခုံနေချင်သူတွေက နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ကာလတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။

ပမာဆိုရရင် ရွာထဲကို ကျားဆိုးဝင်လာတဲ့အခါ တချို့က ကျားဆိုးကို သူနှိမ်နင်းလိုက်တယ်ဆိုတာ နာမည်ကြီးချင်လို့ သူများတွေကို နှိမ်နင်းမှာကို ရှေ့ကနေ ပိတ်ပင်တားဆီးမှုတွေ လုပ်တာမျိုး၊ တချို့ကျတော့လဲ ကိုယ့်ကို ရွာရဲ့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတာမို့ သူရဲကောင်းဂုဏ်ကို ကိုင်တွယ်ပြီး သူပဲ နှိမ်နင်းမယ်လို့ ရှေ့ကနေ ဆိုတာမျိုး၊ တချို့က ကျတော့လဲ ဓားနဲ့ခုတ်ရင်ကောင်းမလား၊ လှံနဲ့ ထိုးသတ်ရင် ကောင်းမလားဆိုတာ အရင် ညှိနှိုင်းဆွေးနွေးကြရအောင်လို့ ဆိုနေတာမျိုး ဖြစ်နေတာနဲ့ တူပါတယ်။ ဘယ်သူသတ်သတ်၊ မသတ်သတ် ကျားဆိုးကြီး သေသွားဖို့က အရေးကြီးပါတယ်။ ဘယ်သူချောက်ချောက်၊ မချောက်ချောက် ကျားဆိုးကြီး ကြောက်ပြီး ပြေးဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် ကျားဆိုးက လူတွေကို ကိုက်သတ်သွားတာပဲ အဖတ်တင် ကျန်ခဲ့ပါလိမ့်မယ်။

နိုင်ငံရေးအကူးအပြောင်း ကာလတခုမှာ ဒီလို အရေးမပါတဲ့ ကိစ္စတွေနဲ့ အချိန်မကုန်ဖို့ အရေးကြီးပါတယ်။ ကြားဖြတ်အစိုးရတခု လိုအပ်ချက်အရပေါ်ထွက်လာခဲ့ရင်လဲ ဒီကြားဖြတ်အစိုးရဟာ အုပ်ချုပ်ရေး ယန္တရားကို ယာယီဝင်ရောက်ထိန်းသိမ်းမှု ဆိုတာကို သဘောပေါက်နေဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ၀န်းရံဖို့ လိုအပ်ပါတယ်။ ကြားဖြတ်အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လဲ လိုအပ်ပါတယ်။ တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင် တည်ဆောက်ရေးဆိုတာမှာ လူထုတိုက်ပွဲတွင်းကာလအတွက် ပြင်ဆင်မှုတွေသာမက၊ ကြားဖြတ်အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေမှာ ကြိုတင်ပြင်ဆင် တည်ဆောက်ရေးတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အားနည်းချက်ရှိရင် လူထုတိုက်ပွဲထွက်ပေါ်လာပြီးမှ အရှိန်သေပြီး ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်သွားတတ်ပါတယ်။

အမှန်တကယ် လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါမှာ ပထမအယူအဆဖြစ်တဲ့ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေအတွက် တွန်းအားပေးသလို ဖြစ်သွားမလား၊ အာဏာရှင်ယန္တရားပြိုကျတဲ့အထိ တိုက်ပွဲဝင်ပြီး ကြားဖြတ်အစိုးရအထိ တက်လှမ်းသွားမလား ဆိုတာကတော့ တဘက်ရန်သူ စစ်အာဏာရှင်တွေအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ပေးမှာလဲ ဆိုတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားတွေ၊ ကမ္ဘာ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေ၊ လူထုရဲ့ နိုင်ငံရေး ရေချိန် အတက်အကျတွေ၊ ရေရှည်တောင့်ခံနိုင်မှု စတာတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ သို့ပေမယ့် ကြိုတင်ပြင်ဆင်မှုကတော့ ရည်မှန်းချက် ပန်းတိုင် နှစ်မျိုးလုံးအတွက် ပြင်ဆင်ထားသင့်ပြီး၊ အယူအဆမတူတဲ့ အဖွဲ့အစည်းတွေက ငါ့အယူအဆ ကောင်းတယ်၊ သူ့အယူအဆကောင်းတယ်လို့ မျက်စိမှတ် ဇွတ်မငြင်းပဲ ညှိယူနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ ငါ့စကားနွားရဆိုပြီး စွတ်ငြင်းနေရင်တော့ ဘာအကျိုးကျေးဇူးမှ မရှိပဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အကောင်အထည် ဖော်ပေးလိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒိုင်ယာလော့တကယ် ဖြစ်သွားနိုင်တဲ့ အခြေအနေ၊ အချိန်အခါမှာ ကြားဖြတ်အစိုးရဖွဲ့ရေးကိုပဲ အားသန်နေရင်လဲ ယုံကြည်မှု တည်ဆောက်ရေး ပျက်တတ်ပါတယ်။ ကြားဖြတ်အစိုးရဖွဲ့ပြီး လုပ်ရမယ့် အချိန်မှာ ရန်သူအယောင်ပြတဲ့ ရွှေသမင် ဒိုင်ယာလော့ခ်နောက် အလိုက်မှားပြန်လာရင် ဒဿဂီရိဘီလူးလက်ထဲ မယ်သီတာရောက် ကိန်းကို ဆိုက်ပါလိမ့်မယ်။ အခြေအနေရဲ့ တောင်းဆိုမှုကို ချိန်ကိုက်လှုပ်ရှားနိုင်မှုက အရေးကြီးဆုံးပါ။


အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အင်္ဂါရပ်များ

အာဏာရှင်တွေဟာ လူထုလှုပ်ရှားမှုတွေကို အလွန်ကြောက်ပါတယ်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေ စုဝေးလို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်တတ်လေ့ ရှိပါတယ်။ ကျောင်းသားတွေ စုဝေးလို့ မရအောင်၊ လူငယ်တွေ စုဝေးလို့ မရအောင်၊ လူထုနဲ့ နိုင်ငံရေး ဆက်စပ်လို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ရှိနေပြီးသား အဖွဲ့အစည်း၊ အသင်းအပင်းတွေကို ရေရှည်ရပ်တည်လို့ မရအောင်၊ အဖွဲ့အစည်းသစ်တွေ မပေါ်ထွက်လာအောင် ဘက်ပေါင်းစုံကနေ နှိပ်ကွပ်တားဆီးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

ဒီလို အခြေအနေမျိုးတွေမှာ အဖွဲ့အစည်းအသင်းအဖွဲ့တွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ပေါ်ထွက်နိုင်အောင် မြေအောက်လှုပ်ရှားမှုသဏ္ဍာန်နဲ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ရေရှည်မြှုပ်နှံပြီး အချိန်အခါကို စောင့်ခိုင်းတဲ့ အဖွဲ့တွေ၊ လေ့လာရေးအုပ်စုတွေ ရှိဖို့ လိုသလို ပြောက်ကျားလှုပ်ရှားတဲ့ အဖွဲ့ငယ်လေးတွေလဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေရှည်မြှုပ်နှံရေး အုပ်စုတွေ၊ လေ့လာရေးအုပ်စုတွေနဲ့ လှုပ်ရှားရေး အဖွဲ့တွေကို လိုင်းမပူးသွားစေဖို့ အထူးသတိထားရပါမယ်။ ပျောက်ကျားလှုပ်ရှားမှုတွေ အကောင်အထည်ဖော်ရာမှာလဲ လုံခြုံရေးသာ ပထမ၊ လုံခြုံရေးသာ ဒုတိယ၊ လုံခြုံရေးသာ တတိယ ဆိုတာကို သတိပေးထားပြီးမှ တိုက်ပွဲဖော်သင့်ပါတယ်။

အာဏာရှင်တွေဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ဆန့်ကျင်ရေး ပျောက်ကျားလှုပ်ရှားမှုတွေ ဟိုတစ၊ ဒီတစ ပေါ်ထွက်နေမှုဟာ အဆုံးသတ်အောင်ပွဲကို ရရှိစေတာ မဟုတ်ပေမယ့် အာဏာရှင်တွေရဲ့ အလုံးစုံဖိနှိပ်မှုဟာ အရာမရောက်ပဲ တက်ကြွလှုပ်ရှားသူတွေကတော့ ပေါ်ထွက်နေဆဲပဲဆိုတာကို လူထုကို တပ်လှန့်ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ စဉ်ဆက်မပြတ် ပျောက်ကျားတိုက်ပွဲများ ပေါ်ထွက်နေခြင်းဟာ အင်္ဂါရပ် တခုပါ။

ဒုတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ဖြစ်နိုင်ချေနဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ အစုအဖွဲ့၊ အသင်းအပင်းတွေ ဖွဲ့စည်းတဲ့အဆင့်၊ ချိတ်ဆက်လှုပ်ရှားမှု အဆင့်၊ ကျစ်လျစ်အောင် တည်ဆောက်ရေး အဆင့်တွေကို အဆင့်ဆင့် ဖော်ဆောင်ပြီး တိုက်ပွဲဝင်အဆင့်ကို စတင် အကောင်အထည်ဖော်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ အင်အားစု အားလုံးကို ထုတ်နှုတ်သုံးဖို့ မလိုအပ်ပါဘူး။ တိုက်ပွဲဝင်စစ်ကြောင်း၊ အကူစစ်ကြောင်း၊ ခြေကုပ်ယူပြီး အင်အားပြန်ဖြည့်ရမယ့် စစ်ကြောင်းတွေကို ခွဲထားဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံး လူထုလှုပ်ရှားမှု တိုက်ပွဲမှာ အလုံးစုံ ချေမှုန်း မခံရအောင် သတိထားရပါမယ်။ ပွဲဦးထွက် လှုပ်ရှားမှု တခုတည်းနဲ့ အာဏာရှင်စနစ်ကို ချက်ချင်း မဖြုတ်ချနိုင်ပါဘူး။ ရေရှည်တောင့်ခံနိုင်ဖို့အတွက် အလှည့်ကျ တာဝန်ယူစနစ်တွေ ရှိဖို့ လိုအပ်ပါတယ်။

အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာနိုင်ဖို့မှာ နိုင်ငံရေးဦးဆောင်မှုနဲ့ စည်းရုံးလှုပ်ရှားနိုင်မှုက အရေးကြီးဆုံးပါ။ နိုင်ငံရေးဦးဆောင်မှုဟာ အဲဒီအချိန်မှာ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်မလဲ ဆိုတာကတော့ လှုပ်ရှားမှု အကောင်အထည်ဖော်တဲ့ အခါတွေမှာတုန်းက ချိတ်ဆက်မှုကွန်ယက်ကို ဘယ်လောက်အထိ နက်နက်နဲနဲ ဖော်ဆောင်ထားတယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြီးတာနဲ့ နိုင်ငံရေးဦးဆောင်မှုတရပ် ထွက်ပေါ် လာဖို့ လိုအပ်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ်မှာ လာပြီး ဆုံနိုင်စေဖို့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ လူထုနဲ့ ဆက်ဆံလှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေ ရှေ့မှာ ရှိနေဖို့ လိုအပ်သလို နောက်ကွယ်ကနေ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ် လာဆုံစေဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေလဲ ရှိရပါမယ်။

ဒီနေရာမှာ အင်အားစုတွေအကြားက ကြားခံ ဆက်သွယ်ရေး တာဝန်ယူရသူတွေရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။ ဒီလိုဆက်သွယ်ရေး တာဝန်ယူမယ့် သူတွေကို ပျောက်ကျားတိုက်ပွဲတွေ၊ ပွဲဦးထွက် လူထု တိုက်ပွဲတွေမှာ ဘာတာဝန်မှ မပေးသင့်ပါဘူး။ ရန်သူက လုံးဝ မသိထားတဲ့ လူတွေ ဖြစ်သင့်ပါတယ်။ ကွင်းဆက်ကို ရန်သူက သိနေရင် ကွင်းဆက်ဖြတ်ဖို့ လွယ်ပါတယ်။ ဒီအချက်ကို အထူးဂရုစိုက်သင့်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေမှာ မိုက်ရူးရဲဆန်တာတွေ၊ စိတ်ခံစားမှုကို ဦးစားပေးဆုံးဖြတ်တာတွေကိုလဲ အထူးရှောင်ကြဉ်သင့်ပါတယ်။

တတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တိကျပြတ်သားတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ- ဒီမိုကရေစီ ရရှိရေး ဆိုရုံနဲ့ မပြီးပါ။ စစ်အစိုးရ ပြုတ်ကျရေး၊ ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေး စသဖြင့် တိကျတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ လိုအပ်ပါတယ်။ လူထုတိုက်ပွဲကြီး ရေချိန်တက်နေတုန်းမှာ နိုင်ငံရေး အင်အားစုတွေအကြားက ကြွေးကြော်သံတွေ မညီရင် အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ လူထုတရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေးတိုက်ပွဲကြီး မပြီးခင်ကာလမှာ အင်အားစုတွေအကြား ပြိုကွဲစေနိုင်တဲ့ ကိစ္စရေးရာတွေကို အာရုံစိုက်ဖော်ဆောင်မှု မလုပ်မိစေဖို့ကလဲ အရေးကြီးပါသေးတယ်။ တအိမ်လုံးကို ဓားပြ၀င်စီးပြီး၊ ကြိုးတုပ် အငတ်ထားနေတဲ့ အချိန်မှာ တရုတ်စာ စားချင်တယ်၊ ကုလားစာ စားချင်တယ်၊ ပြင်သစ်စာ စားချင်တယ်၊ ဘိုစာ စားချင်တယ်ပြောပြီး ရန်ဖြစ်နေလို့လဲ ဘာမှ မထူးပါ။ ငတ်ပြီး သေမှာက သေမှာပါပဲ။ ငတ်ပြီး မသေချင်ရင် ပထမဆုံး ဓားပြကို မောင်းထုတ်ရပါမယ်။ ပြီးမှ ဘယ်လိုအစာ စားမယ်ဆိုတာ ညှိနှိုင်းသင့်ပါတယ်။

နောက်ဆုံးတချက်ကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဆိုတာမှာ ရည်မှန်းချက် ပန်းတိုင် ရှိရပါမယ်။ တတိုင်းပြည်လုံးက လူတွေ လမ်းမပေါ် ထွက်လာရုံနဲ့လဲ ပြီးတာ မဟုတ်ပါ။ အာဏာရှင်တွေ တယောက်ပြီး တယောက် နှုတ်ထွက်ပြီး နာမည်ပြောင်းသွားရုံနဲ့လဲ အောင်မြင်တယ် မဆိုနိုင်ပါ။ အာဏာရှင်တွေဘက်မှာ ယုံကြည်ဖွယ်ရာ တစုံတရာမှ မရှိဘူးဆိုရင် အစိုးရအုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီး ကြားဖြတ်အစိုးရနဲ့ အစားထိုးရပါမယ်။ ဒီလိုကြားဖြတ်အစိုးရမှာ အတိုက်အခံနဲ့ အာဏာရှင်ဘက်ကနေ လူထုနဲ့ ပူးပေါင်းလာတဲ့ ခေါင်းဆောင်တချို့ ပူးတွဲပါဝင်ရင် နိုင်ငံရေးတည်ငြိမ်မှုကို အမြန်ဆုံး ပြန်ပြီး ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီအတွက် ကြိုတင် လမ်းခင်းပေးထားမှုတွေ လိုပါတယ်။ ဒီလိုလမ်းခင်းမှုတွေမှာလဲ လျှို့ဝှက်မှုက အရေးကြီးပါတယ်။ အချိန်မတန်ခင်မှာ သတင်းထုတ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေနိုင်ပါတယ်။

ဒီလိုမဟုတ်ပဲ လူထုတိုက်ပွဲတွေ ဖော်ဆောင်ပြီးမှ အဆုံးသတ်မှာ လူထုခေါင်းဆောင်နဲ့ အာဏာရှင်တွေ တွေ့ဆုံဆွေးနွေးမှုကို ဦးတည်သွားစေလိုတဲ့ ပန်းတိုင်ဆိုရင်တော့ တော်လှန်ရေးသမားတွေဘက်မှာ အမှန်တကယ် ဖိအားပေးနိုင်မယ့် နိုင်ငံတကာ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။ မထိရောက်တဲ့ ယောင်ပြ ဖိအားကို ဆိုလိုတာ မဟုတ်ပါဘူး။ အာဏာရှင်တွေဘက်က အမှန်တကယ် ကမ်းလှမ်းမှုလား၊ အချိန်ဆွဲကမ်းလှမ်းမှုလား ဆိုတာကို ခွဲခြားနိုင်မယ့် သတ်မှတ်ချက်တွေလဲ ရှိဖို့ လိုပါတယ်။

လူမှုဗေဒ ပရော်ဖက်ဆာ Manuel Antonio Garretón ကတော့ ကမ္ဘာတ၀ှမ်းက တော်လှန်ရေး လှုပ်ရှားမှုတွေမှာ စိတ်ကူးယဉ် မိုက်ရူးရဲတော်လှန်ရေးတွေလဲ ရှိနိုင်ကြောင်းကို ထောက်ပြခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်ပြီး အဆုံးသတ်ပန်းတိုင်အတွက် ပြင်ဆင်မှု အားနည်းချက် ရှိတဲ့ တော်လှန်ရေးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်တွေနဲ့ အာဏာရှင်တွေအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်သွားစေဖို့ ဆိုတာမှာ အာဏာရှင်တွေဘက်က မတွေ့ဆုံရင် မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေကို သိလာတော့မှ အကောင်အထည်ပေါ်ပါတယ်။ တွေ့ပါလို့ ထိုင်ပြောနေရုံနဲ့ ပြီးတဲ့အရာ မဟုတ်ပါ။ ဒီလိုသိလာစေဖို့မှာကလဲ မြင်သာထင်သာတဲ့ ဖိအားလိုပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဒီလိုဖိအားအဖြစ် အသုံးပြု ဖော်ဆောင်တဲ့အခါ ဘယ်အချိန်မှာ တိုက်စစ်တိုးမြှင့်ရမယ်၊ ဘယ်အချိန်မှာ ဆုတ်ပေးရမယ် ဆိုတာတွေကို စနစ်တကျ ဖော်ဆောင်နိုင်မယ့် စီမံချက် လိုအပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဒီလို အချက်တွေမှာ အားနည်းနေရင် အာဏာရှင်တွေဘက်က တွေ့ဆုံဆွေးနွေးပွဲကို ဟန်ပြ အကောင်အထည်ဖော်ပြပြီး၊ နောက်ဆုံးမှာ အာဏာရှင်လက်ထဲကိုပဲ ပြန်ပြီး အာဏာရောက် သွားနိုင်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဆုံးသတ် ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုတင်ပြင်ဆင် ထားမှုတွေဟာ အင်္ဂါရပ် တခုအနေနဲ့ လိုအပ်တာ ဖြစ်ပါတယ်။



နိဂုံး

နိဂုံးချုပ်ဆိုရရင် အာဏာရှင်တွေဆိုတာ အာဏာကို တပ်မက်ရူးသွပ် ခုံမင်လွန်းတာအတွက်ကြောင့် လူ့အရိုးပုံမှာ အားရပါးရထိုင်ရင်း အာဏာရှင်ဘ၀ကို ခံယူထားသူတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အဆောက်အအုံ တည်တံ့ခိုင်မြဲရေးကို ရှေးရှူပြီး ဘက်စုံထောင့်စုံမှာ ဒေါက်တိုင်တွေ ဖန်တီးပြီး၊ အုပ်ချုပ်ရေးယန္တရားကို ထောက်မထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီယန္တရားကြီးတခုလုံး ပြိုလဲဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဆင့်ဆင့်ကို စနစ်တကျ ဖော်ဆောင်မှုတွေနဲ့ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်နိုင်မှု၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လိုအပ်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှုတွေက အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၇၊ ၁၊ ၂၀၁၀)


အပြည့်အစုံဖတ်ချင်ရင်..>>>

မန်နေဂျာကြီး လုပ်ချင်တယ် (၀တ္ထုတို)

Tuesday, January 5, 2010

(၁)
အချိန်ကား (၁၉၉၇) ခုနှစ်။
နေရာကား အထက်မြန်မာပြည် မန္တလေးမြို့။

နံနက် မိုးလင်းကတည်းက သူမ စိတ်တွေ လန်းဆန်းတက်ကြွနေသည်။ အနှစ်နှစ်၊ အလလ မက်ခဲ့ရတဲ့ သူမရဲ့ အိပ်မက်လေးတခုက ဒီမနက်ခင်းမှာ အကောင်အထည် ပေါ်လာပေတော့မည်။ နံနက်ခုနစ်နာရီခွဲ မှာ အဆင်သင့်ဖြစ်နေရန် မမကြီးက ပြောထားတာမို့ အစောကြီးထပြီး ၀တ်စားပြင်ဆင်ထားရသည်။ မမကြီးက အချိန်မတိကျလျှင် မကြိုက်။ ကိုယ့်အချိန်ကို မနှမြောရင်တောင် သူတပါးရဲ့ ရှားရှားပါးပါး အချိန်လေးတွေကိုတော့ လေးစားဖို့လိုတယ်လို့ ငယ်စဉ်ကတည်းက အပြတ်ပြောပြီး လေ့ကျင့်ပေး ထားပြီးသားမို့ သူတပါးအချိန်ကို အကျိုးမရှိပဲ မဖြုန်းမိစေရန် သူမသတိထား နေတတ်သွားခဲ့သည်။



နံနက်စာဆင်းစားတော့ အတူစားနေပေမယ့် မမကြီး မျက်နှာက အနည်းငယ် တည်နေသည်။ ခါတိုင်းလို စကားသိပ်မပြော။ ဒေါ်ကြီးသေးသေး ချက်ထားပေးသော မုန့်ဟင်းခါးကို မတို့တတို့ စားရင်း မမကြီးကို လှမ်းကြည့်နေမိသည်။ ဘာများဖြစ်လို့ပါလိမ့်။

“စားလို့ မကောင်းဘူးလား မျိုးမျိုး”
“ကောင်းပါတယ် မမကြီး။ ပထမဆုံး အလုပ်ဝင်ရမယ့်နေ့ ဆိုတော့လေ စိတ်တွေများ နည်းနည်း လှုပ်ရှားနေသလားလို့”
“အင်း- ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ သိသင့်သိထိုက်မယ့် အချက်တွေကိုလဲ မမကြီး ပြောပြထားတယ်လေ။ လိုအပ်တဲ့ အသိပညာတွေကိုလဲ အစပျိုးလေ့လာခိုင်းထားတယ်။ ကျန်တာတွေ ကတော့ လုပ်ငန်းခွင်မှာ သင်ရင်းလုပ်ရင်းပေါ့”
“ဟုတ်ကဲ့ပါ မမကြီး”
“ကဲကဲ- အဆင်သင့်ပြင်တော့။ ရှစ်နာရီအိမ်က ထွက်မယ်”
“အားလုံး အဆင်သင့်ဖြစ်ပြီးမှ မျိုးမျိုး ဆင်းလာတာပါ”
မမကြီးက သူမလက်ကို လှမ်းကြည့်သည်။

