ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ

Sunday, September 27, 2009

လာမယ့် အောက်တိုဘာလ၊ ၂၀၀၉ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံမှာ ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို စတင်သုံးစွဲတော့မှာ ဖြစ်ပါတယ်။ ဒီကျပ်ငါးထောင်တန် ငွေစက္ကူတွေ ထုတ်ဝေလိုက်တာဟာ တနည်းဆိုရင် အာဏာရှင်လက်ထက်မှာ မြန်မာ့စီးပွားရေးစနစ် ဘယ်လောက်ထိ ကမောက်ကမဖြစ်နေတယ်ဆိုတာကို ညွန်းဆိုတဲ့ သက်သေတမျိုးပါပဲ။ ဒီကျပ်ငါးထောင်တန်တွေဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးလည်ပတ်သုံးစွဲမှု (circular flow) မှာ ပမာဏကြီးမားတဲ့ ငွေကြေးတွေ သုံးစွဲလာရမှုနဲ့ အဆမတန် ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေခြင်းရဲ့ ပြယုဂ်တွေပဲ ဖြစ်ပါတယ်။



ငွေကြေးလည်ပတ်သုံးစွဲမှု ပမာဏ များပြားလာခြင်း

မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ money supply ကို မူဝါဒချမှတ်သူ၊ အုပ်ချုပ်သူများက ထိန်းချုပ်တဲ့ instrument potency ကြီးမားပါတယ်။ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့် နည်းပါးမှုကြောင့် ဒီလို instrument potency ကို ထိန်းချုပ်နိုင်မယ့် အခြေအနေမရှိပါဘူး။ ရလာဒ်ကတော့ မြန်မာနိုင်ငံတော်အစိုးရဟာ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုတွေကို အကြောင်းပြချက် အမျိုးမျိုး အသုံးပြုပြီး အထိန်းအချုပ်မရှိ ပြုလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဥပမာ- ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တရပ် ပေါ်ထွက်လာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အသုံးစရိတ်အတွက် ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးပမာဏတွေက အရမ်းကြီးမားပါတယ်။

အဲဒီအခါကျတော့ မြန်မာပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးပမာဏက များပြားလာပါတယ်။ သာမန်ဈေးဝယ်ထွက်မှုတွေမှာတောင် ပိုက်ဆံအိတ်အကြီး ကိုင်သွားရတဲ့ အခြေအနေဖြစ်နေတယ်။ စားသောက်ဆိုင်တွေမှာ ငွေရှင်းရင် ငွေစက္ကူတထပ်ကြီး ရှင်းကြရတယ်။ စိန်အရောင်းအ၀ယ်၊ ကားအရောင်းအ၀ယ်၊ အိမ်အရောင်းအ၀ယ် ငွေပေးချေမှုတွေမှာဆိုရင် လူမြင်သူမြင် မကောင်းအောင် ငွေစက္ကူအုပ်တွေ အပြည့်သိပ်ထားတဲ့ ဆာလာအိတ်ကြီးတွေနဲ့ သွားကြရတယ်။ ဘဏ်တွေမှာ ငွေသွင်း၊ ငွေထုတ်ရင် ဘဏ်ဝန်ထမ်းတွေက ဒီငွေထုပ်ကြီးတွေကို ထမ်းကြရတယ်။ ဒီလိုအခြေအနေမျိုးတွေအတွက် ပြည်တွင်းမှာ ဆိုရင် တန်ဖိုးမြင့်မားတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်လာကြတယ်။ ကနဦးမှာ ငါးရာတန် ငွေစက္ကူတွေထွက်လာတယ်။ တထောင်တန် ငွေစက္ကူတွေ ထွက်လာတယ်။ အခုနောက်ဆုံးကျတော့ ငါးထောင်တန် ငွေစက္ကူတွေ ထွက်လာတယ်။

ဒီလို ပမာဏမြင့်မားတဲ့ ငွေစက္ကူတွေ ထွက်လာရတာဟာ စီးပွားရေး တိုးတက်လာတာမဟုတ်ဘူး။ ချွတ်ချုံကျ ပျက်ယွင်းလာတာပဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီငွေစက္ကူတွေဟာ တန်ဖိုးကြီးသလို ထင်ရပေမယ့် ဒီငွေပမာဏတွေရဲ့ မူလတန်ဖိုးကတော့ တက်မလာလို့ပဲ ဖြစ်ပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက မုန့်ဟင်းခါးတပွဲရဲ့ တန်ဖိုးဟာ နှစ်ကျပ် ဆိုပါစို့။ အခုအချိန်မှာ မုန့်ဟင်းခါးတပွဲရဲ့ တန်ဖိုးဟာ တထောင်ဖြစ်နေတယ်ဆိုရင် ဈေးနှုန်းဟာ ငါးရာ တက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ယနေ့ခေတ် ငွေငါးထောင်ကျပ်တန်ရဲ့ တန်ဖိုးဟာ ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငွေတဆယ်တန် တရွက်ရဲ့ တန်ဖိုးအတိုင်းပဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

နောက်တချက်က ငွေကြေးသုံးစွဲနိုင်မှု အခြေအနေနဲ့ ဆက်စပ်ပါတယ်။ ပမာဏကြီးမားတဲ့ ငွေကြေးတွေ ထွက်ပေါ်လာတာဟာ ပြည်သူတွေရဲ့ ငွေသုံးစွဲနိုင်မှု ပမာဏ များပြားလာတာ မဟုတ်ပါဘူး။ တလကို ၀င်ငွေ ငါးသောင်း ရှိသူတယောက်ဟာ သူ့ရဲ့ ၀င်ငွေအနေနဲ့ တထောင်တန် အရွက်ငါးဆယ် ရခဲ့မယ်ဆိုရင် အခုငါးထောင်တန် ငွေစက္ကူသစ်တွေ ထွက်ပေါ်လာမှုမှာ ငါးထောင်တန် ငွေစက္ကူ ဆယ်ရွက် ရရှိလာတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ငွေကြေးသုံးစွဲနိုင်မှု အခြေအနေကတော့ ပိုပြီးတောင် လျော့နည်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပမာဏမြင့်မားတဲ့ ငွေစက္ကူသစ်တွေ ထွက်ပေါ်လာချိန်တိုင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတတ်လို့ပါပဲ။ ဒီလိုတွေ ဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ ငွေသုံးစွဲနိုင်မှု လျော့ကျသွားပါတယ်။ ကြီးမားလှတဲ့ ကုန်ဈေးနှုန်းတွေကို ကာမိဖို့ လုပ်ကြရင်း လုပ်ခတွေ မြင့်တက်လာပြန်တယ်။ ဒီလိုနဲ့ ငွေကြေးရိုက်နှက်ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်းကြီးမားမှု၊ လစာတိုးမြင့်မှု၊ ကုန်ဈေးနှုန်းကြီးမားမှု၊ ငွေကြေးရိုက်နှက်ထုတ်လုပ်မှုတွေဟာ ကြောင်လိမ်လှေကား သဖွယ် တစတစ မြင့်တက်လာတာပဲ ရှိပြီး ပြန်ဆင်းတယ်ဆိုတာ မရှိတော့ပါဘူး။

တခါတရံမှာ အစိုးရက ဒီပြဿနာကို ၀ိသမ စီးပွားရေးသမားတွေလုပ်တာဆိုပြီး ကုန်သည်တွေကို ဖမ်းတာ၊ ခေါ်ယူသတိပေးတာတွေ ပြုလုပ်တတ်ပါသေးတယ်။ ဒီလို ကုန်သည်ကြီးများရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်တယ်ဆိုရင်တဲ့ တိကျတဲ့ မူဝါဒတွေ ချမှတ်ပြီးမှ ပြုလုပ်လို့ရပါတယ်။ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ကုန်သည်များကို မူဝါဒတမျိုး၊ နီးစပ်မှုမရှိတဲ့ ကုန်သည်များကို မူဝါဒ တမျိုး ပြုလုပ်လို့ မရပါဘူး။ အဓိက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေးယိုယွင်းပျက်စီးမှု၊ ငွေကြေးစနစ် ယိုင်နဲ့မှု ပြဿနာကတော့ “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်“ ဆိုသလိုပဲ ပြဿနာရဲ့ အစဟာ နိုင်ငံတော်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ တိုင်းပြည်ရဲ့ money supply ကို ချုပ်ကိုင်ပြီး ထင်ရာစိုင်းလုပ်နေတဲ့ instrument potency မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှု စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ပမာဏကြီးမားတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေရမှုဟာ အဆမတန်ကြီးမားနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။

ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နှစ်စဉ်တက်လာတဲ့ ဈေးနှုန်းရာခိုင်နှုန်းတွေကို တိုင်းတာတဲ့ indicator တခုဖြစ်ပါတယ်။ အများဆုံးအသုံးပြုတဲ့ ဈေးနှုန်းတွေကတော့ retail prices ပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ်စဉ် သုံးဆယ်ရာခိုင်နှုန်းဝန်းကျင်မှာ ရှိကြောင်း စီးပွားရေး ပညာရှင်များက တွက်ချက်ထားကြပါတယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း အတက်အကျသဏ္ဍာန် မတူညီပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများစုရဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၂ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်နှုန်း အကြားမှာပဲ ရှိတတ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကို ထိန်းချုပ်တဲ့ နည်းလမ်းပေါင်းများစွာကိုလဲ ဗဟိုဘဏ်နဲ့ အစိုးရ မူဝါဒပြုလုပ်သူတွေက အသုံးပြုကြပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုရှိကြောင်း သိရှိနားလည်ကြလို့ပဲ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတဲ့အခါ income redistribution၊ balance of paymentsနဲ့ အရင်းအမြစ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ပုံမှန်ဝင်ငွေရှိသူများ (ဥပမာ- လခစားလုပ်သားများ) နဲ့ ကျပန်းလုပ်သားများ၊ ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေတွေကို စီးပွားရေး တောင့်တင်းသူများ၊ ပုံမှန်ဝင်ငွေမဟုတ်တဲ့ အကျိုးအမြတ် ရရှိသူများထံ redistribute လုပ်ပါတယ်။ ဒီအခါမှာ ပုံမှန်အတိုးနှုန်းပဲ ရတဲ့ ဘဏ်တွေမှာ အပ်နှံစုဆောင်းမှုတွေထက် တခြား assets တွေ (ဥပမာ- အိမ်၊ ခြံမြေ) စတာတွေမှာ ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် ပိုများပါတယ်။ ဒီတော့ အကျိုးအမြတ် နည်းတာကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်မှုနည်းလို့ပဲဖြစ်ဖြစ် ဘဏ်တွေမှာ ငွေကြေးအပ်နှံမှုက နည်းပါး လာပါတယ်။ ၁၉၉၄ ခုနှစ်မှာ ၃၅ သိန်းတန် လုံးချင်းတိုက်လေးတခုဟာ အခု ၂၀၀၉ ခုနှစ်မှာ သိန်း သုံးရာ့ ငါးဆယ်၊ လေးရာ မှာ ဖြစ်နေပါပြီ။ ကျပ် ၃၅ သိန်းကို ဘဏ်မှာသာ အပ်ထားခဲ့မယ်ဆိုရင် ရမယ့် အတိုးနှုန်းက ငွေဖောင်းပွမှုရာခိုင်နှုန်းထက် နည်းနေမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အရှုံးပေါ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဘဏ်အတိုးနှုန်းမြှင့်ပြီး ငွေကြေးဖောင်းပွမှုကို လျော့ကျအောင် လုပ်ဖို့က အလွန်ပဲ ခက်ခဲနေမှာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ savings ပေါ် အခြေခံတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ တန်ဖိုးမြင့်တက်မယ့် assets တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေဆီကို ချမ်းသာကြွယ်ဝမှု (wealth) ကို redistribute လုပ်လိုက်တာကြောင့် savings မှာ လျော့ကျမှု ဖြစ်စေပါတယ်။

နောက်ထပ်အကျိုးဆက်တခုကတော့ မသေချာမရေရာမှုနဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းတွေကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းတွေ ထိုးတက်နေတဲ့အခါ fluctuations ဖြစ်တာများပါတယ်။ အဲဒီအခါမှာ စီးပွားရေးအသိုင်းအ၀ိုင်းအတွင်းမှာ မသေချာ၊ မရေရာမှုတွေ ဖြစ်လာပါတော့တယ်။ စရိတ်တွေနဲ့ ၀င်ငွေတွေကို ခန့်မှန်းဖို့ ခက်ခဲလာပါတယ်။ ပြည်ပက မှာယူတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ပြည်ပကနေ အမေရိကန် ဒေါ်လာ ၂၈၀ တန် ပစ္စည်းတခုကို ငွေလဲနှုန်း ၅၀၀ နဲ့ တွက်ချက်ပြီး၊ အမြတ်နဲ့ ကုန်ကျစရိတ်တွေပါ ထပ်ဖြည့်လိုက်ပြီးတော့ မြန်မာကျပ်ငွေ တသိန်းခွဲနဲ့ ရောင်းချနေတယ် ဆိုပါစို့။ နောက်ထပ် လေးလအကြာမှာ ပစ္စည်းသစ်တွေ ထပ်မှာတော့ ဒေါ်လာ ၂၈၀ က ဈေးမတက်ပေမယ့် ငွေလဲနှုန်းက ခြောက်ရာ ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုးတွေကို စီးပွားရေးသမားတွေ ကြုံခဲ့ကြရပါတယ်။ ဈေးတွေထပ်တင်ပြန်တော့ ကုန်သည်တွေ ၀ိသမလောဘနဲ့ လုပ်တယ်ဆိုပြီး ခေါ်ယူပြစ်တင်ကြိမ်းမောင်း ခံကြရပြန်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး၊ ငွေဖောင်းပွမှုနှုန်းကို စနစ်တကျ မထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုမှာ လူတွေရဲ့ စိတ်ပါဝင်စားမှု လျော့နည်းလာပါတော့တယ်။ မြန်မာလူငယ်တွေ ပြည်ပအထွက်များတာ၊ ပြည်ပမှာ ကျောင်းသွားတက်ပြီး၊ ပြည်ပနိုင်ငံတွေဆီမှာ အလုပ်ဝင်တာတွေအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ရှိကြပါတယ်။ ပြည်ပမှာ ကျောင်းတက်တဲ့အခါ ၊ ဥပမာ- အင်္ဂလန်ကို ကျောင်းလာတက်တဲ့အခါမှာ ၃နှစ်တာကြာတဲ့ ဂုဏ်ထူးဘွဲ့ကို တက်မယ်ဆိုရင် ကျောင်းစရိတ်၊ နေထိုင်စရိတ် စသဖြင့် စုစုပေါင်း စတာလင်ပေါင် ခြောက်သောင်းခန့် ကုန်ကျနိုင်ပါတယ်။ မြန်မာငွေပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် ဒီငွေဟာ ငွေကျပ်သိန်းပေါင်း ကိုးရာ ၀န်းကျင်မှာ ရှိပါတယ်။ ဒီငွေတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် အတိုင်းအတာတခုအထိတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာလူငယ်တွေ ဘာကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းကို မရွေးချယ်ကြပါသလဲ။ အင်္ဂလန်မှာ ပညာသင်ရမှဆိုတဲ့ စွဲစွဲလန်းလန်း စိတ်မရှိဘူးဆိုရင်တော့ အင်္ဂလန်က ဘွဲ့ရပြီးရင် ဥရောပမှာ အလုပ်မလုပ်ရင်တောင် အာရှတိုက်နိုင်ငံများမှာ သေချာရေရာတဲ့ အလုပ်တခုတော့ ရမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဖြစ်ပါတယ်။ ဘ၀နောင်ရေးအတွက် ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကသာ ရေရာသေချာမှုရှိတယ်ဆိုရင် ပညာရှင်ပဲ ဖြစ်ချင်တယ်ဆိုတဲ့ ကျောင်းသားတချို့ကလွဲပြီး ကျန်လူများကတော့ သူများနိုင်ငံမှာ ၀န်ထမ်းဘ၀နေမယ့်အစား ကိုယ့်မြေ၊ ကိုယ့်ရေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ ဖြစ်နေမှာ မလွဲမသွေပါပဲ။ အခုလက်ရှိအခြေအနေမှာတော့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင်ကိုက သား၊ သမီးတွေ အရွယ်ရောက်တာနဲ့ နိုင်ငံရပ်ခြားပို့၊ ပညာသင်ပေးပြီး၊ မြန်မာပြည်ပြန်မလာဖို့ ပြောဆိုနေကြတဲ့ အခြေအနေတွေ ဖြစ်ကုန်ခဲ့ပါပြီ။ တနည်းဆိုရင် နိုင်ငံတော်အတွက်တော့ ဦးနှောက်ယိုစီးမှု ပြဿနာပါပဲ။ ဒီလိုဖြစ်ရပ်တွေဟာ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ယုံကြည်မှု နည်းရာက ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေပါပဲ။

နောက်တချက်ကတော့ ငွေကြေးဖောင်းပွမှုဟာ နိုင်ငံတော် စီးပွားရေးအခန်းကဏ္ဍနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ Balance of payments ကို ပျက်ယွင်းစေနိုင်ပါတယ်။ တကယ်လို့ နိုင်ငံတနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း သိပ်မြင့်နေမယ်ဆိုရင် ဒီနိုင်ငံရဲ့ ပို့ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်တဲ့ အခြေအနေ လျော့ကျပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်ပသွင်းကုန်တွေဟာ ပြည်တွင်းထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေထက် ပိုပြီး ဈေးပေါပါတယ်။ ဒီတော့ စုစုပေါင်း ပို့ကုန်ပမာဏလျော့ကျပြီး သွင်းကုန်ပမာဏ ကြီးမားပါတယ်။ ဒီအခါမှာ Balance of payments ပျက်စီးယိုယွင်းသွားနိုင်ပါတယ်။

နောက်တချက်ကတော့ အရင်းအမြစ်တွေနဲ့ သက်ဆိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ပိုလျှံတဲ့ အရင်းအမြစ်တွေကို ထပ်မံ သုံးစွဲကြရတာ ဖြစ်ပါတယ်။ မသေချာမရေရာမှုတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေဟာ စာရင်းကိုင်တွေ၊ တခြားဘဏ္ဍာရေးကျွမ်းကျင်သူတွေကို ထပ်မံငှားရမ်းကြရပါတယ်။ အခုလို ကမ္ဘာ့စီးပွားရေးပျက်ကပ်မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေအားလုံး risk professionals တွေ ကို အပြိုင်အဆိုင်၊ အလုအယက် ခန့်အပ်တာဝန်ပေးနေကြပါတယ်။

ငွေကြေးဖောင်းပွမှုအကျိုးဆက်တွေဟာ ဖောင်းပွမှုနှုန်း ဂဏန်း တလုံးတည်း ရှိတဲ့အခါမှာ သိပ်ဆိုးဆိုးရွားရွားမရှိပေမယ့် ဆယ်ရာခိုင်နှုန်း ကျော်လာပြီဆိုတာနဲ့ အန္တရာယ်ကြီးလာပါပြီ။ ဈေးကွက်တခုလုံးကို ပျက်စီးယိုယွင်းနိုင်စွမ်း ရှိနေလို့ပါပဲ။ အဲလိုအချိန်မှာ အထက်မှာဆိုခဲ့သလိုပဲ လုပ်ငန်းတွေက အဆမတန်ကြီးထွားနေတဲ့ စရိတ်တွေကို ကာမိအောင် ဈေးနှုန်းတွေ မြှင့်မယ်။ လုပ်သားတွေက အဆမတန်ကြီးမားနေတဲ့ ကုန်ဈေးနှုန်းတွေ၊ နေထိုင်မှုကုန်ကျစရိတ်တွေကို ကာမိအောင် လုပ်ခတွေကို ပိုတောင်းမယ်။ ဒီတော့ ဈေးနှုန်းက တက်လိုက်၊ လုပ်ခကတက်လိုက်၊ ဈေးနှုန်းက ထပ်တက်လိုက်နဲ့ ဘောဂဗေဒအခေါ်အားဖြင့် ever- rising inflationary spiral ဆိုတဲ့ ငွေကြေးဖောင်းပွမှုက ကြောင်လိမ်လှေကားလို တပတ်ပြီးတပတ်ရစ်ပြီး တက်သွားတဲ့ အနေအထားကို ရောက်တော့တာပါပဲ။ ဒီလိုဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ စီးပွားရေးအဆောက်အအုံတခုလုံး ပြိုလဲမှု မဖြစ်စေဖို့ ငွေကြေးဖောင်းပွမှု ပြဿနာကို ဖြေရှင်းနိုင်မယ့် သင့်လျော်တဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ် လျှော့ချရေး မူဝါဒများ