“ညာဘက်လက်က ဟမ်းဒ် ချိန်းရယ်၊ လက်စွပ်ရယ်ကို သွားချွတ်လိုက်ပါ။ ပွဲလမ်းသဘင် သွားတာမဟုတ်ဘူး။ လုပ်ငန်းခွင်သွားတာမှာ ရတနာပစ္စည်းအဆောင်အယောင်တွေ အများကြီး ဆင်ယင်သွားဖို့ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ တွေးခေါ်ဆုံးဖြတ်တတ်တဲ့ ဦးနှောက်ယူသွားဖို့က ပိုအရေးကြီးတယ်”

မမကြီးပြောတော့မှ သူမလက်လေးကို သတိထားကြည့်မိပြီး၊ အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်လှ။ ဒီနေ့မှ အလုပ်ဝင်မယ့် မန်နေဂျာအသစ်စက်စက်လေး တယောက်အနေနဲ့ ရှိုးလေးတော့ နည်းနည်းပေးချင်သေးတာပေါ့။

“လူငယ်တွေကို ဘာမှလဲ နားမလည်ပေးဘူး။ အဲဒါကြောင့် အပျိုကြီးဖြစ်နေတာ”

မကျေမနပ်နှင့် ရေရွတ်လိုက်မိသည်။ ညီအစ်မ နှစ်ယောက်တည်းရှိပေမယ့် အသက်က ဆယ်နှစ်ကျော်ကွာတာမို့ အမကြီး အမိအရာဆိုသလို ငယ်ငယ်ကတည်းက မမကြီးလက်ပေါ်မှာ ကြီးခဲ့ရသည်။ မိဘတွေ မရှိတဲ့ နောက်ပိုင်းကျတော့ ဒီအစ်မကြီးတယောက်ကိုပဲ အားကိုးတွယ်တာ ရတော့သည်။ သို့ပေမယ့် မမကြီးက သူမကို ဘယ်တော့မှ မျက်နှာသာ ပေးလေ့မရှိ။ ဆယ်တန်းဖြေပြီးစမှာ သူမဘ၀နဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လဲ မေးသည်။ သူမကလဲ ဘာဖြေရမှန်းမသိ။ မမကြီးက ကုမ္ပဏီမှာ ဦးဆောင်ဒါရိုက်တာဆိုတော့ ဒါရိုက်တာနဲ့ တွဲပြီး လုပ်ဖို့ဆို မန်နေဂျာပဲ လို့ တွေးမိတာမို့ “မန်နေဂျာကြီး လုပ်ချင်တယ်”လို့ ဖြေလိုက်လေသည်။ မမကြီးက စီစဉ်ပေးမယ်ဆိုတော့ သူမမှာ ပျော်လိုက်သည်ဖြစ်ချင်း။ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ကြွားရသည်။

“ဟဲ့။ ငါ့အစ်မက ငါမန်နေဂျာလုပ်ဖို့ စီစဉ်ပေးမယ်တဲ့”

ရန်နောင်က “နင်က ဘာလုပ်တတ်လို့လဲ” လို့ ပြန်မေးသည်။ သူမကလဲ အားရပါးရ ပြန်ပက်လိုက်ပါသည်။

“ဟဲ့။ ငါ့အစ်မက အမ်ဒီပဲဥစ္စာ။ ငါဘာသိဖို့ လိုသေးလို့လဲ”

တကယ်တမ်းကျတော့ သူမထင်သလို မဖြစ်လာခဲ့ပါ။ မမကြီးက သူမကို လုပ်ငန်းခွင်ဆီ မခေါ်သွားပဲ လက်နှိပ်စက်တလုံးနှင့် လက်နှိပ်စက်သင်သော ဆရာမတယောက်ကို ခေါ်လာခဲ့လေသည်။ ကွန်ပျူတာခေတ်မှာ လက်နှိပ်စက်စသင်ရတာကို သူမက မကျေမနပ်ဆိုတော့ အချို့ဌာနဆိုင်ရာ ရုံးများ၊ လုပ်ငန်းများဆီ ခေါ်သွားသည်။ သုံးနေသော လက်နှိပ်စက်များကို ပြပြီး ပြောသည်က

“ခေတ်မီတာနဲ့ ခေတ်လွန်တာ မတူဘူး မျိုးမျိုး။ ခေတ်နဲ့အညီ လိုက်လျောညီထွေတဲ့ ပညာတွေကို သင်ထားရမယ်၊ သိထားရမယ်။ ဒါပေမယ့် လက်တွေ့အသုံးချမှုမှာ ဘယ်လောက်အထိ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်ပြီးအသုံးပြုနိုင်မလဲဆိုတဲ့ အတိုင်းအတာကိုလဲ တွက်ချက်ရမယ်။ ဒီလို မတွက်ချက်ပဲ ကိုယ်လုပ်ချင်တာပဲ လုပ်နေရင် လူ့အဖွဲ့အစည်းနဲ့ ကင်းကွာသွားတတ်တယ်။ ခေတ်လွန်သွားတတ်တယ်။ မြို့က ဟော်တယ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ လှလှပပ၊ ကြွကြွရွရွလေးဝတ်ပြီး ရေခဲမုန့်တဇွန်းနှစ်ဇွန်း ဟန်ပြစား၊ ကိတ်မုန့်လေး တဖဲ့နှစ်ဖဲ့စားတာဟာ ခေတ်မီတာဖြစ်တယ်။ ဒီလိုအသိုင်းအ၀ိုင်းထဲမှာ ဒီလိုမလုပ်လို့လဲ မရဘူး။ ဒါပေမယ့် တောက တရွာလုံးမီးခိုးတိတ် ကျွေးတဲ့ အလှူပွဲမှာလာပြီး လက်ရေတပြင်တည်း စားဖို့ကို တွန့်ဆုတ်နေရင်တော့ ဒါဟာ ခေတ်လွန်တာပဲ ဖြစ်လိမ့်မယ်။ ခေတ်မီတာ မဟုတ်တော့ဘူး။ တချိန်မှာ ရုံးလုပ်ငန်းဆောင်တာတွေအားလုံးမှာ ကွန်ပျူတာတွေ ဖြစ်ချင်လဲ ဖြစ်လာမှာပါ။ ကွန်ပျူတာခေတ် ဖြစ်လာပြီကိုး။ ဒါပေမယ့် လက်ရှိပကတိ အခြေအနေမှာတော့ လက်နှိပ်စက်တွေပဲ သုံးနေကျသေးတယ်။ ဒီတော့ တချိန်မှာမှ အသုံးဝင်မယ့် ကွန်ပျူတာကိုလဲ သင်ဖို့ လိုအပ်သလို လက်ရှိမှာ မရှိမဖြစ် သုံးဖို့ လိုနေတဲ့ လက်နှိပ်စက်ကိုလဲ သင်ရမှာပဲ”

ဒီတုန်းက မမကြီးကိုင်နေတဲ့ ကွန်ပျူတာကို ကြည့်ပြီး၊ လက်နှိပ်စက် တဂျောက်ဂျောက်ရိုက်နေရတာကို စိတ်ဆိုးလိုက်သည်ဖြစ်ခြင်း။ ဘာပဲဖြစ်ဖြစ် လက်နှိပ်စက်လေးရိုက်တတ်လာတော့ မမကြီးက ရုံးစာအရေးအသား၊ စာအမှတ်တွဲပုံ တွေကို စနစ်တကျ ပြန်သင်ပေးလေသည်။ မမကြီးက ဒီလောက်နဲ့ မပြီးသေး။ သမ၀ါယမကျောင်းမှာ ဖွင့်တဲ့ စာရင်းကိုင်သင်တန်းကို သွားတက်ခိုင်းပြန်သည်။ လန်ဒန်က ကျင်းပတဲ့ အယ်လ်စီစီအိုင် စာရင်းကိုင်သင်တန်းတွေ ဒီလောက်နာမည်ကြီးနေတဲ့ အချိန်မှာ သူမမှာတော့ တကုတ်ကုတ်နှင့် မြီစား၊ မြီရှင် ခေါင်းစဉ်တပ်ပြီး စာရင်းများကို တွက်ချက်နေရလေသည်။ မန်နေဂျာလုပ်မယ်လို့ ကြွားထားမိတဲ့ သူငယ်ချင်းတွေကတော့ အယ်လ်စီစီအိုင် အဆင့် (၂) စာမေးပွဲမှ Balance Sheet စာရင်းများပြောပြီး သူမကို လှောင်ကြတော့သည်။ မမကြီးကို စိတ်ဆိုးလိုက်သည်ဖြစ်ချင်း။ လေးလကြာစာရင်းကိုင်သင်တန်းကို သူမ ဆက်မတက်ချင်တော့ဘူးပြောတော့ မမကြီးက အလုပ်ထဲမှ စာရင်းများကို ယူလာပြသည်။ မြို့ကြီးလုပ်ငန်းများနှင့် ပတ်သက်သည့် ငွေစာရင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ငွေစာရင်း၊ နယ်ပွဲရုံများနှင့် ပတ်သက်သည့် ငွေစာရင်း။

“မျိုးမျိုးပြောတော့ လုပ်ငန်းကြီးတခုလုံးရဲ့ မန်နေဂျာလုပ်မယ်ဆို။ ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေး စာရင်းတွေကိုတောင် ဘယ်လိုရေးဆွဲထားမှန်း၊ ခေါ်ဝေါ်သုံးစွဲမှန်း မသိပဲ ဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲမှာလဲ”
“၀န်ထမ်းတွေခန့်ထားတာပဲ မမကြီးရဲ့။ သူတို့ကို ပြန်မေးလိုက်မှာပေါ့”

“မျိုးမျိုးဆိုလိုတာက ၀န်ထမ်းတွေကိုပဲ လွှဲထားပြီး အားလုံးလုပ်ခိုင်းလိုက်မယ်။ ပြီးရင် သူတို့ကို ပြန်တင်ပြခိုင်းမယ်။ သူတို့ လုပ်ထားတာတွေလဲ ဘာတွေမှန်း မသိပဲ ကိုယ်ကတောင် ပြန်မေးဦးမယ်လို့ ဆိုလိုတာလား။ အဲလိုဆိုရင် လုပ်ငန်းတွေမှာ မန်နေဂျာတွေ၊ ဒါရိုက်တာတွေတောင် လိုပါဦးမလား ငါ့ညီမရဲ့။ မန်နေဂျာဆိုတာ စီမံခန့်ခွဲသူ။ စီမံခန့်ခွဲရေး လုပ်ငန်းဆောင်တာတွေ လုပ်ရမယ်။ စီမံခန့်ခွဲရေး လုပ်ငန်းဆောင်တာတွေဆိုတာက စီမံကိန်းတွေ ချရမယ်၊ ကိုယ်တာဝန်ယူထားတဲ့ အဖွဲ့အစည်းကို ဦးဆောင်ရမယ်၊ လုပ်ငန်းဆောင်တာတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရမယ်၊ ပြီးမြောက်ထားတဲ့ အလုပ်တခုရဲ့ အရည်အသွေး၊ ကိုယ့်အဖွဲ့က လူတွေရဲ့ အရည်အချင်းတွေကို စဉ်ဆက်မပြတ် အကဲဖြတ်နေရမယ်၊ လိုအပ်တဲ့ ထိန်းချုပ်မှုနဲ့ ကွပ်ကဲမှု ရှိရမယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် စီမံခန့်ခွဲရေးကို နိုင်နင်းတဲ့ ခေါင်းဆောင်တွေလိုအပ်တယ်။ စီမံခန့်ခွဲရေးဆိုတာဟာ လူအများစုစည်းပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စုစည်းဆောင်ရွက်စေတာ ဖြစ်တယ်။ မန်နေဂျာစီမံခန့်ခွဲသူ တွေဟာ ကိုယ့်အစုအဖွဲ့ထဲမှာရှိတဲ့ လူတွေရဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေကို လုပ်ငန်းဆောင်တာတွေ ပြီးမြောက်စေဖို့ စုစည်းပေါင်းစပ်ပေးရသူတွေပဲဖြစ်တယ်။ ဒီအတွက် ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ရေတိုလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ ရေရှည်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ အလုပ်ခွဲဝေမှု သဏ္ဍာန်တွေဟာ တိတိကျကျ ရှိနေဖို့ စီမံခန့်ခွဲသူတွေက ကြိုးပမ်းကြရမယ်။ လူအင်အားရှိတိုင်း အလုပ်ပြီးမြောက်တာ မဟုတ်ဘူး။ ဘေးမှာ လူတွေအများကြီး ခြံရံနေပြီးမှ ဒီလူတွေကို ဘယ်လိုလုပ်ငန်း ဆောင်တာတွေအတွက် ဘယ်သူတွေကို တာဝန်ခွဲဝေပေးရမှန်း မသိလို့ ရည်မှန်းချက် ပန်းတိုင်နဲ့ ဝေးကွာနေတဲ့ လုပ်ငန်းကြီးတွေ အများကြီးပဲ။ ဒီခေတ်ကြီးဟာ ရုပ်ပြခေါင်းဆောင်ခေတ် မဟုတ်တော့ဘူး ညီမလေး။ ရုပ်ပြခေါင်းဆောင်လိုအပ်တယ် ဆိုရင်တောင် သူနဲ့အတူ စီမံခန့်ခွဲရေးနိုင်နင်းတဲ့ ခေါင်းဆောင်တွေ တွဲပြီး ရှိနေဖို့ လိုအပ်တယ်။ မဟုတ်ရင် အဖွဲ့အစည်းကြီးတခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှု ယန္တရားတွေ နှောင့်နှေးမယ်၊ Efficiency ပိုင်းမှာ အားနည်းချက်တွေရှိမယ်။ အလုပ်တွေက လုပ်လိုက်တာတွေပဲ ရှိနေပြီး ထိရောက်မှု (Effectiveness) ရှိမှာ မဟုတ်ဘူး။ ဒီလိုတွေဖြစ်လာမှတော့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်ရောက်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး အောင်မြင်ပါတော့မလဲ။ ဒါကြောင့် စီမံခန့်ခွဲသူ တယောက်ဟာ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းထဲမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေရှိမယ် ဆိုတာကို သိနေရမယ်၊ လုပ်ငန်းလည်ပတ်မှု ယန္တရားကြီး တခုလုံးကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားရမယ်။ ဘယ်ကဏ္ဍမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေကို တာဝန်ခွဲပေးရမယ်ဆိုတာလဲ သိရမယ်”

မမကြီးဆီက ဒီစကားများကြားပြီးသည့်နောက်ပိုင်းမှာ မမကြီး တက်ခိုင်းတဲ့ သင်တန်းတွေ၊ အိမ်မှာ ဆရာတွေ ခေါ်ပြီး သင်ပေးတာတွေကို သူမ ကလန်ကဆန် မလုပ်ဖြစ်တော့။ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ စာရင်းအင်းပညာ၊ စီးပွားရေးရာ ဆက်သွယ်မှု၊ အဖွဲ့အစည်းရေးရာ စိတ်ပညာ၊ စီးပွားရေး ဥပေဒေ စတာတွေကို ခေတ်နဲ့လဲ အမှီဖြစ်၊ ခေတ်ကိုလဲ မလွန်သွားစေရန် လက်တွေ့နှင့် ပေါင်းစပ်ပြီး မမကြီးက လမ်းညွန်ပေးခဲ့သည်။ နေ့လည်ပိုင်းမှာ သူမလေ့လာရသည်က ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision-Making) အကြောင်းဖြစ်လျှင် ညဘက်တွင် မမကြီးက လုပ်ငန်းထဲမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် ယှဉ်ပြီး သူမကို ဆုံးဖြတ်ခိုင်းသည်။ မှားယွင်းမှုများ၊ လိုအပ်ချက်များကို ပြန်ဆွေးနွေးပေးသည်။ စနေ၊ တနင်္ဂနွေဆိုလဲ သူမမှာ မနားရ။ သုတဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ ဂျာနယ်မဂ္ဂဇင်းဖြစ်ဖြစ် စနေဆိုလျှင် မြန်မာလိုရေးထားတဲ့စာ၊ တနင်္ဂနွေဆိုလျှင် အင်္ဂလိပ်လို ရေးထားတဲ့ စာဖတ်ရမည်ဆိုတာကြောင့် စာအုပ်နဲ့ မျက်နှာ မခွာရပြန်။ ကြာတော့လဲ အလိုလိုနေရင်း စာအုပ် ကောက်ကိုင်မိသွားပါတော့သည်။ သူများတတွေက သင်တန်းလေးတွေ အပျော်တက်လိုက်၊ ဟိုသွားလည်၊ ဒီသွားလည် လုပ်နေချိန်မှာ သူမမှာတော့ အပျော်သင်တန်းများ တက်နေရတာ မဟုတ်ပဲ မမကြီးဆွဲပေးထားသည့် တနေ့တာ အချိန်ဇယားများဖြင့် ပြည့်နေသည့်ဘ၀။ ဘာများတတ်နိုင်ပါမည်လဲ။ မန်နေဂျာကြီး လုပ်ချင်တယ်လို့ ပြောခဲ့မိသည်ကိုး။

“သမီးရေ။ သမီး မမကြီးက ခေါ်ခိုင်းလိုက်တယ်။ သွားမယ်တဲ့”

အတွေးများဖြင့် အတိတ်ကို ပြန်တူးဆွမိနေသော သူမသည် အခန်းပြင်မှ ဒေါ်ကြီးသေးသေး အသံကြားတော့မှ သတိပြန်ဝင်ပြီး အောက်ထပ်သို့ အမောတကော ပြေးဆင်းလာခဲ့ပါတော့သည်။

(၂)

“ဟယ်၊ ဘယ်သူမှလဲ မရောက်သေးဘူး”

သူမရဲ့ မနေနိုင်၊ မထိုင်နိုင် တိုးတိုးလျလျ အသံကြားတော့ မမကြီးက လှည့်ကြည့်လေသည်။ သူမရဲ့ မန်နေဂျာစိတ်ကူးယဉ် ဇာတ်လမ်းထဲတွင်တော့ ကားကကုမ္ပဏီရှေ့မှာရပ်၊ ၀န်ထမ်းတယောက်က တံခါးလာဖွင့်၊ ၀င်သွားတာနဲ့ ဧည့်ကြိုဝန်ထမ်းက မတ်တပ်ရပ်ကြို၊ အမ်ဒီရုံးခန်းနဲ့ ဂျီအမ်ရုံးခန်းထဲ ဖြတ်အ၀င်မှာ ရုံးသူရုံးသားတွေက မတ်တပ်ရပ်ကြ၊ မမကြီးက သူမကို ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပေး၊ အမ်ဒီညီမ ဂျီအမ်အသစ်စက်စက်လေးအနေနဲ့ သူမက ဟန်ဆောင်မူကာပို အပြုံးလေး ပြုံးပြလို့။

“မျိုးမျိုး။ မျက်နှာက ပြုံးစိစိနဲ့၊ ဘယ်လိုဖြစ်နေတာလဲ။ ကုနြေ္ဒရရ နေစမ်း”

သူမအတွေးနဲ့ ပြုံးလိုက်မိလား မသိ။ မမကြီးက လှမ်းမာန်လေသည်။

“ဒီနေ့ လုပ်စရာ ကိစ္စတွေ မှတ်မိတယ်နော်။ နံနက်ပိုင်းမှာ ၀န်ထမ်းမိတ်ဆက်ပွဲရှိတယ်။ ပြောမယ့်စကားတွေ အကုန်လေ့ကျင့်ပြီးပြီလား။ ဒါရိုက်တာ အစည်းအဝေးတုန်းကလို ပေါက်တီးပေါက်ရှာတွေ မလုပ်နဲ့နော်။ ဒီတကြိမ်ဆိုရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဌာနခွဲတွေ၊ လူနာမည်တွေကော မှတ်မိပြီလား။ ဟိုမှာ Organization Structure ဖိုင်ရှိတယ်။ သေချာ ပြန်သွားကြည့်။ အုပ်ချုပ်ရေးမှာ လည်ပတ်နေတဲ့ ယန္တရားပုံစံက အရေးကြီးဆုံးပဲ။ ဒါတွေကို သေချာမသိပဲ ခေါင်းဆောင်လုပ်ဖို့ ဘယ်တော့မှ မစဉ်းစားနဲ့”

မမကြီးက ဖိုင်တွဲတွေဘက်သို့ သူမကို မေးငေါ့ပြသည်။ အကြိမ်ကြိမ် ကြည့်ပြီး အလွတ်ရပြီးသားမို့ သူမ စိတ်မ၀င်စားမိ။ ဒီအတွက်များ အစောကြီး လာစရာ မလိုပါဘူးလို့ စိတ်ထဲတွေးလိုက်မိသည်။

“၀န်ထမ်းတွေလဲ မလာကြသေးဘူးနော်”
“သူတို့ အလုပ်ချိန်မှ မစသေးတာပဲ။ အလုပ်ချိန်က ကိုးနာရီက ငါးနာရီလေ”
“သူတို့တောင် ကိုးနာရီမှ စတာ။ မမကြီးက ဘာလို့ အစောကြီး လာရတာလဲ”

“မမကြီးက ဒီလိုပဲ အလုပ်အစောကြီး လာတတ်တာပဲလေ။ မျိုးမျိုးလဲ သိရဲ့သားနဲ့။ ဘာလို့ ခုမှ လာမေးနေတာလဲ”
“ဘာမှ မဟုတ်ပါဘူး။ အရင်က သေချာ သတိမထားလိုက်မိလို့ပါ။ အခုလိုမျိုးဘယ်သူမှလဲ မရှိသေးပဲ အရင်ကြိုရောက်နေတော့ ဘယ်သူမှလဲ ကြိုမယ့်လူ မရှိ”

“ဘယ်လို- ဘယ်လို”

မမကြီးက မျက်မှောင်ကြုတ်ကြည့်လိုက်ပေမယ့် ပေါက်ပြီးနဖူး မထူးပြီမို့ သူမဆက်ပြောလိုက်လေသည်။

“ဟိုလေ- ဘယ်သူမှလဲ ကြိုမယ့်လူမရှိဘူး”

မမကြီး ဆူမည်ကိုတော့ စိုးရိမ်မိသား။ သို့ပေမယ့် မမကြီးက မဆူပါ။ သူမခေါင်းကိုသာ ခပ်ဖွဖွလေး လှမ်းထုလေသည်။

“မြတ်မျိုးနွယ်ရဲ့ ညီမ ဖြစ်နေပြီး ဒီလောက်တောင် ညံ့ရလား ညီမလေးရယ်”တဲ့။

သူမအား ညံ့တယ်လို့ ပြောလိုက်တော့ စိတ်တိုသွားမိသည်။
“မညံ့ပါဘူး။ မမကြီးကလဲ။ မယုံရင်စောင့်ကြည့်ပေါ့။ နောက်တစ်နှစ်အတွင်း ဒေါ်မြတ်မျိုးနွယ် ညီမက အလာကြီးပါလားဟေ့ လို့ လူတွေက ပြောလာစေရမယ်”

သူမဘောက်ဆတ်ဆတ်နှင့် ပြန်ပြောတော့ မမကြီးက ပြုံးသည်။
“မမကြီးကတော့ ဒေါ်မြတ်မျိုးနွယ်ညီမ ဒေါ်ထက်မျိုးနွယ်က သူ့အစ်မထက်တောင် စွမ်းသေးတယ် ဆိုတဲ့ အသံတွေကိုပဲ ကြားချင်တယ်”