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာမှုကို ထိန်းချုပ်လျှော့ချရေး မူဝါဒတွေအကြောင်း မဖော်ပြခင်မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ ၀ယ်လိုအားဆွဲအား ငွေကြေးဖောင်းပွမှု (Demand-pull inflation) နဲ့ စရိတ်တွန်းအား ငွေကြေးဖောင်းပွမှု (Cost-push inflation) အမျိုးအစားတွေအကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။ စီးပွားရေးအဆောက်အအုံထဲက ဈေးနှုန်းတွေကို aggregate demand နဲ့ aggregate supply တို့ရဲ့ ဆက်စပ်မှုတွေက အဆုံးအဖြတ်ပေးပါတယ်။ aggregate demand ဆိုတာက စားသုံးသူ၊ အစိုးရ၊ ရင်းနှီးမြှုပ်နှံနေတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ နိုင်ငံခြားသားများရဲ့ စုစုပေါင်း သုံးစွဲမှုတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဈေးနှုန်းအမျိုးမျိုးမှာ လုပ်ငန်းတွေက ဘယ်လောက်အရေအတွက်အထိ ထုတ်လုပ်ဖို့ ဆန္ဒရှိလဲ ဆိုတာကိုတော့ ဘောဂဗေဒပညာရှင်တွေက aggregate supply curve နဲ့ ညွှန်ပြကြပါတယ်။ ဒီ curve နှစ်ခု ဆုံတဲ့ ဆုံမှတ်ဟာ equilibrium price level ပဲ ဖြစ်ပါတယ်။ ပိုပြီးရှင်းလင်းအောင် ပုံနဲ့ တွဲပြီး ဖော်ပြထားပါတယ်။



အထက်က ပုံမှာ ဖော်ပြထားတာက aggregate demand aggregate supply တို့ ဆုံတဲ့ နေရာမှာ ပေါ်ထွက်လာတဲ့ ဈေးနှုန်းနဲ့ ထုတ်ကုန်အနေအထားတွေ ဖြစ်ပါတယ်။ ၀ယ်လိုအားဆွဲအားကြောင့် ဖြစ်ပေါ်တဲ့ ငွေကြေးဖောင်းပွမှုဆိုတာက aggregate demand မြင့်တက်လာပြီး၊ ပုံမှာ ဖော်ပြထားတဲ့ AD curve ဟာ ညာဘက်ကို ရွေ့သွားတဲ့ အခြေအနေကို ဆိုလိုတာပါ။



အထက်က ပုံမှာတွေ့မြင်ရတဲ့အတိုင်း aggregate demand မြင့်တက်လာတဲ့အခါမှာ ဈေးနှုန်းလဲ မြင့်တက်သွားပါတယ်။ ၀ယ်လိုအားဆွဲအားငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ စားသုံမှုမြင့်တက်လာတာ (သို့မဟုတ်) အစိုးရ အသုံးစရိတ်မြင့်မားလာတာ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားလာတာ (သို့မဟုတ်) ပို့ကုန်ပမာဏ များပြားမှုကနေ ၀ယ်လိုအား မြင့်တက်လာတာ (သို့မဟုတ်) ဒီအချက်တွေအားလုံးလဲ ဖြစ်နိုင်ပါတယ်။

စရိတ်တွန်းအားကြောင့် ဖြစ်ပေါ်တဲ့ ငွေကြေးဖောင်းပွမှုမှာကျတော့ aggregate supply curve က ဘယ်ဘက်ကို ရွေ့လျားသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ စရိတ်တွေကြီးမားလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးနှုန်းတက်တာ၊ ထုတ်လုပ်မှုပမာဏလျှော့ချတာတွေ ပြုလုပ်ပါတယ်။ ဒီအခါမှာ ဈေးနှုန်းတွေ မြင့်တက်ပြီး၊ ထုတ်ကုန်ပမာဏလျော့ကျသွားပါတယ်။




ဒီလို စရိတ်တွန်းအားငွေကြေးဖောင်းပွမှု ဖြစ်လာရတဲ့ အကြောင်းရင်းတွေကတော့ ကုန်ကြမ်းတင်သွင်းမှု စရိတ်စကတွေ ကြီးမားလာတာ၊ လုပ်အားခတွေ မြင့်မားလာတာ၊ အစိုးရရဲ့ သွယ်ဝိုက်အခွန်အခနှုန်းထားတွေ မြင့်မားလာတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘောဂဗေဒပညာရှင်များကတော့ လုပ်ခတွန်းအား ငွေကြေးဖောင်းပွမှု၊ အမြတ်တွန်းအား ငွေကြေးဖောင်းပွမှု၊ သွင်းကုန်ဈေးနှုန်းတွန်းအား ငွေကြေးဖောင်းပွမှု၊ အခွန်တွန်းအား ငွေကြေးဖောင်းပွမှု၊ သဘာဝသယံဇာတပစ္စည်းများ ရှားပါးမှု စတဲ့ စရိတ်ကြီးမားလာရခြင်းဆိုင်ရာ ငွေကြေးဖောင်းပွမှုအမျိုးမျိုးကို ခွဲခြားဖော်ပြလေ့ရှိပေမယ့် ဘောဂဗေဒ ကျမ်းတစောင် ရေ့းသားနေခြင်း မဟုတ်တဲ့အတွက် အသေးစိတ်ရေးသား ဖော်ပြခြင်း မပြုလိုပါဘူး။ မူဝါဒရေးရာများမှာ demand-side မူဝါဒတွေနဲ့ supply-side မူဝါဒများရှိတဲ့အတွက် ဘောဂဗေဒအခြေခံ သဘောတရားများကို ထည့်သွင်းဖော်ပြခြင်းသာ ဖြစ်ပါတယ်။

Demand-side မူဝါဒတွေမှာ monetary policy နဲ့ fiscal policy ဆိုပြီး နှစ်မျိုးရှိပါတယ်။ Fiscal policy က အစိုးရအသုံးစရိတ်၊ အခွန်ကောက်ခံခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ aggregate demand ကို အစိုးရအသုံးစရိတ်လျှော့ချခြင်း၊ အခွန်များတိုးမြှင့်ကောက်ခံ၍ စားသုံးသူများ၏ ငွေသုံးစွဲနိုင်စွမ်း လျှော့ချခြင်း စတဲ့ မူဝါဒတွေအသုံးပြုပြီး လျော့နည်းအောင် ပြုလုပ်လို့ ရပါတယ်။ ဒါကတော့ deflationary fiscal policy ဖြစ်ပါတယ်။ တခြားအမျိုးအစားတခုဖြစ်တဲ့ reflationary fiscal policy ကတော့ အလုပ်လက်မဲ့ပြဿနာနဲ့ ဆိုင်တာဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။

နောက်တမျိုးဖြစ်တဲ့ Monetary policy ကတော့ ငွေကြေးရိုက်နှိပ်ထုတ်ဝေသုံးစွဲမှု (money supply) အတိုးနှုန်း (interest rate) စတာတွေနဲ့ သက်ဆိုင်ပါတယ်။ အစိုးရမှ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုတွေ လျှော့ချခြင်း၊ အစိုးရမှ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုကို အလိုရှိသလိုပြုလုပ်နေသည့် instrument potency လျော့နည်းအောင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသော ဗဟိုဘဏ်နှင့် တင်းကြပ်သော ဘဏ္ဍာရေးဥပဒေများဖြင့် ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများ မြှင့်တင်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ aggregate demand ကို လျော့ကျအောင် ပြုလုပ်လို့ရပါတယ်။

Supply-side မူဝါဒကကျတော့ စရိတ်စက ကြီးမားလာမှုကို ထိန်းချုပ်တာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုထိန်းချုပ်ရာမှာ ဈေးနှုန်းနဲ့ ၀င်ငွေတွေကို monopoly ပြုလုပ်မှုများကို ထိန်းချုပ်ခြင်း (ဥပမာ- ကုန်သည်ကြီးများအသင်းရဲ့ ဈေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းသော လှုပ်ရှားမှုများကို ကန့်သတ်သည့် မူဝါဒများချမှတ်ခြင်း၊ လုပ်ခနှင့် ဈေးနှုန်းများကို ထိန်းချုပ်ရေး မူဝါဒများ ချမှတ်ခြင်း၊ ငါးကြီးမှ ငါးသေးမျိုသည့် သဏ္ဍာန်ဖြစ်သော လုပ်ငန်းကြီးများမှ လုပ်ငန်းငယ်များကို take-over လုပ်ခြင်းများကို ကန့်သတ်ခြင်းစသည်များ) နဲ့ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး မူဝါဒများ ချမှတ်ခြင်း (ဥပမာ- tax incentives များပေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်း၊ နောက်ဆုံးပေါ် စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်သားများအားလေ့ကျင့်သင်တန်းပေးရေးအစီအစဉ်များအတွက် ထောက်ပံ့ကြေးငွေများ ပေးခြင်းစသည်များ) ကို ပြုလုပ်နိုင်ပါတယ်။


နိဂုံး

နိဂုံးချုပ်ဆိုရရင် အခုလို ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်များ ထွက်ပေါ်လာတာဟာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတရပ် မဟုတ်ပါဘူး။ ဒါဟာ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မဆလ၊ န၀တ၊ နအဖစစ်အုပ်စု အဆက်ဆက်ရဲ့ တိုင်းပြည်စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းရဲ့ ရလာဒ်တွေပဲ ဖြစ်ပါတယ်။ သေနတ်ပစ်တတ်တိုင်း စစ်မတိုက်တတ်ပါဘူး။ စစ်တိုက်တတ်တိုင်းလဲ တိုင်းပြည်အုပ်ချုပ်ရေး နားမလည်ပါဘူး။ တိုင်းပြည်အုပ်ချုပ်ရေး နားလည်တိုင်းလဲ မူဝါဒတခုချင်းစီကို အသေးစိတ် မရေးဆွဲတတ်ပါဘူး။ မူဝါဒရေးဆွဲတတ်တိုင်းလဲ မူဝါဒအကောင်အထည် မဖော်နိုင်ပါဘူး။ မူဝါဒအကောင်အထည်ဖော်တတ်တိုင်းလဲ တိုင်းပြည်မအုပ်ချုပ်နိုင်ပါဘူး။ တိုင်းပြည်အုပ်ချုပ်နိုင်တိုင်းလဲ ရှေ့တန်းစစ်မြေပြင်မှာ စစ်မတိုက်နိုင်ပါဘူး။ မိသားစုတခုပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုပဲဖြစ်ဖြစ်၊ တိုင်းပြည်တခုပဲ ဖြစ်ဖြစ်မှာ လူမှန်၊ နေရာမှန် ဖြစ်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ခေါင်းဆောင်၊ နောက်လိုက် အတွဲညီဖို့ လိုအပ်ပါတယ်။ ဒီလို သဟဇာတ မဖြစ်တဲ့ ဘယ်လို မိသားစုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ တိုင်းပြည်ပဲဖြစ်ဖြစ် ရေရှည်မှာ ပြိုလဲယိုင်နဲ့မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်စီးပွားရေးကို မိသားစုကောင်းစားရေး၊ ဆွေမျိုးသားချင်း ကောင်းစားရေး၊ မိတ်ဆွေအပေါင်းအသင်းနီးစပ်သူ ကောင်းစားရေး စတဲ့ ဘက်လိုက်မှုများ မရှိပဲ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မယ့် အစိုးရသစ်တရပ် ပေါ်ထွက်လာရေးဟာ မြန်မာ့စီးပွားရေးအဆောက်အအုံရဲ့ အဓိက လိုအပ်ချက် ဖြစ်နေပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၆၊ ၉၊ ၂၀၀၉)

ရည်ညွှန်းကိုးကား-

Colander, D. (1995) 'The stories we tell: A reconsideration of AS/AD analysis', Journal of Economic Perspectives, 9: 169-88

Cukierman, A. (1995) Central Bank Strategy, Credibility and Independence: Theory and Evidence, MOT Press, Cambridge, MA

Evans, M. (2004) Macroeconomics for Managers, Blackwell Publishing, Oxford

Gartber, M. (2003) Macroeconomics, Prentice Hall Europe, Harlow

Romer, D. (2000) 'Keynesian macroeconomics without the LM curve', Journal of Economic Perspectives, 14: 149-69

Sloman, J. (1999) Economics, 3rd edition, Prentice Hall Europe, Harlow

(photos- google images)

အပြည့်အစုံဖတ်ချင်ရင်..>>>

ကျန်းမာရေးနှင့်လုံခြုံရေး

Friday, September 25, 2009

နိဒါန်း
ကျန်းမာရေး၊ လုံခြုံရေး။
ဒီစကားလုံးလေးနှစ်ခုကို အပေါ်ယံအနေနဲ့ ကြည့်လိုက်ရင် ဆက်စပ်တယ်လို့ သိပ်မထင်ရပါဘူး။ ကျန်းမာရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်“ ဆိုတဲ့ စာသား၊ အေအိုင်ဒီအက်စ်၊ ကင်ဆာစတဲ့ ရောဂါဆိုးတွေ၊ ဒဗလျူအိတ်ဂ်ျအို၊ ယင်လုံအိမ်သာ ဆောက်လုပ်ရေး စတဲ့ အကြောင်းအရာ တွေကိုပဲ မြင်ယောင်မိကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေကလဲ စစ်တပ်၊ ရဲ၊ လုံခြုံရေးဝန်ထမ်း၊ အကြမ်းဖက်မှု၊ ဗုံးပေါက်ကွဲမှု၊ ဒုစရိုက်မှုပပျောက်ရေး၊ နေတိုးအဖွဲ့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ စတာတွေကိုပဲ စဉ်းစားမိကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေးလုပ်သားတွေကလဲ နိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စတွေဟာ ကိုယ်နဲ့ မပတ်သက်သလိုပဲ ယူဆမိကြပါလိမ့်မယ်။ လုံခြုံရေးလုပ်သားတွေကလဲ မိသားစုကျန်းမာရေးကိစ္စရပ်ကလွဲရင် ပြည်သူလူထု ကျန်းမာရေးဆိုတာ မိမိနဲ့ သိပ်မပတ်သက်တဲ့ ရေးရာတခုလို့ပဲ သတ်မှတ်ပါလိမ့်မယ်။ ဒါပေမယ့် ၂၁ရာစု ခေတ်မှီတိုးတက်တဲ့ ကမ္ဘာကြီးမှာကျတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကဏ္ဍတွေဟာ တခုနဲ့တခု အပြန်အလှန်ဆက်စပ်တဲ့ ကဏ္ဍတွေဆိုတာကို လူအများက လက်ခံနားလည်လာခဲ့ကြရပါတော့တယ်။ တိုးတက်တဲ့ နိုင်ငံများရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်လုံခြုံရေး မူဝါဒတွေမှာ ကျန်းမာရေးကဏ္ဍကို ထည့်သွင်းလာကြရသလို၊ ကျန်းမာရေးမူဝါဒမှာလဲ အရေးပေါ်လုံခြုံရေး အခြေအနေတွေ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုအခြေအနေတွေမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို မရှိမဖြစ် ထည့်သွင်းလာကြရပါတော့တယ်။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းချောက်တဲ့ အန္တရာယ်တွေရဲ့ သဘောသဘာဝ (Nature of Threats) ကို လေ့လာဆန်းစစ်မှုတွေမှာလဲ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု၊အကြမ်းဖက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု စတာတွေနဲ့အတူ ပြည်သူ့ကျန်းမာရေးကိုပါ ထည့်သွင်းဆန်းစစ်ချက်တွေ ပြုလုပ်လာကြရပါတော့တယ်။



ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှု
၁၉ရာစုမှာ ဥရောပနဲ့ တခြားဒေသတွေအကြားက ကုန်သွယ်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ကုန်သွယ်မှုတိုးတက်လာမှုနဲ့အတူ တပြိုင်တည်းတိုးတက်လာခဲ့တာကတော့ ကူးစက်ရောဂါပိုးမွှားတွေပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ရောဂါဘယဆိုတာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တခုအနေနဲ့ သတ်မှတ်လာခဲ့ကြပြီး နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာ တရပ်အနေနဲ့ နိုင်ငံခေါင်းဆောင်များ အသိအမှတ်ပြုလာကြပြီး၊ နိုင်ငံတကာက လက်ခံသဘောတူတဲ့ ကျန်းမာရေးဆိုင်ရာ နည်းဥပဒေတွေ ပြဌာန်းလာခဲ့ကြပါတယ်။ ဒါကြောင့် ပြည်သူ့ကျန်းမာရေးကဏ္ဍကို နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုရဲ့ သမိုင်းအစဟာ ၁၉ရာစု ဥရောပတိုက်ရဲ့ လုံခြုံရေးရာ တွက်ချက်အကဲဖြတ်မှုကနေ ဆင်းသက်လာတာလို့ ဆိုနိုင်ပါတယ်။

၂၀ရာစုအစောပိုင်းကာလများမှာကျတော့ ပြည်သူ့ကျန်းမာရေးနဲ့ လုံခြုံရေးအကြားက ဆက်နွယ်မှုတွေက ပိုမိုသိသာထင်ရှားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းစစ်ပွဲကြီး၊ စစ်ပွဲငယ်လေးတွေ ဖြစ်ပွားခဲ့လို့ပါပဲ။ နိုင်ငံတခုမှာ စစ်ပွဲတွေ ရှိနေရင်၊ နိုင်ငံတော် အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှုသဏ္ဍာန်အမျိုးမျိုးရှိနေရင် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ပေးရာမှာ ထိရောက်မှု အားနည်းပါတယ်။ အဓိက အချက်ကတော့ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု လျော့နည်းလို့ပါပဲ။ ဒါကြောင့်လဲ စစ်အသုံးစရိတ်ကြီးမားပြီး၊ ခေတ်မီတပ်မတော်တည်ဆောက်ရေးကိုပဲ အာရုံစိုက်နေတဲ့ အာဏာရှင်နိုင်ငံတွေမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ရှိတာပဲ ဖြစ်ပါတယ်။ စစ်ပွဲနဲ့ ပဋ္ဋိပက္ခတွေကြောင့် ပြည်သူ့ကျန်းမာရေးအပေါ်မှာ တိုက်ရိုက်အကျိုး သက်ရောက်မှု ဖြစ်တဲ့ သေဆုံးမှုများပြားခြင်းဆိုတာ ဖြစ်နိုင်သလို သွယ်ဝိုက်အကျိုးသက်ရောက်မှုဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်း ပုံမှန်လည်ပတ်မှု ပြတ်တောက်ခြင်း၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးလုပ်သားတွေ နည်းပါးခြင်း၊ သောက်သုံးရေရှားပါးမှုနဲ့ စစ်ဘေးဒုက္ခသည်များပြားမှု စတာတွေကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်း စတာတွေလဲ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီကာလတွေမှာ ကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ကမ္ဘာ့ခေါင်းဆောင်များက အာရုံထားခဲ့ကြပြီး၊ ဒုတိယကမ္ဘာစစ်ပြီးကာလတွေကျတော့ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးမြှင့် ဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို အလေးပေးဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၄၈မှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ၁၉၇၀ ကာလတွေမှာကျတော့ “အားလုံးအတွက် ကျန်းမာရေး“ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ကူးစက်ရောဂါ ပြန့်ပွားနှုန်း တဟုန်ထိုးလျော့ကျသွားပါတယ်။ ဒီလိုအောင်မြင်မှုတွေ ကြီးမားလာ ခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်တွေဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာတွေအဖြစ်ပဲ သတ်မှတ်ပြီး၊ လုံခြုံရေးရာကိစ္စတွေမှာ ထည့်သွင်းအာရုံစိုက်ခြင်း မရှိကြတော့ပါဘူး။

ဒီအခြေအနေတွေဟာ ၁၉၉၀ ဆယ်စုနှစ်နှောင်းပိုင်းကာလတွေမှာ ပြောင်းလဲလာပါတော့တယ်။ ၁၉၉၉ခုနှစ်၊ အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)ရဲ့ အစီရင်ခံစာမှာ ကူးစက်ရောဂါတွေကနေတဆင့် အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် အန္တရာယ်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကူးစက်ရောဂါဆိုးတွေဟာ အမေရိကန်ပြည်ထောင်စုကိုသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်မြေဒေသလုံခြုံရေး၊ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်နိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဇန်န၀ါရီ၊ ၂၀၀၀ ပြည့်နှစ်ရောက်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ အာဖရိကတိုက်လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းချောက်နေတဲ့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ပြဿနာကို ဆွေးနွေးကြပြီး၊ လုံခြုံရေးကောင်စီရဲ့ Resolution 1308 မှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ပြန့်ပွားမှုကို မထိန်းချုပ်နိုင်ရင် ဒါဟာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်မယ်ဆိုတဲ့ အချက်ကို အတိအလင်း ဖော်ပြခဲ့ပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးတုန်းက ဆွေးနွေးခဲ့တဲ့ အချက်တွေက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရဲ့ လူမှုတည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေအပေါ် အကျိုးသက်ရောက်မှုတွေကိုပဲ ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးမှုတွေဟာ ဒီကိစ္စရေးရာတွေမှာတင် မရပ်တန့်ခဲ့ပါဘူး။ ကမ္ဘာ့နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နေရာယူလာခဲ့ပြီး၊ များမကြာခင် နှစ်ပိုင်းအတွင်းမှာပဲ နိုင်ငံခြားရေး၊ ပြည်ထဲရေးဝန်ကြီးတွေရဲ့ ကြေညာစာတမ်းတွေ၊ ဂျီ8 ဆွေးနွေးပွဲတွေဆီ ရောက်သွားခဲ့ပါတော့တယ်။ ၂၁ရာစုရဲ့ ပထမဆယ်စုနှစ် အလယ်ပိုင်းရောက်တော့ နိုင်ငံတော် လုံခြုံရေး agenda တွေ၊ နိုင်ငံခြားရေးမူဝါဒတွေမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရေးရာတွေကိုပါ ထည့်သွင်း လာကြရပါတော့တယ်။

ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်များသည် လုံခြုံရေးဆိုင်ရာ ပြဿနာရပ်များပင်ဖြစ်သည်

ကျန်းမာရေးနဲ့ လုံခြုံရေးရာ ဆက်နွယ်မှုတွေ ၁၉၉၀ နှောင်းပိုင်းကာလတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရခြင်းရဲ့ အခြေခံ အချက်နှစ်ချက် ရှိပါတယ်။ ပထမတချက်ကတော့ စစ်အေးတိုက်ပွဲလွန်ကာလတွေရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာကြလို့ပဲ ဖြစ်ပါတယ်။ ရှေးယခင်ကာလတွေတုန်းက နိုင်ငံတော်လုံခြုံရေးဆိုတာကို စစ်တပ်၊ရဲ၊ ထောက်လှမ်းရေး စတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အသုံးပြုပြီး လူ့အဖွဲ့အစည်းကို ခြိမ်းချောက်လာနိုင်တဲ့ ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ပေးရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး စတဲ့ ကျဉ်းမြောင်းတဲ့ ရှုထောင့်တွေကနေ ရှုမြင်တတ်ကြပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲလွန် ကာလတွေမှာကျတော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျယ်ပြန့်တဲ့ အတွေးအမြင်တွေ ထွက်ပေါ်လာခဲ့ကြပါတယ်။ စားဝတ်နေရေး မပြေလည်တဲ့ တိုင်းပြည်မှာ ရာဇ၀တ်မှုထူပြောတတ်တာ၊ ကျန်းမာရေး၊ ပညာရေး လူမှုအခွင့်အလမ်းတွေ မရှိတဲ့ တိုင်းပြည်မှာ လူသားတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့ ခက်ခဲတယ်ဆိုတာကို သိမြင်လာခဲ့ကြပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security agendas တွေမှာ စစ်ရေး၊ ပြည်ထဲရေး ကိစ္စရပ်တွေကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ Risk assessment ပြုလုပ်မှုမှာ “shift from threat to risk allowed security's focus” ဆိုတဲ့ နည်းလမ်းကနေ 'shift from the idea of a clear and present danger to more probabilistic assessment of potential hazards' ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပြည်သူ့ကျန်းမာရေးကိစ္စရပ်တွေကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေထဲမှာ ထည့်သွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ human agenda ပဲ ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးများဟာ သူတို့ရဲ့ ပါဝါနဲ့ လွှမ်းမိုးနိုင်မှုတွေကို အသုံးပြုပြီး ပြည်သူ့ကျန်းမာရေးကိစ္စရေးရာတွေကို နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒတွေထဲမှာ ပါဝင်လာအောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။ ဥပမာပေးရရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ (Gro Harlem Brundtland) နဲ့ အမေရိကန်သမ္မတ ကလင်တန်ရဲ့ ကုလသမဂ္ဂရေးရာ သံအမတ် ဖြစ်တဲ့ Richard Holbrooke) တို့ပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားဆက်ဆံရေးကောင်စီကို ပေးတဲ့ မိန့်ခွန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ Gro Harlem Brundtland က ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာကို ကိုယ်စားပြုနေတဲ့ နိုင်ငံတွေဆီက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ကျန်းမာရေးအခြေအနေ နိမ့်ကျမှုဟာ သက်ဆိုင်ရာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု၊ နိုင်ငံရေးတည်ငြိမ်မှုတွေကို တိုက်ရိုက်ထိခိုက်စေရုံသာမက အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံများစွာရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးစီးပွားကိုပါ ထိခိုက်စေနိုင်တာကြောင့် ကမ္ဘာ့ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတော်လုံခြုံရေးမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ၁၉၉၉ ခုနှစ်မှာ အမေရိကန် သမ္မတ ကလင်တန်ရဲ့ ကုလသမဂ္ဂ ရေးရာ သံအမတ်ဖြစ်တဲ့ Richard Holbrooke ဟာ အာဖရိကတိုက်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာတင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကူးစက်ရောဂါ ပျံ့ပွားမှုနှုန်း ကြောက်ခမန်းလိလိ ဖြစ်နေတာကို သူတွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျင့်သုံးနေခဲ့တဲ့ aid-based approaches တွေ၊ အန်ဂျီအို အခြေခံနည်းလမ်းတွေရဲ့ ထိရောက်မှု အားနည်းချက်တွေကိုလဲ သူတွေ့မြင်လာခဲ့ပါတယ်။ ဒီလိုကူးစက်ရောဂါ ပျံ့ပွားမှုတွေဟာ နိုင်ငံတော် မတည်မငြိမ်ဖြစ်မှုတွေကိုပါ ဦးတည်နေတာကို သိမြင်လာခဲ့ပါတယ်။ နယူးယောက်ကို သူပြန်ရောက်ပြီးတဲ့အခါမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ agenda မှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပြဿနာ ပါဝင်လာရေးအတွက် အဓိကနေရာကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတော့တယ်။ အခု ဆက်လက်ပြီး security agenda တွေမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ ထည့်သွင်းတဲ့အခါ အဓိက ထားထည့်သွင်းတဲ့ အကြောင်းအရာ သုံးခုကို ဆက်လက်ဖော်ပြပါမယ်။

ကူးစက်ရောဂါပျံ့ပွားမှု

ကူးစက်ရောဂါ အသစ်တွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ တစတစ ပေါ်ထွက်လာနေပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ ဆားစ် ဗိုင်းရပ်စ်၊ အိတ်ခ်ျဖိုက်အန်ဝမ်း စတာတွေရဲ့ ဆိုးကျိုးဟာ ကမ္ဘာတ၀ှမ်းလုံးကို ပျံ့နှံ့ ရောက်ရှိနေပါတော့တယ်။ ရောဂါသစ်တွေ ထွက်ပေါ်များပြားလာမှုဟာ ကုန်ပစ္စည်းတွေနဲ့ လူတွေရဲ့ ရွေ့လျားမှုနှုန်း မြန်ဆန်လာသလို လူတွေသွားလာလှုပ်ရှားနေတဲ့ နေရာဒေသတွေကလဲ တစတစ ပိုမိုများပြားလာတာတွေ၊ ဒီနေရာဒေသတွေရဲ့ microbial world မှာလဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာတွေကြောင့်လို ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒီလို ကူးစက်ရောဂါသစ်တွေ ပေါ်ထွက်လာမှုဟာ လုံခြုံရေးအသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဘာလို့ဖြစ်စေပါသလဲ။ နိုင်ငံတကာနိုင်ငံရေးဆိုင်ရာ ပါမောက္ခတဦးဖြစ်တဲ့ Colin McInnes က စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း သုံးချက်ကို ရေးသားတင်ပြခဲ့ပါတယ်။ ပထမအကြောင်းရင်းကတော့ ဒီကူးစက်ရောဂါတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းချောက်နေလို့ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကူးစက်ရောဂါတွေဟာ လှုမှုရေးအခက်အခဲတွေကို ဖြစ်စေပြီး၊ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်ပါတယ်။ အခြေခံ ရောဂါကာကွယ်ရေးစီမံချက်ကို လူထုအတွက် ချမှတ်အကောင်အထည်ဖော်ခြင်း မလုပ်ပေးနိုင်တဲ့ အစိုးရကို လူထုက ယုံကြည်မှု လျော့နည်းလာမှာ မလွဲမသွေပါပဲ။ လူမှု အခြေအနေအဆင့်အတန်း ကွာဟမှုကြောင့် ချမ်းသာသူတွေကပဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကောင်းတွေ သုံးစွဲခွင့်ရနေတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် အခြေခံလူထုလူတန်းစားတွေရဲ့ နာကျည်းပေါက်ကွဲမှုတွေ ဖြစ်လာစေပြီး လူထုလှုပ်ရှားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။ လူအများသေဆုံးရင် (သို့မဟုတ်) အလုပ်ပျက်ကွက်ရင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းပြီး နိုင်ငံတော်ရဲ့ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ယွင်းစေနိုင်ပါတယ်။ လူထုလူတန်းစားတွေက ဘာမှ ထပ်ဆုံးရှုံးစရာ မရှိတော့ဘူးလို့ ယူဆလာတဲ့အခါ တရားဥပဒေစိုးမိုးရေးရှိဖို့ အလွန်ခဲယဉ်းလာတတ်ပါတယ်။ ဒါကြောင့်လဲ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်လုံခြုံရေး မဟာဗျူဟာထဲမှာ အမေရိကန်နဲ့ အနောက်နိုင်ငံများကို သိမ်းပိုက်နယ်ချဲ့မယ့်နိုင်ငံများရဲ့ အန္တရာယ်ထက် failed states တွေရဲ့ အန္တရာယ်တွေက ပိုမိုခြိမ်းချောက်နေတယ်လို့ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ failed state ဆိုတာက ကောင်းမွန်တဲ့ good governance မရှိပဲ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဗိုလ်ကျစိုးမိုး အနိုင်ကျင့်မှုတွေ၊ ပြည်တွင်းစစ် ပဋ္ဋိပက္ခတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ အေအိုင်ဒီအက်စ်ရောဂါပျံ့ပွားနှုန်းမြင့်မားမှုတွေ၊ မှန်ကန်သင့်လျော်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု မရှိတာတွေ၊ လူမှုရေးစောင့်ရှောက်မှု ယုတ်လျော့တာတွေ၊ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းနည်းပါးမှုတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့် နည်းပါးမှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ စတဲ့ အခြေအနေပေါင်း မြောက်မြားစွာ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဆိုလိုတာပါ။ ဥပမာ- လက်ရှိမြန်မာနိုင်ငံနဲ့ အာဖရိကတိုက်က နိုင်ငံငယ်လေးများစွာဟာ failed state တွေ ဖြစ်ပါတယ်။

တတိယအကြောင်းရင်းကတော့ ကူးစက်ရောဂါပြန့်ပွားမှုဟာ နိုင်ငံတော်က ပြည်သူလူထုရဲ့ ကျန်းမာရေးကို လူသားဆန်ဆန် စောင့်ရှောက်လေ့ရှိတဲ့ အာဏာရှင်နိုင်ငံမဟုတ်တဲ့ နိုင်ငံများမှာဆိုရင် ကျန်းမာရေးအသုံးစရိတ် မြင့်တက်မှု ဖြစ်စေနိုင်ပါတယ်။ အလုပ်သမားတွေရဲ့ ပျက်ကွက်မှု မြင့်မားတာကြောင့် ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေနိုင်ပါတယ်။ စီးပွားရေးယုံကြည်မှု လျော့နည်း လာစေတာကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒီအခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုဟာ ကူုးစက်ရောဂါပျံ့ပွားမှုကို နိုင်ငံတော်လုံခြုံရေးအန္တရာယ်တရပ်အနေနဲ့ သိမြင်ပြီး တားဆီးတိုက်ဖျက်ရေးတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းပြည်များမှာကျတော့ ကျန်းမာရေးအသုံးစရိတ်ကို လူထုအတွက် မြှင့်တင်ပေးမှု ပြုလုပ်ခြင်း မရှိတာကြောင့် အသုံးစရိတ်ဆိုင်ရာ အကျိုးသက်ရောက်မှုမရှိပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှုကဏ္ဍတွေကို ထိခိုက်တာ မလွဲမသွေပါပဲ။ နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်စေနိုင်တဲ့ အချက်တချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် အုပ်ချုပ်ရေးယန္တရား ဘယ်လိုမှ တည်မြဲနိုင်မှာ မဟုတ်ပါ။

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်

၂၀၀၀ ပြည့်နှစ်မှာတုန်းက ကမ္ဘာ့ဘဏ်ဥက္ကဌ ဖြစ်တဲ့ James Wolfensohan က
“အေအိုင်ဒီအက်စ်ဆိုတာကို တို့တွေအားလုံးက ကျန်းမာရေးဆိုင်ရာ ပြဿနာလို့ ယူဆခဲ့ကြတယ်။ အားလုံးမှားခဲ့တယ်။ လက်ရှိအာဖရိက လူ့အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အေအိုင်ဒီအက်စ်ပြဿနာလောက် ခြိမ်းချောက်နေတဲ့ ပြဿနာ မရှိဘူး။ ဒါဟာ ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာဖြစ်တယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်တော့ ဒါဟာ လုံခြုံရေး ပြဿနာ ဖြစ်တယ်“လို့ မိန့်ခွန်းခြွေခဲ့ပါတယ်။

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဟာ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်ရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးကို ထိခိုက်စေနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အလုပ်ရှင်တွေအတွက် ပျက်ကွက်မှု၊ ဆေးကုသမှုစရိတ် စတဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကုန်ကျမှုတွေ ဖြစ်စေပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေနိုင်သလို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကိုလဲ လျော့ပါးစေပါတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေရဲ့ စီးပွားရေး အဆောက်အအုံ ရေရှည်တည်တံ့ ခိုင်မြဲမှုအပေါ်မှာ ယုံကြည်မှု လျော့နည်းစေပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုတာ ရင်းနှီးမြှုပ်နှံသူတွေဘက်က လူအား၊ ငွေအား တန်ဖိုးကြီးကြီး ပေးဆပ်ရင်းနှီးထားရတာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာ သက်ဆိုင်ရာနိုင်ငံနဲ့ ပတ်သက်ပြီး risk analysis လုပ်ကြပါတယ်။ ဒီလိုလုပ်ရာမှာ Political risks, Social risks, foreign exchange exposure management စတာတွေ ပြုလုပ်ရပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ နိုင်ငံတွေ၊ စီးပွားရေး စီမံခန့်ခွဲမှု စနစ်တကျ မရှိတဲ့ နိုင်ငံတွေ၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားတဲ့နိုင်ငံတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် ကူးစက်ရောဂါပျံ့ပွားမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတွေ၊ ပညာရေး အဆင့်အတန်း နိမ့်ပါးမှုကြောင့် လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ် နည်းပါးတဲ့ နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာဖို့ ဆိုတာ အလွန်ပဲ ခဲယဉ်းပါတယ်။ များသောအားဖြင့် အစိုးရတွေက ဒီလိုအားနည်းချက်တွေကို နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ ဆိုပြီး လူထုကို အာရုံလွှဲတတ်လေ့ရှိပါတယ်။ တကယ်ပြန်ဖွင့်လာတဲ့အခါမှာ တကယ်မျှော်မှန်းသလောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မ၀င်လာတော့မှ အမှန်တရားကို သိမြင်လာကြပြီး၊ အဲဒီအချိန်ကျမှ လူထုလှုပ်ရှားမှုတွေ ထွက်ပေါ်လာပြီး အာဏာရှင် အစိုးရကို ဖြုတ်ချမှုတွေလဲ ပေါ်ထွက်လာတတ်ပါတယ်။ ကားမတော်တဆဖြစ်မှုတိုင်းဟာ မီးပွိုင့်အချက်ပြမှုမှားတာကြောင့် မဖြစ်နိုင်ပါဘူး။ မဆင်မခြင် မောင်းနှင်တာလဲ ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။

ဒီသုံးရပ်အပြင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရဲ့ နိုင်ငံတော်လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းချေုာက်မှုကတော့ ဒီကူးစက်ရောဂါပိုးဟာ နိုင်ငံတော် ပြိုလဲမှု ဖြစ်စဉ်ကြီး သုံးခုဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ ပြောင်းလဲမှု၊ ပျက်ယွင်းမှု ဖြစ်စဉ်၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတော်အဆင့်မှာရှိနေတဲ့ political institutions တွေ ရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုဖြစ်စဉ်နဲ့ social institutions တွေ ဖြစ်တဲ့ မိသားစု၊ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် ပျက်ယွင်းမှုဖြစ်စဉ်တွေကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