မမကြီးက တွေးတွေးဆဆနှင့် ပြောတာမို့ သူမမျက်နှာလေးကိုလဲ တည်လိုက်ရသည်။ သူမစိတ်ထဲ ရှိနေသည့် အကျိုးအကြောင်းကို ရှင်းပြမိလေသည်။

“အဲဒီလို မတ်တပ်ရပ်နှုတ်ဆက်ကြတာတွေဟာ လုပ်ငန်းအတွက် ဘာအကျိုးကျေးဇူး ရှိတယ်လို့ မျိုးမျိုး ထင်သလဲ။ ဧည့်ကြိုကတော့ ထားတော့။ သူ့အလုပ်။ ပြုံးပြမယ်။ နှုတ်ဆက်စကားပြောမယ်။ ဖုန်းလာရင်ကိုင်မယ်။ လိုတဲ့ နံပတ်ကို ပြန်ချိတ်ပေးမယ်။ ဒါပဲ။ တခြားလူတွေကကျတော့ ကိုယ့်တာဝန်နဲ့ကိုယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာလေ။ အမ်ဒီဝင်လာတာတွေ၊ ဂျီအမ်ဝင်လာတာတွေ သတိထားမိချင်မှ သတိထားမိမယ်။ အလုပ်ထဲမှာ အာရုံစိုက်လုပ်နေရတာ။ ဒါကို လုပ်ငန်းပိုင်ရှင်ဝင်လာရင်၊ အမ်ဒီဝင်လာရင် မတ်တပ်ရပ်နှုတ်ဆက်ရမယ်ဆိုတော့ မ၀င်လာခင် ကတည်းက အာရုံက မထွေပြားဖူးလား။ ၀င်လာပြီး မမကြီးရုံးခန်းထဲ ရောက်တဲ့အချိန်အထိဆို နှစ်မိနစ်ကြာတယ်။ နှစ်မိနစ်ဆိုတာ အချိန်ဟာ မကြာလှပေမယ့် အာရုံထွေပြားတာ၊ အာရုံက တခုစီ ရောက်သွားတာ၊ ပြီးမှ ပြန်အာရုံစိုက်ရတာတွေက အချိန်အတိုင်းအတာ တခုကြာတယ်။ ဒါတွေဟာ အလကားသက်သက် ကုန်သွားတဲ့ အချိန်တွေပဲ။ အလုပ်ချိန်မှာ ဒီလို Waste of Time တွေပါလာတော့ နောက်ဆုံးဘယ်သူပဲ နစ်နာလဲ။ လုပ်ငန်းပဲ နစ်နာတာနော်။ နောက်တချက်။ အမ်ဒီတွေ၊ ဂျီအမ်တွေ ဆိုတာကလဲ လုပ်ငန်းထဲမှာ ရှယ်ယာအများကြီး ပိုင်ထားလို့ပဲဖြစ်ဖြစ်၊ ဒါရိုက်တာအဖွဲ့က တိုက်ရိုက်ခန့်အပ်ထားလို့ဖြစ်ဖြစ်၊ ပိုင်ရှင်ဖြစ်နေလို့ပဲဖြစ်ဖြစ်။ လုပ်ငန်းကို ဦးဆောင်ပြီး စီစဉ်ညွန်ကြားဖို့၊ စီမံခန့်ခွဲဖို့ တာဝန်ကို ရယူထားရသူတွေဖြစ်တယ်။ ၀န်ထမ်းတွေ မတ်တပ်ရပ်နှုတ်ဆက်ပြီး အရိုအသေပေးတာခံဖို့ ဒီရာထူးတွေ ပေါ်လာတာမဟုတ်ဘူး။ ကိုယ့်တာဝန်ကို ကိုယ်ကျေပြွန်အောင် လုပ်ဖို့နဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ပဲ လိုတယ်။ ရာထူးယစ်မူးတာတွေ၊ မလိုအပ်ပဲ အချိန်ဖြုန်းတာတွေ၊ အထက်ဖား၊ အောက်ဖိ လုပ်တာတွေ ဒီလုပ်ငန်းထဲမှာ မရှိဘူး။ မမကြီးကတော့ အားလုံးကို မျှမျှတတနဲ့ လေးလေးစားစားပဲ ဆက်ဆံတယ်။ အလုပ်တာဝန်ချွတ်ယွင်းမှုရှိလာရင်လဲ တိတိကျကျ အရေးယူတယ်။ ဘယ်ဝန်ထမ်းကိုမှ လိုတာထက် ပိုတဲ့ အခွင့်အရေး မပေးသလို၊ ဘယ်ဝန်ထမ်းရဲ့ လိုတာထက်ပိုတဲ့ နီးကပ်မှုမျိုးကိုမှလဲ ခွင့်မပြုဘူး။ လူတွေအများကြီးနဲ့ အလုပ်လုပ်တဲ့အခါ ပုံမှန်ဆက်ဆံရေးပဲ ကောင်းတယ် ညီမလေး။ ဆရာမွေး၊ တပည့်မွေး စိတ်ဓာတ်တွေဟာ အဖွဲ့အစည်းကြီး တခုလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်နိုင်တယ်။ ညီမလေး ဒီအချက်ကို ဘ၀တလျှောက်လုံး မှတ်ထား။ ဘယ်တော့မှ ဆရာမမွေးမိစေနဲ့။ မမွေးမိလို့ အခွင့်အရေးတွေ ဆုံးရှုံးရင်လဲ ဆုံးရှုံးခံလိုက်။ ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ဘူး။ လူဆိုတာက ဘယ်သူမှ Perfect မဖြစ်ဘူးလေ။ ဆရာမွေးတဲ့ စိတ်ဓာတ်ရှိသူဟာ သူ့ဆရာ လုပ်သမျှ အကောင်းပဲလို့ တွက်ထားတတ်တယ်။ အဲဒီမှာ အားနည်းချက်တွေ မြင်လာရင် စိတ်ပျက်သွားပြီး ဆက်ဆံရေး ထိခိုက်တတ်တယ်။ မဟုတ်ရင်လဲ ကိုယ့်ဆရာကို မျက်စိမှိတ်ယုံ၊ နားပိတ်ပြီး အားနည်းချက်ထောက်ပြသူတွေနဲ့ ရန်ဖြစ်ငြင်းခုံမိတတ်တယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းကြီးပဲ မမျှော်လင့်ထားနဲ့။ ကောင်းတာတွေလဲ ရှိသလို၊ ဆိုးတာတွေလဲ ရှိမှာပဲလို့ ကြိုပြီးမြင်ထားလိုက်။ ကောင်းတာတွေကနေ ပညာယူ၊ ဆိုးတာတွေကနေ သင်ခန်းစာယူ။ လက်တွဲလုပ်လို့ ရနိုင်တဲ့ အချိန်အတိုင်းအတာတခုအထိ လက်တွဲ။ လက်တွဲဖြုတ်ခဲ့ရပြီးရင်လဲ သူ့ဆီကနေ ကိုယ်ပညာယူခဲ့တာတွေအများကြီး ရှိတယ်။ ဒီတော့ ကိုယ်နဲ့ အတွေးအခေါ် မတူညီတဲ့အခါ အတွေးအခေါ်ကိုပဲဝေဖန်၊ လမ်းကြောင်း မတူညီတဲ့အခါ လမ်းကြောင်းကိုပဲ ဝေဖန်၊ လူကို ပုဂ္ဂိုလ်ရေး မဝေဖန်နဲ့။ တပည့်မွေးတယ် ဆိုတာမှာလဲ အဲဒီအတိုင်းပဲ။ ဘယ်တော့မှ တပည့်မမွေးနဲ့။ လုပ်စရာရှိတာကို လုပ်။ သင်စရာရှိရင် သင်ပေးလိုက်။ လူ့စိတ်ဆိုတာက မျောက်စိတ်နဲ့ တူတယ်။ ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တယ်။ လိုတမျိုး၊ မလိုတမျိုး ဖြစ်တတ်တယ်။ ဒီတော့ ကိုယ်တာဝန်ရှိတဲ့အတိုင်းပဲလုပ်၊ “သူကတော့ ငါ့လူယုံလုပ်လို့ ရမှာပဲ။ သူ့ကိုတော့ ဒီအခွင့်အရေးတွေ ပေးလိုက်ရင် ငါနဲ့ပဲ တသက်လုံး လက်တွဲတော့မှာပဲ။ သူကတော့ ငါ့ကိုဆို ရိုရိုကျိုးကျိုးလေး ဆက်ဆံတယ်။ ဟိုတယောက်ကကျတော့ ဘောက်ဆတ်ဆတ်နဲ့။ ငါသူ့ဘေးက လျှောက်သွား တာတောင် ငါ့ကို အရိုအသေ မပေးဘူး” စတာမျိုးတွေ ခေါင်းဆောင်စိတ်ထဲ ၀င်လာရင် အဖွဲ့ထဲမှာ မျှမျှတတ အုပ်ချုပ်မှုတွေ မရှိတော့ပဲ ဟန်ချက်တွေ ပျက်တတ်တယ်။ အပြန်အလှန် လေးစားမှုကို အခြေမတည်တော့ပဲ သူ့လူ၊ ကိုယ့်လူတွေ ဖြစ်လာတယ်။ ကိုယ်မွေးထားတဲ့ တပည့်ကလဲ အများကြားထဲမှာ သူကတော့ ဘယ်သူ့လူဆိုပြီး အခွင့်အရေးယူ မောက်မာပြတတ်လာတယ်။ ကြာတော့ မျှမျှတတနဲ့ မဆက်ဆံတတ်တဲ့ ခေါင်းဆောင်ကို လူတွေက မကျေမနပ်ဖြစ်လာတတ်တယ်။ လုပ်ငန်းခွင်တခုရဲ့ အရေးကြီးဆုံး Motivation ကျသွားမယ်။ နောက်ဆုံး လုပ်ငန်းကြီးတခုလုံး ရပ်ဆိုင်းသွားမှာပဲ။ ဒါကြောင့် တပည့်မွေး၊ ဆရာမွေး စိတ်ဓာတ်တွေ၊ ရာထူးယစ်မူးလိုတဲ့ စိတ်တွေကို မျိုးမျိုးလျှောက်ရမယ့် ဘ၀ခရီးတလျှောက် ဘယ်တော့မှ မသယ်သွားမိစေနဲ့။ ကဲ- မမကြီးလဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ဦးမယ်။ စီမံခန့်ခွဲနေသူတွေ၊ ဦးဆောင်နေသူတွေဟာ သူများထက် ပိုပြီး ၀ီရိယရှိရတယ် ငါ့ညီမရဲ့။ အလုပ်ခွင်ကို စောရောက်ပြီး တနေ့တာ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ထားရတယ်။ အလုပ်ခွင်ကနေလဲ နောက်ကျမှ ပြန်ပြီး တနေ့တာ လုပ်ငန်းဆောင်တာတွေကနေ တင်ပြလာတဲ့ အစီရင်ခံစာတွေ၊ စာရင်းဇယားတွေ၊ မှတ်တမ်းတွေ၊ ရည်မှန်းချက် ပြည့်မီမှု ရှိမရှိတွေကို သေချာဆန်းစစ်ရတယ်။ အိမ်မှာ အချိန်ပို လုပ်ဖို့ လိုအပ်တာ ရှိမရှိကို ထည့်သွင်း စဉ်းစားရတယ်။ အဖွဲ့အစည်းတခုရဲ့ အနာဂတ်ကို သိချင်ရင် ခေါင်းဆောင်ကို လေ့လာလိုက်။ အားလုံးထက် နောက်ကျပြီးမှ ရောက်လာ၊ ဘာမှ ကြိုတွေးလာတာ မရှိပဲ ဟိုလူဒီလူကိုမေး၊ ဆုံးဖြတ်ချက်တွေကို လွယ်လွယ်ချပေးလိုက်၊ တနေ့တာ အလုပ်တွေအားလုံး ဘယ်သူမှ မပြီးသေးခင် စောစောပြန်၊ အစည်းအဝေးတွေ လုပ်ရင် နောက်ကျမှ လာတက်၊ ဖိုင်တွဲတွေကို ရောက်မှ ကောက်ဆွဲ၊ ကောက်ခါငင်ခါ ဆုံးဖြတ်ချက်တွေချ။ အဲဒါတွေ တွေ့ရင် မလွဲမသွေ ကောက်ချက်ချလိုက်တော့။ အဲဒီအဖွဲ့အစည်း ဘယ်တော့မှ မတိုးတက်ဘူး။ ဒီတော့ နက်ဖြန်ကစပြီး မျိုးမျိုးလဲ မမကြီးနဲ့တူတူ ရုံးကို အစောကြီးလာရမယ်၊ နောက်ကျမှ ပြန်ရမယ်။ ကြားလား”

“ဟုတ်ကဲ့ပါ မမကြီး”

မန်နေဂျာကြီး လုပ်ချင်သော သူမ တယောက် ခပ်သွက်သွက် ခေါင်းညိတ်လိုက်ရုံမှ တပါး ဘာများ တတ်နိုင်ပါဦးမည်နည်း။

(၃)

“မမကြီးရေ။ မျိုးမျိုး ဒီည အပြင်ထွက်လို့ရမလား”

ဘုရားသိကြားမလို့ အလုပ်တာဝန်တွေ ချောချောမွေ့မွေ့ ပြီးသွားပြီး အိမ်ပြန်ရောက်တော့မှ မမကြီးကို စကားစရသည်။ စမ်းကြူတို့၊ နီလာတို့တွေက သူမ မန်နေဂျာဖြစ်ခြင်း အထိမ်းအမှတ်အနေနဲ့ တ၀ိုင်းကျွေးဖို့ ပြောထားသည်။ မျိုးမင်းအောင်ကလဲ မူစယ်၊ ရွှေလီဘက်တက်ပြီး စီးပွားရေးလုပ်နေတာကနေ ခဏပြန်ရောက်နေ၊ ခင်မောင်မြင့်တို့ကလဲ ဖားကန့်ဘက် တက်မယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် တခေါက်တော့ ဆုံဖို့သင့်သည်။ တက္ကသိုလ်တွေ ပိတ်ထားတာကြောင့် သူမတို့တတွေလဲ အသက်ဆယ့်ကိုး၊ နှစ်ဆယ်နဲ့ စီးပွားရေး လောကထဲ ရောက်နေကြပြီ။

“ဘာကိစ္စလဲ။ စတိတ်ရှိုးရှိလို့လား”

“မဟုတ်ပါဘူး မမကြီး။ မျိုးမင်းအောင်လဲ ပြန်ရောက်နေတယ်၊ ခင်မောင်မြင့်ကလဲ ဖားကန့်ဘက် သွားတော့မှာ၊ ရန်နောင်ကလဲ နိုင်ငံခြား ထွက်မလိုလို၊ စမ်းကြူနဲ့ နီလာတို့ကလဲ သူငယ်ချင်းတွေ အားလုံး ဆုံချင်တယ် ဆိုလို့”

“သူငယ်ချင်းတွေ ဆုံတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနွေကျမှ နေ့လည်ပိုင်းတွေ ဆုံလို့ ရသားပဲ”

“မမကြီးရယ်။ အားလုံးချိန်းပြီးသား ဖြစ်နေလို့ပါ။ ဒီတခါလေးပဲ ခွင့်ပြုပါနော်”
“ညဘက်ဆိုတော့ မမကြီး စိုးရိမ်တယ်”
“မစိုးရိမ်ပါနဲ့ မမကြီးရဲ့။ နီလာတို့တွေလဲ ပါတာပဲကိုး”

“အေး။ ပါလို့ ပိုစိုးရိမ်တာ။ ရှင်တို့ ပေါက်ကျော်မသုံးယောက်လေ။ ကျုရှင်လစ်ပြီး တောင်သမန်က စားသောက်ဆိုင်မှာ ထန်းရည် ခိုးသောက်ဖို့ လုပ်ကြတာ။ ကျုပ်နဲ့ ဆုံသွားလို့ မဟုတ်ဘူးလား”

မမကြီး ပြောမှ ဆယ်တန်းတုန်းက ကျူရှင်ပြေးပြီး တောင်သမန်ဘက် အလည်ရောက်သွားကြတာကို သတိရမိသည်။ ကံဆိုးချင်တော့ ဒီတုန်းက မမကြီးနဲ့ တည့်တည့်တိုးသွားခဲ့ဖူးသေးသည်။

“မမကြီးကလဲ မျိုးမျိုးက အဲလိုတွေ မလုပ်တော့ပါဘူး။ ကလေးမှ မဟုတ်တော့တာ။ ခုပဲ ဂျီအမ် လုပ်နေပြီ”

“အင်းလေ။ ကိုယ့်ဘာသာကိုယ် အာမခံချက် ပေးနိုင်တယ်ဆိုရင် သွားလို့ရတယ်။ ည ကိုးနာရီ ထက်တော့ ပြန်လာတာ နောက်မကျစေနဲ့။ မမကြီးက မျိုးမျိုးကို ယုံကြည်လို့ အခွင့်အရေး ပေးလိုက်ပြီနော်။ အလွဲသုံးစား မလုပ်နဲ့။ ဟုတ်လား”

“မလုပ်ရဲပါဘူး မမကြီးရယ်။ မမကြီး ခွင့်ပြုပေးတာပဲ ၀မ်းသာလှပါပြီ။ ပိုပြီး ၀မ်းသာရအောင် မုန့်ဖိုးလေးပါ ထပ်မစပေးပါလား။ ဟဲဟဲ”
“ဒီကောင်မလေးတော့လေ။ ငါလုပ်ရင် နာတော့မယ်။ သွားသွား။ ဘီဒိုထဲမှာ သွားယူ”
“ဘယ်လောက် ယူရမလဲ မမကြီး”

မမကြီးက လက်တချောင်းထောင်ပြတော့ သူမ ခေါင်းခါပြလိုက်သည်။ လက်နှစ်ချောင်းထောင်သည်။ မရသေး။ သုံးချောင်းထောင်တော့မှ ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်။ ဂျီအမ်ပေါက်စလေးအနေနဲ့ ငွေကို ရေလိုသုံးပြီး ဒကာ ခံလိုက်ဦးမည်။

နီလာ့အိမ်မှာ ကနဦးဆုံဖြစ်ကြသည်။ နီလာ့မိဘတွေက ဂျာမဏီမှာ နေသည်။ နီလာ့ကို ဆယ်တန်းအောင်ကတည်းက ခေါ်ကြပေမယ့် နီလာက မသွား။ အဖွားနဲ့ နေပြီး လုပ်ချင်ရာ လုပ်နေရသည်က ပိုလွတ်လပ်တယ်လို့ ဆိုသည်။ သူမကတော့ နီလာ့ကို တခုခု လုပ်ဖို့ တိုက်တွန်းဖြစ်လေသည်။ ပညာလဲ မရှာ၊ ဥစ္စာလဲ မရှာပဲ အချိန်တွေ အလဟဿကုန်သွားရင် နှမျောစရာကြီးလို့ ပြောဖြစ်သည်။ မကြာပါ။ စမ်းကြူလဲ ရောက်လာသည်။ သူကတော့ ဆရာဝန်ပဲ ဖြစ်ချင်သူ။ ဘယ်တော့မှ ဖွင့်လာမယ် မသိသည့် ဆေးကျောင်းကို ထိုင်စောင့်ရင်း ဂိုက်ဆရာမလေး လုပ်နေသည်။ သုံးယောက်သား ထိုင်စကားကောင်းနေတုန်း ခင်မောင်မြင့်နှင့် ရန်နောင်တို့ပါ ရောက်လာကြသည်။ မျိုးမင်းအောင်ကတော့ နောက်ဆုံးပေါ်ကားသစ်ကြီး မောင်းပြီး နောက်ဆုံးမှ ရောက်လာသည်။

လူစုံတော့ ပျော်ပျော်ပါးပါးနဲ့ မျိုးမင်းအောင်ကားပေါ် စုပြီး ရွှေဘဲစားသောက်ဆိုင်ကို ဦးတည်ကြသည်။ သူမတို့ မြို့မှာက အသားကင်ဆိုင်တွေ အများအပြား။ သို့ပေမယ့် ညပိုင်းမှာ စည်ဘီယာနဲ့ အသားကင်ကို အမြီးကောင်းသူများတွေ ပြည့်နှက်နေတတ်တာမို့ ရွှေဘဲကိုပဲ ရွေးချယ်လိုက်ကြသည်။ အချိုရည်များ မှာကြတော့ မျိုးမင်းအောင်က စဖောက်သည်။ ဒီလိုညမျိုးမှာ အချိုရည်သောက်ရတာ အရသာမရှိလို့ ဘီယာပဲ မှာမယ်ပြောသည်။ နိုင်ငံခြားထွက်မယ့် ရန်နောင်နဲ့ ဖားကန့်တက်မယ့် ခင်မောင်မြင့်တို့ကိုလဲ ဟိုရောက်ရင် လူရာဝင်အောင် အရက်သောက်ကျင့်ထားဖို့ ဆိုသည်။ ပြောဆိုနေကြဆဲမှာပင် စမ်းကြူက မျက်နှာတွေ ပျက်နေပြီ။ ထိုင်မရ၊ ထမရ။ နီလာကတော့ ဒါမျိုးတွေ ရိုးနေလောက်ပြီထင်သည်။ ရန်နောင်နှင့် ခင်မောင်မြင့်တို့ကို ယောက်ျားတွေဖြစ်ပြီး အရက်တောင် မသောက်ရဲဘူး ပြောကာ ဘီယာမှာပြလိုက်လေသည်။ ရန်နောင်နှင့် ခင်မောင်မြင့်တို့လဲ ဘယ်ခံချင်မည်လဲ။ နောက်ဆုံးတော့ မြှားဦးက သူမဆီပါ လှည့်လာပြီ။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီး တခုရဲ့ ဂျီအမ်အသစ်စက်စက်။ ဧည့်ခံပွဲတွေမှာ အချိုရည် ဖန်ခွက်လေး တကိုင်ကိုင်နဲ့ နေတော့မလား ဆိုလာတော့ သူမ စိတ်ေ၀၀ါးလာပြီ။ မမကြီးကို ကြောက်ပေမယ့် သူငယ်ချင်းတွေကို ဒီလိုဖွင့်ပြောလို့ မဖြစ်။ သူမလဲ အသက် ဆယ့်ကိုးနှစ် ရှိပြီပဲ။ အရွယ်ရောက်လာလို့ လုပ်ငန်းတာဝန်တောင် ယူနိုင်နေပြီးမှ အစ်မကိုကြောက်လို့ ဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပာယ် သိပ်မရှိလှ။ ဒီလိုနဲ့ ခေါင်းညိတ်ဖြစ်သွားသည်။ အရက်ဆိုသည်က လူရဲ့ ဆင်ခြင်တုံတရားတွေ၊ အသိဥာဏ်တွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်တတ်စေတဲ့အရာ။ ခုပဲကြည့်- စားသောက်ဆိုင်က ပြန်ထွက်လာပြီး မျိုးမြင့်အောင်က ရန်ကင်းတောင်ဘက် သွားရအောင် ဆိုလာတော့ ကန့်ကွက်သူက စမ်းကြူတယောက်သာရှိသည်။ အားလုံးက အပျော်လွန်နေကြပြီ။ မမကြီးက ကိုးနာရီအရောက်ပြန်လာဖို့ မှာထားတာလဲ သတိမရတော့။

တခါမှ မသောက်ဖူးတာကြောင့် လူက မူးဝေနေသည်။ တကိုယ်လုံးပူနေသလိုလဲ ခံစားရသည်။ ညဘက် ဆောင်းလေလေးက အေးတမြမြ။ ဆိုင်ကယ်တွေ မယူလာမိတာတောင် နောင်တရမိသည်။ စဉ်းစားရင်း လေပိုရစေရန် ကားမှန်တံခါးဘက်သို့ နည်းနည်း ယိမ်းထိုင်လိုက်တော့ ဘေးမှ ယှဉ်လိုက်လာသော ကားကို တွေ့ရသည်။ အော်နေသံတွေလဲ ကြားရသည်။

“ဟဲ့။ မျိုးမင်းအောင် ဘာတွေလဲဟ။ ကားရပ်ခိုင်းနေတယ်”
“ကျောင်းတော်က ရန်စတွေပါ။ ထားလိုက်”

မျိုးမင်းအောင်က ကားကို အရှိန်မြှင့်ရင်း ဆိုသည်။
“ဟဲ့။ နင်တို့တွေ ရန်မဖြစ်ကြနဲ့နော်”

စမ်းကြူက ကြောက်ကြောက်လန့်လန့်နှင့် ၀င်အော်သည်။ ဒီလိုအချိန်၊ ဒီလိုအခြေအနေမှာ ဒီလိုမူးနေသူတွေ ဆုံကြရင် ရန်ဖြစ်ကြတာက ထုံးစံမဟုတ်လား။

ရန်မဖြစ်နဲ့နော် အသံကြားတော့ သူမခေါင်းထောင်မိသည်။ မဖြစ်။ လုံးဝမဖြစ်။ မြတ်မျိုးနွယ် လီမီတက်က ဒုတိယ တာဝန်အကြီးဆုံး လူတယောက် ဆိုတဲ့ အသိက ပြန်ဝင်လာသည်။ လူငယ်ချင်း ရိုက်ပွဲတွေမှာ ပါပြီး ရုံးရောက်၊ ဂတ်ရောက်လို့ကတော့ မမကြီးက သူမကို အမှုန့်ချေပစ်လိမ့်မည်။

“ဟဲ့၊ မျိုးမင်းအောင်။ ကားရပ်ပေးလိုက်ဟာ။ ပြေပြေလည်လည်နဲ့ ညှိမယ်”

သူမပြောစကားကို နားထောင်သည်လား၊ အခြေအနေက မရပ်ပေးရင် မရလို့ပဲလား ဆိုတာတော့ မသိ။ မကြာခင်မှာ မျိုးမင်းအောင်က ကားရပ်ပေးလေသည်။ တဘက်ကားက သူမတို့အရွယ် လူငယ်များလဲ ဆင်းလာသည်။

“ဟေ့ကောင် မျိုးမင်းအောင်။ ရွှေလီမှာတုန်းက ငါတို့ဝယ်လက်ကို မင်းဖြတ်ခုတ်သွားတာ။ ခု-ဘယ်လိုရှင်းမလဲ”
“မကျေနပ်ရင်လဲ ရဲစခန်းသွားပြီး အမှုဖွင့်လိုက်လေကွာ။ လိမ်လည်မှုနဲ့”
“ဟေ့ကောင်- လုပ်လို့ မရတဲ့ ပစ္စည်းတွေမို့ပေါ့ကွ။ လုပ်လို့ရရင် မင်းပြောစရာတောင် မလိုဘူး”

တဘက်စကားကြောင့် မျိုးမင်းအောင်ကို လှမ်းကြည့်ပြီး တိုးတိုးတိတ်တိတ် မေးမိသည်။

“ဟဲ့။ နင်က ဘာတွေအရောင်းအ၀ယ် လုပ်နေတာလဲ”
“ထားလိုက်ပါ။ နင့်ကိစ္စ မဟုတ်ပါဘူး။ တနှစ်ကျော်အတွင်း ငါ့အခြေအနေ ဒီလောက်တိုးတက်လာမှတော့ နင့်ဘာသာ စဉ်းစားကြည့်ပေါ့”

သူမ မျက်လုံး ပြူးရလေပြီ။ စမ်းကြူနဲ့ နီလာလဲ မျက်လုံးအ၀ိုင်းသား။ သာလိကာလို စကားပြောတတ်တဲ့ နီလာတယောက် ပါးစပ်ပင် မဟရဲ။ ရန်နောင်နဲ့ ခင်မောင်မြင့်တို့ကတော့ အခြေအနေကို စောင့်ကြည့်နေကြသည်။ မျက်မှန်တ၀င်းဝင်းနဲ့ ခင်မောင်မြင့်တယောက် မျက်မှန်ကိုတောင် ချွတ်ထားလိုက်ပြီဆိုတော့ အဆင်သင့် ပြင်ထားပုံ ပေါ်သည်။

“မျိုးမင်းအောင်။ နင်တို့ ကိစ္စတွေ နောက်မှ ရှင်းကြဟာ။ ဒီက အစ်ကိုတို့။ ဒီညမှာ ကျွန်မတို့တွေလဲ နည်းနည်းမူးနေတယ်ရှင်။ အစ်ကိုတို့လဲ သောက်ထားမှန်း သိသာတယ်။ ဒီလိုအချိန်မှာ ပြဿနာ မဖြေရှင်းသင့်ဘူး။ ကျွန်မတို့တွေ နောက်ရက်ကျမှ အေးအေးဆေးဆေး ရှင်းကြရအောင်နော်။ ကျွန်မတောင်းပန်တယ်”

တင်းမာနေတဲ့ အခြေအနေကို ပြေလျော့သွားအောင် သူမ၀င်ပြောလိုက်မိသည်။

“လျှာရှည်ကြချည်လားကွ။ နေစမ်းပါဦး။ ဘယ်သူများလဲ မှတ်တယ်။ ထိတ်ထိတ်ကျဲ ဒေါ်မြတ်မျိုးနွယ်ရဲ့ တဦးတည်းသော ညီမလေးပါလား။ ဟေ့ကောင်- မင်းထက်။ မင်းဦးလေးရဲ့ မိတ်ဆွေဟောင်းကြီး”

ပြေလည်မလားလို့ ၀င်ပြောမိကာမှ ပြဿနာတခုကပါ ထပ်တက်လာပြန်ပြီမို့ သူမ စိတ်ညစ်သွားမိသည်။ မမကြီးမှာ ကျောင်းတုန်းက ချစ်သူတယောက် ရှိခဲ့ဖူးတာကိုတော့ သူမ သိထားခဲ့ပါသည်။ မာနတွေပြိုင်ပြီး ကွဲခဲ့ကြသည်တဲ့။ မမကြီးချစ်သူက လက်ထပ်ပြီးလျှင် မိသားစုနှစ်စုရဲ့ စီးပွားကို တစီးပွားထဲ ပေါင်းပြီး အလုပ်လုပ်ဖို့ ဆိုလေသည်။ မမကြီးကလဲ မိန်းမတွေဟာ အိမ်ထောင်ကျတာနဲ့ ကိုယ့်မိဘ လက်ငုတ်လက်ရင်းတွေကို ယောက်ျားလက်ထဲ လုံးဝ ထည့်ပေးလိုက်ရမှာကို သဘောမကျကြောင်း၊ ကိုယ့်စီးပွား၊ သူ့စီးပွားကို သပ်သပ်စီပဲ ထားသင့်ကြောင်း၊ ဒါမှ တဘက်က အခြေအနေမကောင်းရင် တခြား တဘက်နဲ့ ပြန်ထိန်းလို့ရသည်လို့ ဆိုခဲ့လေသည်။ မမကြီး ချစ်သူက အကြောင်းပြချက်ကို သဘောမပေါက်။ ဒီလိုနဲ့ သူတို့ ကွဲခဲ့ကြဖူးသည်။ မမကြီးဘက်က ဘာမှ မဟုတ်ပေမယ့် တဘက်ကတော့ မမကြီးကို အင်မတန် မာနကြီးသော မိန်းမဆိုပြီး ရန်ညှိုးထား ပြိုင်ဆိုင်မှုတွေ ရှိခဲ့ဖူးပါသည်။

“မှန်းစမ်း။ သြော်- မဟာမ၀ါဒီ မျိုးဆက်နဲ့ လာဆုံနေတာကိုး။ မင်းတို့ မိန်းမတွေကလေ။ ယောက်ျားတွေနဲ့ တန်းသိပ်ညှိချင်ကြတယ်။ မင်းအစ်မနဲ့ ပြိုင်ပွဲမှာ ငါ့ဦးလေး ရှုံးခဲ့ဖူးတယ်။ အခုငါ့အလှည့်။ မင်းကို အနိုင်ပြန်ယူပြမယ်။ စိန်ခေါ်တယ်ကွာ။ ပြိုင်မလား”

စိန်ခေါ်သံကြားတော့ သူမ သွေးတွေ ဆူပွက်လာသည်။ စနေ ဇာတိက ပြပြီ။
“ဘယ်လို ပြိုင်မှာလဲ။ ရတယ်လေ။ စိန်ခေါ်တာကို ဘွာခတ်မယ့် လူမျိုးထဲမှာ ကျွန်မ မပါဘူး”
“ဟဲ့။ ထက်ထက်။ ဘာတွေ လျှောက်ပြောနေတာလဲ”

စမ်းကြူက အလန့်တကြားတားသည်။ ရန်နောင်က သူမကို မျက်ရိပ်မျက်ချေပြသည်။ ဆက်မပြောနဲ့ ဆိုတဲ့ သဘော။

“ညလေးကလှတယ်ကွာ။ ကားလမ်းတွေကလဲ ကောင်းတယ်။ မင်းတို့တွေ ကားခေါင်းချင်းဆိုင် ကြည့်ကြပါလား။ အရေးပေါ် အချိန်မှာ မိန်းမတွေနဲ့ ယောက်ျားတွေ ဘယ်သူတွေက ပိုပြီး သွေးအေးလဲ ဆိုတာ သိရတာပေါ့ကွာ။ အရှိန်ပြင်းပြင်းနဲ့ ကားနှစ်စီး မောင်းလာရမယ်။ ကျုံး ထိပ်တဘက်စီကနေ။ ဆုံတဲ့အချိန်မှာ ခေါင်းချင်းဆိုင်ရမယ်။ ဒါပေမယ့် မတိုက်မိစေရဘူး။ တိုက်မိတဲ့ ဘက်က အရှုံး။ ကဲ- ဘယ်လိုလဲ”

မင်းထက်တို့ဘက်မှ တယောက်က ပြောလေသည်။ သူမ စဉ်းစားချိန်ပင်မရတော့။ မျိုးမင်းအောင် လက်ထဲမှ ကားသော့ကို ဆွဲယူပြီး ကားပေါ် တက်သည်။ ထက်မျိုးနွယ်ကို ဒီလိုလာစမ်းလို့ ဘယ်ရပါ့မလဲ။ မျိုးမင်းအောင်က အလန့်တကြား လှမ်းအော်သည်။

“ထက်ထက်။ ငါ့ကားက ဘရိတ်မကောင်းဘူး”
ကျုံးတဘက်ထိပ်ဆီကို ကားမောင်းလာရင်း မျိုးမင်းအောင်တယောက် တော်တော်သွေးကြောင်တာပဲလို့ သူမတွေးနေမိသည်။ သူ့ကားက အသစ်ကြီးပဲ။ ဘာမကောင်းစရာရှိလဲ။ သူမ ဒီတိုက်ပွဲကို မနွှဲဖြစ်အောင် လှမ်းခြောက်တာပဲ ဖြစ်မည်။ ချွတ်ယွင်းချက်တွေရှိနေလို့ အောက်ဈေးနဲ့ ထုတ်တာကို နှိုက်လာတာမှန်းသာ သူမကြိုသိခဲ့ပါရင်----။

(၄)

ဒီလိုနဲ့ မန္တလေးက ကျုံးဘေး လမ်းမကြီး တခုပေါ်မှာ ၀ုန်းဆိုသော အသံကျယ်ကြီး တခု ထွက်ပေါ်လာခဲ့သည်။ ဒီအသံကြီး ထွက်လာတော့ ကားပေါ်မှ ဆင်းပြီး အိမ်သို့ အမြန် ပြန်ပြေးလာခဲ့ရသည်။ ဟိုဘက်လူက သေလား၊ ရှင်လား မသိ။ ပြေးမှရမည်။ မမကြီးကို ခြံရှေ့ထွက်ပြီး မျှော်နေတာ တွေ့လိုက်ရလေသည်။ မမကြီး ပုံစံက အလွန်အမင်း စိုးရိမ်နေသည့်ပုံ။ မျိုးမျိုး ပြန်လာပါပြီ မမကြီးရ။ စိတ်မပူပါနဲ့တော့။ မမကြီးဆီ အရောက်လှမ်းနေရင်း သူမတီးတိုး ရေရွတ်လိုက်မိသည်။

“ဒီကောင်မလေးတော့လေ။ နာရင်းကို နာနာတီးပစ်ဦးမယ်”

သူမရှေ့မှာ ရောက်လာတာ သိလို့ တမင် ပြောနေတာပဲလို့ တွေးလိုက်မိသည်။ မမကြီး တကယ်မလုပ်ပါဘူး။ လုပ်မယ်ဆိုရင် ခုဆို မမကြီး လက်သံကြောင့် သူမ ကြယ်မြင်လမြင် ဖြစ်သွားမှာပေါ့။

“ညသန်းခေါင်နီးနေပြီ။ ခုထိ ပေါ်မလာသေးဘူး။ ဒုက္ခပါပဲ”
“အမ်”

မမကြီး ဆက်ပြောသံကြားတော့ သူမကြောင်သွားသည်။ လူတယောက်လုံး ရှေ့မှာ ရပ်နေတာကိုများ မမြင်ရဘူး ရယ်လို့။

“သမီးရေ။ ဖုန်းလာတယ်”
အိမ်ထဲက ဒေါ်ကြီးသေးသေး အသံထွက်လာတော့ မမကြီး ကပျာကယာ ပြေးဝင်သွားသည်။ သူမလဲ လိုက်ပြေးဝင်သည်။ သို့ပေမယ့် ၀င်လို့ မရ။ တစုံတရာက တားဆီးနေသလိုလို။

သူမစိတ်ညစ်သွားသည်။ အိမ်ထဲ ၀င်မရမှတော့ ရုံးကို သွားမည်ပေါ့။ ဒီည ရုံးမှာပဲ အိပ်တော့မည်။ မနက် မမကြီး ရုံးကို လာတော့မှ အားရပါးရ ပြေးဖက်ပြီး အထုအထောင်း ခံလိုက်တော့မည်။ အိမ်ထဲမှာက မမကြီး စိတ်မထင်ရင် မထင်သလို ကောက်ဆွဲတတ်သည့် ကြက်မွေးလေး တချောင်း ရှိသေးသည်။ ရုံးမှာက မမကြီးလက်ထဲကို ဒီလိုအရာတွေ အလွယ်တကူ မရောက်နိုင်။ ပြီးတော့ အမ်ဒီက ဂျီအမ်ကို ရိုက်တယ်ဆိုရင် လူကြားမကောင်း၊ သူကြားမကောင်း။

ဒီလိုနဲ့ သူမရုံးဘက်သို့ ဆက်လျှောက်လာလိုက်သည်။ အရက်ရှိန်ကြောင့်လား မသိ။ လူက တော်တော် ပေါ့ပေါ့ပါးပါး ဖြစ်နေသည်ပဲ။ ရုံးထဲ ၀င်ဖို့ကျတော့ အခက်အခဲက သိပ်မရှိလှ။ သော့မရှိပဲ ဘယ်လို ၀င်လာခဲ့မိတယ် မသိ။ ရောက်တော့ ရောက်လာခဲ့တာ အသေအချာ။ နံနက်ပိုင်း ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပွဲပြီးကတည်းက တနေ့လုံး ထိုင်လာခဲ့တဲ့ မန်နေဂျာထိုင်ခုံလေးပေါ်ကို တက်ထိုင်လိုက်သည်။

“အင်း။ နက်ဖြန်ကျရင် လုပ်မယ့်အလုပ်တွေကို ကြိုစဉ်းစားထားမှ။ မုံရွာက ပွဲရုံစာရင်းတွေ စစ်ရမယ်။ ဘုရင့်နောင်ပွဲရုံကိုလဲ ဖုန်းခေါ်ရဦးမယ်။ နိုင်ငံခြား ဖက်စ်တွေ ၀င်စရာရှိတယ်လို့လဲ မမကြီး ပြောတယ်။ အလုပ်တော့ ရှုပ်ဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် စာရင်းတွေ ကြိုစစ်ထားရင် မမကြီး စိတ်ဆိုးပြေသွားမှာပါ”

ဒီလိုနဲ့ မြတ်မျိုးနွယ် လီမီတက်၏ အထွေထွေ မန်နေဂျာ ရုံးခန်းထဲတွင်တော့ အသစ်စက်စက် မန်နေဂျာမလေး ဒေါ်ထက်မျိုးနွယ် တယောက် အလုပ်ကိစ္စတွေ စဉ်းစားရင်း ထိုင်နေပါသည်။ နောက်တနေ့ နံနက်မှာ နာရေးကိစ္စကြောင့် အမ်ဒီ ဒေါ်မြတ်မျိုးနွယ် တယောက် ရုံးလာတက်မှာ မဟုတ်ဘူးဆိုတာကိုတော့ သူမ သိနိုင်ပါမည်တဲ့လား။

ခင်မမမျိုး (၅၊ ၁၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

Happy New Year

Friday, January 1, 2010




စာဖတ် ပရိသတ်အပေါင်း နှစ်သစ်မှာ ဘ၀နဲ့ ဆန္ဒ တထပ်တည်း ကျပါစေကြောင်း ဆုမွန်ကောင်း ပို့သပါတယ်ရှင်။

လေးစားစွာဖြင့်

ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

Freedom Journal (January, 2010)

Wednesday, December 30, 2009

Freedom Journal (January, 2010)

အပြည့်အစုံဖတ်ချင်ရင်..>>>

အဆုံးသတ်မှာ (၀တ္ထုတို)

Sunday, December 20, 2009

(၁)
အချိန်ကား- (၁၉၉၅) ခုနှစ်၊ သြဂုတ်လ။
နေရာကား- နယ်မြို့လေးတမြို့မှ အထက ကျောင်းတော်တခု။

“မျိုးဇော်နိုင်၊ နေမင်း၊ ထက်ထက်အောင်။ အတန်းရှေ့ထွက်ခဲ့စမ်း“

ဆူညံနေသောအတန်းသည် ဆရာမဒေါ်ခင်လှဝေ အသံကြောင့် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဆရာမ ၀င်လာတာ သတိမထားမိပဲ အတန်းနောက်တွင် မုန့်စားနေသူများကလဲ မုန့်ထုပ်များကို လွယ်အိတ်ထဲ မသိမသာ ထိုးထည့်လိုက်ကြသည်။ ပထ၀ီအချိန်မှ သမိုင်းအချိန်အကူးအပြောင်းတွင် သမိုင်းဆရာမ မလာသေးတာကြောင့် ကျောင်းသားသဘာဝ တွတ်တွတ်ထိုး စကားများနေကြသဖြင့် အတန်းပိုင်ဆရာမ ၀င်လာတာကို သတိမထားလိုက်မိကြ။ ဆရာမအသံထွက်လာမှ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြရသည်။ ထက်ထက်အောင်တယောက်လဲ သူမနာမည်ခေါ်လိုက်သံဖြစ်တာကြောင့် ရုတ်တရက် လန့်သွားရသည်။ မျိုးဇော်နိုင်နှင့် နေမင်းကို လှည့်ကြည့်မိသည်။ သူမကို လှမ်းကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ ဆရာမကို မသိမသာ ခိုးကြည့်လိုက်တော့ ဒေါသများပြည့်လျှံနေသော မျက်နှာကို တွေ့လိုက်ရသည်။ ဆရာမဒေါသ ဖြစ်လောက်အောင် ဘာတွေများ လုပ်ခဲ့မိသလဲလို့ ပြန်စဉ်းစား ကြည့်မိသည်။ စဉ်းစားလို့ မရ။


“ထွက်ခဲ့လို့ ပြောနေတယ်လေ“
ဆရာမရဲ့ အမိန့်သံကို ထပ်ကြားရပြန်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်မို့ ခေါင်းငုံ့လက်ပိုက်ရင်း သူမ အတန်းရှေ့ထွက်သွားလိုက်သည်။ သူမတို့ကျောင်းတွင် ဆရာမဒေါ်ခင်လှဝေ၏ အာဏာစက်ကား ကြီးမားလှသည်။ ဆယ်တန်းဆရာမပေမယ့် ဆယ်တန်း မရောက်ခင်ကတည်းက ဆရာမနာမည်ကို ကြားဖူးထားကြပြီးသား။ ဆရာမအတန်းသို့ ရောက်မှာကို ကျောင်းသားတိုင်း ကြောက်ကြသည်။ သို့ပေမယ့် သူမဆယ်တန်းရောက်တော့ ဒေါ်ခင်လှဝေက သူမရဲ့ အတန်းပိုင် ဆရာမဖြစ်လာခဲ့သည်။ အသင်အပြ ကောင်းပေမယ့် စည်းကမ်းကြီးလွန်းတာကြောင့် သူမစာသင်ချိန်တွင် မည်သူမျှ မလှုပ်ရဲကြ။ ဆရာမကို ရိုသေလေးစားပေမယ့် ဆရာမမျက်နှာက လိုအပ်တာထက် ပိုတင်းနေတတ်တာ၊ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတတ်တာကိုတော့ သူမစိတ်ထဲ ဘ၀င်မကျလှ။

“ကိုယ့်အပြစ် ကိုယ်သိကြလား“
“ခင်ဗျာ-----“ “ရှင်“
မျိုးဇော်နိုင်နှင့် သူမအသံတို့က တပြိုင်နက်ထွက်သွားသည်။ နေမင်းမျက်နှာကလဲ ဆီးရွက်လောက် ငယ်သလို ဖြစ်သွားသည်။