ဇီဝအကြမ်းဖက်မှု
ဇီဝလက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေဟာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဇီဝလက်နက်ပစ္စည်းထုတ်လုပ်မှုနည်းပညာများ ပျံ့နှံ့သွားမှုဆိုင်ရာ ထောက်လှမ်းရေး မှတ်တမ်းတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခြေအနေက ဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ရာဇ၀တ်မှုဂိုဏ်းအများအပြား ထွက်ပေါ်လာမှုတွေကြောင့် ဇီဝလက်နက်ပစ္စည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ rogue states တွေဖြစ်တဲ့ အီရန်၊ အီရတ်၊ မြောက်ကိုးရီးယား၊ ဆီးရီးယား၊ လစ်ဗျားနိုင်ငံတွေဆီ ရောင်းချမှုတွေ ရှိခဲ့လိမ့်မယ်လို့ နိုင်ငံတကာလုံခြုံရေး အသိုင်းအ၀ိုင်းက ယူဆထားခဲ့ကြပါတယ်။ သံသယဖြစ်ဖွယ်တွေ့ရှိချက်တွေကတော့ ၁၉၉၀၊ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ မတိုင်မီကာလမှာ အီရတ်နိုင်ငံဟာ ဇီဝပစ္စည်းတွေဖြစ်တဲ့ anthrax, botulinum toxin, small pox နဲ့ တခြား ဇီဝပိုးမွှားတွေကို စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဇီဝလက်နက်အသုံးချတိုက်ခိုက်မှုတွေ ဖြစ်တဲ့ Kurdish လူမျိုးတွေအပေါ် အီရတ်အစိုးရရဲ့ ဇီဝလက်နက် အသုံးပြုတိုက်ခိုက်တဲ့ ၁၉၈၈ နိုင်ငံတော်အကြမ်းဖက်မှု၊ Rajneesh Bhagwan နောက်လိုက်တွေရဲ့ အမေရိကန်ပြည်ထောင်စုမှာ salmonella ဇီဝပိုးမွှား ပျံ့နှံ့အောင် ကြိုးပမ်းမှု၊ ၁၉၉၅ ခု တိုကျို မြေအောက်ရထားကို sarin ဆိုတဲ့ ဇီဝပိုးမွှားအသုံးပြုပြီး တိုက်ခိုက်ခံရမှု စတာတွေကလဲ ဇီဝအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မြင့်မားစေခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ကိစ္စရပ် အမေရိကန်ပြည်ထောင်စုမှာ မပေါ်ပေါက်လာခင်ကတည်းက နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အသိုင်းအ၀ိုင်းနဲ့ လုံခြုံရေး အသိုင်းအ၀ိုင်းတွေအတွင်းမှာ ဇီဝအကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေး နည်းလမ်းတွေကို စုပေါင်း အဖြေရှာနေခဲ့ကြပါတယ်။ ၁၉၇၂ ခု၊ ဇီဝနဲ့ အဆိပ်ဖြစ်စေတတ်သော လက်နက်ပစ္စည်းဆိုင်ရာ သဘောတူစာချုပ်ကို အားကောင်းလာစေရန် ဆောင်ရွက်ရေး၊ ထောက်လှမ်းရေးသတင်း အချက်အလက်များ အချိန်မှီရရှိရေး၊ ဇီဝလက်နက် ပစ္စည်းပံ့ပိုးသူများနဲ့ ၀ယ်ယူသူများကို ဖော်ထုတ်ရေး စတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက် လုပ်ကိုင်နေခဲ့ကြပြီ ဖြစ်ပါတယ်။ လူထုကာကွယ်ရေးနဲ့ တိုက်ခိုက်မှုဖြစ်ပွားလာပါက အရေးပေါ်တုန့်ပြန်ရေး ဆိုင်ရာတွေကိုလဲ ထောက်လှမ်းရေးအဖွဲ့အစည်းများနဲ့ ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်းပြီး စီမံချက်တွေ ရေးဆွဲချမှတ်လာခဲ့ကြပါတယ်။

9/11 အပြီးမှာ ဖြစ်ပွားခဲ့တဲ့ သတင်းနဲ့ မီဒီယာတွေ၊ ကွန်ဂရက်ရုံးဌာနေတွေဆီကို anthrax spores များပါတဲ့ စာများ ပေးပို့ခံရမှုနောက်ပိုင်းမှာကျတော့ ဇီဝအကြမ်းဖက်မှုပြဿနာက နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ ထိပ်တန်းပြဿနာတွေထဲမှာ ပါဝင်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၀၂ ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးလုံခြုံရေးနှင့် ဇီဝအကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ပြည်သူ့ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တခုအနေနဲ့ တရားဝင် ထည့်သွင်းလာခဲ့ပါတယ်။ ယူကေ၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံများမှာလဲ ဆိပ်ကမ်းမှ ၀င်လာတဲ့ အစားအစာများကို စစ်ဆေးခြင်း၊ ဇီဝပစ္စည်းများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဆက်သွယ်ရေးကွန်ယက်များ ဖြန့်ကျက်ခြင်း၊ ကာကွယ်ဆေးများ စုဆောင်းထားရှိခြင်း၊ ဆေးဝါးသစ်များ ဖော်ထုတ်ခြင်း စတဲ့ ဇီဝပိုးမွှားဆိုင်ရာ ပြည်ထဲရေး မဟာဗျူဟာများကို ချမှတ်လာခဲ့ကြပါတယ်။

နိုင်ငံတကာအဆင့်မှာလဲ တုန့်ပြန်ဆောင်ရွက်ရေးနဲ့ ပြင်ဆင်ရေးဆိုင်ရာ အစည်းအဝေးများစွာ ထွက်ပေါ်လာခဲ့သလို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ Global Outbreak Alert and Response Network ကို အသုံးပြုပြီး စောင့်ကြည့်လေ့လာရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေး နည်းလမ်းများကို အကောင် အထည်ဖော်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံများစွာက အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလဲ ဇီဝအကြမ်းဖက်တိုက်ခိုက်မှုကာကွယ်ရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ လေ့လာမှုများစွာကို ပြည်သူ့ကျန်းမာရေးပညာရှင်တွေ၊ စစ်ရေးနဲ့ အကြမ်းဖက်မှု လေ့လာရေးပညာရှင်တွေ အကူအညီနဲ့ ပြုလုပ်နေကြပါတယ်။

နိဂုံး

ယနေ့ခေတ် ၂၁ ရာစုကမ္ဘာကြီးဟာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ ၂၀ ရာစု ကမ္ဘာကြီးဆီက အတွေးအခေါ်ဟောင်းတွေဖြစ်တဲ့ လုံခြုံရေးဆိုတာ စစ်ရေး၊ နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ သိပ္ပံပညာနဲ့ ၀ိဇ္ဇာပညာကို သီးခြားခွဲမှုတွေ၊ ကျန်းမာရေးဆိုတာ လူတွေရဲ့ ရောဂါတွေကို ကုသတာဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးလုပ်သားတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေဟာ ရာစုဟောင်းထဲမှာ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးတွေဟာ လူသားတွေနဲ့ နေ့စဉ်လူမှုဘ၀ကို တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၅၊ ၉၊ ၂၀၀၉)

ရည်ညွှန်းကိုးကား-

Central Intelligence Agency (CIA) (2000) The Global Infectious Disease Threat and its implications for the United States, National Intelligence Estimate (NIE99-17D)

Elbe, S. (2003) The Strategic Implications of HIV/ AIDS, Adelphi paper 357, International Institute of Strategic Studies, Oxford University Press, Oxford

Garrett, L. (2005) HIV and National Security: Where are the Links?, Council on Foreign Relations, New York

McInnes, C. & Lee, K. (2006) 'Health security and Foreign Policy', Review of International Studies, 32 (1), 5-23

McInnes, C. (2008) 'Health' in Williams, P. (ed.) Security Studies, Routledge, London & New York

Ostergard, R. (ed.) (2006) HIV, AIDS and the Threat to National and International security, Palgrave, London

Price-Smith, A. (2001) The Health of Nations: Infectious diseases, Environmental change, and their effects on National security and Development, MIT Press, Cambridge, MA.

Turner & Hulme (1997) Governance, Administration and Development: Making the State work, Macmillan Press, Basingstoke

အပြည့်အစုံဖတ်ချင်ရင်..>>>

နိုင်ငံတော်ပြိုကွဲခြင်း၊ ဒေသတွင်းလုံခြုံရေးနှင့် ယူဂိုဆလားဗီးယားပြဿနာ (အပိုင်း-၁)

Sunday, September 20, 2009

စကားချီး

နိုင်ငံရေးလေ့လာရေးအသင်းရဲ့ အနှစ်ခြောက်ဆယ်မြောက် ကွန်ဖရင့်ကို လာမယ့်နှစ် မတ်လမှာ စကော့တလန်မြို့တော်ဖြစ်တဲ့ အဲဒင်ဘရာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကွန်ဖရင့်မှာ ဖတ်ကြားမယ့် စာတမ်းများအတွက် ပရိုပိုဆာကို ဒီလ (၂၅) ရက်မှာ နောက်ဆုံးတင်ရမယ် ဆိုတာကြောင့် ပြည်တွင်းပဋ္ဋိပက္ခ (intra-state conflict) နဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ စာတမ်းအတွက် ပရိုပိုဆာတခု တင်ရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။ သားလေးတဘက်နဲ့ စာတမ်းအတွက် သုတေသနလုပ်ဖို့ အချိန်ရပါ့မလားလို့ တွေးနေမိရင်း ပြည်တွင်းပဋ္ဋိပက္ခကနေ နိုင်ငံတော်လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ခြိမ်းချောက်လာခဲ့တဲ့ ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (state collapse) ပြဿနာ၊ ရ၀မ်ဒါပြဿနာ၊ ဆိုမားလီးယားပြဿနာတွေဆီ အတွေးအာရုံက ရောက်သွားပါတယ်။ အာရှ၊ အာဖရိကဒေသတွေရဲ့ ပြည်တွင်းပဋ္ဋိပက္ခတွေနဲ့ ဒေသတွင်းလုံခြုံရေးကို သုတေသန လုပ်ရင် ကောင်းမှာပဲလို့ ဆက်တွေးမိနေတုန်းမှာပဲ၊ ဒီဒေသတွေရဲ့ ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိတဲ့ ဥရောပအကြောင်းကို စိတ်ကရောက်သွားပါတယ်။ ဒါနဲ့ပဲ ဥရောပတိုက်ထဲမှာ ယူဂိုဇလားဗီးယား နိုင်ငံတော်ပြိုကွဲမှု ပြဿနာ ပေါ်လာခဲ့တုန်းက အခြေအနေတွေကို ပြန်တွေးကြည့်မိပါတော့တယ်။

နိုင်ငံတော်ပြိုကွဲမှုစတင်ခြင်း

၁၉၈၉ မတိုင်ခင်ကာလအထိ ယူဂိုဆလားဗီးယားနိုင်ငံဟာ ကြားနေနိုင်ငံတခုဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ကာလတွေကတည်းက အီးစီ (European Community) နဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့်၊ ၁၉၈၉ ခုနှစ်ရောက်မှသာ အီးစီနဲ့ တရားဝင်ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရောက်တော့ အီးစီဘက်ကနေ PHARE eligibility စတဲ့ အစီအစဉ်တွေနဲ့ တုန့်ပြန်ခဲ့ပေမယ့် အီးစီရဲ့ သတ်မှတ်ချက်အဆင့်အတန်းတွေကို မမှီနိုင်တဲ့ ဘဲလ်ဂရိတ်အခက်အခဲတွေကြောင့် ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီသတ်မှတ်ချက် အဆင့်အတန်းတွေထဲမှာ ဒီမိုကရေစီပေါ်အခြေခံပြီး ကျင်းပတဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဖယ်ဒရယ် ရွေးကောက်ပွဲဆိုတဲ့ အချက်လဲ ပါဝင်ပါတယ်။ ၁၉၉၁ ခုနှစ်ရောက်တော့ ဖယ်ဒရယ်ရွေးကောက်ပွဲထွက်ပေါ်လာဖို့ အရေးက ပိုပြီး ခက်ခဲလာပါတယ်။


အဲဒီအချိန်မှာ ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလှည့်ကျ ဖယ်ဒရယ်ဥက္ကဌ ဖြစ်သူက Croat အမျိုးသားဖြစ်တဲ့ Stipe Mesic ဖြစ်ပါတယ်။ သူ့ကို အီးစီရဲ့ကိုယ်စား Jacque Delors က ဖွဲ့စည်းပုံရေးရာ ပြဿနာဖြစ်နေတဲ့အပေါ်မှာ ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် စီးပွားရေးအထောက် အကူုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ကတော့ ဒီလိုကမ်းလှမ်းချက်တွေပေးရတာ အလွန်ပဲ လွယ်ကူလှပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ်နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒီအတွက် ဒီနည်းလမ်းကို လက်ခံသဘောတူနိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်း မရှိပဲ ရတာမဟုတ်ပါဘူး။ ယူဂိုဆလားဗီးယားမှာလဲ ဒီလိုနိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒိုင်ယာလော့ခ်နည်းလမ်းကို ဆာဗ့်အမျိုးသားတွေသာမက ခရိုအက်အမျိုးသား အများစုကပါ ကန့်ကွက်ခဲ့ကြပါတယ်။

(၁၉၉၁) ခု၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စလိုဗီနီးယား (Slovenia) က ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားပါတယ်။ တပြိုင်နက်တည်းမှာပဲ ခရိုအေးရှား (Croatia) ကလဲ ခွဲထွက်ဖို့ ပြင်ဆင်ပါတယ်။ အီးစီကတော့ ဒါတွေကို လျစ်လျုရှုထားပြီး အလှည့်ကျ ဥက္ကဌလုပ်တဲ့ ဖဒရေးရှင်း အိုင်ဒီယာကိုပဲ ဆက်ပြီး ပံ့ပိုးပါတယ်။ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းကြဖို့ တွန်းအားပေးပါတယ်။ ဒီလိုအချိန်မှာပဲ ၁၉၉၁၊ ဇွန်လ (၂၅) ရက်လဲရောက်ရော နိုင်ငံတကာ သဘောထားတွေကို လျစ်လျူရှုပြီး စလိုဗီနီးယားနဲ့ ခရိုအေးရှားတို့က သူတို့ဘာသာ လွတ်လပ်ရေးကြေညာလိုက်ပါတော့တယ်။



ဒါကို တုန့်ပြန်တဲ့အနေနဲ့ ယူဂိုဆလားဗီးယား ဖဒရယ်တပ်တွေက ဇွန်လ (၂၇) ရက်နေ့မှာ Ljubljana ကို ၀င်ပါတယ်။ ဖဒရယ်စစ်တပ်တွေက ခရိုအေးရှားကို ၀င်ရောက်ပြီး ဘော့စနီးယား- ဟာဇီဂိုးဗီးနားအထိ ရောက်လာပါတယ်။ အီးစီကလဲ ဒီအခြေအနေတွေ အပေါ်မှာ ချက်ချင်းတုန့်ပြန်ပါတယ်။ အီးစီဘက်ကကြည့်မယ်ဆိုရင် ယူဂိုစလားဗီးယား နိုင်ငံတော်ပြိုကွဲတာက ပထမ ဦးစားပေး အချက်မဟုတ်ပါဘူး။ ပြိုကွဲမှုက ယူဂိုဆလားဗီးယား နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနယ်မြေတွေထဲ မပြန့်ပွားလာရေးက အဓိက ဖြစ်ပါတယ်။ အီးစီအနေနဲ့က ဒီကိစ္စကို ကနဦး ဦးစားပေးရပါတယ်။ ဒီကိစ္စပြီးမှ သံတမန်နည်းလမ်းများသုံးပြီး အဖြေရှာဖို့ အီးစီက တွန်းအားပေး ပြောကြားပါတယ်။ လူဇင်းဘတ်၊ အီတလီ၊ နယ်သာလန် နိုင်ငံများက သမ္မတဟောင်း၊ သမ္မတသစ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကော်မရှင်တာဝန်ခံများပါဝင်တဲ့ Troika ဆိုတဲ့ အချက်အလက်ရှာဖွေရေး အလည်အပတ်သွားရောက်မှု (fact-finding visit) နည်းလမ်း စတင်ပါတယ်။ နောက်တော့ Troika က ယူဂိုဆလပ် လူထုတပ်မတော် (ဂျေအင်အေ) အနေနဲ့ ခွဲထွက်သွားတဲ့ နယ်မြေတွေကနေ မထွက်ခွာရင် အီးစီက ပံ့ပိုးကူညီနေမှုတွေအားလုံးကို ရပ်တန့်မယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးကြေညာမှုတွေကိုလဲ သုံးလ ရပ်ဆိုင်းထားရမယ်လို့ ဆိုခဲ့ပါတယ်။ စီအက်စ်စီအီး (Conference on security and co-operation in Europe) ရဲ့ အရေးပေါ် အကြံပေး လုပ်ထုံးလုပ်နည်းများကို စတင်အကောင်အထည်ဖော်ပါတယ်။ ဒီလိုသံခင်းတမန်ခင်းလေးတွေကြောင့် အပစ်အခတ်ရပ်စဲမှု ရပ်တန့်ရေး အစီအစဉ်တွေ ထွက်ပေါ်လာခဲ့ပေမယ့် မကြာခင်ပဲ ပြန်ပျက်သွားပါတယ်။

ဇူလိုင်လထဲရောက်တော့ Troika ထဲက နိုင်ငံခြားရေး ၀န်ကြီးတွေလဲ သူတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှု မအောင်မြင်ဘူးဆိုတာ သိမြင်လာကြပါတယ်။ ဒါကြောင့် ဇူလိုင်လ (၅) ရက်နေ့မှာ ယူဂိုဆလားဗီးယားရော၊ ခွဲထွက်ဒေသတွေကိုပါ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့ ရောင်းချတာကို ကန့်ကွက်လိုက်ကြပါတယ်။ ဇူလိုင်လ (၇) ရက်နေ့မှာ Troika's Brioni Agreement ထွက်လာတော့ တစုံတရာအကျိုးများ ထူးလာလေမလားလို့ လူအများက စောင့်မျှော်ကြပါတယ်။ ဒါပေမယ့်လဲ ဒီသဘောတူညီချက်က စလိုဗီးနီးယားနဲ့ပဲ အဓိက သက်ဆိုင်တာဖြစ်ပြီး၊ လေ့လာစောင့်ကြည့်ရေးမစ်ရှင် ဖွဲ့ဖို့ လိုအပ်ချက်ဖြစ်လာပါတယ်။ အီးစီမှာကလဲ တရားဝင်စစ်တပ်နဲ့ လုံခြုံရေး ဖွဲ့စည်းပုံ (security structures) မရှိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် Maastricht Summit ကလဲ ဒီဇင်ဘာမှ စမှာ ဖြစ်ပါတယ်။ နောက်တချက်က ပြဿနာအရပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတာ ဖြစ်တဲ့အတွက် သံတမန်နည်းလမ်း မဟုတ်တဲ့ တခြား ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်မယ်ဆိုရင်လဲ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ တရားဥပေဒေကို ဖယ်ရှားပစ်ရာရောက်တာကြောင့် နိုင်ငံတကာဥပေဒေက ခွင့်ပြုထားခြင်း မရှိပါဘူး။

နောက်ဆုံး စလိုဗီးနီးယားမှာ အကြီးအကျယ် စစ်ပွဲတွေ ဖြစ်နေချိန်အထိ အီးစီကတော့ ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲရေး ကိုပဲ တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလို့ မပြိုကွဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဖယ်ဒရယ်စစ်တပ်ကို ထောက်ခံအားပေးလားဆိုတော့လဲ အားမပေးပြန်ပါဘူး။ အီးစီအနေနဲ့ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ပဲ ဆိုပါတယ်။ Brioni အစည်းအဝေးအပြီးမှ အီးစီ ဥက္ကဌ Jacques Poo က သံတမန်နည်းလမ်းများအောင်မြင်သွားပြီ ဖြစ်တဲ့အတွက် The hour of Europe လို့ တင်စားခဲ့ဖူးပါတယ်။ ဒါပေမယ့်လဲ မကြာခင်မှာလဲ Brioni Accords ကြီးက ပြိုလဲခဲ့တာ ဖြစ်လေတော့ ဒီအပေါ်မှာ အခြေခံထားခဲ့တဲ့ စေ့စပ်ဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာတွေကလဲ အိပ်မက် ပမာပါပဲ။ ဒီ Brioni Accords ကလဲ စလိုဗီးနီးယားအရေးပဲ အာရုံစိုက်ထားခဲ့တာကြောင့် ခရိုအေးရှား အရေးကို ဖြေရှင်းဖို့အတွက်ကျတော့ အသုံးမ၀င်လှပါဘူး။ တပူပေါ်နှစ်ပူထပ်ဆင့်လာတာကတော့ ဘော့စနီးယားနဲ့ မက်စီဒိုးနီးယား တို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလဲ ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆိုလာကြပြန်ပါတယ်။

၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့မှာ လန်ဒန်မှာ WEU (Western European Union) အစည်းအဝေးလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြင်သစ်က ဦးဆောင်ပြီး ဆာဗ့်နဲ့ခရိုအက်တွေကြားက ပြဿနာကို စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ဖြေရှင်းခြင်း (military intervention) ပြုလုပ်ဖို့ အဆိုတင်သွင်းပါတယ်။ ဒီအဆိုကို ဘယ်လဂျီယန်နဲ့ အီတလီက ထောက်ခံခဲ့ပြီး၊ ဒိန်းမတ်နဲ့ ပေါ်တူဂီကတော့ တက်တက်ကြွကြွ ထောက်ခံခြင်း မရှိခဲ့ပါဘူး။ ဗြိတိန်ကတော့ လိုအပ်မယ့် စစ်အင်အားနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။ လူမျိုးရေး၊ နိုင်ငံခွဲထွက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတွင်းမှာတင် ပြဿနာတွေကလဲ ရှိနေလေတော့ ပါဝင်ပတ်သက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဂျာမဏီကလဲ ဂျာမဏီရဲ့ အခြေခံဥပေဒေ (Grundgesetz) ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ နေတိုင်းနယ်မြေပြင်ပမှာ စစ်အင်အားသုံးဖို့အတွက် လိုအပ်မယ့် စစ်ရေးရာတွေကို အကြောင်းပြခဲ့ပါတယ်။

ဒီတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ယူဂိုဆလားဗီးယား ပြိုကွဲမှုကို တုန့်ပြန်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး အီးစီအတွင်းမှာတင် သဘောထားကွဲလွဲမှုတွေက အများကြီး ဖြစ်နေပါတယ်။ ဒီလိုနဲ့ စက်တင်ဘာ (၁၂) ရက်ရောက်တော့ ဖော့လင်းစစ်ပွဲမှာတုန်းက နှုတ်ထွက်ခဲ့ဖူးတဲ့ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဟောင်း Lord Carrington က ဥက္ကဌ အနေနဲ့ ဦးဆောင်တဲ့ ယူဂိုဆလားဗီးယားရေးရာ နိုင်ငံတကာ ကွန်ဖရင့်တခု Hague မှာ ထွက်ပေါ်လာပါတယ်။ ဒီကွန်ဖရင့် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ မက်ဆီဒိုနီးယားက ဖယ်ဒရေးရှင်းနဲ့ အနည်းငယ်သာ ဆက်စပ်မှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်မှုကို လက်ခံမယ်လို့ အဆိုပြုခဲ့ပါတယ်။ ခရိုအေးရှားကို ယူဂိုဆလားဗီးယား ဖယ်ဒရယ် စစ်တပ်က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ယူဂိုဆလားဗီးယားကို ကမ္ဘာ့ကုလသမဂ္ဂက arms embargo ပြုလုပ်ပါတယ်။

Carrington ရဲ့ တန်းတူညီမျှခွင့်၊ လူမျိုးရေး အခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့် စတာတွေအပေါ်မှာ အခြေခံပြီး ယူဂိုဆလားဗီးယားအတွက် Confederal arrangements တွေ ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီစီမံချက်မှာ နိုင်ငံတော်နယ်နိမိတ် ယခင်အတိုင်း ရှိရေး ဆိုတဲ့ အချက်ပါတဲ့အတွက် ပြဿနာ ပြေလည်ခြင်း မရှိခဲ့ပါဘူး။ ဆာဗီးယားကို ငြိမ်းချမ်းရေးစီမံချက်ကို လက်ခံဖို့ အီးစီက တိုက်တွန်းခဲ့ပြီး၊ လက်မခံခဲ့ရင် တခြားပူးပေါင်းဆောင်ရွက်တဲ့ နယ်မြေဒေသတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုခဲ့ပါတယ်။ နိုဝင်ဘာ (၈) ရက်ရောက်တော့ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်း တခုလုံးရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို အီးစီက withdraw လုပ်လိုက်ပါတယ်။ Hague က ချမှတ်တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ပါ သတ်မှတ်ချက်၊ အခြေအနေတွေကို လက်ခံတဲ့ federal entity တွေကိုပဲ ပြန်လည်ထောက်ပံ့မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအရေးယူမှုဟာ ဆားဗီးယားကို ဦးတည်တာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစီမံချက်ကို ဆားဗီးယားက ငြင်းဆိုခဲ့ပါတယ်။ အီးစီဟာ ဘက်လိုက်ဖြေရှင်းနေမှုတွေ ရှိတယ်ဆိုတဲ့ အမြင်တွေ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်းနဲ့ ခွဲထွက်နယ်မြေထဲမှာ ရှိလာတာကြောင့် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းမယ့် အစီအစဉ်ကို ရှာဖွေလာကြတယ်။ အီးစီလဲ ယူဂိုဆလားဗီးယားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စင်ပေါ်မှာ secondary actor နေရာကို ရောက်သွားခဲ့တယ်။ ဒီလို အခြေအနေတွေ ကြားမှာ ယူအင်မ၀င်လာခင် စင်ပေါ်တက်လာတာကတော့ ဂျာမဏီနိုင်ငံပဲ ဖြစ်ပါတော့တယ်။ နိုင်ငံ၁၃ နိုင်ငံပါဝင်တဲ့ အီးစီက ခေါ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမှုတွေ၊ ခရိုအေးရှားနဲ့ စလိုဗီးနီးယား ဒေသတွေရဲ့ လွတ်လပ်ရေးကြေညာထားမှုကလဲ de facto ဖြစ်လာတဲ့ အခြေအနေတွေမှာ ဂျာမဏီ ဘာတွေ လုပ်ခဲ့သလဲ။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၉၊ ၉၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း-၁၊ အပိုင်း-၂)

Thursday, September 17, 2009

နိုင်ငံရေးဆိုတာ အစိုးရဆိုင်ရာ အနုပညာတရပ်ဖြစ်တယ်။ သိပံ္ပပညာရပ်မဟုတ်တဲ့ ၀ိဇ္ဇာပညာရပ်တခုဖြစ်တယ်

ဂျာမန် Chancellor Bismarck က နိုင်ငံရေးဆိုတာ သိပ္ပံပညာမဟုတ်ဘူး။ ၀ိဇ္ဇာပညာရပ်ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူယူဆတဲ့ ၀ိဇ္ဇာပညာဆိုတာက လူ့အဖွဲ့အစည်းအတွင်းက လူအများစုပေါင်းပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှု၊ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မှုတွေအပေါ် အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်း အစိုးရလုပ်ငန်းဆောင်တာ လုပ်ဆောင်ခွင့် တည်ဆောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ရှေးခေတ်ဂရိနိုင်ငံတွေမှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကနေ မြစ်ဖျားခံလာတယ်လို့ ဆိုနိုင်ပါတယ်။

Politics ဆိုတဲ့ စကားလုံးဟာ polis ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပြီး၊ အဓိပ္ပာယ်ကတော့ မြို့ပြနိုင်ငံဖြစ်ပါတယ်။ ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ အများအပြား ဖွဲ့စည်းပါဝင်ပါတယ်။



ဒီမြို့ပြနိုင်ငံငယ်လေးတွေမှာ သူတို့နဲ့ သက်ဆိုင်ရာ အစိုးရတွေ သီးခြားရှိကြပါတယ်။ ဒီမြို့ပြနိုင်ငံတွေထဲမှာ အကြီးဆုံးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှု အရှိဆုံးနိုင်ငံကတော့ အေသင်နိုင်ငံဖြစ်ပါတယ်။ အေသင်ကို ဒီမိုကရေစီအစိုးရရဲ့ ပုခက်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။ နိုင်ငံရေးကို ဒီအမြင်ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ polis နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ခေတ်သစ်အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုရင်တော့ နိုင်ငံတော်နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေ မှန်သမျှဟာ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအမြင်ကို ယနေ့ခေတ်တွေမှာ လက်ခံနားလည် ထားတာ ပိုများပါတယ်။ လူတွေဟာ ပါလီမန်၊ အစိုးရအုပ်ချုပ်ရေးဆိုင်ရာတွေမှာ လုပ်ကိုင်နေရင်၊ လုပ်ကိုင်ဖို့ကြိုးပမ်းအားထုတ်နေရင် ဒီလူတွေကို နိုင်ငံရေးသမားတွေလို့ လူအများက သတ်မှတ်ကြပါတယ်။

ဒီတော့ ဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံရေးပညာလေ့လာတယ်ဆိုတာ အစိုးရကို လေ့လာတာဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်ထပ်ချဲ့လိုက်ရင် အာဏာကျင့်သုံးမှုကို လေ့လာတာလို့ ဆိုနိုင်လာပါတယ်။ ဒီအမြင်ကို ခိုင်ခိုင်မာမာ ဆိုခဲ့သူကတော့ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အီစတန်ပါ။ သူက နိုင်ငံရေးဆိုတာ လူထုက ပေးလာတဲ့ ဖိအားတွေကို အစိုးရက ဆုပေး၊ ဒဏ်ပေးတာတွေ ပြုလုပ်ပြီး တုန့်ပြန်ဆောင်ရွက်တဲ့ ဖြစ်စဉ်ပေါင်းများစွာ ပါဝင်တဲ့ “တန်ဖိုးတွေကို အာဏာကျင့်သုံးပြီး ခွဲဝေခြင်း“ လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအခါမှာ အာဏာကျင့်သုံးမှုတန်ဖိုးဆိုတာကို လူအဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာတာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ ဒါကို ထပ်ချဲ့ပြီး ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုပ်ငန်းဆောင်တာ စီမံချက်တွေကို အာဏာကျင့်သုံးပြီး ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်၊ မူဝါဒတွေနဲ့ ဆက်စပ်လာပါတယ်။

ဒေးဗစ်အီစတန်တဲ့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပညာရှင်အများအပြားက ကန့်ကွက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို ကျဉ်းမြောင်းတဲ့ အမြင်ရှုထောင့်ကနေ ရှုမြင်မှုကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကို ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ရှုမြင်သူများဟာ နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ မြင်ကြပါတယ်။ Polity ဆိုတာက အစိုးရလည်ပတ်မှုယန္တရားအပေါ်မှာ အခြေတည်ထားတဲ့ လူမှုအဖွဲ့အစည်း စနစ်တရပ်ဖြစ်ပါတယ်။ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ကတော့ ဒါကို လူအားလုံးရဲ့ အကျိုးစီးပွားအတွက် လူမှုအဖွဲ့အစည်းတရပ်ကနေ နိုင်ငံရေးအာဏာကျင့်သုံးပြီး အုပ်ချုပ်တာလို့ ဖွင့်ဆိုထားခဲ့ပါတယ်။ ဒီလို နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ ရှုမြင်တယ်ဆိုရင်တော့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို ကက်ဘိနက်ထဲမှာ၊ ဥပဒေရေးရာချိန်ဘာတွေထဲမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံရေးသမားတွေကပဲ ကျင့်သုံးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအခါမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ တခြားပညာရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မိသားစုတွေက နိုင်ငံရေးပြင်ပကို ရောက်သွားသလို ဖြစ်နေပါတယ်။ ဒီအမြင်ဟာ အစိုးရမှာ မပါဝင်တဲ့ လူအများကို နိုင်ငံရေးပြင်ပကို ဖယ်ထုတ်ထားတာကြောင့် ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်လို့ လူအများက သတ်မှတ်ကြပါတယ်။ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူနေသူတွေကပဲ နိုင်ငံရေးနဲ့ ဆိုင်သလိုဖြစ်နေတဲ့ ဒီအမြင်ထက် ပိုမိုကျယ်ပြန့်တဲ့ နောက်ထပ်အမြင်တခုကတော့ နိုင်ငံရေးဆိုတာ အများနဲ့ ဆိုင်တယ်ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာဖြစ်တယ်

ဒီအမြင် မြစ်ဖျားခံလာတာကတော့ ဂရိနိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ “လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်“ ဆိုတဲ့ အဆိုအမိန့် အပေါ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာလို့ရှုမြင်လာတဲ့အခါမှာ နိုင်ငံရေးရာလား၊ နိုင်ငံရေးရာ မဟုတ်ဘူးလားဆိုတဲ့ ခွဲခြားမှုဟာ ကိုယ်ပိုင်ဘ၀ (private life) နဲ့ အများဆိုင်ဘ၀ (public life) ခွဲခြားမှုအပေါ်မှာ မူတည်လာပါတယ်။

ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ကို အစဉ်အလာအရ ခွဲခြားမှုကတော့ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဆိုင်တဲ့ အစိုးရယန္တရား၊ တရားရုံး၊ ရဲအဖွဲ့၊ စစ်တပ်၊ လူမှုဖူလုံရေးစနစ် စတာတွေက လူအဖွဲ့အစည်းတခုလုံးအပေါ်မှာ တာဝန်ရှိတာမို့ အများဆိုင်ဘ၀ လို့ သတ်မှတ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းမှာကျတော့ မိသားစု၊ မျိုးနွယ်စု၊ ကိုယ်ပိုင်စီးပွားရေး၊ ကုန်သွယ်မှုအသင်းအဖွဲ့၊ လူမှုအဖွဲ့အစည်း စတာတွေ ပါဝင်ပြီး၊ ဒါတွေကို နိုင်ငံတော်က တည်ထောင်တာမဟုတ်ပဲ ပြည်သူပြည်သားတွေက ဖွဲ့စည်းတည်ထောင်တာဖြစ်တဲ့အတွက် ကိုယ်ပိုင်ဘ၀လို့ သတ်မှတ်ပါတယ်။ Edmund Burke ကတော့ သေးငယ်တဲ့ တပ်စုလေးတွေလို့ ခေါ်ဆိုပါတယ်။ ဒီလိုခွဲခြားမှုအပေါ်မှာ အခြေခံမယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံတော်က ထမ်းဆောင်တဲ့ လုပ်ငန်းဆောင်တာ တာဝန်ဝတ္တရားတွေနဲ့ပဲ ပတ်သက်ပြီး၊ လူတဦးချင်းစီရဲ့ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ၊ ယဉ်ကျေးမှုရေး စတာတွေက နိုင်ငံရေးမဟုတ်ပါဘူး။

သို့ပေမယ့်လဲ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာက နိုင်ငံတော်နဲ့သာ ခွဲခြားလို့ရပေမယ့် လူအများနဲ့ကျတော့ ခွဲခြားလို့ မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လူအများကြားမှာ ပါဝင်ပတ်သက်ပြီး လူအများနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ခေတ်သစ်နိုင်ငံရေးပညာက ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ဆိုတာကို ခွဲခြားမှုသဏ္ဍာန်သစ်တမျိုးနဲ့ ချဉ်းကပ်လာပါတယ်။ အများဆိုင်ဘ၀ဆိုတာဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ အနုပညာ၊ ယဉ်ကျေးမှုအားလုံးနဲ့ သက်ဆိုင်ပြီး၊ ကိုယ်ပိုင်ဘ၀ကတော့ မိသားစုနဲ့ အိမ်တွင်းရေးရာတွေနဲ့ သက်ဆိုင်တဲ့ ဆိုတဲ့ သဏ္ဍာန်ပါ။

ဒီသဏ္ဍာန်ကို အမျိုးသမီးဝါဒီတွေက ဝေဖန်ကြပါတယ်။ နိုင်ငံရေးဆိုတာ အိမ်ရှေ့တံခါးမှာတင် ရပ်တန့်သွားပြီး မိသားစုရေးရာတွေ၊ အိမ်တွင်းရေးရာတွေ၊ တဦးနဲ့တဦးဆက်ဆံရေးတွေနဲ့ မပတ်သက်ဘူးဆိုလိုသလို ဖြစ်နေကြောင်း သူတို့ကဆိုပါတယ်။ လူတယောက်က မိမိအိမ်မှာ အိမ်ထောင်ဘက်ဖြစ်သူကို လိမ်ညာလှည့်ဖျားတာ၊ ရိုက်နှက်နှိပ်စက်တာ၊ သားငယ်သမီးငယ်တွေကို ရိုက်နှက်ညှဉ်းပန်းတာတွေ လုပ်နေမယ်ဆိုရင် ဒါတွေကို ကိုယ်ပိုင်ဘ၀ရေးရာလို့ပဲ သတ်မှတ်လို့ မရနိုင်ကြောင်း သူတို့က မီးမောင်းထိုးပြကြပါတယ်။

နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ ဖြစ်တယ်ဆိုတဲ့ ဒီအမြင်နဲ့ ပတ်သက်ပြီး အကောင်းမြင်သူရော၊ အဆိုးမြင်သူတွေပါ ရှိပါတယ်။ အရစ္စတိုတယ် ခေတ်မှာတုန်းကတော့ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ အရေးကို ဆောင်ကျဉ်းပေးတာကြောင့် အင်မတန်မြင့်မြတ်ပြီး၊ တိုးတက်တဲ့ လူ့ဘောင်သစ်ကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းဆောင်တာတရပ်အနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကို ဂျာမန်နိုင်ငံရေးသီအိုရီပညာရှင်နဲ့ တွေးခေါ်ပညာရှင်ဖြစ်တဲ့ Hanna Arendt က ထောက်ခံခဲ့ပါတယ်။ သူမရဲ့ The Human Condition (1958) စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ လူသားတွေရဲ့ ဆက်နွယ်မှုဖြစ်တာကြောင့် လူမှုလုပ်ငန်းဆောင်တာတွေအားလုံးရဲ့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာ အနေနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသီအိုရီပညာရှင်ကြီးတွေဖြစ်တဲ့ Jean-Jacques Rousseau နဲ့ John Stuart Mill တို့ကလဲ ဒီလို အဆိုတွေ ဆိုခဲ့ကြဖူးပါတယ်။ Rousseau က နိုင်ငံသားတွေရဲ့ နိုင်ငံရေးရာတွေမှာ တိုက်ရိုက်စဉ်ဆက်မပြတ် ပါဝင်ပတ်သက်မှုကသာ နိုင်ငံတော်ကို အများနဲ့ ဆိုင်တဲ့ အကျိုးစီးပွား (common good) တနည်းဆိုရင် အများသဘောတူတဲ့ ဆန္ဒ(general will) ကို ဖြည့်ဆည်းဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆိုပါတယ်။ Mill ရဲ့ အမြင်အရလဲ ပြည်သူ့ရေးရာတွေမှာ ပါဝင်ပတ်သက်မှု၊ တနည်းဆိုရင် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လုတဦးချင်း၊ တယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ မြော်မြင်တွေးခေါ်မှုဆိုင်ရာတွေကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအမြင်ကို လစ်ဘရယ်သီအိုရီပညာရှင်တချို့က ဆန့်ကျင်ကြပါတယ်။ သူတို့အဆိုအရ ကိုယ်ပိုင်ဘ၀ဆိုတာ ရွေးချယ်မှု၊ တဦးချင်းလွတ်လပ်မှု၊ တဦးချင်း တာဝန်တွေနဲ့ စပ်ဆိုင်တဲ့ အရာဖြစ်တာကြောင့် စီးပွားရေး၊ မိသားစုဘ၀နဲ့ အားကစားရေးရာတွေမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားသင့်တယ်လို့ ဆိုကြပါတယ်။ ဒီရေးရာတွေမှာ နိုင်ငံရေးပါဝင်တဲ့အခါကျရင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကိုင်မယ်၊ ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်၊ အားကစားကို ဘယ်လိုကစားမယ်၊ ဘယ်သူတွေနဲ့ ကစားမယ်စတဲ့ ရွေးချယ်ခွင့်တွေမှာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိပဲ ၀င်ရောက်စွက်ဖက် သလို ဖြစ်စေနိုင်တယ်လို့ သူတို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရတော့ ကိုယ်ရေးကိုယ်တာတွေကိစ္စရပ်တွေမှာ နိုင်ငံရေးဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက်နှောင့်ယှက်မှုအဖြစ် တွေးမြင်ကြပါတယ်။

နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းပြုလုပ်မှု (compromise) နဲ့ အများသဘောတူလက်ခံမှု (consensus) ဖြစ်တယ် (နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ်)

ဒီအမြင်ရှုထောင့်အရဆိုရင် နိုင်ငံရေးဆိုတာ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အင်အားသုံးဖြေရှင်းမှု၊ အာဏာကို ပရမ်းပတာ အသုံးပြုမှုမဟုတ်ပဲ အပေးအယူ၊ အလျှော့အတင်းပြုလုပ်တာ၊ ပြန်လည်သင့်မြတ်ရေးပြုလုပ်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီအမြင်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေးရာပြဿနာတွေကို အဖြေရှာမှုသဏ္ဍာန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့အခါမှာ စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ အပြန်အလှန်သဘောတူလက်ခံမှုတွေနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ သဏ္ဍာန်ဖြစ်ပါတယ်။ ဒီနေရာမှာ အများသဘောတူလက်ခံမှု (consensus) ဆိုတာက သာမန် သဘောတူညီမှု (agreement) ကို ဆိုလိုတာ မဟုတ်ပါဘူး။ အများသဘောတူလက်ခံမှုဆိုတဲ့သဘောတရားမှာ လူအများ၊ အုပ်စုအများအပြားက ကျုယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု၊ အခြေခံသဘောတရားများပါဝင်မှု စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် အများသဘောတူလက်ခံမှုဆိုတာမှာ တချို့သော အကြောင်းအရာ၊ သဘောတရားတွေ ကွဲပြားမှုကို အတိုင်းအတာ တခုအထိ လက်ခံပေးမှု ပါဝင်ပါတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကြံပြုမှု၊ အပေးအယူပြုမှုတွေအပေါ် အခြေတည်ပြီး ပြုလုပ်တဲ့ procedural consensus ဆိုတာရှိသလို၊ အခြေခံ မူဝါဒရေးရာတွေမှာ သဘောတူညီမှုနဲ့ မတူညီတဲ့ အိုက်ဒီယိုလော်ဂျီရပ်တည်မှုတွေကို ညှိနှိုင်းဆောင်ရွက်တဲ့ sustantive consensus ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို အများသဘောတူလက်ခံမှုတွေ ပေါ်ထွက်လာအောင်ပြုလုပ်ခြင်းကို နိုင်ငံရေးလုပ်ခြင်းအနေနဲ့ အချို့က ရှုမြင်သုံးသပ်ကြတာဖြစ်ပါတယ်။

ဒီအမြင်မှာ အရစ္စတိုကရေစီနဲ့ ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြခဲ့သူကတော့ Bernard Crick ပါ။ သူ့ရဲ့ In Defence of Politics မှာ ဘားနတ်က နိုင်ငံရေးဆိုတာ မတူညီတဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်တွေကို ကိုင်ဆောင်ထားသူတွေအကြားမှာ အများပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရပ်တည်မှုကို ဦးစားပေးပြီး အာဏာခွဲဝေကျင့်သုံးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ လုပ်ငန်းဆောင်တာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအမြင်က လစ်ဘရယ်- ရာရှင်နယ်လစ် အခြေခံသဘောတရားတွေမှာ အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမြင်မှာ အားနည်းချက်နှစ်ခုရှိပါတယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှုထွန်းကားနေတယ်လို့ ကြိုတင် ထင်မြင်သတ်မှတ်ချက်အပေါ်မှာ အခြေတည် ထားပါတယ်။ နောက်တချက်က လူ့အဖွဲ့အစည်းအတွင်းမှာ အများသဘောတူလက်ခံမှု ထွက်ပေါ်လာ အောင် ဆွေးနွေးပြီးလုပ်ယူလို့ရတယ်ဆိုတဲ့ ယုံကြည်ချက်ပါဝင်ပါတယ်။ ဒါကြောင့် ဒီအမြင်ဟာ ရွေးကောက်ပွဲတရားမျှတမှု၊ ပါတီများလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် စတာတွေအပေါ်မှာ အခြေတည်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းနဲ့ အစိုးရစနစ်တွေအတွက်ပဲ ပိုမိုသင့်တော်တယ်လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကိုပဲ ပြုလုပ်တဲ့ အနုပညာတရပ်ဆိုတဲ့ ဒီအမြင်ကို တပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ စစ်အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုလို့ မရနိုင်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ တရားမျှတမှု၊ ပါတီများလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် ဆိုတာတွေ မရှိတဲ့အပြင်၊ ဆွေးနွေးညှိနှိုင်းတတ်မှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှု ကလဲ မထွန်းကားနိုင်သေးလို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအပေးအယူပြုလုပ်မှုဆိုတာမှာ နှစ်ဦးနှစ်ဘက်စလုံးက မိမိတို့ရဲ့ ရပ်တည်ချက်အမြင်တွေကို လျှော့ချပြီး အပေးအယူပြုလုပ်ရတာကြောင့် နှစ်ဘက်စလုံးမှာ ကျေနပ်နှစ်သိမ့်မှုရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တဘက်ရဲ့ အဆိုပြုချက်၊ လုပ်ငန်းဆောင်တာ၊ လမ်းကြောင်းမှာပဲ ပါဝင်ဆောင်ရွက်ရတာဆိုရင်တော့ ဒါကို နိုင်ငံရေးအပေးအယူပြုလုပ်ခြင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ နိုင်ငံရေးအရ အရှုံးပေးပြီး၊ တဘက်ရဲ့ လမ်းကြောင်းမှာ ပါဝင်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးပြီး၊ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်းလုပ်ပြီး နောက်ပိုင်းမှာမှ အများသဘောတူလက်ခံတဲ့ procedural consensus, sustantive consensus ကို ကိုင်ဆောင်ပြီး လမ်းကြောင်းသစ်တခုကို ဖော်ဆောင်ခြင်းကသာ နိုင်ငံရေးအရ ဖြစ်နိုင်ချေတွေကို ပြုလုပ်ခြင်းလို့ ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။ တပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ်နိုင်ငံတွေမှာ ဒီလိုအခြေအနေ ဖြစ်ထွန်းနိုင်ချေ နည်းပါးတာကြောင့်” နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ် ” ဆိုတဲ့ ဒီအမြင်နဲ့ အာဏာရှင်နိုင်ငံများရဲ့ နိုင်ငံရေးကို ဆုံးဖြတ်လုပ်ကိုင်လို့ မရကြောင်း နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ပြခဲ့ကြပါတယ်။


(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၁၇၊၉၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

နိုင်ငံတကာ ဒီမိုကရေစီနေ့ပိုစတာ

Tuesday, September 15, 2009




International Day of Democracy poster (www.iup.org)

(www.iup.org)

(မဖြစ်မနေ လုပ်နေရတဲ့ အလုပ်တာဝန်တွေ၊ မရှိမဖြစ် ပါဝင်ရတဲ့ လူမှုရေးကိစ္စတွေ၊ တနေ့ရွှေ၊ တနေ့ငွေဆိုသလို နေကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေတဲ့ သားသားလေးနဲ့ သွေးတိုးလိုက်၊ ရင်ဘတ်အောင့်လိုက်ဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေကြောင့် ဒီမိုကရေစီရေးရာ ဆောင်းပါးရှည်တပုဒ်ရေးချင်ပေမယ့် ဘ၀နဲ့ ဆန္ဒတထပ်တည်း မကျတာကြောင့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ပိုစတာလေးကိုပဲ အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ပြီး တင်ပေးထားပါတယ်။ စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပြီး ဒီမိုကရေစီအနှစ်သာရများကို ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အပိုင်း- ၁)

Saturday, August 29, 2009

အခန်း (၁)

နိုင်ငံရေးဆိုရာဝယ်


နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ လူအများကို စိတ်လှုပ်ရှားစေတဲ့ စကားလုံးလေးတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတဦးနဲ့တဦး၊ လူ့အဖွဲ့အစည်းတခုနဲ့ တခု၊ လူမျိုးတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံတို့အကြားမှာ သဘောမတူညီမှုတွေရှိနေလို့ပါပဲ။ လူ့လောကမှာ ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်သူတွေက ဘာတွေကို ရသင့်သလဲ၊ ပါဝါနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲမလဲ၊ လူ့အဖွဲ့အစည်းမှာ ပဋ္ဋိပက္ခတွေ ရှိသင့်သလား၊ ပူးပေါင်းဆောင်ရွက်သင့်သလား၊ ဘယ်သူ့ဆီမှာ ပြောရေးဆိုပိုင်ခွင့်ရှိသလဲ၊ ဆုံးဖြတ်ချက်တွေကို လူတယောက်က ချသင့်သလား၊ လူအများက ချသင့်သလား စတဲ့ အထွေထွေ အကြောင်းအရာမျိုးစုံမှာ တွေးခေါ်မှုတွေ ကွဲပြားပြီး၊ အမြင်မတူမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို အမြင်မတူမှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေ၊ ထောက်ပြဝေဖန်မှုတွေကနေ တဆင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အကျိုးစီးပွားဖြစ်ထွန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ လူသားတွေရဲ့ ဘ၀တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့၊ လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာပေးတဲ့ ကြီးကျယ်မြင့်မားသောသိပ္ပံပညာကြီးတရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


ပြီးတော့ နိုင်ငံရေးဆိုတဲ့ သဘောတရားမှာ ဒိုင်ယာလော့ခ်ဆိုတဲ့ သဘောတရားပါဝင်နေပြီး ဖြစ်ပါတယ်။ လူတဦးတယောက်တည်းရှိနေတဲ့အခါမှာ နိုင်ငံရေး မရှိနိုင်ပါဘူး။ လူတဦးတယောက်ဟာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရမှာဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ စီးပွားရေးအဆောက်အအုံကို တည်ဆောက်နိုင်ပါတယ်။ အနုပညာတွေ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူတဦးထပ်ရောက်လာမှသာ နိုင်ငံရေးအပြုအမူတွေကို ဖန်တီးဆောင်ရွက်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင်တွေက ရော်ဘင်ဆန် ခရူးဆိုး ဥပမာကို ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။
ရော်ဘင်ဆန်ခရူးဆိုးနှင့် နိုင်ငံရေး

(၁၇၁၉) ခုနှစ်မှာ ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို ဒယ်နီရယ်ဒီဖိုး ဆိုသူက ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒါကတော့ လူသူကင်းမဲ့နေတဲ့ ကျွန်းတကျွန်းပေါ်မှာ ရေမျောကမ်းတင်ဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးတယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးဟာ နှစ်ပေါင်း (၁၅)နှစ်ကြာအောင် ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျဖြစ်အောင် လုပ်ယူခဲ့ရပါတယ်။ အဲဒီ အထီးကျန်ကာလအခြေအနေမှာ ကျွန်းပေါ်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံး ပျောက်ကွယ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်မှာ အသံထွက်စကားပြောနိုင်သူဆိုလို့ ခရူးဆိုးတယောက်ပဲ ရှိလို့ပါ။

ဒီလိုနဲ့နှစ်ပေါင်းများစွာ နေလာရာကနေ တနေ့ကျတော့ ပင်လယ်ကမ်းစပ်တလျှောက်မှာ လမ်းလျှောက်နေရင်း ခရူးဆိုးဟာ လူ့ခြေရာအစုံကို စပြီး တွေ့ခဲ့ပါတယ်။ “ကျွန်ုပ်သည် မိုးကြိုးပစ်ခံလိုက်ရသော လူတယောက်ကဲ့သို့ ရပ်နေမိသည်“ ဆိုပြီး ခရူးဆိုးက ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန်အထိ ခရူးဆိုးတယောက် နိုင်ငံရေး ပြဿနာမျိုးစုံကို ရင်ဆိုင်ရပါတော့တယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ ဘယ်သူလဲ။ မိတ်ဆွေလား ရန်သူလား။
အဲဒီ အသိနဲ့ သူ့ဘာသာသူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သစ်တွေ ပြုလုပ်ရပါတော့တယ်။ ခရူးဆိုးလုပ်ခဲ့တာကတော့ ယနေ့ခေတ်အခေါ် လက်နက်တပ်ဆင်ရေး၊ ကာကွယ်ရေး စီမံချက်ပါပဲ။ ပထမဦးဆုံး သူနေတဲ့နေရာကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်တယ်။ နောက်တော့ ပုန်းခိုရာနေရာများ၊ ပြောင်းချောသေနတ်များချထားရန် နေရာများ သတ်မှတ်တယ်။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားတယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ သူ့အပေါ်ကို အန္တရာယ်ရှိချင်မှရှိမယ်။ မဟုတ်ပဲ အန္တရာယ် ရှိချင်လဲ ရှိလာနိုင်တယ်ဆိုတဲ့ အမြော်အမြင်၊ ဆင်ခြင်တုံတရားနဲ့ ကာကွယ်ရေး မူဝါဒကို ပြဌာန်းထားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခရူးဆိုးဟာ ကျွန်းပေါ်မှာ လူတယောက်တည်းတင်မကပဲ လူအများ ရောက်ရှိလာတယ်ဆိုတာကို သဲလွန်စရသွားတယ်။ အဲဒီလူတွေဟာ လူသားစားလူရိုင်းများဖြစ်တာလဲ သိပြီးနောက်ပိုင်း ကိုယ့်ဘက်တင်သာမက အခြားတဘက်ကိုပါ စတင်မေးခွန်းထုတ်လာရတယ်။ သူ့ရဲ့ ကာကွယ်ရေးမူဝါဒ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဖမ်းဆီးစားသောက်ခံရခြင်းကနေ လွတ်မြောက်မှာလား၊ မလွတ်မြောက်ဘူးလားကို သူကိုယ်တိုင် သေချာမသိပါဘူး။ ဒါပေမယ့် အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးစားဖို့ သူစိတ်ပိုင်းဖြတ်ထားလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ သူ့ဘာသာသူ ကာကွယ်ရေးနည်းလမ်း များ တိုးတက်လာဖို့ အစွမ်းကုန်ကြိုးစားတယ်။

ခရူးဆိုးမှာ တယောက်တည်းဖြစ်ပြီး၊ လူသားစားလူရိုင်းများကတော့ အများနှင့်ဖြစ်တာကြောင့် ခရူးဆိုးရဲ့ ရပ်တည်ရေးမူက တတ်နိုင်သမျှ အဲဒီလူတွေကို ရှောင်ရှားရန်ဖြစ်တယ်။ ဒီလူတွေရဲ့ အခြေအနေကို လေ့လာစူးစမ်းပြီး၊ မိမိတည်ရှိနေမှုကို မသိအောင် ပုန်းကွယ်နေတဲ့ နည်းနဲ့ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီလို လေ့လာစူးစမ်းနေရင်း သူ့မူကို ပြောင်းလဲရတော့မယ့် အခြေအနေတခု ဖြစ်ပွားလာပါတော့တယ်။ အဲဒါကတော့ လူသားစားလူရိုင်းတွေရဲ့ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။

“ကျွန်ုပ်၏ အသိဥာဏ်များလင်းလက်သွားသည်။ ကျွနိုပ်၌ အခိုင်းအစေတယောက်၊ ဖြစ်နိုင်လျှင် အပေါင်းအဖော်တယောက်၊ လက်ထောက်တယောက် ရရှိရန် အချိန်ရောက်လာပြီဟု ယူဆလိုက်သည်။ ထိုယူဆချက်သည် သနားစရာကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ လို့ သူကဆိုခဲ့တယ်။ အဲဒီစေ့ဆော်ချက်ရှိလာတာနဲ့ ခရူးဆိုးဟာ လက်နက်စွဲကိုင်ပြီး လိုက်လံဖမ်းဆီးသူတွေနဲ့ အလိုက်ခံရသူကြားကို ၀င်ရောက်နေရာယူလိုက်တယ်။ လူသားစားလူရိုင်းတယောက်ကို အလဲထိုးချ လိုက်တော့ နောက်တယောက်က ခရူးဆိုးကို မြှားနှင့်ချိန်ရွယ်လို့ အဲဒီလူကိုပါ သတ်ပစ်လိုက်ရတယ်။

ဒီလိုနဲ့ နောက်ပိုင်းကျတော့ ခရူးဆိုးဟာ လူသားနှစ်ယောက်ပါတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်လိုက်တယ်။ လူရိုင်းများလက်က ကယ်တင်လာတဲ့သူကို ဖရိုင်းဒေးလို့ အမည်ပေးလိုက်တယ်။ သူ့ကို သခင်လို့ ခေါ်ဖို့ ခရူးဆိုးက ဖရိုင်းဒေးကို သင်ထားတယ်။ အစပိုင်းမှာ ဖရိုင်းဒေးကို စိတ်ချယုံကြည်မှု အပြည့်အ၀မရှိခဲ့ဘူး။ ညအိပ်ရင် တံခါးပိတ်အိပ်တယ်။ သူ့မျက်စိရှေ့မှာ ရှိနေချိန်ကလွဲရင် ဖရိုင်းဒေးလက်ထဲမှာ လက်နက်တွေ မရှိဖို့ သူသတိထားတယ်။ အဲဒီကနေ တဖြည်းဖြည်းချင်း သူတို့နှစ်ယောက်ကြားမှာ တဦးပေါ်တဦး စိတ်ချယုံကြည်မှုတွေ တိုးတက်လာတယ်။ ဆက်ဆံရေး အခြေအနေမှာ သခင်နဲ့ ကျွန်ဆက်ဆံရေးပဲ ဖြစ်ပေမယ့် အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းလို နေထိုင်ဖို့ သူတို့ နှစ်ယောက် တယောက်ကိုတယောက် စတင်လေ့လာစပြုလာတယ်။

ဒီလိုအခြေအနေမှာ လူသားနှစ်ဦးသာရှိတဲ့ လူ့အဖွဲ့အစည်းထဲကို အခြားလူသားနှစ်ဦး ထပ်မံရောက်ရှိလာတယ်။ လူသားစားလူရိုင်းတွေလက်က ထွက်ပြေးလွတ်မြောက်လာသူတွေပဲဖြစ်တယ်။ “ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက်လာသည်နှင့်အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံလာသည်ဟု ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည်တခုလုံးအား ကျွန်ုပ်ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အဖြစ်သို့ သွတ်သွင်းရသည်။ သို့မှသာ ကျွန်ုပ်၏ အုပ်ချုပ်မှု အာဏာတည်မြဲမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်၏ နိုင်ငံသားများအလုံးစုံ သစ္စာ ခံစေရန် ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေပြုသူဖြစ်သည်။ ၄င်းတို့သည် အသက်နှင့် ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင်ဖြစ်သည်“ ဟူ၍ ခရူးဆိုးက ရေးသားခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ ထပ်ဖြစ်လာတဲ့ နောက်တဆင့် နိုင်ငံရေးကြောင့် ခရူးဆိုးလွတ်မြောက်ပြီး အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတကြိမ် ကျွန်းပေါ်ကို ထပ်ရာက်လာသူတွေကတော့ အင်္ဂလိပ်သင်္ဘောသားတွေပါ။ လူသားစားလူရိုင်းတွေလိုပဲ သင်္ဘောသားတွေကလဲ နှစ်အုပ်စုကွဲနေတယ်။ စားမည့်သူနဲ့ အစားခံရမည့်သူတွေတော့ မဟုတ်ဘူး။ ပုန်ကန်ဖီဆန်သူများနဲ့ ဓားစားခံဖြစ်နေတဲ့ အရာရှိနှစ်ဦးနဲ့ ခရီးသည်များ ဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ အဲဒီ အခြေအနေမှာ ခရူးဆိုးက အရေးနိမ့်သူတွေဘက်က ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုဆုံးဖြတ်ပြီး ပုန်ကန်သူသင်္ဘောသားတွေ ကျွန်းပေါ်မှာ စူးစမ်းလေ့လာနေတုန်း အရာရှိအုပ်စုကို သူချဉ်းကပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းတယ်။ အဲဒီအဆိုပြုချက်က ကမ်းလှမ်းချက်နှစ်ရပ်ကို လိုက်လျောရင် ရန်သူလက်က လွတ်မြောက်ဖို့ အကူအညီပေးမယ်လို့ဆိုတာဖြစ်တယ်။ ကမ်းလှမ်းချက် အမှတ်(၁)က ကျွန်းပေါ်မှာ နေထိုင်စဉ်ကာလတလျှောက် သူ့အာဏာတည်မှုကို မငြင်းဆန်ဖို့နဲ့ ကမ်းလှမ်းချက် (၂)က သင်္ဘောကို ပြန်သိမ်းပိုက်နိုင်ရင် သူနဲ့ သူ့လူတွေကို အင်္ဂလိပ်ရေလက်ကြားကို ပို့ဆောင်ပေးဖို့ဖြစ်တယ်။