“မင်းတို့ ဖွံ့ဖြိုးရေးအချိန်မှာ ဘာလုပ်နေကြလဲ“

ဆရာမပြောလိုက်တော့မှ နံနက်က ဖွံ့ဖြိုးရေးအချိန်ကို ပြန်သတိရသွားသည်။ သူမတို့ကျောင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း ဖွံ့ဖြိုးရေး အချိန်ဆိုတာ ရှိသည်။ စိုက်ပျိုးရေး၊ ဂီတ၊ အိမ်တွင်းမှု ဆိုပြီး ကြိုက်ရာရွေးလို့ရသည်။ သူမကတော့ ဂီတဆိုတာမှာလဲ အဖြစ်မရှိ၊ အိမ်တွင်းမှုဆိုတာကလဲ ၀ါသနာ မပါသည်မို့ တခုပဲကျန်သည့် စိုက်ပျိုးရေးကိုပဲ ရွေးဖြစ်တော့သည်။ သို့ပေမယ့်လဲ စိုက်ပျိုးရေးသာ ဆိုရသည်။ သူမတို့ တကယ်လုပ်ရသည်က အမှိုက်တောင်းလေးတွေ နှစ်ယောက်တတွဲကိုင်ပြီး ကျောင်းဘောလုံးကွင်းထဲတွင် အမှိုက်လိုက်ကောက်ရခြင်းဖြစ်သည်။ အမှိုက်ကောက်ပြီးလျှင် မြက်နုတ်ကြရသည်။ ဂီတယူထားသူများမှာလဲ သိပ်တော့ မထူးလှ။ ပထမလေးပတ်လောက်တော့ ပတ္တလားတီးဆရာတယောက် ရောက်လာပြီး မဟာဂီတအဆိုကို သင်ပေးသည်တဲ့။ နောက်တော့ ဆိုကရေးတီးပြိုင်ပွဲဆိုလား၊ ဘာဆိုလား ရှိ၍ ရောက်မလာပြန်တော့။ ဒီတော့ ဂီတယူထားသူများက စည်းနဲ့ ၀ါးလေးတွေ ကိုင်ပြီး ဂီတခန်းထဲတွင် စကားများကြလေသည်။ အိမ်တွင်းမှုခန်းမှာကလဲ ထိုနည်းလည်းကောင်း။

ဆယ်တန်းနှစ်လို စာကျက်ဖို့ အချိန်ရှားပါးသည့် နှစ်မှာ ဘာမှလဲ ထိထိရောက်ရောက်မရှိပဲ ကျောင်းသားတွေရဲ့ လေးဆယ့်ငါးမိနစ်တာ အချိန်ကို ဖြုန်းပစ်နေသည့်၊ ဒီလိုအချိန်မျိုး ဘာကြောင့် ရှိနေရလဲ သူမမသိ။ သူမအမေကို မကျေမနပ်နဲ့ ရင်ဖွင့်တော့ ပညာရေးစနစ်ထဲမှာ ဒီလိုဖွံ့ဖြိုးရေးအချိန်ပါရမယ်လို့ ထည့်ထားလို့ နေမှာပေါ့ဟုသာ ဆိုလေသည်။ “အဲလိုပါရင်လဲ တကယ်ထိရောက်အောင် ဘာကြောင့် မလုပ်ပဲ ဟန်ပြအခွံ့ကြီး ဖြစ်နေရတာလဲ“ လို့ သူမပြန်မေးတာကိုကျတော့ မေမေက ဘာမှပြန်မဖြေခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအလဟဿ အချိန်ဖြုန်းမှုကြီးကို သူမစိတ်ညစ်လှပါသည်။

“ဖွံ့ဖြိုးရေး အချိန်မှာ ဘာလို့ စာကျက်နေကြလဲ။ မင်းတို့ကို သူ့အချိန်နဲ့သူ စာလုပ်ဖို့ ပြောထားတယ်မဟုတ်လား။ သမိုင်းအချိန်မှာ ပထ၀ီစာအုပ်တွေ စားပွဲပေါ် မမြင်ချင်ဘူး။ အီကိုအချိန်မှာ သင်္ချာတွက်နေတာ မလိုချင်ဘူးလို့ ငါပြောထားတယ်မလား“
“ဟုတ်ကဲ့ဆရာမ“

နေမင်းအသံ တိုးတိုးလေးက ထွက်ပေါ်လာသည်။ သူမကတော့ ဘာမှမပြောမိ။ သက်ဆိုင်ရာ ဘာသာရပ်အချိန်မှာ သူ့အကန့်နဲ့သူ စိတ်ဝင်စားတတ်အောင် သူမကိုယ်သူမ လေ့ကျင့်ခဲ့ပြီးသား။ ဒီလောက်အထိ စည်းကမ်းမဲ့သူ မဟုတ်။ သို့ပေမယ့် စိုက်ပျိုးရေးချိန် ဆိုပြီး မြက်နှုတ်ခိုင်းထားလို့ နှုတ်စရာ မလိုတော့တဲ့ မြက်ဘေးမှာ ဟန်ပြထိုင်ပြီး စကားထိုင်များနေကြချိန်ကို အလဟဿ မဖြစ်စေချင်တာကြောင့် မှတ်စုစာအုပ်ထုတ်ပြီး စာကျက်လိုက်မိတာဖြစ်သည်။ အနီးက စာကြမ်းပိုး နေမင်းက တွေ့သွားပြီး သူမနဲ့တူတူ စာလာကျက်လေသည်။ မျိုးဇော်နိုင်ကတော့ ဘာရယ်မဟုတ်။ စာရွတ်သံကြားရလျှင် သူ့အတွက် ပိုအကျိုးရှိတယ်ပြောပြီး သူမတို့နား ရောက်လာခဲ့တာဖြစ်သည်။


“မင်းတို့မှာ အပြစ်ရှိလား၊ မရှိဘူးလား“
“ရှိပါတယ်ဆရာမ“
“ရှိပါတယ်“

နေမင်းအသံနှင့် မျိုးဇော်နိုင်အသံတို့က ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ သူမ ဘာမှ ပြန်မပြောမိ။ ဆရာမအကြည့်က သူမဆီသို့ ရောက်လာသည်။

“ထက်ထက်အောင်၊ ဆရာမမေးနေတယ်လေ“
“မရှိပါဘူး ဆရာမ“
“ဘာ“

ဆရာမအော်သံကြောင့် သူမ ဆတ်ခနဲဖြစ်သွားသည်။ ပြောလိုက်မိတာ မှားသွားပြီလားလို့ တွေးလိုက်မိသည်။ သို့ပေမယ့် သူမ မမှားပါ။ ဒါကို စိတ်ထဲက အလိုလိုသိနေသည်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟန်ရေးပြပြီး စကားများ အချိန်ဖြုန်းနေရမယ့်အစား စာကျက်မိတဲ့ ကျောင်းသူတယောက်မှာ အပြစ်ရှိရသတဲ့လား။ မဖြစ်နိုင်ပါ။

စားပွဲပေါ်က ကြိမ်လုံးကို ဆရာမဆွဲယူလိုက်တာ တွေ့ရသည်။
“ဖြန်း- ဖြန်း“
စားပွဲကို ရိုက်လိုက်သော ကြိမ်လုံးသံက ထွက်ပေါ်လာသည်။

“ကဲ- တတန်းလုံးကို ဆရာမ မေးမယ်။ ထက်ထက်အောင်မှာ အပြစ်ရှိသလား၊ မရှိဘူးလား“

တတန်းလုံး တိတ်နေသည်။ ဘာသံမှ မကြားရ။ ဆရာမကို တလှည့်၊ သူမကို တလှည့် ကြည့်နေကြသည်။

“ဖြေကြလေ။ မင်းတို့မှာ ပါးစပ် မပါဘူးလား။ အပြစ်မရှိဘူးလို့ ထင်တဲ့လူတွေ လက်ထောင်စမ်း“

ဟိုတစ၊ ဒီတစ လက်များထောင်လာတာ တွေ့ရသည်။ လက်ထောင်သူတွေထဲမှာ မီမီကို တွေ့လိုက်ရတော့ သူမ ၀မ်းသာသွားလေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း။ သူမကို ပြင်ပစာဖတ်ဝိုင်းတခုကို ခေါ်သွားပေးခဲ့တဲ့ သူငယ်ချင်း။ စာအရမ်းဖတ်ပြီး၊ အဖိုးတန်စကားလုံးတွေပဲ ရွေးပြောတတ်လို့ ငယ်ပေါင်း သူငယ်ချင်းတွေပေမယ့် အချင်းချင်းကတောင် ပြန်လေးစားရသူ။ ပြီးတော့ ဒီအတန်းရဲ့ အတန်းခေါင်းဆောင်။

“အဲဒီလက်ထောင်တဲ့ လူတွေပါ မတ်တပ်ရပ်စမ်း။ မင်းတို့က ငါ့ကို အာခံတယ်ပေါ့လေ“

ဆရာမ အပြောကြောင့် တချို့က လက်များ ကပျာကယာ ပြန်ချပြီး မသိချင်ယောင် ဆောင်နေကြလေသည်။ တချို့ကတော့ မတ်တပ်ထရပ်လိုက်ကြသည်။ ဆရာမကို သူမ မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည်။ ဘာလုပ်တာလဲ စဉ်းစားလို့ မရ။ ရွေးချယ်ခိုင်းပြီးမှ ကိုယ့်ဘက်ကို မထောက်ခံသူတွေကို အပြစ်ပေးတာ တရားမျှတမှု ရှိပါရဲ့လား။

“ကဲ- ဒီလောက်တောင် ဖြစ်လှတာ။ အာခံချင်ဦး“
ဆရာမရဲ့ ကြိမ်ချက်များက အနီးဆုံး မျိုးဇော်နိုင်ကိုယ်ပေါ်သို့ အရင်ကျသည်။ ပြီးတော့ နေမင်း။ ပြီးတော့ - သူမ။ မျိုးဇော်နိုင်နဲ့ နေမင်းတို့ဆီမှာ သုံးလေးချက်ပေမယ့် သူမဆီကျတော့ ဆယ်ချက်ထက် မကတော့။ နာကျင်မှုကြောင့် သူမအံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ ခန္ဓာကိုယ်ပေါ်သို့ ကြိမ်တချက် ကျလာတိုင်း မျက်ရည်များ ၀ဲတက်သွားရသည်။ ငိုချင်ပေမယ့် သူမ အောင့်ထားလိုက်သည်။ “မငိုနဲ့ ထက်ထက်အောင်။ မျက်ရည်မကျမိစေနဲ့“ ။ ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်သည်။ ဆရာမက အားရအောင်ရိုက်ပြီးမှ ကြိမ်ကို ပစ်ချလိုက်လေသည်။

“ကိုယ့်နေရာကိုယ် ပြန်ကြစမ်း။ အတန်းချိန်ပြီးတဲ့ အထိ မတ်တပ်ရပ်နေ။ အခုရပ်နေတဲ့ လူတွေလဲ မထိုင်နဲ့။ တချိန်လုံး မတ်တပ်ရပ်ရမယ်။ မင်းတို့သမိုင်း ဆရာမ ဒီနေ့မလာဘူး။ အီကိုသင်မယ်။ ကျန်တဲ့လူတွေ စာအုပ်ထုတ်“

တုတ်တုတ်မျှ မလှုပ်ရဲပဲ ထိုင်နေသူများ၏ စာအုပ်ထုတ်၊ စာရွက်လှန်လှောသံများ ထွက်ပေါ်လာသည်။

(၂)

“ငါ၊ ဒီကိစ္စကို မကျေနပ်ဘူးဟာ“
မီမီ့စကားကြောင့် သူမတို့ အကြည့်က မီမီ့ဆီ ရောက်သွားသည်။ ကျောင်းအားရက်မို့ သူမနှင့် နေမင်းတို့ မီမီ့အိမ်မှာ စုပြီး စာကျက်နေကြတာဖြစ်သည်။

“ဘာကို ပြောတာလဲ“
နေမင်းက စကားစသည်။
“နင်တို့ အရိုက်ခံရတဲ့ ကိစ္စကို“
“ထားလိုက်ပါတော့ဟာ။ ပြန်ပြောမနေနဲ့တော့“
“ပြောရမယ် နေမင်းရဲ့။ နင်တို့က ဒီလောက်မှ မခံရတာ။ ပြောအားရှိမှာပေါ့။ ထက်ထက်ကျတော့ တကိုယ်လုံး အရှိုးချင်း ထပ်သွားတာ“

နေမင်းက သူမဆီသို့ လှည့်ကြည့်သည်။
“ထက်ထက်။ နင်နာနေသေးလားဟင်။ ဆေးလူးလိုက်ဦးနော်“
“ရပါတယ်ဟာ။ ငါ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပေါ်က အနာထက် စိတ်ထဲက အနာက ပိုဆိုးတယ်ဟ။ ငါ့မှာ အပြစ်တကယ်ရှိရင် ဆရာမဘယ်လောက် ရိုက်ရိုက်ဟာ။ ခုဟာကျတော့ အပြစ်မရှိပဲ ခံရတာ“
“ဟဲ့။ နင်အခုထိ မမှတ်သေးဘူးလား။ နင်အဲလို သွားငြင်းလို့ ခံရတာလေ“
“သူက အမှန်ပြောတာပဲ။ ငြင်းတာမှ မဟုတ်တာ“
နေမင်းအပြောကို မီမီက ၀င်ချေပလေသည်။

“မှန်တာတွေ၊ မမှန်တာတွေတော့ ငါ မသိဘူးဟာ။ ဒါပေမယ့် ဆရာမက ကျောင်းခန်းထဲမှာ ငါတို့ကို ရိုက်ပိုင်ခွင့် အာဏာရှိတယ်လေ။ သူရိုက်မှာမို့ အပြစ်ရှိလား မေးရင် ရှိတယ်ပြောပြော၊ မရှိဘူးပြောပြော အရိုက်ခံရမှာပဲ။ ဒီတော့ မရှိဘူးပြောပြီး အသေဆော်ခံရမှာထက်စာရင် ရှိတယ်ပြောလိုက်တာက ပိုမသက်သာဘူးလား“

နေမင်းက ဘောပင်လေးကို ဆော့ရင်း ပြောသည်။ မီမီကတော့ နေမင်းစကားကို နားထောင်ရင်း ပြတင်းပေါက် အပြင်သို့ ငေးနေသည်။ အမှန်တရားအတွက် ဖြစ်ချင်ရာဖြစ် ရင်ဆိုင်လိုစိတ်ရှိသော သူမနှင့် မှန်သည်ဖြစ်ဖြစ်၊ မှားသည်ဖြစ်ဖြစ် အခွင့်အာဏာရှိသူလုပ်လျှင် ခေါင်းငုံ့ခံပြီး သက်သာရာရှာလိုစိတ်ရှိသော နေမင်းတို့ရဲ့ မတူညီသော စိတ်အခြေခံကို သတိထားမိတာမို့ သူမ ဆက်ပြောချင်စိတ် မရှိတော့။

စကားဖြတ်လိုဇောနှင့် မီမီငေးနေသည့် ပြတင်းပေါက်ဘက် လိုက်ကြည့်လိုက်မိသည်။ တဘက်ခြံထဲမှာ ကလေးလေးတယောက် ထိုင်ငိုနေတာ တွေ့ရသည်။

“အင်း- ဒီနေ့လဲ ဖိုးသားလေး အရိုက်ခံထားရပြန်ပြီထင်တယ်“

မီမီက တိုးတိုးလေး ရေရွတ်သည်။

“အဲဒီကလေးလေးက အမြဲအရိုက်ခံနေရလို့လား“

တခါတလေမှာ ဒီကလေးလေး ငိုနေတတ်တာ တွေ့ဖူးပေမယ့် တခါမှ မီမီ့ကို မေးမကြည့်မိခဲ့။

“ငါလေ။ အဲဒီကလေးလေးကို သိပ်သနားတာပဲ။ ကျွဲနှစ်ကောင်ခတ်တဲ့အကြားမှာ မြေစာပင်ဖြစ်နေတာ“
“ဟင်- ဘယ်လို“
“လူကြီးချင်း ပေးစားလို့ ယူထားကြရတာတဲ့ဟာ။ ငါကြားတာတော့။ အဆက်ဟောင်းတွေနဲ့လဲ ပြန်ဆက်နေကြတယ်တဲ့။ ကွာချင်နေကြတာကိုးလဲ ကလေးလေးအကြောင်းပြပြီး နှစ်ဘက်မိဘက ခွင့်မပြုဖူးတဲ့“

“ဒုက္ခပါပဲဟာ“
“တကယ်ဒုက္ခရောက်တာက ဖိုးသားလေးဟ။ ဘာမှ မသိရှာပဲ မိဘနှစ်ယောက်စလုံးက အရှုပ်ထုတ်လေးလို့ မြင်နေတာကို ခံနေရရှာတယ်။ နေ့တိုင်း အော်ဟစ်ရိုက်နှက်ခံနေရတဲ့ ကလေးလေးတယောက်ဟာ တနေ့ကျရင် လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ။ ကြောက်စိတ်တွေ၊ မယုံကြည်စိတ်တွေ“

“ငါတို့လဲ ဘာထူးလို့လဲဟာ။ အမှန်တရားကို မရင်ဆိုင်ရဲအောင် ကြောက်စိတ်တွေနဲ့ သင်းကွပ်ခံ နေကြရတာပဲ“
သူမမှတ်ချက်ပေးလိုက်တော့ မီမီက ဆတ်ခနဲ လှည့်ကြည့်လေသည်။

“ဟဲ့- ဟိုနှစ်ကောင်။ နင်တို့တွေ စာကျက်ကြဦးမှာလား“
သင်္ချာတွက်နေသော နေမင်းက သူမတို့ကို လှမ်းအော်သည်။
“နေဦးဟာ။ ငါတို့ စကားအကောင်း ပြောမလို့“
မီမီက လှမ်းပက်သည်။
“အေး၊ အေး။ ပြောကြ၊ ပြောကြ။ နင်တို့ မိန်းခလေးတွေနဲ့ စာကျက်ရတာလေ အရူးမ လင်လုပ်ရတာကျနေတာပဲ။ တော်ပြီ။ ခြံထဲမှာ ငါဘိုင်အိုသွားကျက်ဦးမယ်“

နေမင်းက ပြောပြောဆိုဆိုနှင့် စာအုပ်လဲယူ၊ ပြေးလဲ ပြေးလေသည်။ သူမပြေးလို့မရ။ သူမပြေးလျှင် သူလှမ်းစသွားသော စကားလုံးများအတွက် မီမီ့ကွန်ပါဘူး လက်သံနှင့် တွေ့သွားပေလိမ့်မည်။

“နင်ဘာဖြစ်နေတာလဲ မီမီ။ နေမင်းက ဒီလိုပါပဲဟာ“
နေမင်းနှင့် ရန်ဖြစ်နေကျ မီမီ့မျက်နှာလေးက တည်နေတာမို့ သူမလှမ်းမေးလိုက်မိသည်။

“ငါတို့တွေက ဒီလိုပဲ ခေါင်းငုံ့ခံနေကြရတော့မှာလား“
“ဟေ“
သူမ မီမီ့ကို လှမ်းကြည့်လိုက်မိသည်။

“ငါအရိုက်ခံထားရတာကို နင်စိတ်မကောင်း ဖြစ်နေတာမဟုတ်လား မီမီရယ်။ ထားလိုက်ပါတော့ဟာ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို ပြောထွက်သွားလို့ အနာခံလိုက်ရတာပဲ။ ဆရာမကို စိတ်ဆိုးမိပေမယ့် ငါ့ကိုယ်ငါ တော့ ကျေနပ်တယ်“

“ငါက နင်ပြောတဲ့ ကြောက်စိတ်နဲ့ သင်းကွပ်ခံရတာကို ပြောနေတာပါ။ ခုဆို ငါတို့အတန်းထဲမှာ ဘာအပြစ်မှ မရှိတဲ့ လူတွေလဲ အရိုက်ခံလိုက်ရတယ်၊ အပြစ်မရှိတဲ့ လူတွေဘက်က ရပ်တည်မိသူတွေလဲ စာသင်ချိန် တချိန်လုံး မတ်တပ်ရပ်ပြီး ပြစ်ဒဏ်ခံလိုက်ရတယ်။ ငါတို့ရဲ့ စိတ်တွေထဲမှာ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် ငါတို့ထက် ပိုပြီး အာဏာရှိသူက လုပ်ရင် လုပ်သမျှခံ၊ ပြန်မပြောနဲ့၊ အာမခံနဲ့၊ ပြန်ပြောရင် ပြစ်ဒဏ်ဆိုတဲ့ စိတ်ကြီးက အမြစ်တွယ်သွားပြီ။ ကျောင်းပြီးတဲ့အခါ ငါတို့တွေက ဒီစိတ်ကြီးတွေကိုပဲ ဖက်တွယ်ပြီး ဘ၀ပင်လယ်ကြီးထဲကို ရောက်သွားကြရမှာလား“

“အေးဟာ။ နင်ပြောတာကို ငါလက်ခံတယ်။ ငါအမှန်ကို ပြောမိလို့ အရိုက်ခံရတယ်။ ဒါကို ငါက ခေါင်းငုံ့ခံပြီး ငြိမ်နေလိုက်ရင် ကျန်တဲ့ လူတွေက အမှန်တရားကို ရင်ဆိုင်ဖို့ဆိုတာ ကြောက်စရာကြီးပါလား ဆိုတဲ့ အသိနဲ့ပဲ ကျန်ခဲ့မှာပေါ့နော်“
“ဟုတ်တယ်ဟ။ အဲဒါကို ငါတွေးမိနေတာ။ နင်လုပ်ခဲ့တာ အမှန်တရားဆိုတာ နင်တကယ်လက်ခံတယ် မဟုတ်လားဟင်“
“ဟဲ့။ ငါ ဘယ်နှစ်ခါ ပြောရမလဲ“
“ဒါဆို အဲဒီအမှန်တရားအတွက် ငါတို့ ရှေ့ဆက်တိုးကြရအောင်လေ“
“နင်ဘာတွေပြောနေတာလဲ“
“တကယ်လို့များ ငါတို့ တခန်းလုံးနဲ့ တခြားဆယ်တန်း အခန်းတွေအားလုံးကသာ ဖွံ့ဖြိုးရေး ဆိုတဲ့ အချိန်တွေကို ကန့်ကွက်ကြရင်“

မီမီ့စကားကြောင့် သူမအံသြသွားသည်။ သူမဆီမှာ အပြစ်ရှိမရှိ တတန်းလုံးကို ဆရာမမေးစဉ်က အပြစ်မရှိလို့ ထောင်ခဲ့သော လက်ညှိုးတွေ မတ်တပ်ရပ်ခိုင်းစဉ်မှာ မသိမသာ ပြန်ရုတ်သွားတာကို ပြေးမြင်လိုက်မိသည်။

“ငါတို့ တခန်းလုံးတောင် မညီနိုင်တာဟယ်။ ဆယ်တန်း အခန်းတွေအားလုံး ညီလာအောင် ဘယ်လိုလုပ်လို့ ရမှာတဲ့လဲ။ ဆရာမမေးတုန်းက ထောင်ခဲ့တဲ့ လက်ညှိုးတွေ မတ်တပ်လဲရပ်ခိုင်းရော ပြန်ရုတ်သွားတာ မတွေ့ဖူးလား“
“နင်က ညီညွတ်ရေးဆိုတာကို အပြစ်ဒဏ်တွေ ခံနေရချိန်မှာ ညီတူညာတူ ပေါ်ထွက်လာတာလို့ ထင်နေတာလား“
“မဟုတ်ဘူးလား“
“ပြစ်ဒဏ်တွေ အပေးမခံရတော့တဲ့ အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးရမှာ။ ငါ့အထင်တော့ လူတွေအားလုံးက ညီလာရင် ပြစ်ဒဏ်ပေးမယ့် သူတွေက နောက်ဆုတ်သွားမှာပဲလို့ မြင်တယ် သူငယ်ချင်း။ ငါ့ဦးလေးက ပြောဖူးတယ်။ လူတသန်းကို လူတထောင်က မလှုပ်နဲ့၊ ထောင်ချမယ်လို့ ခြိမ်းချောက်တဲ့အခါ လူတယောက်ချင်းစီ လှုပ်ရင်တော့ တယောက်ချင်းစီ ထောင်ထဲ ရောက်သွားမှာပဲတဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်တဲ့အခါ လူတသန်းလုံးကို ချစရာ ထောင်မရှိတော့တဲ့အတွက် ခြိမ်းချောက်တဲ့ လူတထောင်ပဲ ထောင်ထဲ ၀င်ထိုင်နေဖို့ ရှိတော့မယ်တဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်လာမယ့် အခြေအနေကို ဖန်တီးပေးဖို့ တယောက်ချင်းစီကတော့ ကနဦးစပြီး လှုပ်ရဦးမှာပဲတဲ့“