ကမ်းလှမ်းချက်ကို လက်ခံတဲ့အတွက် ခရူးဆိုးက သူတို့တွေကို လက်နက်တပ်ဆင်ပေးပြီး ပုန်ကန်သူတွေကို အတူတကွ ၀ိုင်းဝန်းနှိမ်နင်းပြီး ခေါင်းဆောင်ကို ကြိုးပေးသတ်လိုက်တယ်။ ငယ်သားတွေကို လက်နက်ဖြုတ်သိမ်းပြီး ကျွန်းပေါ်မှာ နေရစ်ခဲ့မည်လား (သို့မဟုတ်) သံခြေကျင်းခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုပြီး ရွေးချယ်ခိုင်းတယ်။ အသက်ရှင်မှုကို ရွေးချယ်ကြလို့ ကျွန်းပေါ်တွင် ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ ခရူးဆိုးနဲ့ သူ့ မဟာမိတ်တွေဟာ အင်္ဂလန်ကို ချောမောစွာ ပြန်ရောက်ခဲ့ကြတယ်။

ဒီဥပမာဟာ ဖရိုင်းဒေးဆိုတဲ့ နောက်ထပ်လူသားတယောက် ပေါ်ထွက်လာချိန်မှာ နိုင်ငံရေး စတင်ပေါ်ထွက်လာခဲ့တာ၊ ရန်သူလား၊ မိတ်ဆွေလား မသိတဲ့ နောက်ထပ်လူတယောက် ကျွန်းပေါ်မှာ ရှိနေပြီလို့ သိလာတဲ့ အချိန်မှာ မိမိကိုယ်ကို ကာကွယ်ရေး မူတွေ ချမှတ်လာတွေ၊ လူအများရောက်လာချိန်မှာ အပေးအယူလုပ်တာတွေ၊ အရေးနိမ့်သူဘက်က ရပ်တည်ပေးရင်း ကိုယ့်အတွက် အကျိုးရှိမယ့် ရလာဒ်ကိုပါ တွက်ချက်စဉ်းစားတာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ လူတဦးတယောက်ထက် ပိုလာတဲ့ အချိန်အခါမျိုးမှာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ်သဘောတရားတွေ၊ အာဏာကျင့်သုံးမှုတွေ ပါဝင်နေပြီးသားလို့ ပညာရှင်တွေက အဆိုပြုထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးရဲ့ သဘောတရားတွေကို လူနှစ်ဦးနှစ်ယောက်ကနေ ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ကြည့်ကြရအောင်ပါ။

နိုင်ငံရေး အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

နိုင်ငံရေးဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ပြဿနာနှစ်ရပ်နဲ့ ကြုံကြရတယ်လို့ နိုင်ငံရေးပညာရှင် အင်ဒရူးဟေးဝဒ်က ရေးသားခဲ့ဖူးပါတယ်။ ပထမပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်တမျိုးနဲ့ သဘောပေါက်နေကြတာမျိုးပါ။ တချို့က ဒါကို ပညာရပ်နယ်ပယ်တခုလို့ သဘောထားကြတယ်။ တချို့ကျတော့လဲ နိုင်ငံရေးဆိုတာကို မိမိလိုရာ အမြင်၊ အတွေးတွေနဲ့ ဆွဲယူနားလည်ထားကြတယ်။ ပိုဆိုးတာကတော့ နိုင်ငံရေးဆိုတာကို ညစ်ညမ်းတဲ့ စကားလုံး၊ ရှုပ်ထွေးတဲ့ စကားလုံး အဖြစ် ရှုမြင်သူတွေ ရှိနေတာပါ။ နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ စစ်ပွဲတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ ပြဿနာတွေ၊ အကျဉ်းထောင်တွေ၊ လိမ်ညာလှည့်ဖျားမှုတွေကိုပဲ ဆက်စပ်တွေးမိနေကြသူတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောတရား တွေထဲမှာ ဒီအကြောင်းအရာတွေ ပါဝင်တာမှန်ပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေး၊ လူအများအကျိုးသယ်ပိုးဆောင်ရွက်ရေး၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး မူဝါဒများ ချမှတ်ရေး စတာတွေနဲ့လဲ ဆက်စပ်နေတာဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် အဒရီယန် လက်ဘ်ဝစ်ခ်ျ ကတော့ နိုင်ငံရေးဆိုတာ စုပေါင်းလုပ်ဆောင်တဲ့ လူမှု လုပ်ငန်းဆောင်တာတွေအားလုံးရဲ့ ဗဟိုချက်မဖြစ်ပြီး၊ မိသားစုတွင်းမှာလဲ မိသားစုနိုင်ငံရေး၊ မိတ်ဆွေသူငယ်ချင်းအုပ်စုမှာလဲ မိတ်ဆွေအုပ်စုနိုင်ငံရေး၊ လူမျိုးတွေမှာလဲ အမျိုးသားနိုင်ငံရေး၊ ကမ္ဘာကြီး တခုလုံးမှာလဲ ကမ္ဘာ့ နိုင်ငံရေး စသဖြင့် အလွှာမျိုးစုံ၊ နေရာစုံမှာ နိုင်ငံရေးဆိုတဲ့ သဘောတရား ပါဝင်ပတ်သက်နေတယ် လို့ ဆိုထားခဲ့ပါတယ်။

နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နောက်ထပ်ကြုံကြတဲ့ ပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်မှုအမြင်တွေ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ တချို့က နိုင်ငံရေးဆိုတာကို အာဏာကျင့်သုံးမှုလို့ နားလည်ကြတယ်။ တချို့ကကျတော့ အများစုပေါင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်မှုလို့ မြင်ကြတယ်။ တချို့ကကျတော့ ရှားပါးတဲ့ အရင်းအမြစ်တွေကို ခွဲဝေအသုံးချမှုလို့ ယူဆကြတယ်။ တချို့ကကျတော့ နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ဖျားတဲ့ အနုပညာတရပ်လို့ တွေးမြင်ကြပြန်တယ်။ နိုင်ငံရေးလောကဆိုတာ ရှုပ်ထွေးတယ်၊ ပါးနပ်လိမ်မာမှရမယ်၊ ကွက်ကျော်ရိုက်နိုင်မှ ရမယ်ဆိုတဲ့ အဆိုတွေဟာ ဒီနောက်ဆုံး အတွေးအခေါ်ကနေ မြစ်ဖျားခံလာတာဖြစ်တယ်။ နိုင်ငံတနိုင်ငံက လူအများဆီမှာ ဒီအတွေးအခေါ်၊ အမြင်တွေ ရှိလာရင် သိပ်အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးနောက်ကွယ်က လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်စေတဲ့ ကြီးကျယ်မြင့်မြတ်သော သဘောတရားတွေကို မရှုမြင်နိုင်တော့လို့ပဲဖြစ်ပါတယ်။ မျက်စိတဘက်ရဲ့ အလင်းရောင်ကို အမှောင်ဖုံးသွားတာနဲ့ အတူတူပဲ ဖြစ်သွားတတ်တာကြောင့် အဆိုးနဲ့ စမြင်တဲ့အခါ ကောင်းမွန်တာတွေကို မမြင်နိုင်တော့ပါဘူး။ ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့သဘောတရားကို အဆိုးဘက်ကကော၊ အကောင်းဘက်ကပါ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြရမှာ အမြင်လေးမျိုးကွဲပြားခြားနားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံရေးဆိုတာ အစိုးရဖွဲ့စည်းခြင်း၊ အုပ်ချုပ်ခြင်း အနုပညာတရပ်လို့ မြင်ကြတာဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ (public affairs) လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ တတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်း ပြုလုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တနည်းဆိုရင် ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာ တရပ်ကို တွေးမြင်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုလို့ ရှုမြင်တာဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း - ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး

ကလေးသူငယ်များရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားစွမ်းရည်တွေဖြစ်တဲ့ နားလည်မှု စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကလေးငယ်လေးတွေ စပြီး တွားသွားလာတာ၊ တတောက်တောက်လျှောက်လာတာလေးတွေဟာ သူတို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လာနိုင်မှုအတွက် ပထမဆုံး ကြိုးပမ်းအားထုတ်တာလေးတွေပါ။ ကလေးငယ်လေး စပြီး တွားသွားလာတာနဲ့ မိဘဆွေမျိုးတွေက ကလေးငယ် ရွေ့လျားနိုင်မယ့် ပတ်ဝန်းကျင်သစ်လေးကို ဖန်တီးပေးရပါမယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကို ဖယ်ရှားပေးတာ၊ သူ့အတွက် ကစားစရာ နေရာ သတ်မှတ်ပေးတာလေးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှလဲ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။



ကလေးငယ်ရဲ့ ကိုယ်ကာယကြီးထွားမှုနှုံးဆိုတာ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွာခြားပါတယ်။ ကိုယ်ကာယကြီးထွားနှုန်းဆိုတာက ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကြီးထွားမှုနဲ့ ဆက်စပ်တာဖြစ်ပြီး၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးကတော့ ကိုယ်ခန္ဓာကို ထိန်းချုပ်ရွေ့လျားနိုင်မယ့် စွမ်းရည်နဲ့ ဆိုင်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည် တိုးတက်မှုကို ပညာရှင်တွေက တိုးတက်မှုပုံသဏ္ဍာန်တွေ ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီသဏ္ဍာန်တွေကတော့

(၁) ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုဆီသို့
ကလေးငယ်လေးဟာ လမ်းမလျှောက်နိုင်ခင်မှာ မတ်တပ်အရင်ရပ်တာ၊ ခုန်ပေါက်ပြေးလွှားတာတွေ မလုပ်နိုင်ခင်မှာ လမ်းအရင်လျှောက်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

(၂) ဦးခေါင်းမှ သည် ခြေဖျားဆီသို့
ကလေးငယ်လေးရဲ့ တိုးတက်မှုက ခေါင်းကနေ စတင်ပါတယ်။ ဦးခေါင်းကို ဘယ်ညာ လှည့်လာတာကနေ လက်ကလေးတွေ လှုပ်တာ၊ ခြေထောက်လေးတွေ လှုပ်လာတာလေးတွေနဲ့ အဆင့်ဆင့် တိုးတက်လာပါတယ်။

(၃) အတွင်းမှ အပြင်သို့
ကလေးငယ်လေးဟာ သူ့လက်လေးတွေကို အသုံးပြုတဲ့အခါမှာ အရာဝတ္ထုပစ္စည်း (ဥပမာ- အရုပ်၊ သော့တွဲ) တခုကို လိုချင်တဲ့အခါ ဒီပစ္စည်းဆီ ရောက်အောင် အရင် လက်က လှမ်းပါတယ်။ နောက်မှ ကောက်ယူနိုင်တဲ့အထိ အဆင့်ဆင့် တိုးတက်သွားပါတယ်။

(၄) ယေဘုယျမှသည် သီးခြားဆီသို့
အရမ်းငယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကျေနပ်ပျော်ရွှင်မှုကို ယေဘုယျတုန့်ပြန် တာလေးတွေဖြစ်တဲ့ မျက်လုံးလေးကျယ်လာတာ၊ လက်ကလေးနဲ့ ခြေထောက်ကလေးတွေကို ဝှေ့ယမ်းတာနဲ့ ပြသပါတယ်။ အရွယ်နည်းနည်း ရလာတဲ့ အခါကျတော့ သူတို့ရဲ့ ပျော်ရွင်မှုကို ပြုံးပြတာ၊ လက်ခုပ်တီးပြတာလေးတွေနဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြုလုပ်တတ်လာပါတယ်။

ဒီလို သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုမှာ စွမ်းရည်အမျိုးအစားနှစ်မျိုးရှိပါတယ်။ တမျိုးကတော့ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (gross motor skills) ဖြစ်ပြီး၊ နောက်တမျိုးကတော့ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (fine motor skills) ဖြစ်ပါတယ်။ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်က ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့ ကြွက်သားတွေကို အသုံးပြုရတဲ့ စွမ်းရည်တွေဖြစ်ပြီး၊ လမ်းလျှောက်တာ၊ ပြေးလွှားတာ၊ အမြင့်ကို တွယ်တက်တာ တွေနဲ့ စပ်ဆိုင်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ လက်လှုပ်ရှားမှုစွမ်းရည် (အရာဝတ္ထု၊ ဘောလုံးစတာတွေကို လွှင့်ပစ်တာ၊ ဖမ်းယူတာ) တွေနဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည် (လက်ညှိုးညွှန်တာ၊ ပုံဆွဲတာ၊ ခရင်းနဲ့ဇွန်းတွေ အသုံးပြုတတ်တာ၊ စာရေးတာ၊ ဖိနပ်ကြိုးချည်တာ) စတာတွေ နဲ့ ဆက်စပ်ပါတယ်။

အခုဆက်လက်ပြီး ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတွေကို တင်ပြပါမယ်။

အသက် (၁၂) လ
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ လဲလျောင်းရာကနေ ငုတ်တုတ်ထိုင်နိုင်တာ၊ လူတွေနဲ့ အိမ်သုံးပရိဘောဂတွေရဲ့ အကူအညီမပါပဲ မတ်တပ်ရပ်နိုင်တာ၊ လက်နဲ့ ဒူးကို အသုံးပြုပြီး တွားသွားနိုင်တာ၊ ကြမ်းပြင်ပေါ်မှာ ၀က်ဝံသွားသွားနိုင်တာ၊ တယောက်တည်း အကြာကြီး မတ်တပ်ရပ်နေနိုင်တာ၊ လူတယောက်ရဲ့ လက်တဘက်ကို ကိုင်ပြီး လမ်းစလျှောက်နိုင်လာတာတွေ ဖြစ်ပါတယ်။ အသက် ၁၃ လရှိတဲ့ ကလေးငယ်တ၀က်ကျော်က လမ်းလျှောက်လာနိုင်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လှောနိုင်တာ၊ အရုပ်နဲ့ ပစ္စည်းတွေကို တမင်ပစ်ချတာ၊ လွှင့်ပစ်တာ၊ ကျသွားတဲ့ နေရာကို လိုက်ကြည့်တာ၊ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးထိပ်လေးကို အသုံးပြုပြီး ကောက်ယူဖို့ ကြိုးစားတာ၊ သူနှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတာ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေမှာ ကလေးတွေက ပစ္စည်းတွေပစ်ချရင် မိဘတွေက ခဏခဏကောက်ပေးရတာကို စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပစ်ချလိုက်၊ ကောက်ပေးလိုက်နဲ့ ကလေးနဲ့ ကိုယ်နဲ့ ကစားနေတဲ့ ကစားပွဲလေးတခုအနေနဲ့ သတ်မှတ်လိုက်ရင် ပျော်စရာကောင်းသွားပါမယ်။

ဆယ့်နှစ်လသားအရွယ်ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီးမိဘတွေက လုပ်ပေးသင့်တာတွေကတော့ ကလေးငယ်လေး လမ်းလျှောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေဖို့ ဘီးနဲ့တွန်းလို့ရတဲ့ အရုပ်လေးတွေ ၀ယ်ပေးသင့်ပါတယ်။ သံစုံမြည်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ လက်ချောင်းလှုပ်ရှားမှု တိုးတက်ဖို့ သစ်သားတုံးလေးတွေ၊ တခုနဲ့ တခု အဆင့်ဆင့် ထပ်လို့ရတဲ့ အရုပ်လေးတွေ ပံ့ပိုးပေးသင့်ပါတယ်။ အရုပ်လေးတွေ မရှိဘူးဆိုရင်လဲ ကတ်ထူစက္ကူပုံးလေးတွေနဲ့ ကိုယ်တိုင်လုပ်ပေးလို့ရပါတယ်။ ကလေးငယ်လေးကို နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာလေးတွေကို ပြောပြရပါမယ်။ ကလေးငယ်လေးက နားမလည်ဘူးဆိုပေမယ့် ဒါဟာ စကားပြောစွမ်းရည်တိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောရပါမယ်။ သီချင်းလေးတွေ ဖွင့်ပေးရပါမယ်။

အသက် (၁၈) လ
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ပုံမှန် လမ်းလျှောက်ပြီး၊ ထိုင်ချလိုက်တာ မဟုတ်ပဲ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်တာ၊ လူကြီးတွေထိုင်တဲ့ ကုလားထိုင်ပေါ်တွယ်တက်ပြီး တက်ထိုင်တာ၊ ငုတ်တုတ်ထိုင်ရာကနေ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်တာ၊ လှေကားတွေကို လက်တန်းကိုင်ပြီး တက်နိုင်၊ ဆင်းနိုင်တာ၊ ဒူးထောက်နိုင်တာ၊ ပြေးလွှားနိုင်တာဖြစ်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကလေးငယ်လေးရဲ့ အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြတာ၊ သေးငယ်တဲ့ သစ်သားတုံးလေးတွေကို သုံးဆင့်အထိ ထပ်တင်နိုင်တာ၊ အစားအစာကို သူ့ဘာသာသူဇွန်းနဲ့စားတာ၊ တံခါးဘု၊ လက်ကိုင်တွေကို လှည့်တာ၊ ခဲတံကို ဆုပ်ကိုင်နိုင်တာတွေ ဖြစ်ပါတယ်။

ဒီအရွယ်ကလေးငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်ဖို့အတွက် လူကြီးမိဘတွေ လုပ်ပေးသင့်တာတွေကတော့ သဲတွေ၊ ရေတွေနဲ့ ကစားဖို့ တွန်းအားပေးတာ၊ တွယ်တက်ဖို့အတွက် ခိုင်ခံ့ပြီး နိမ့်တဲ့ ပရိဘောဂတွေ တပ်ဆင်ထားပေးတာ၊ ဘောလုံးလေးတွေ ၀ယ်ပေးပြီး ကန်ဖို့၊ မြှောက်ပင့်ကစားဖို့ လုပ်ပေးတာတွေ ဖြစ်ပါတယ်။ နီးစပ်ရာ အိမ်နီးနားချင်း အရွယ်တူ ကလေးငယ်လေးတွေနဲ့လဲ မိတ်ဆက်ပေးရပါမယ်။ ပွဲတွေ၊ ဈေးတွေလဲ ခေါ်သွားရပါမယ်။ ဒါမှလဲ လူမှုဆက်ဆံရေးစွမ်းရည်ပါတိုးတက်လာပြီး၊ လူအများကြားမှာ အကြောက်အလန့်မရှိ နေတတ်မှာ ဖြစ်ပါတယ်။

နောက်တခုက ဒီအရွယ်မှာ ကလေးငယ်လေးဟာ ပြေးလွှားနိုင်ပေမယ့် သူ့ပြေးလမ်းက အတားအဆီးတွေကို မရှောင်နိုင်ပါဘူး။ တခါတရံ လူကြီးတွေက ထိမိခိုက်မိမှာ စိုးရိမ်ပြီး မပြေးဖို့ ဟန့်တားတတ်ပါတယ်။ အဲဒီလိုဆိုရင်လဲ ကလေးရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် ပန်းခြံ၊ ကွင်းပြင်၊ ဘောလုံးကွင်း၊ ကစားကွင်းစတာတွေဆီ ခေါ်သွားပြီး ကလေးငယ်လေး အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးရပါမယ်။

အသက် နှစ်နှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်တာ၊ အမြဲတမ်းလှုပ်ရှားတက်ကြွဆော့ကစားနေတာ၊ လက်နဲ့ ဘောလုံးကို ကိုင်ပြီး ပစ်နိုင်တာ၊ ဘီးပါတဲ့ ပစ္စည်းတွေကို တွန်းနိုင်တာ၊ ဆွဲနိုင်တာ၊ လှေကားအတက်အဆင်းကို အကူအညီမလိုပဲ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လားစွမ်းရည်တွေကတော့ စက်ဝိုင်းလေးတွေနဲ့ လိုင်းလေးတွေ ဆွဲတတ်တာ၊ ပစ္စည်းလေးတွေကို ကောက်ယူနိုင်တာ၊ သစ်သားတုံးလေးတွေကို ခြောက်ဆင့်အထိ တာဝါဆောက်နိုင်တာ၊ စာအုပ်တွေကို နှစ်သက်ပြီး တရွက်ချင်းလှန်ကြည့်လာတာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီး မိဘတွေက သုံးဘီးစက်ဘီးလေးတွေဝယ်ပေးတာ၊ တွယ်တက်စရာ ပရိဘောဂတွေ ထားပေးတာ၊ ပြေးလွှားဆော့ကစားဖို့ နေရာသတ်မှတ်ပေးတာတွေ လုပ်သင့်ပါတယ်။ အလုပ်နားရက်တွေမှာ ကလေးငယ်လေးကို ပန်းခြံ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေခေါ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာစေသင့်ပါတယ်။ ပလပ်စတတ်တူ၊ သစ်သားယောင်းမစတာတွေပေးပြီး ဒန်အိုး၊ ဒန်ခွက်စတဲ့ အသံမြည်စေတဲ့ အရာဝတ္ထုတွေကို ခေါက်ခိုင်း၊ တီးခိုင်းရပါမယ်။ ဒါမှလဲ ကလေးငယ်ရဲ့ လက်အသုံးပြုတဲ့ စွမ်းရည် တက်လာမှာဖြစ်သလို၊ အသံလာရာကို လေ့လာစူးစမ်းမှာဖြစ်တဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကိုလဲ တိုးမြင့်ပေးရာ ရောက်ပါတယ်။
သုံးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ နိမ့်တဲ့အရာဝတ္ထုတွေပေါ်ကနေ မျက်နှာပြင်ပေါ် ခုန်ချနိုင်တာ၊ ခြေဖျားထောက်ပြီးရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာ၊ ခြေထောက်တဘက်တည်းပေါ်မှာ ရပ်နိုင်တာ၊ လှေကားကို လှေကားတထစ်ကို ခြေတလှမ်းနှုန်းနဲ့ တက်နိုင်တာ၊ ဘောလုံးကို မြှောက်ပေးနိုင်တာ၊ ဖမ်းယူနိုင်တာ၊ ဘောလုံးကို အားနဲ့ ကန်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ခဲတံကို ဆုပ်ကိုင်နိုင်တာ၊ စာရွက်တွေကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖြတ်နိုင်တာတွေ ဖြစ်ပါတယ်။

လူကြီး မိဘတွေအနေနဲ့က ဒီအရွယ်မှာ ကလေးနဲ့ ဘောလုံးကစားတာတွေ လုပ်ပေးသင့်ပါတယ်။ တချို့က ဘောလုံးကစားတာ မိန်းကလေးနဲ့ မဆိုင်ဘူးထင်တတ်ပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဒီအရွယ်မှာ ခြေ၊လက်အသုံးပြုနိုင်တဲ့ စွမ်းရည်၊ လက်နဲ့ မျက်လုံးတွဲစပ်အသုံးပြုနိုင်မှုစွမ်းရည်တွေအတွက် ဘောလုံး မြှောက်တာ၊ ဘောလုံးကန်တာ၊ ဖမ်းယူတာတွေက အရေးကြီးလှပါတယ်။ ဒီအရွယ်ကစပြီး ကလေးငယ်လေးတွေကို တခြားကလေးတွေနဲ့ ဆော့တတ်အောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့က ကလေးတွေကို အိမ်ထဲမှာပဲ ထားပြီး တခြားကလေးတွေနဲ့ မရောထားချင်ကြပါဘူး။ အဲဒီအခါမှာ ဒီကလေးရဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်တတ်မှုစွမ်းရည်လျော့ကျသွားနိုင်ပါတယ်။ ဒီလိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါမှာ တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။

ဒီအရွယ်ကလေးလေးတွေဟာ စူးစမ်းလေ့လာတဲ့ အလေ့အထတွေ ရှင်သန်နေတာမို့ ဒါကို မပိတ်ပင်ပဲ အားပေးအားမြှောက်လုပ်ရပါမယ်။ ရေကူးတာ၊ ပန်းခြံခေါ်သွားတာ၊ လမ်းလျှောက်တာတွေ လုပ်စေရပါမယ်။ ရောင်စုံခဲတံတွေ၊ စာရွက်တွေတွေ ၀ယ်ပေးပြီး ကလေးရဲ့ ဆန်းစစ်တီထွင်တတ်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးရပါမယ်။ အရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းဖို့ သင်ကြားပေးရပါမယ်။ မိမိ အ၀တ်တွေကို ကောင်းကောင်းသိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးရမယ်။ ကလေးရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်တဲ့ အရည်အချင်းကို တိုးမြင့်လာအောင် နည်းမျိုးစုံနဲ့ သင်ကြားလေ့ကျင့်ပေးရပါမယ်။
လေးနှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ လမ်းလျှောက်တာမှာ ဖြောင့်ဖြောင့် လျှောက်တာ၊ ဘောလုံးကိုဖမ်းယူနိုင်တာ၊ မြှောက်နိုင်တာ၊ ကန်နိုင်တာ၊ ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို ခါးကုန်းပြီး ကောက်နိုင်တာ၊ သုံးဘီးတပ်စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခဲတံကို လူကြီးတွေကို ကိုင်နိုင်လာတာ၊ သစ်သားတုံးလေးတွေကို ၁၀ ဆင့်အထိ ထပ်နိုင်လာတာတွေဖြစ်ပါတယ်။

ဒီအရွယ်မှာ လူကြီးမိဘတွေက ကလေးငယ်ရဲ့ ကိုယ်ကာယလှုပ်ရှားမှု လုပ်နိုင်ခွင့်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကလေးရဲ့ အမြင့်တက်နိုင်တဲ့ စွမ်းရည်တိုးတက်အောင် လုပ်ပေးရပါမယ်။ ဆောက်လုပ်ရေးအရုပ်တွေ၊ သစ်သား အပိုင်းအစတွေနဲ့ ဆော့စေရပါမယ်။ သဲတွေ၊ ရေတွေနဲ့ ဆော့ခိုင်းရပါမယ်။ အ၀တ်အစားကို သူ့ဘာသာသူ ၀တ်တတ်အောင် သင်ပေးရပါမယ်။ ရေအိမ်သွားတဲ့အခါမှာ သူ့ဘာသာသူ သွားတတ်အောင် တွန်းအားပေးရပါမယ်။ တချို့ကလေးတွေက ရေအိမ်သွားတိုင်း မိဘကို ခေါ်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်သွားဖို့ တိုက်တွန်းပြီး သူ့ရဲ့ ကိုယ့်ဘာသာ ကိုယ်အမှီအခိုကင်းကင်း ရပ်တည်နိုင်မှုစွမ်းရည်မြင့်လာအောင် လုပ်ပေးရပါမယ်။ ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာ၊ ကော်ကပ်တာတွေအတွက် လုံလောက်မယ့် ပစ္စည်းပစ္စယလေးတွေ ၀ယ်ပေးထားရပါမယ်။

ငါးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကြိုးခုန်တာ၊ ပြေးလွှားတာ၊ အမြင့်တက်နိုင်တာ၊ ခြေဖျားသုံးပြီး ပြေးတာ၊ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာ၊ ဂီတသံနဲ့ ဟန်ချက်ညီ ကနိုင်တာ၊ ခါးညွှတ်ပြီး ဒူးမကွေးပဲခြေဖျားကို ထိနိုင်တာ၊ ကစားစရာ အမျိုးမျိုး (စီးလျှော၊ ဒန်း၊ climbing frames) တွေကို သူ့ဘာသာ ကစားနိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်အဂါင်္စုံတဲ့ လူပုံဆွဲနိုင်တာ၊ ခဲတံကို ကောင်းကောင်း ကိုင်နိုင်တာ၊ လက်ချောင်းလေးတွေကို အသုံးပြုပြီး ရေတွက်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက အိမ်ပြင်ပမှာ ကလေးတွေ ကစားလို့ရအောင် ဖန်တီးပေးရပါမယ်။ မြို့လယ်တိုက်ခန်းတွေမှာ နေတာဆိုရင် ဘောလုံးကွင်း၊ ပန်းခြံ၊ ကွင်းပြင်တွေ ခေါ်သွားပေးရပါမယ်။ ကလေးကို စက်ဘီးစီးတတ်အောင် သင်ကြားပေးရပါမယ်။ ကလေးငယ်ရဲ့ ကျား၊ မခွဲခြားတဲ့ စိတ်မျိုး မရှိအောင် ယောက်ျားလေးတွေကို ကြိုးခုန်ခိုင်းတာမျိုး၊ မိန်းကလေးတွေကို ဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတာမျိုးတွေ လုပ်ပေးရပါမယ်။ ပုံဆွဲတာနဲ့ ပန်းချီဆွဲတာတွေကို အားပေးရပါမယ်။

ခြောက်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခုန်ပေါက်ပြေးလွှားဆော့ကစားတာ၊ ဘောလုံးကို ခြောက်မီတာအကွာအဝေးရောက်အောင် ကန်နိုင်တာ၊ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ကလေးငယ်ဟာ အက္ခရာစာလုံးတွေ၊ ကိန်းဂဏာန်းတွေကို အရွယ်တူ ရေးတတ်တာ၊ နာမည်ကို ရေးတတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေအနဲ့က ဒီအရွယ်ကလေးငယ်တွေကို အားကစားတမျိုးမျိုး ပြုလုပ်အောင် အားပေးရပါမယ်။ ဘောလုံးကန်တာ၊ ဂျုဒိုကစားတာ၊ ရေကူးတာ စတာတွေ လုပ်ခိုင်းရပါမယ်။ ကလေးငယ်လေးရဲ့ စာအရေးအသားစွမ်းရည် တိုးတက်လာအောင် ဈေးဝယ်စာရင်းရွတ်ပြပြီး လိုက်ရေးခိုင်းတာ၊ ဆွေမျိုးမိတ်ဆွေတွေဆီ စာရေးခိုင်းတာ၊ ဟင်းချက်အညွှန်းတွေ လိုက်ကူးရေးခိုင်းတာတွေ လုပ်ခိုင်းလို့ရပါတယ်။

ခုနစ်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှု စွမ်းရည်တွေကတော့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာ၊ ကိုယ်ခံပညာကစားခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စတာတွေမှာ သက်လုံကောင်းလာတာ၊ ပြေးလွှားရာမှ အရှိန်ထိန်းတတ်တာ၊ ဘောလုံးဖမ်းတာ၊ ပစ်တာတွေကို လက်တဘက်တည်းနဲ့ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာရေးသားတဲ့ စွမ်းရည်မြင့်တက်လာတာ၊ အပ်အကြီးကို သုံးပြီး ချုပ်လုပ်တတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေက ဒီအရွယ်တွေကလေးတွေကို ပြင်ပမှာ ကစားတာကို အားပေးတာ၊ ရေကူး၊ စကိတ်စီး၊ စက်ဘီးစီး၊ ကခုန်တာတွေကို အားပေးတာနဲ့ ကိုယ်ခံပညာတွေ သင်ကြားပေးတာ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ကလေးသူငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတယောက်ဖြစ်စေဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဆက်ဆံရေးစွမ်းရည်၊ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်ဥာဏ် မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားရေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ရေး တွေအပေါ် အကျိုးသက်ရောက် ဆက်စပ်မှုရှိတာကြောင့် မိဘလူကြီးတွေအနေနဲ့ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရင်း၊ ကလေးရဲ့ တိုးတက်မှုတွေကိုလဲ တိုင်းတာ မှတ်တမ်းပြုစုထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ရှင်။

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။ ။

Meggitt, C. & Walker, J. (2004) An Introduction to Child Care and Education, 2nd edition, Hodder, Oxon

Stoppard, M. (2005) New baby care book: a practical guide to the first three years, Penguin, London

မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

လူကုန်ကူးမှု အကြောင်း တစေ့တစောင်း (အပိုင်း -၁)

Sunday, August 23, 2009

စကားချီး


ဒီနေ့ညနေတုန်းက မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း တယောက်က ဖုန်းဆက်လာပါတယ်။ သူကျွန်မတို့ မြို့ကို ရောက်နေလို့ လာလည်လို့ ရမလားဆိုတဲ့ အကြောင်းပါ။ ဘာပဲဖြစ်ဖြစ် ဒီလို ဖုန်းဆက်ပြီးမှ၊ အချိန်ချိန်းပြီးမှ လာလည်တဲ့ ဓလေ့ကို ကျွန်မသိပ်နှစ်သက်တာပဲ။ ဆိုင်းမဆင့်၊ ဗုံမဆင့် ကောက်ခါ ငင်ခါဆို တယောက်ယောက်က အလုပ်များနေရင် နှစ်ယောက်စလုံးအတွက် မကောင်းတာ အမှန်ပါပဲ။ တခါတရံတော့လဲ စိတ်လောကြီးပြီး ကျွန်မလဲ ကောက်ခါငင်ခါ သွားမိတတ်တာတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ နှစ်ဦးနှစ်ဘက် အဆင်မပြေနိုင်တာကြောင့် အလည်သွားတာတွေတင်မက ဖုန်းပြောရင်တောင် တဘက်က အားရဲ့လားလို့ အရင်မေးပြီးမှ စကားဆက်ပြောတတ်တဲ့ အကျင့်ဖြစ်လာခဲ့ပါတော့တယ်။

ဒါနဲ့ ကျွန်မလဲ လွန်ခဲ့တဲ့ အပတ်က သားလေ ရုတ်တရက်တက်ပြီး သတိလစ်သွားလို့ ဆေးရုံမှာ လေး၊ ငါးရက် ရောက်နေတဲ့အကြောင်း၊ အိမ်ပြန်ရောက်တော့လဲ အလုပ်လုပ်စရာတွေ ရေးထားတဲ့ ဒိုင်ယာရီမှတ်တမ်းကိုတောင် ပြန်လှန်မကြည့်ရဲသေးတဲ့ အကြောင်း၊ လာမယ့် အပတ်မှာ မီးဖိုချောင်နဲ့ ရေချိုးခန်း အသစ်ပြင်ဆင်မှုတွေလုပ်ဖို့ ချိန်းပြီးသားဖြစ်နေလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြင်ဆင်နေရတဲ့ အကြောင်းတွေ ပြောပြဖြစ်ပါတယ်။ သူက လာကူပေးလို့ဖြစ်မလားဆိုလာတာကြောင့် သူများအကူအညီ လက်ခံဖို့ ခဲယဉ်းတဲ့ ကျွန်မလဲ ခြေကုန်လက်ပန်းကျနေချိန်မို့လားမသိ။ ၀မ်းသာအားရနဲ့ လက်ခံမိပါတော့တယ်။ နှစ်ယောက်အတူလုပ်လိုက်တော့လဲ အချိန်ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါနဲ့ ညနေစာကို နီးရာဆိုင်တဆိုင်ကနေ မှာပြီး စားဖြစ်ကြရင်း စကားစမြည် ပြောဖြစ်ကြပါတယ်။

သူနဲ့ ကျွန်မဆိုတာကလဲ Anti- money laundering သင်တန်းတခုမှာ ဆုံခဲ့ကြသူတွေ ဖြစ်လေတော့ စိတ်ဝင်စားမှု နယ်ပယ်တွေချင်းက ဆက်စပ်နေတတ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပေဒေရေးရာတွေဆိုတာက တခုနဲ့တခု အနည်းနဲ့အများ ဆက်စပ်နေတာတွေချည်းပါပဲ။ သူက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု နှိမ်နင်းရေး နယ်ပယ်ထဲရောက်၊ ကျွန်မက စစ်ဗျူဟာလေ့လာရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ လေ့လာသူဖြစ်လာပေမယ့် ဒီနှစ်ခုဟာ အတော်ပဲ ဆက်စပ်နေတာကြောင့် ကျွန်မတို့ စကားဝိုင်းကလဲ ဒါတွေအကြောင်းပဲ ဖြစ်နေပြန်ပါတော့တယ်။ သူက အင်တာပိုက ပြုလုပ်နေတဲ့ အာရှရာဇ၀တ်ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက် အေအိုစီ အကြောင်းတွေ၊ ပင်လယ်ဓားပြတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက် ဘာတာ အကြောင်းတွေကို ပြောပြပါတယ်။ ဒီအကြောင်းတွေကတဆင့် အာရှမှာ နာမည်ကြီးနေတဲ့ လူကုန်ကူးမှုအကြောင်းဆီ ရောက်သွားကြပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ကနေဒါ၊ အမေရိကန် နိုင်ငံတွေဆီကို အာရှတိုက်ကနေ လူကုန်ကူးမှုတွေ၊ အာရှတိုက်နိုင်ငံအချင်းချင်း လိင် လုပ်ငန်းဆိုင်ရာ လူကုန်ကူးမှုတွေ၊ ကလေးသူငယ်ကုန်ကူးမှုတွေကို ပြောဆိုဖြစ်ကြပါတယ်။ အာရှတိုက်နာမည်ကြီး လူကုန်ကူးမှုလမ်းကြောင်းတွေဖြစ်တဲ့ ယူဘက်ကစ်စတန်လမ်းကြောင်း၊ မလေးရှားလမ်းကြောင်း၊ ထိုင်းလမ်းကြောင်း၊ ဘော်လကန်လမ်းကြောင်းစတာတွေအကြောင်း ပြောနေကြရင်း မြန်မာနိုင်ငံအကြောင်းတွေ ဆက်ပြောဖြစ်ပါတယ်။


သူက လက်ရှိမြန်မာ့အရေးအခြေအနေတွေရယ်၊ မြန်မာပြည်နဲ့ လူကုန်ကူးမှု ပြဿနာတွေရယ်ကို ဆွေးနွေးမေးမြန်းပါတယ်။ ကျွန်မလဲ သိထားတဲ့ သတင်းအချက်အလက်တွေကို ပြောပြရင်း စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေနဲ့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်သွတ်သွင်းခံရမှုတွေကိုပါ ထည့်သွင်းပြောဆိုဖြစ်ပါတယ်။ လူကုန်ကူးမှု တားဆီးရေးနဲ့ ပတ်သက်ပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ မြန်မာ့ဥပေဒေ ဘက်တော်သားတွေ ၊ တရားစီရင်ရေးစနစ် စတဲ့အကြောင်းကိုပါ ပြောပြရင်း မြန်မာပြည်ကြီး မလွတ်မြောက်သေးသမျှ မြန်မာပြည်သူတွေ ပိုမိုဆိုးဝါးတဲ့ ဘ၀တွေ ခံနေရမှာပဲ လို့ မှတ်ချက်ပေးဖြစ်