“ဟဲ့။ နင်ငါ့ကို နိုင်ငံရေး ပြောနေတာလား“
“မဟုတ်ပါဘူးဟာ။ ငါက သူပြောတာ ပြန်ပြောပြတာပါ။ အဲဒီသဘောတရားကို ငါစဉ်းစားကြည့်မိတယ်။ အခုလဲ ငါတို့တွေရဲ့ အချိန်ကို အလဟဿဖြစ်စေတဲ့ ဖွံ့ဖြိုးရေး အချိန်ကို ဆန့်ကျင်ကြည့်ကြမယ်လေ။ တဖြည်းဖြည်းနဲ့ ဒီသတင်းက တခြားအခန်းတွေဆီ ပျံ့သွားမှာပဲ မဟုတ်ဘူးလား“

“အဲလိုလုပ်တဲ့ လူတွေကို ငါ့လိုပဲ ဆရာမက အသေဆော်လိမ့်မယ်“
“ထက်ထက်ရယ်။ လောကကြီးမှာ တခုခုမပေးဆပ်ပဲ ရလာတဲ့ အရာဆိုတာ ရှိဘူးလို့လားဟယ်“

(၃)

ဒီလိုနှင့် တနင်္လာနေ့မှာ ကျောင်းဖွင့်တော့ မီမီရဲ့ စည်းရုံးရေး အလုပ်တွေ စလာပါတော့သည်။ တချို့က မီမီ့စကားကိုကြားပြီး မျက်လုံးပြူးကြသည်။ တချို့က ထောက်ခံသည်။ တချို့က ကိုယ်တိုင်ပါမယ်လို့ ပြောကြသည်။ မျိုးဇော်နိုင်ကတဆင့် ယောက်ျားလေး တော်တော်များများလဲ ပါလာသည်။ နေမင်းကတော့ သူမပါနိုင်လို့ငြင်းသည်။ သို့ပေမယ့် ပါလာမယ့် သူတွေကိုတော့ ဒါတွေ ဖြစ်လာခဲ့တဲ့ သုံးယောက်အရိုက်ခံရမှုမှာ သူပါခဲ့တာကို ဂုဏ်ယူတယ်လို့ဆိုသည်။

ဗုဒ္ဓဟူးနေ့ရောက်တော့ မျိုးဇော်နိုင်ဦးဆောင်တဲ့ သုံးယောက်က ဖွံ့ဖြိုးရေးအချိန်မှာ မသွားနိုင်ဘူးလို့ ငြင်းသည်။ ဆရာမ ဒေါသထွက်ပြီး ရုံးခန်းပို့မယ်၊ ဘာမယ် ခြိမ်းချောက်သည်။ ကြိမ်ဒဏ်ငါးချက်စီပေးပြီး တခြားသူတွေ သွားနေချိန်မှာ သူတို့က အတန်းထဲမှာ မတ်တပ်ရပ်နေခဲ့ရသည်။ သူမတို့ရဲ့ ပွဲဦးထွက်တိုက်ပွဲ။

ဒီလိုနှင့် တလှည့်စီ လူလဲဆန့်ကျင်လိုက်၊ စည်းရုံးရေးဆင်းလိုက်နှင့် အချိန်တွေကြာလာသည်။

တပတ်၊ နှစ်ပတ်၊ သုံးပတ်ကနေ ငါးပတ်လောက်ရောက်တော့ တခြားအခန်းတွေကပါ သိနေကြပြီ။ ဆယ်တန်း ဘီ၊ ဆယ်တန်းစီ၊ ဆယ်တန်း ဒီ တို့မှာလဲ သူမတို့လုပ်နည်းအတိုင်း လိုက်လုပ်သူတွေ ရှိလာကြပြီ။ မီမီကတော့ စိတ်ရှည်လက်ရှည်နဲ့ စည်းရုံးဟောပြောနေဆဲ။ မျိုးဇော်နိုင်တို့ အင်အားတွေကလဲ တောင့်လာသည်။ ကနဦးအစမှာ ဆရာမကို မကျေနပ်တာကြောင့် လုပ်ဖြစ်သွားခဲ့ပေမယ့် ကြာလာတော့ အဓိကမှာ ဆရာမရဲ့ မတရားတဲ့ အာဏာစက်ကို ဖယ်ရှားဖို့နဲ့ ဖွံ့ဖြိုးရေးအချိန်တွေမှာ ကျောင်းသားတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေမယ့် အလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ကြောင်း သူမနားလည်လာတော့သည်။

သူမတို့ လုပ်နေကြတဲ့ အလုပ်လေးတွေက အရှိန်ရလာသလို တဘက်မှာလဲ အခက်အခဲတွေ တွေ့လာရသည်။ ဆရာမက ဗုဒ္ဓဟူးနေ့ပွဲတွေမှာ ပါသူတွေကို ရိုက်နှက်အပြစ်ပေးရုံမက တခြားစာသင်ချိန်များတွင်လဲ သူမတို့ အုပ်စုတွေကို အပြစ်မရှိ အပြစ်ရှာတော့သည်။ စာမေးရင်း “၏သည်မလွဲ“ မရလို့ဆိုကာ သူမလက်ဝါးပေါ်သို့ ကျရောက်လာခဲ့သော ကြိမ်ချက်တွေ မည်မျှ ရှိခဲ့ပြီ မသိ။ အိမ်က လူကြီးတွေ သိသွားပြီး ဆရာမကို အကျိုးအကြောင်း သွားပြောဖို့ ကြိုးပမ်းကြသည်။ သို့ပေမယ့် ဆရာမက လက်မခံ။ သူမက သူ့အာဏာကို ဖီဆန်တယ်၊ သူ့ကို အာခံနေတယ်။ ဒါကြောင့် ဦးချိုးပြီး ဆုံးမနေတာပါ လို့သာ ဆိုသည်။ သူမတို့ ဘာကို လိုချင်နေတာလဲ၊ ဘာကို ဖြစ်ချင်နေတာလဲ ဆိုတာ သိအောင် ဆရာမဘက်က လုံးဝ မကြိုးစားတော့။

ဒီကြားထဲ ဇင်မာတို့အုပ်စုက သူမတို့တွေကို အမြင်တမျိုးနှင့် မြင်လာပြန်သည်။ သူမတို့ လုပ်နည်းလုပ်ဟန်တွေက ကျောင်းသားတွေကိုအရိုက်ခံရအောင် လုပ်နေတာပဲရှိပြီး အောင်မြင်ဖို့ လမ်းလဲမရှိ၊ လုပ်နေသူတွေမှာကလဲ စိတ်ပျက်စရာကောင်းတဲ့ လူတွေကပါတယ်လို့ တီးတိုးဆိုနေကြသည်။ စည်းရုံးပြောဆိုတဲ့ မီမီကို မြင်ရင်လဲရှောင်ထွက်သွားကြသည်။

ဇင်မာနှင့် သူမကတော့ အိမ်နီးချင်းဖြစ်တာမို့ ဘာပဲဖြစ်ဖြစ် ဇင်မာတို့ ဘယ်လိုတွေးနေတာလဲ သိရအောင် သူမ ဇင်မာ့ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်မိသည်။

“ထက်ထက်လာလေ“
ဇင်မာ့အိမ်ကို သွားတော့ ဇင်မာက ၀မ်းသာအားရ ကြိုဆိုပါသည်။

“နင်ငါ့ကို လာစည်းရုံးတာလား“

ဇင်မာက ရီပြီး ပြောပေမယ့် ဒီစကားထဲမှာ တခြားအဓိပ္ပာယ်တွေလဲ ဆောင်နေတယ်ဆိုတာ သူမရိပ်မိလိုက်သည်။ သူမစိတ်မကောင်း။ သူမတို့တွေက တတန်းတည်းသားချင်းတွေ။ ဆရာမနဲ့ ပြဿနာတက်တုန်းက လက်ညှိုးထောင်ခဲ့သူတွေထဲမှာ ဇင်မာလဲပါတာ သူမ မှတ်မိလိုက်သည်။

“ဟင့်အင်း။ ငါက နင့်ဆီကို သူငယ်ချင်းအနေနဲ့ အလည်လာတာပါ“
“နင်လုပ်တာတွေထဲမှာ မပါတဲ့ ငါ့ကို နင်က သူငယ်ချင်းလို့ တကယ်သတ်မှတ်လို့လား“
“သတ်မှတ်လို့ လာလည်တာပေါ့ဟ။ သူငယ်ချင်းတိုင်း အလုပ်တူတူလုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ။ အလုပ်တူတူလုပ်တဲ့ လူတိုင်းပဲ သူငယ်ချင်းဖြစ်မယ်လို့လဲ ဘယ်သူက ပြောလို့လဲ“

ဇင်မာ မျက်မှောင်လေးကြုတ်ပြီး တွေးနေတာ တွေ့ရသည်။
“ဟဲ့၊ ငါ့ကို ဘာကျွေးမှာလဲ“

“နင်ထိုင်ဦးနော်။ ငါတို့အိမ်မှာ ဒီနေ့ ရေစိမ်ခေါက်ဆွဲလုပ်စားတယ်ဟ။ နင့်အတွက် ငါသွားပြင်လိုက်ဦးမယ်“
အိမ်နောက်ထဲ ၀င်သွားသော ဇင်မာ့ကို ကြည့်ရင်း သူမသက်ပြင်း ချလိုက်မိသည်။ ဇင်မာက ဆရာမရဲ့ အာဏာစက်ကို ကြိုက်နှစ်သက်နေသူ မဟုတ်မှန်း သူမ စိတ်ထဲက အလိုလို သိနေသည်။ သို့ပေမယ့်လဲ သူမတို့ ဆန့်ကျင်ရေးအုပ်စုများနဲ့လဲ နီးကပ်မလာခဲ့။ ဘာတွေကများ စည်းခြားနေသလဲ။ သူမ စဉ်းစား အဖြေထုတ်နေမိသည်။

သူမ အချိန်ကြာကြာ အဖြေမထုတ်လိုက်ရပါ။ ရေစိမ်ခေါက်ဆွဲစားရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သူမတို့ကို ဇင်မာတို့မကျေနပ်နေသည့် ကိစ္စများကို မသိမသာ ဖော်ထုတ်ယူရင်း သူမလိုချင်သည့် အဖြေက ထွက်သွားခဲ့ပါတော့သည်။

“ငါတို့ နေမင်းကို မကြိုက်ဘူးဟာ။ သူက ငါတို့ရှေ့ဆိုရင် ဒီကိစ္စတွေက သူကစလို့ဖြစ်လာတာပါ၊ သူကခေါင်းဆောင်ပါ ဆိုပြီး ထောင်ထောင်ထောင်ထောင် လုပ်တယ်။ ဆရာကြီးလုပ်တယ်။ ဆရာမရှေ့ ဆိုရင်ကျတော့ အမြီးကုပ်နေတာပဲ“

“မျိုးဇော်နိုင်တို့ကျတော့လဲ တမျိုး။ သူတို့ အနာခံပြီး ပါနေတာ ငါတို့မြင်နေတာပဲ။ ဒါပေမယ့် သူတို့က ငါတို့ကို မြင်ရင် မပါရကောင်းလားဆိုပြီး ရန်လုပ်တယ်။ ငါတို့အတွက် သူတို့ အနာခံလုပ်နေရတာဆိုပြီး မပါတာကို အပြစ်တင်တယ်။ ဆရာမရဲ့ ဘက်တော်သားတွေလို့ စွပ်စွဲတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ငါတို့ မပါဖြစ်ခဲ့ဘူးဟာ။ ငါဝန်ခံတယ်။ နင့်တုန်းက ငါလက်ထောင်ပြီးမှ ဆရာမက အပြစ်ပေးတော့ ငါကြောက်ပြီး မသိချင်ယောင် ဆောင်လိုက်ရတယ်။ ငါစက်ဘီးမှောက်တုန်းက ခြေထောက်ကျိုးထားဖူးတယ်ဟ။ ငါ့ခြေထောက်က ကြာကြာရပ်လို့ မရဘူး။ ဒါကြောင့် ငါလက်ပြန်ချလိုက်တာ။ ဒါပေမယ့်ဟာ ဆရာမ မတရားဘူးဆိုတာ ငါတို့ သိနေတာပဲ။ သိနေပြီး မပါဖြစ်ခဲ့တာကတော့ ငါတို့အားနည်းချက်။ ဒါကိုပဲ လာထုတ်ဖော်ပြီး အပြစ်တင်နေတော့ ငါတို့လဲ စိတ်တိုတာပေါ့။ ဒါနဲ့ နင်တို့ကို ရှောင်နေတာ“

“မီမီကိုလဲ ငါတို့ မကြိုက်ဘူး။ အလကား ငကြောက်မ။ သူက လူတွေကို လိုက်စည်းရုံးလိုက်၊ နင့်ကို မြှောက်ပေးလိုက်နဲ့။ သူကိုယ်တိုင်သတ္တိရှိရင် ဘာလို့ ရှေ့က ၀င်မပါလဲ။ တကယ်ဖြစ်လာတော့ နင်ပဲခံနေရတာ။ ငါတို့အတန်းသားတွေပဲ ခံနေရတာ။ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ရိုက်ပွဲကြီးဖြစ်နေတာကို ငါတို့လဲ စိတ်ချမ်းသာနေမယ်လို့ နင်ထင်လို့လား“

ဒီစကားလေးတွေထဲမှာ ဇင်မာတို့အုပ်စုနဲ့ သူမတို့ စည်းခြားနေတဲ့ အကြောင်းလေးတွေကို သူမ ရှာတွေ့သွားခဲ့ပါသည်။

ဇင်မာပြောနေတဲ့ အကြောင်းများကို သေချာနားထောင်ပြီးမှ သူမစကားစရသည်။ တဘက်က ဘာကို ဆိုလိုမှန်းမသိပဲ ဘတပြန်၊ ကျားတပြန်ပြောပြီး ရှင်းလို့ရသည့် ကိစ္စမျိုးမဟုတ်မှန်း သူမနားလည် သိရှိနေခဲ့သည်။

“နေမင်းက ထဲထဲဝင်ဝင်လုပ်နေသူ မဟုတ်ပါဘူး ဇင်မာ။ ပြဿနာဖြစ်စတုန်းက သူလဲ ပါတယ်ဆိုတော့ သူကလဲ အဲလိုပြောချင်မှာပေါ့ဟာ။ ငါတို့ ရပ်ကွက်ထဲမှာ အရပ်အငြိမ့်ပွဲကဖူးတာကို အကြောင်းပြုပြီး မင်းသမီးလို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စုပေါင်းလမ်းဖောက်တုန်းက ဥက္ကဌလုပ်လိုက်ရတာနဲ့ပဲ ထာဝရ ရပ်ကွက်ခေါင်းဆောင်လို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စီကနဲဆိုရင် ပါလိုက်ပြီး တကယ်လုပ်ရမယ်ဆိုရင် ဘယ်ရောက်သွားမှန်း မသိတဲ့ လူတွေ အများကြီးပဲလေ။ နင်တွေ့ဖူးတယ် မဟုတ်ဘူးလား။ ဒါတွေက လူ့သဘာဝပဲ ဥစ္စာ။ ဒီလူတွေကိုကြည့်ပြီး စိတ်ပျက်နေတာထက်စာရင် လျစ်လျုရှုပြီး ကိုယ်လုပ်စရာရှိတာ လုပ်လိုက်တာက ပိုထိရောက်မယ်လို့ ငါထင်တယ်။ သူ့ဘာသာသူ ဘယ်လောက်ခေါင်းဆောင်လို့ အော်နေနေ၊ လူတွေက သူ့ကို ခေါင်းဆောင်လို့ အသိအမှတ်ပြုတာမှ မဟုတ်တာ။ တကယ်ကလဲ ဘာမှမလုပ်၊ ဘယ်သူကမှလဲ အသိအမှတ်မပြုပဲ ခေါင်းဆောင်လို့ ထိုင်အော်နေတဲ့လူကို စိတ်ပျက်ဖို့ စာရင်းထဲတောင် ထည့်ဖို့ လိုအပ်လို့လား“

“မျိုးဇော်နိုင်နဲ့ ပတ်သက်လို့ကတော့ ကျောင်းဘောလုံးပွဲ ဥပမာကိုပဲ ပေးရမလား မသိဘူးဟာ။ မနှစ်တုန်းကလေ ငါတို့နဲ့ ထ (၁) နဲ့ ဘောလုံးပွဲတုန်းက နင်လဲပါတယ်မလား။ ငါတို့တွေ မင်းဟိန်းတို့ကို သွားအားပေးကြတာလေ။ ငါတို့ကလဲ မင်းဟိန်းတို့ကို နိုင်စေချင်၊ မင်းဟိန်းတို့ကလဲ မနိုင်နိုင်၊ ဟိုဘက်အသင်းကလဲ လက်ရည်ကသာနေတော့ စိတ်တွေတို၊ နောက်ဆုံးကျတော့ ကက်ပတိန်လုပ်တဲ့ မင်းဟိန်းနဲ့ ငါတို့အတန်းထဲက ရဲထွတ်တို့ ထထိုးကြလို့ ငါတို့ ၀င်ဆွဲရသေးတယ်နော်။ မင်းဟိန်းက ပြောတယ်လေ။ မင်းလာကန်ကြည့်ပါလားကွလို့။ ရဲထွတ်က ပြောတယ်လေ။ ငါက အားပေးနေတာ။ မင်းတို့ကို အသုံးကျမယ်ထင်လို့ဆိုပြီး။ ဒါကြောင့် ထထိုးတာမလား။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး တူနေတာတခုက ငါတို့ဘောလုံးအသင်းကို နိုင်စေချင်တာ တခုပဲ မဟုတ်ဘူးလား။ ဘေးက ကြည့်နေသူကလဲ ကိုယ့်လူတွေကို နိုင်စေချင်ပြီး အားမလိုအားမရဖြစ်တယ်။ အပြစ်တင်တယ်။ ချွေးတွေနစ်ပြီး ကွင်းထဲမှာ ကန်နေရတဲ့ လူကလဲ ဒီလောက်ကြိုးစားပေးနေတာတောင် အပြစ်တင်နေတော့ ဒေါသထွက်တယ်။ အဲဒီကနေ အချင်းချင်း ပြန်ချကုန်ကြတာ။ နင်မှတ်မိတယ် မဟုတ်လား။ အခုလဲ ဒီလိုပါပဲဟာ။ မျိုးဇော်နိုင်တို့က အနာခံပြီး လုပ်နေကြတာ။ လုပ်နေရင်း ကြာလာပေမယ့် ဆရာမကလဲ မလျှော့။ ခံရတာကလဲ များလာနဲ့ “ငါတို့ပဲ လုပ်နေရတယ်၊ ငါတို့ပဲ နာနေရတယ်“ ဆိုတဲ့ စိတ်တွေ ၀င်လာတယ်။ အဲဒီမှာ ကိုယ့်လို မလုပ်တဲ့ လူတွေကို အပြစ်တင်မိတော့တာပဲ။ နင်တို့ကလဲ ဆရာမ မတရားလုပ်တာကို မတရားဘူးဆိုတာ စိတ်ထဲက သိနေတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ခဲ့မိတာကိုလဲ စိတ်ထဲမှာ မသိမသာ guilty ဖြစ်နေတယ်။ ငါ့အမြင်ပြောရရင် အဲဒီစိတ်ဝင်နေတော့ ဘာကြောင့် မလုပ်တာလဲဆိုတာကို သူများတွေကို ပြောဖို့၊ နင်တို့ကိုယ်တိုင်လဲ ငါတို့ မလုပ်ခဲ့တာ မှန်တယ် ဆိုပြီး ကိုယ့်ကိုကို ပြန်ပြောဖို့ လက်ညှိုးထိုး ပုံချစရာတွေ လိုနေတယ်။ အဲဒီမှာတင် နင်တို့အုပ်စုနဲ့ မျိုးဇော်နိုင်တို့နဲ့ စငြိကုန်ကြတာ။ သူတို့ကလဲ နင်တို့မလုပ်တာကို အပြစ်လုပ်ပြီး ပြောတယ်၊ နင်တို့ကလဲ သူတို့ လုပ်နေတဲ့လူတွေ အသုံးမကျလို့ မပါတာလို့ ပြောမှာပဲ။ ငါတော့ အဲလိုပဲ မြင်တယ်“

“မီမီကိုတော့ နင်တို့က အထင်လွဲနေတာပါ။ ဇာတ်ကရင်တောင် ဇာတ်ညွန်းရေးတဲ့ လူ လိုတယ်မဟုတ်လား။ စင်နောက်မှာ ကြိုးဆွဲတဲ့လူတွေ၊ ဇာတ်ဝင်ခန်းတွေအတွက် အ၀တ်အစားတွေ ပြင်ပေးမယ့်လူတွေ၊ မင်းသားမင်းသမီးကို မိတ်ကပ်လိမ်းပေးမယ့်လူတွေ လိုတယ်လေ။ အားလုံး စင်ပေါ်ကို တပြိုင်တည်း တက်ကလို့မှ မရတာ။ အခုငါတို့အတန်းထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ တခြားအခန်းတွေထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက မီမီရဲ့ အတွေးအခေါ်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေကနေ ထွက်နေတာ။ ဒါကိုလဲ ငါတို့ထဲမှာ သူပဲ လုပ်နိုင်တယ်။ ရှေ့ထွက်မင်းသမီး၊ ခေါင်းဆောင် မင်းသမီးတွေ ဘယ်လောက် အကကောင်းကောင်း ဒီဇာတ်ကို ကမယ့် ဇာတ်ညွန်းမရှိရင် ကကွက်တွေ ဘယ်ကြည့်ကောင်းပါ့မလဲဟာ။ ရှေ့မထွက်တိုင်း ကြောက်လို့ မဟုတ်ဘူး။ သူက နောက်မှာ နေဖို့ လိုအပ်လို့ နေနေတာပါဟယ်“

(၄)

“ကဲ။ ကလန်ကဆန် လုပ်မယ့် လူတွေ ရှိသေးလား။ လုပ်ရဲတဲ့ လူတွေ နေခဲ့။ ကျန်တဲ့ လူတွေ နှစ်ယောက်တတွဲ ကိုယ်သွားရမယ့် နေရာဆီ သွားကြ“

ဗုဒ္ဓဟူးနေ့ ဖွံ့ဖြိုးရေးအချိန်က နံနက် အီကိုချိန် အပြီးမှာမို့ စာသင်ချိန်ပြီးတာနဲ့ ဆရာမက ဒီလိုပြောနေကြ။ သြဂုတ်လကတည်းက စခဲ့သော သူမတို့ အာဏာဖီဆန်ပွဲလေးသည် အလှည့်ကျစနစ်နဲ့ စဉ်ဆက်မပြတ် ရှိနေဆဲ။ တခြားအခန်းမှ ကျောင်းသားများနဲ့ သူမတို့အခန်းမှ ကျောင်းသားများ စုစည်းပြီး ဆရာမကြီးဆီ တောင်းဆိုစာကလဲ ပို့ထားပြီးသားမို့ ဒီတပတ်ပွဲကတော့ ပိုကြီးကျယ်မည်ဟု ယူဆထားကြသည်။ မီမီကတော့ ပွဲကြီးဖြစ်လာတော့မည်ဟု ခန့်မှန်းထားသည်။

တမိနစ်၊ နှစ်မိနစ်။
သူမတို့ စောင့်နေကြသည်။ အံ့သြဖွယ်ကောင်းအောင်ပင် မည်သူမျှ မလှုပ်ကြ။ နေမင်းက မျက်လုံးအပြူးသားနှင့် တတန်းလုံးကို လှည့်ပတ်ကြည့်နေသည်။ သူမ ရင်ထဲတွင်လဲ တဒိတ်ဒိတ်နှင့် ခုန်နေသည်။ မီမီကို လှမ်းကြည့်လိုက်တော့ ၀မ်းသာအားရ ပြုံးပြတာ တွေ့ရသည်။

“သွားကြလေ။ ဘာလုပ်နေကြတာလဲ“
ဆရာမရဲ့ စိတ်မရှည်သော အသံက ထပ်ထွက်လာသည်။

ဘယ်သူမှ မလှုပ်ကြ။ ခေါင်းငုံ့ရင်း ထိုင်ခုံများမှာ ထိုင်နေကြဆဲ။
“ဘာလဲ။ မင်းတို့က ငါ့ကို အာခံနေကြတာလား“

ဆရာမက ကြိမ်လုံးကို ဆွဲသည်။
မည်သူမျှ မလှုပ်ကြ။ စားပွဲပေါ်သို့ ရိုက်ချလိုက်သော ကြိမ်လုံးသံ တဖြန်းဖြန်းကသာ ဆက်တိုက်ထွက်လာသည်။

“ဇင်မာကျော်တို့ ဂီတတွေ၊ သွားကြတော့လေ။ ဂီတခန်းကို“

ဆရာမက နာမည်ခေါ်ပြီး ပြောလာပြီ။
ဇင်မာ မတ်တပ်ရပ်လိုက်တာ တွေ့ရသည်။ သူများ အတန်းထဲက ထွက်သွားလေမလား။ စိုးရိမ်စိတ်နှင့် သူမ ဇင်မာ့ကို လှမ်းကြည့်လိုက်မိသည်။ ဒါပေမယ့် ဇင်မာက အတန်းထဲက ထွက်မသွား။ လှုပ်ရှားမှုအစား စကားသံကသာ ထွက်ပေါ်လာသည်။

“ဆရာမ။ ဂီတခန်းမှာ တကယ်ဂီတသင်ရင် သမီးသွားမှာပါ။ အခုကတော့ ဆရာလဲ မရှိပဲ အမည်ခံပဲဖြစ်နေတယ်။ စည်း၊ ၀ါးတွေ ကိုင်ပြီး စကားသွားများနေရသလို ဖြစ်နေတယ်။ အချိန်တွေ အလကားကုန်တာကြောင့် သမီးမသွားချင်တော့ဘူး။ သမီးကို ဆရာမကြိုက်တဲ့ အပြစ်ပေးပါ“ တဲ့။

ဆရာမ ကြိမ်လုံးဆွဲပြီး ဇင်မာကျော်နား သွားတော့မည်လားလို့ သူမ ထင်လိုက်သည်။ ဆရာမက မသွားသေး။

“သန့်ဇော်။ မင်းတို့ စိုက်ပျိုးရေးအဖွဲ့တွေ သွားတော့လေ“
သန့်ဇော် လက်ပိုက်ပြီး မတ်တပ်ထရပ်သည်။
“ကျွန်တော်လဲ ဇင်မာကျော်လိုပါပဲ ဆရာမ။ အချိန်တွေ အလဟဿ မဖြစ်ချင်ဘူး“

ဆရာမက သန့်ဇော် ဆီမှ အကြည့်ကို ဖယ်ရှားပြီး သင်းသင်းမာကို လှမ်းကြည့်သည်။ ဆရာမ မခေါ်သေးခင်မှာပင် သင်းသင်းမာ မတ်တပ်ထရပ်လိုက်တာ တွေ့ရသည်။ သင်းသင်းမာဆိုတာက အတန်းထဲမှာ ဆရာမရဲ့ အချစ်ဆုံးတပည့်။ သင်းသင်းမာ အမေနဲ့ ဆရာမတို့က မိတ်ဆွေ သူငယ်ချင်းတွေ။ လပတ်စာမေးပွဲတိုင်းမှာ ပထမအမြဲရနေပြီး စာကလွဲရင် ဘာကိုမှ စိတ်ဝင်စားမယ်လို့ မထင်ရလောက်အောင် အေးအေးဆေးဆေးလေး နေတတ်သူ။

“သမီးတို့ အိမ်တွင်းမှုတွေလဲ အဲလိုပဲ မြင်တယ်ဆရာမ။ အချိန်တွေ မကုန်ချင်တော့ဘူး။ ဆရာမကို အာခံတာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို တင်ပြနေတာပါ“

သင်းသင်းမာရဲ့ စကားအဆုံးမှာ ဆရာမ ငိုင်သွားတာ တွေ့ရသည်။ ပြီးတော့ ဆတ်ခနဲ ထရပ်သည်။ တတန်းလုံးကိုများ ပွဲကြမ်းတော့မည်လား။ သူငယ်ချင်းများအားလုံးကို သူမလိုက်ကြည့်မိသည်။ မတ်တပ်ရပ်နေသော ဇင်မာ၊ သန့်ဇော်နဲ့ သင်းသင်းမာတို့က သူမကို လှမ်းပြုံးပြသည်။ တယောက်ကို တယောက် အားပေးသော အပြုံးများ။ ဘာပဲဖြစ်လာဖြစ်လာ ငါတို့အားလုံး အတူရင်ဆိုင်ကြစို့ဆိုတဲ့ အပြုံးများ။ စာသင်ခန်းလေးထဲတွင် လွန်ခဲ့သော သုံးလကျော်ကလို ကြောက်စိတ်များ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်မနေတော့။ ကြောက်စိတ်ကို ရဲဘော်ရဲဘက်စိတ်၊ အပြန်အလှန် ယုံကြည်စိတ်၊ မျှဝေခံစားစိတ်တွေနဲ့ သူမတို့အားလုံး အနိုင်ယူလိုက်ကြပြီ။ ညီညွတ်မှုမှ ထွက်ပေါ်လာသော သတ္တိတို့က သူမတို့ သွေးကြောထဲမှာ စီးဆင်းနေကြပြီ။

ဆရာမဒေါ်ခင်လှဝေက တတန်းလုံးက သူမတို့ အားလုံးရဲ့ မျက်နှာတွေကို တယောက်ချင်းစီ အကဲခတ်ကြည့်သည်။ ပြီးတော့ လက်ထဲက ကြိမ်လုံးကို လွှတ်ချလိုက်တော့သည်။

“ဆရာမတို့တွေ ညှိကြတာပေါ့။ ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူနှစ်ယောက် ရုံးခန်းကို လိုက်ခဲ့“

မီမီက သူမကို မေးဆတ်ပြသည်။ ပြီးတော့ သင်းသင်းမာကို လိုက်သွားဖို့ တိုက်တွန်းသည်။ မျိုးဇော်နိုင်နှင့် နေမင်း တို့ လည်း လိုက်ထွက်လာကြသည်။

“ဆရာမက နင်တို့ကို ဖိအားပေးရင် ငါတို့ကို လာပြေးပြောနော်။ ငါတို့ ထလိုက်လာမယ်“

ဇင်မာက နောက်ကနေ လှမ်းအော်ပြောသည်။ သူမ ဇင်မာ့ကို အားရပါးရ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

(၅)

ဒီလိုနှင့် အလုံးစုံတင်းမာမှုတခုရဲ့ အဆုံးသတ်မှာ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ပေါ်ထွက်လာပါတော့သည်။ ဆရာမဘက်ကလဲ အင်အားသုံး ဖြေရှင်းတာတွေ မရှိတော့။ သူမတို့ တောင်းဆိုတာတွေကို ဆရာမက သေချာနားထောင်ပေးခဲ့သည်။ သူမတို့ ပြောသည့်အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားပြီး တင်ပြပေးသည်။ ဆရာမကြီးနှင့် သူမတို့ တိုက်ရိုက်တွေ့ပြီး စကားပြောကြသည်။ တခြားအခန်းများမှ ကျောင်းသားကိုယ်စားလှယ်များကိုလဲ သွားခေါ်ခိုင်းသည်။ ဂီတ၊ အိမ်တွင်းမှုနဲ့ ပတ်သက်ပြီး ဆရာရှာလို့ မရသည့် အခက်အခဲ၊ စိုက်ပျိုးရေးအချိန်မှာ ကျောင်းသားတွေရဲ့ စိုက်ခင်းတခုစီအတွက် မြေနေရာ အခက်အခဲ စတာတွေကို ဆရာမတို့ဘက်မှ ရှင်းပြသည်။ ဖွံ့ဖြိုးရေးဆိုတဲ့ အချိန်က ပညာရေးစနစ်အရ မဖြစ်မနေ ထည့်သွင်းရေးဆွဲထားရသည်များကိုလဲ ပြောပြသည်။

မဖြစ်မနေရှိနေရမည်ဆိုတော့ ဖွံ့ဖြိုးရေးအချိန်ကို လုံးဝ ပယ်ဖျက်ပေးဖို့ကို တောင်းဆိုချက်ကို သူမတို့ကျောင်းသားများက ရုတ်သိမ်းပေးသည်။ ထိထိရောက်ရောက် အကျိုးရှိအောင် မလုပ်နိုင်သည့် အခက်အခဲများကိုလဲ နားလည်လာသည်။ အချိန်တွေ အလဟဿ မကုန်စေချင်သည့် ကျောင်းသားများရဲ့ ဆန္ဒသဘောထားကိုလဲ ဆရာမများက နားလည်ပေးလာကြသည်။ တဘက်ကို တဘက်က နားလည်ပေးမှုကြောင့် အပေးအယူ အလျှော့အတင်းများ ရှိလာသည်။ တဘက်နှင့် တဘက် ယုံကြည်လာကြသည်။ ကျောင်းသားများနှင့် ဆရာမတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မရှိတော့ပဲ အခြေအနေတခုမှာ အကောင်းဆုံး အဖြေထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုပဲ ဦးတည်ပြောလာကြတော့သည်။

ညှိနှိုင်းမှုများ ပြီးသွားတော့ သူမတို့တတွေ အောင်ပွဲနဲ့အတူ ကိုယ့်အတန်းဆီ ကိုယ်ပြန်ကြလေသည်။ နေမင်းက တွေ့ဆုံဆွေးနွေးပွဲ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် တတန်းလုံးကို ရှင်းပြတော့သည်။ သူမ၊ မျိုးဇော်နိုင်နှင့် သင်းသင်းမာတို့ကတော့ ကိုယ့်ခုံမှာ ကိုယ်ပြန်ဝင်ထိုင်ကြသည်။ မီမီကတော့ နေမင်းပြောသည်များကို ပြုံးပြုံးလေးနှင့် နားထောင်နေသည်။

ဘာလိုပဲဖြစ်ဖြစ် ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ဘယ်သူတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ ဘယ်သူတွေပဲ ဖန်တီးခဲ့၊ ဖန်တီးခဲ့၊ ဘယ်သူတွေပဲ ခေါင်းဆောင်နာမည်နဲ့ ကျန်ရစ်ခဲ့ ကျန်ရစ်ခဲ့၊ အဆုံးသတ်မှာ အကျိုးရှိသော ရလဒ်နဲ့ ပွဲပြီးသွားဖို့ကသာ အဓိက မဟုတ်ပါလား။

ခင်မမမျိုး (၁၉၊ ၁၂၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒီဇင်ဘာညတညရဲ့ အလွမ်းဒိုင်ယာရီ

Friday, December 18, 2009

အပြင်မှာ နှင်းတွေ ကျနေဆဲပဲ အစ်ကို။ ညနေကတည်းက တဖွဲဖွဲကျနေတဲ့ နှင်းပွင့်လေးတွေက အခုထိ မရပ်သေးဘူး။ စာကြည့်စားပွဲလေးမှာထိုင်ရင်း ဘာစာကိုမှ ဖတ်လို့မရဖြစ်နေတဲ့ ညီမလေးရဲ့ အတွေးစဉ်လေးတွေကိုလဲ ရပ်လို့မရသေးဘူး။ အစ်ကို မှာထားခဲ့တဲ့အတိုင်းပဲ ညစဉ်တိုင်းမှာ စာတခုခုကို ကြိုးစားဖတ်ဖြစ်ပါတယ်အစ်ကိုရယ်။ ဒါပေမယ့် ဒီတညတော့ ညီမလေးကို ခွင့်လွှတ်ပေးပါနော်။ ဒီအချိန်တွေရောက်ရင် အစ်ကို့ကို ညီမလေး သိပ်သတိရမိတာပဲ။ အစ်ကို့ကို လွမ်းတဲ့စိတ်လေးတွေ လျော့ပါးစေဖို့ စာတွေ၊ အလုပ်တွေထဲမှာ ဘယ်လောက်ပဲ ဇွတ်နှစ်ထားပေမယ့် ညီမလေးရင်ထဲက အလွမ်းဓာတ်ခံလေးကတော့ ကျန်နေဆဲပဲ ထင်ပါရဲ့အစ်ကို။ ဒီနေ့၊ ဒီရက်တွေ၊ ဒီအချိန်တွေ၊ ဒီအခြေအနေလေးတွေ စုပေါင်းလိုက်တော့ ညီမလေးမျက်ဝန်းမှာ မျက်ရည်စလေးတွေ တွဲခိုလာရပြန်ပါပကော။




ဟိုးလွန်ခဲ့တဲ့ ခုနစ်နှစ်တာကာလဆီကို ညီမလေးအတွေးတွေ ရောက်သွားရပြန်ပြီ။ မှတ်မှတ်ရရ။ အဲဒီ ဒီဇင်ဘာမှာပေါ့။ အစ်ကို့ကို ညီမလေး ထားခဲ့ရတာ။ ခဏတာ ကျောခိုင်းထွက်ခဲ့ရတဲ့ ခရီးစဉ်လေးဟာ တဘ၀စာလို့သာ ကြိုသိခဲ့ရင်၊ ကြိုသိခဲ့ရင်-----------။

အဲဒီနေ့က နိုင်ငံခြား မသွားခင် တောင်ကြီးခဏပြန်လာပြီး ဖွားဖွားတို့နဲ့ အစ်ကို့ကို လာတွေ့တဲ့ ညီမလေးကို ဟဲဟိုးလေဆိပ်မှာ ပြန်ပို့ပေးပြီး နောက်မှာ စတီယာရင်ပေါ်ကို မျက်နှာအပ်နေတဲ့ အစ်ကို့ကို ဖွားဖွားက တော်တော်ခေါ်ယူရတယ်တဲ့။ “သား၊ မှီသေးတယ်။ သားတားပါလား“ လို့ သူ့မြေးလေးကို နိုင်ငံရပ်ခြား မထွက်စေချင်တဲ့ အဖွားက ပြောရှာတယ်တဲ့။ ဒါကို အစ်ကိုက ခေါင်းခါပြီး လေယာဉ်တက်သွားတဲ့အထိ ကား စက်မနှိုးပဲ စောင့်နေခဲ့တယ်တဲ့။ အစ်ကိုရယ်- အဲဒီနေ့နံနက်က ဘာလို့များ ညီမလေးရှေ့မှာ တက်တက်ကြွကြွနဲ့ နေပြနေခဲ့ရတာလဲ။ စာကြိုးစားဖို့ကိုပဲ ဘာလို့အထပ်ထပ် မှာနေခဲ့ရတာလဲ။ ဘ၀မှာ အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်မယ့် ခွန်အားစကားလုံးတွေကိုပဲ ဘာလို့ ရွေးပြောနေခဲ့ရတာလဲ။

“ညီမလေး ဘွဲ့တခု မရရအောင် ယူပြရမယ်။ ဒီလို မတရားလုပ်နေတာ ခံရပေမယ့် ဘယ်လောက်ပဲပိတ်ပိတ် ရေလိုစီးနိုင်တယ်ဆိုတာ သက်သေပြရမယ်။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံနဲ့ပုံကို အစ်ကိုမြင်ချင်တယ်“ တဲ့။
အစ်ကို ပြောခဲ့တဲ့ စကား။ ဒီတုန်းက ညီမလေးရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မထင်မှတ်ပဲ ဖြစ်လာခဲ့တဲ့ အခက်အခဲတွေအတွက် အစ်ကို သိပ်ဒေါသဖြစ်ခဲ့တယ်နော်။

တကယ်တော့ ညီမလေးဟာ ပညာကို သိပ်မက်မော ခုံမင်တတ်သူတယောက်ဆိုတာ သူတို့တွေ ရိပ်မိခဲ့ကြပုံပါပဲ။ တက်နေတဲ့ ဆေးကျောင်းကို ကျောင်းပြီးအောင် တက်နိုင်ဖို့ကျတော့လဲ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလေးတွေ၊ ဆက်စပ်နေမှုတွေကို ရပ်တန့်ပါမယ်လို့ ခံဝန်ချက် ထိုးရမယ်တဲ့။ ခံဝန်ချက် မထိုးနိုင်ဘူးဆိုတော့လဲ ဒါဆိုကျောင်းပြောင်းတဲ့။ ကျောင်းပြောင်းဖို့ လျှောက်လွှာတင်ရပြန်တယ်။ တကယ်ပြောင်းဖို့ လုပ်ပြန်တော့လဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန မတူလို့စောင့်တဲ့။ ဒါကို စောင့်နေရင်း ကျူရှင်သင် ဂိုက်လုပ်ပြန်တော့လဲ လူတွေစုနေတာလား။ ဘယ်သူတွေကို သင်နေတာလဲလို့ လာမေးကြပြန်တယ်။ ဒီကြားထဲ ဘာအကြောင်းမှ မရှိပဲ နံနက် (၇)နာရီကို တံခါးလာခေါက်ပြီး ဧည့်ခန်းထဲ လာထိုင်နေတတ်သေးတယ်။ နံနက် ရှစ်နာရီ၊ ကိုးနာရီမှ ပြန်ထွက်သွားပြန်ရော။ အဲဒီတုန်းက ညီမလေးတယောက်တည်း နေနေတာက မန္တလေးမင်္ဂလာဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းမှာဆိုတော့ အိမ်နီးချင်း အခန်းတွေက အများကြီးရယ်။ ပတ်ဝန်းကျင်အမြင် မသင့်တော်အောင် နည်းမျိုးစုံနဲ့ တမင်လုပ်နေမှန်းသိရက်နဲ့ ငြိမ်ခံနေခဲ့ရတဲ့ဘ၀။ ဒီတုန်းက ညီမလေး စိတ်ညစ်လွန်းလို့ စာရေးပြောတိုင်း အစ်ကိုက အားတင်းထားဖို့ ပြောနေကျ။ နောက်ဆုံး သည်းမခံနိုင်တဲ့ တနေ့မှာ အိမ်တံခါးလာခေါက်တဲ့ အဲဒီလူတွေထဲက တယောက်ကို “ရှင်တို့ ဖမ်းချင်လဲ ဖမ်းကြ။ ထောင်ကျကျ၊ တန်းကျကျ ဂရုမစိုက်ဘူး။ ဒီလို pressure တွေ လာပေးမနေနဲ့။ ရှင်တို့မျက်နှာတွေသာ ဆက်မြင်နေရရင် ကျွန်မလူသတ်မိလိမ့်မယ်နော်“ လို့ ပြန်ပြောဖြစ်ခဲ့တဲ့အထိ။

နောက်ဆုံး ဘာမှန်း မသိတဲ့ မရေမရာ အခြေအနေကို ကျောခိုင်းပြီး နိုင်ငံခြားက စစ်တဲ့ စာမေးပွဲတွေ ၀င်ဖြေဖြစ်တော့လဲ အစ်ကိုက ညီမလေးကို အမြဲအားပေးနေခဲ့တယ်နော်။ နှစ်နှစ်ခွဲသင်ရိုး ဘာသာနှစ်ဆယ်ကို ကိုးလနဲ့ ပြီးအောင် ဖြေနိုင်ခဲ့တာ မခံချင်စိတ်တွေနဲ့အတူ အစ်ကို့ရဲ့ အားပေးစကားတွေကြောင့်ပါ။ ဒီလိုနဲ့ ယူကေ ဒီပလိုတွေ ရလာတော့ မေမေက အင်္ဂလန်သွားဖို့ စီမံပေးတဲ့အခါ အစ်ကိုကလဲ ၀မ်းသာအားရ ထောက်ခံခဲ့တယ်နော်။ အဲဒီအချိန်မှာ အစ်ကို့ရဲ့ စကားတခွန်းပါပဲ အစ်ကိုရယ်။ ညီမလေးဘက်က အစ်ကိုနဲ့ ပတ်သက်ရင် အရာရာကို စွန့်စားဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုကို ပေးခဲ့တယ်။ ပညာရေးကို သိပ်တန်ဖိုးထားတဲ့ ညီမလေးကို ဘွဲ့လေး တခုပါ မရအောင် ပိတ်ပင်တားဆီး ကျားကွက်ရွှေ့နေတဲ့ လူတွေကို အင်္ဂလန်က ဘွဲ့တဘွဲ့ ယူလာပြလိုက်စမ်းပါ ညီမလေးရယ်တဲ့။

ဒီလိုနဲ့ ကျောင်းလျှောက်တော့ ညီမလေး ကျောင်းတကျောင်းကို ၀င်ခွင့်ရခဲ့တယ်တာ မှတ်မိနေတုန်းပဲ။ ဒီတုန်းကလေ၊ ကျောင်းကနေ ညီမလေးဆီကို ကျောင်းဝင်ခွင့်စာကို ဖက်စ်နဲ့ ပို့ပေးပြီး၊ စာရွက်နဲ့ စာကို ညီမလေးတို့ တောင်ကြီး လိပ်စာဆီ ပို့ပေးတော့ ဖွားဖွားတို့ဆီ အလည်ရောက်နေတဲ့ အစ်ကိုက “အရေးကြီးတယ်ဖွားဖွားရဲ့။ ကျွန်တော်သွားပို့မှရမှာ” ဆိုပြီး အ၀တ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်ကားပေါ် တက်လိုက်လာခဲ့သေးတယ်နော်။ အစ်ကိုရယ်။ ဒီစာအိတ်ဟာ ညီမလေးတို့ သိထားခဲ့ကြတဲ့ တနှစ်ခွဲခွာခွင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ခွဲခွာခွင့် ဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ကြရင်------။

အဲဒီအခြေအနေတုန်းက ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တော့မယ်ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အစ်ကို ဘာလို့ယုံခဲ့ရတာလဲ။ ညီမလေးကိုကော ယုံဖို့ ဘာလို့ တိုက်တွန်းခဲ့ရတာလဲ။ စိတ်တထင့်ထင့်လေး ဖြစ်ပေမယ့် ညီမလေး မျက်စိမှိတ်ယုံခဲ့မိပါတယ်။ ဘယ်လောက်များ ယုံခဲ့သလဲဆိုရင် “ဒီမိုကရေစီရပြီးရင် အစ်ကိုက နိုင်ငံတော်တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်လုပ်ပြီး ညီမလေးက မိသားစုတာဝန်တွေ ထမ်းမယ်“ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းခွဲ ထောင်ခွင့်ယူပြီး ညီမလေးတို့ တောင်ကြီးမှာ ဖွင့်ဖို့အထိတောင် စာချုပ်ချုပ်ဖြစ်ခဲ့တဲ့အထိပါပဲ။ ဒီမျှော်လင့်ချက်တွေ အားလုံးဟာ မင်းသားခေါင်းစွပ်ထားတဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဒီပဲယင်းကာလ အလွန်ရောက်တော့ အားလုံးသဲထဲရေသွန်။ ယုံကြည်မိသူတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ သွေးတွေ၊ မျက်ရည်စက်တွေနဲ့ အရာရာ ပြိုလဲကျခဲ့ပါပကောလား။

အစ်ကိုရယ်။ အစ်ကို ဘယ်ရောက်နေတာလဲ။ ခုနစ်နှစ်တာကာလမှာ ညီမလေး ဘ၀အချိုးအကွေ့တွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ “ပျောက်သောသူ၊ ရှာရင်တွေ့“ ဆိုတဲ့ စကားပုံဟာ ညီမလေးတို့အတွက် ဘာလို့ မှားယွင်းနေရတာလဲ။ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ညီမလေးရဲ့ ရင်ခုန်သံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကို့မျက်ဝန်းလေးကို စတွေ့စ အချိန်တုန်းကလိုပဲ-------။ ညီမလေး လျှောက်နေတဲ့ ခြေလှမ်းတွေကလဲ အစ်ကိုလျှောက်ခဲ့တဲ့ လမ်းလေးပေါ်မှာပဲ------။ ညီမလေးရဲ့ စိတ်ဓာတ်တွေကလဲ အစ်ကို့စိတ်ဓာတ်တွေလိုပဲ။ တခုတော့ ရှိတာပေါ့အစ်ကိုရယ်။ ဘ၀တွေ၊ အသက်တွေ၊ နှလုံးသားတွေနဲ့ ရင်းလိုက်ရဖူးတဲ့ ရန်သူကို ယုံစားမှုလေးတွေတော့ နည်းပါးသွားခဲ့ပြီ ဆိုရမလား။ ယုံကြည်မှုတည်ဆောက်မှု ဆိုတာကလဲ နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းမှုပေါ်မှာ အခြေခံမှ အောင်မြင်တဲ့အရာ ဆိုတာကိုတော့ ညီမလေး လက်ခံနားလည်နေတတ်ခဲ့ပြီ အစ်ကို။

အပြင်မှာ နှင်းတွေက ကျနေဆဲပဲ အစ်ကိုရယ်။ ညီမလေး မျက်ရည်စက်လေးတွေကလဲ ပါးပြင်ပေါ်မှာ စိုစွတ်နေဆဲပဲ။ အစ်ကို ဖတ်ခိုင်းခဲ့တဲ့ စာတွေကို နောက်ညတွေကျရင် ညီမလေး ဆက်ဖတ်မှာပါအစ်ကို။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံကို အစ်ကို မြင်ချင်တယ်လို့ ဆိုခဲ့တယ်နော်။ ဒါပေမယ့် ပြရမယ့် အစ်ကိုက ဘယ်မှာလဲဟင်။ ဘွဲ့နှင်းသဘင်တွေဆီကို ညီမလေး ဘယ်လိုခွန်အားမျိုးတွေနဲ့ ခြေလှမ်းရမယ်မှန်း မသိလို့ ဘယ်ဘွဲ့နှင်းသဘင်မှ မတက်ခဲ့တဲ့ ညီမလေးကို သူငယ်ချင်းတွေက မေးကြတယ်။ နောက်ဆုံးပီအိတ်ခ်ျဒီကျမှ ဘွဲ့တက်ယူမယ်လို့ ဆုံးဖြတ်ထားလို့လားတဲ့။ အရာရာကို ရင်ဆိုင်ရဲခဲ့တဲ့ ညီမလေးဟာ ဒီဝတ်စုံဝတ်ပြီး အစ်ကို့ကို သတိရကြေကွဲရမယ့် အခြေအနေကို ရင်မဆိုင်ရဲလို့ပါ ဆိုတာသာ သူတို့တွေ သိကြရင်--------။

ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၀၉)



အပြည့်အစုံဖတ်ချင်ရင်..>>>

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ

Thursday, December 17, 2009

နိဒါန်း

အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။
နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ် မြို့။

နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်က ဖွဲ့စည်းထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၀န်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့် အစည်းအဝေးတခုသာဖြစ်သည်။ သို့ပေမယ့် ထိုအစည်းအဝေးကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကို ဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ် မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။



ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို စောင့်ကြည့် ထိန်းချုပ်နိုင်သော သတ်မှတ်ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေး အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။

စီးတယ်လ်ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိကအာရုံစိုက်ခြင်းခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခဲ့ကြသည်။

မီဒီယာများကို အံ့အားသင့်အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များချမှတ်ရာဖြစ်စဉ်တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ တရားဝင်ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုန်သွယ်ရေး ၀န်ကြီးများတွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာ protests များသည် စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများအတွင်းထိပင် ရှိနေခဲ့ပြီး၊ စီးတယ်လ်ဝန်ကြီးများ အဆင့်အစည်းအဝေးသည် မည်သည့်သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ ရလေသည်။ "The Battle in Seattle” ဟူ၍တော့ အမည်တွင်ကျန်ရစ်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို နှစ်နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက်တကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အ၀င်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့အလယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁)၊ နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ်ဖြစ်နေကြဆဲပင်ဖြစ်သည်။

ယခုဆောင်းပါးတွင် အဆိုပါကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ၊ မကျေလည်မှုများအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။



ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ်တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။

နိုင်ငံရေး၊ စီးပွားရေးစနစ်များကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌ တွန်းအားပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့ စည်းမျဉ်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင်ရာ အစိုးရပါလီမန်များမှ သတ်မှတ်ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တွန်းအားပေးထားခြင်းမရှိပါ။

များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည် ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင်ရာများဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကို ထိန်းကျောင်းသော အုပ်ချုပ်ရေးဆိုင်ရာယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။ ဥပမာ- ဥရောပ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒ ရှိခြင်း စသည်တို့ကြောင့် WTO ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ထို့အပြင် (၁၉၉၅)ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မနှင့် ပြန်လည်ပေါင်းစည်းပြီး ဖြစ်လင့်ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ် သီးခြားရပ်တည်နေဆဲဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသော ကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီ စောင့်ကြည့်သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန် mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်များကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများမှ ၄င်းတို့၏အကြံကို လိုက်နာရန် elements of consensus များသတ်မှတ်ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြားမှ ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ် ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၄င်းတို့ဘာသာ လိုက်နာရန်သာဖြစ်သည်။

သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့လာကြည့်ကြပါစို့။

နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ခရီးလမ်း

(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ မူလသမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATT ဟုအတိုကောက်ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်းပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

(၁၉၃၀)ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့နှုန်းများ အလွန်ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကို ကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင် ဖြေရှင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ ပြည်တွင်းထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့၊ ပို့ကုန်လုပ်ငန်းများတွင်လည်း လုပ်သားဦးရေတိုးတက်ခန့်ထားမှုများပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်းအနေဖြင့် ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်းဆီလျော်မှုရှိသည်မှာ မှန်သောလည်း၊ နိုင်ငံအများစုမှတပြိုင်တည်း ပြုလုပ်လိုက်သောအခါ 'beggar-thy-neighbor' ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာ ပိုမိုဆိုးဝါးသွားစေခဲ့သည်။ ဥပမာ- ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါက ပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရမည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှ ကောင်းမွန်သောမြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့်နေရ၍ ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်စေသကဲ့သို့ဖြစ်လေသည်။

(၁၉၄၇)တွင် GATT ကိုလက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့်သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ်ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့် သွင်းကုန်အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်သည်။ ဥပမာ- နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန်အလှန်အားဖြင့် နိုင်ငံအေမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။

GATT အရ (၁၉၄၇)မှ (၁၉၇၀)ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှုထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ GATT အား ကနဦးလက်မှတ်ရေးထိုးသော နိုင်ငံ (၂၃) နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး၊ နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ်ရေးထိုးသော နိုင်ငံများရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွ် သံသယများရှိနေခဲ့လေသည်။ သို့ဖြစ်ရာအနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီး လျှော့ချရေးလုပ်ဆောင်ချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက်ကြွစွာ ပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄င်းတို့၏ ကုန်သွယ်မှု အတားအဆီးများအား လျှော့ချခြင်းမပြုခဲ့ကြသကဲ့သို့၊ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါ။

အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမှာလည်း ကျဆင်းလာခဲ့သည်။ အာရှဈေးကွက်တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့် တဟုန်ထိုးတက်လာခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုအခြေအနေများတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။

ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန်အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင် ပိုမိုအောင်မြင်မှုရှိသကဲ့သို့ ၊ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများလည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။ (၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀)ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။

အစပထမတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခဲ့ကြပြီး၊ ဈေးကွက်များကို ဖွင့်ပေးခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အ၀တ်အထည်ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခဲ့ကြသည်။ အဓိကအနေဖြင့်

ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။
လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။
GATT/ WTO framework အရ intellectual property rights ကို အကာအကွယ်ပေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

အလားတူ concessions များကို ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေအနေများနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေး ယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ရလာဘ်များမှာကား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့်ကစားကာ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ် နေသည်ဟု အချို့ကဆိုနေကြပါပြီ။ လက်တွေ့မှာဘာတွေဖြစ်ခဲ့ကြသနည်း။

ဈေးကွက်ရေးရာမျှော်လင့်ချက်အိပ်မက်များပျောက်ဆုံးခြင်း

Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ ပို့ကုန်များ အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။

ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade ၏ risks များအကြားသို့ expose မလုပ်ခဲ့ကြပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ချမှတ်ခြင်းဖြင့် အဆိုပါနိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာ မြင့်တက်သွားသည်ဖြစ်ရာ၊ ပြည်တွင်းထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိတိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် 'dirty tariffication' ဟုပဲ အများကသတ်မှတ်ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီထားသော tariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မဲ့ဖြစ်သွားခဲ့လေသည်။

ထိုကဲ့သို့သော ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသော ဖြစ်ရပ်ကား ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့် ငွေကြေးနှုန်းအား၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလားတူထောက်ပံ့ကြေးများအား အစိုးရများမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ပေ။ ထိုသို့သော ပြဿနာများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန် ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။ အဆိုပါကိစ္စများအား (၂၀၀၂) ခုနှစ်တွင် Johannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေဆဲသာဖြစ်သည်။

အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ် ကုန်သွယ်မှုတွင်လည်း ဥရုဂွေးသဘောတူညီချက်များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထားသည်အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင်ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ်တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအား ထိန်းချုပ်မှုဖယ်ရှားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targets များချမှတ်ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။

တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေးသဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည်မှန်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့အပြင် degree of processing မြင့်မားသော ကုန်ပစ္စည်းများအတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။ အထည်အလိပ်ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများ သတ်မှတ်ခြင်းခံရလေသည်။

ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သော ကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန် အားပေးနေသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများစွာကို ဖြစ်ပွားစေတော့သည်။

အထက်ပါ ဈေးကွက်ရေးရာ မျှော်လင့်ချက်များ ပျောက်ဆုံးခြင်းထက် ပို၍ ထိခိုက်သော အကြောင်းအရာများသည်ကား liberalization မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Economic Liberalization လုပ်ရာမှ ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများ

Free Trade နှင့် ပတ်သက်၍ ဘောဂဗေဒသီအိုရီတွင် အခြေခံ proposition တခုရှိပါသည်။ ယင်းမှာ အခြေအနေ အတိုင်းအတာ တခုတွင် Free Trade သည် တိုင်းပြည်အတွက် အကျိုးရှိစေသည် မှန်သော်လည်း Free Trade ဖြစ်အောင် ညှိယူနေဆဲကာလများတွင် စီးပွားရေးအဆောက်အအုံထဲမှ အချို့ကဏ္ဍများ ကျဆင်းပြီး၊ အချို့ကဏ္ဍများ တိုးတက်တတ်သည် ဟူ၍ဖြစ်သည်။ ပညာရှင်များက ဤသည်ကို sunrise sector များနှင့် sunset sector များဟူ၍ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ကုန်သွယ်မှုတံခါးများ ဖွင့်လိုက်ချိန်တွင် ပြည်တွင်း ထုတ်လုပ်သူများသည် ကမ္ဘာတ၀ှမ်းတွင် ရှိနေသော နည်းပညာအပြောင်းအလဲ၊ စားသုံးသူလိုအင်နှင့် အစိုးရမူဝါဒများကို ဘွားခနဲ ရင်ဆိုင်တွေ့လိုက်ရတတ် လေ့ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် တိုင်းပြည်၏ ထုတ်လုပ်မှုအပေါ်သို့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှု များ ရှိလာတတ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ နိုင်ငံတကာကုန်သွယ်ရေး၏ ပြောင်းလဲတိုးတက်မှုများနှင့် အညီ လေ့ကျင့် သင်ကြားရေး စီမံချက်များ၊ အလုပ်လက်မဲ့ ကူညီထောက်ပံ့ကြေးများ ရှိတတ်ပါသည်။ အထက်တွင် ဖော်ပြခဲ့ဖူးသော ဥပမာကဲ့သို့ပင် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ်ပြိုင်မှုအားကောင်းလာစေရန် လယ်သမားများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းများ၊ လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်းများ တွင်တွင်ကျယ်ကျယ်ရှိပေသည်။ Free Trade ကြောင့် ဖြစ်ပွားလာသော sunset sectors များမှ အလုပ်သမားများကိုလည်း အခြားသင့်လျော်ရာ ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်ပေးသော အစီအစဉ်များ ရှိလေသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ အလုပ်လက်မဲ့ထောက်ပံ့ကြေးများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုကြောင့် လျော့နည်းကျဆင်းသွားသော စီးပွားရေးကဏ္ဍများမှ လုပ်သားများအား အခြား ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ နည်းပါးလေသည်။

ဥပမာ- ဥရောပသမဂ္ဂတွင် စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြီးထွားလာသော နေရာဒေသများအတွက် structural funds များ ချမှတ်ပေးသော မူဝါဒများ ရှိလေသည်။ အဆိုပါ မူဝါဒများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးရန်ကား မဖြစ်နိုင်ပေ။ ၄င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် safety net ဟုခေါ်သော အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို ပင်စင်၊ ဆင်းရဲနွမ်းပါး မိသားစုများအား ငွေကြေးထောက်ပံ့မှု စသည်များ နည်းပါးသည်ဖြစ်ရာ economic liberalization နှင့်အတူ ယှဉ်တွဲအသုံးပြုရမည့် လူမှုအသုံးစရိတ် (Social Spending) တွင် အားနည်းချက် ရှိခြင်းကြောင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Social consequences) များ ထွက်ပေါ်လာတတ်လေသည်။

ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Dani Rodrik က ဒုတိယကမ္ဘာစစ်အပြီးကာလက ဖွံ့ဖြိုးပြီးနိုင်ငံများသည် economic liberalization, trade liberalization မူဝါဒများကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများမှ လူမှုအသုံးစရိတ်များကိုပါ ဖူဖူလုံလုံ အသုံးပြုခဲ့ကြောင်း လေ့လာဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူမှုအသုံးစရိတ် သုံးစွဲရေးတွင် အခက်အခဲ အမျိုးမျိုး ရှိနေတတ်သည်။ အခက်အခဲတမျိုးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အုပ်ချုပ်နေသော သက်ဆိုင်ရာ အစိုးရများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အသုံးစရိတ်များထက် စစ်အသုံးစရိတ်များကို ပိုမိုသုံးစွဲခြင်း ရှိနေပါက မည်သို့သော economic liberalization မူဝါဒများကို အကောင်အထည် ဖော်နေစေကာမူ တိုင်းပြည်စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများ မလွဲမသွေ ဖြစ်ပွားနေမည်သာ ဖြစ်သည်။

အခြားအခက်အခဲ တမျိုးမှာကား သက်ဆိုင်ရာ အစိုးရများသည်း နိုင်ငံခြား ထောက်ပံ့မှုပေါ်တွင် မှီခိုသော စီးပွားရေးမူဝါဒများ ကျင့်သုံးရခြင်းမှ ထွက်ပေါ်လာနိုင်သော အခက်အခဲတရပ်ဖြစ်သည်။ ပြည်ပ ထောက်ပံ့မှုများအပေါ်တွင် မှီခိုသည့် (aid dependency model) ၏ ဆိုးကျိုးတရပ်တွင် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ အစိုးရအသုံးစရိတ်ကို လျှော့ချခိုင်းခြင်း ပြဿနာရှိတတ်သည်။ စစ်အသုံးစရိတ်ကြီးမားသော အစိုးရများ၊ လာဘ်စားမှုများကို တိုက်ဖျက်သည့် အစီအစဉ်များအတွက် ကောင်းမွန်သော်လည်း အမှန်တကယ် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီအစဉ်များတွင် အစိုးရအသုံးစရိတ်များပြားသော နိုင်ငံများကိုမူ တိုက်ရိုက်ထိခိုက်မှု ရှိလာတတ်ပြန်သည်။

မည်သို့ဆိုစေ အဆိုပါ အခက်အခဲများ ဖြစ်ပွားနေချိန်တွင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အစွန်းရောက်မှုများကို ဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ယိုစီးမှုပြဿနာများကိုလည်း ပေါ်ထွက်စေနိုင်သည်။ တပြိုင်နက်တည်းတွင် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများမှ ပြည်တွင်းဈေးကွက်ကို ချုပ်ကိုင်၍ ပြည်တွင်းထုတ်လုပ်သူများကို အစားထိုးမှုများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

နိုင်ငံတကာစံချိန် စံညွှန်းများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ချမှတ်ထားသော အချို့စံချိန်စံညွှန်းများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ဆောင်မှုများကို အနုတ်လက္ခဏာ သက်ရောက်မှု ရှိနေပြန်သည်။ လယ်ယာပို့ကုန်များတင်ပို့သော နိုင်ငံများသည် ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများမှ သတ်မှတ်ထားသည့် Sanitary and phytosanitary (SPS) စံချိန်စံညွှန်းများကို ပြည့်မှီရမည် ဖြစ်ပေသည်။ အဆိုပါ သတ်မှတ်ချက်များမှ နိုင်ငံတကာထုတ်ကုန် အဆင့်အတန်း မြင့်မားရေးကို ရည်ရွယ်ခြင်းကြောင့် ကောင်းကျိုးကို ဦးတည်စေသည်ဖြစ်သော်လည်း၊ မိမိနိုင်ငံတွင်းမှ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အထက်ပါ စံညွန်းများကို အသုံးပြု၍ ပို့ကုန်တင်သွင်းမှုကို တားမြစ်သော နိုင်ငံများလည်း ရှိလေသည်။

နိုင်ငံတကာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးပြီး၊ ကဏ္ဍအလိုက် ကျွမ်းကျင်သော ပညာရှင်များ ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲ မရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော နိုင်ငံများအတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်လာတတ်ပါသည်။ ဥပမာ- ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မှီရန် ကြိုးပမ်းရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariff နှင့် permissible countervailing duties များ တွက်ချက်ခြင်းတွင် ကျွမ်းကျင်ရန် လိုအပ်သည်။ မူပိုင်ခွင့်များ၊ ကျန်းမာသန့်ရှင်းမှုများနှင့် ပတ်သက်သော စံချိန် စံညွှန်းများ ပြည့်မှီစေရန်အတွက် ကျွမ်းကျင်သည့် စစ်ဆေးရေးဝန်ထမ်းများ ခန့်အပ်ထားရှိရမည်။ ယင်းသို့သော လုပ်ငန်းဆောင်တာများအတွက် institutional development အတိုင်းအတာတခုအထိ လိုအပ်သည်ဖြစ်ရာ ကနဦးအစမှ အကောင်အထည်ဖော်ရသော နိုင်ငံများအတွက် ကြီးစွာသော အသုံးစရိတ်များ ပေါ်ထွက်လာပါတော့သည်။

စီးပွားရေးပညာရှင် Finger နှင့် Schuler တို့က အဆိုပါ အသုံးစရိတ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်တွက်ချက်လေ့လာကြည့်ရာတွင် စံချိန်စံညွှန်းဆိုင်ရာ သဘောတူညီချက် သုံးခုဖြစ်သော customs valuation, Trade-Related Aspects of Intellectual Property Rights (TRIPS) နှင့် Sanitary and phytosanitary (SPS) measures တို့အတွက် နိုင်ငံတနိုင်ငံချင်းစီအလိုက် ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း (၁၅၀) ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ပမာဏ ထက် ပိုမိုမြင့်မားပါသည်။ သို့ဖြစ်ရာ အချို့သော ပညာရှင်များက ဖွံ့ဖြိုးပြီး နိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အရှိန်အ၀ါကို အသုံးပြု၍ ယင်းတို့တွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးဖြစ်သော institutions များနှင့် စံချိန်စံညွှန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများအား အတင်းအကြပ် ဖိအားပေး သုံးစွဲစေသောကြောင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု ဝေဖန်ပြောဆိုကြပါသည်။

နိဂုံး

မည်သို့ဆိုစေ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်မှုများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပေါ်တွင် များစွာ မူတည်ပါသည်။ ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးမှ ပြုလုပ်အကောင်အထည်ဖော်နေသော negotiated rule-making စနစ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အမှန်တကယ်လိုအပ်နေသော ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိ ဖြစ်နေဆဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ သည်ကား စဉ်ဆက်မပြတ် ဆက်လက်ရှိနေဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၀၉)

ရည်ညွှန်းကိုးကားစာရင်း

Bhattacharjea, A. (2004) 'Developing Countries in the world trade regimes' in Mackintosh (eds.) Making the International: Economic Interdependence and Political Order, London, Pluto Press,

Chang, H. (2002) Kicking Away the Ladder: Development Strategy in Historical Perspective, London, Anthem Press

Das, B. (1998) WTO Agreements: Deficiencies, Imbalances and Required Changes, London, Zed Books

Finger, J. & Schuler, P. (2000) 'Implementation of the WTO Commitments: the development challenge in Hokeman, B, English, P. and Matto, A. (eds) Development, Trade and WTO: A Handbook, Washington DC, World Bank

Oxfam (2002) Rigged Rules and Double Standards: Trade, Globalization and the Fight against Poverty, London, Oxfam

Rodrik, D. (2001) The Global Governance of Trade as if Development really mattered, New York, UNDP

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP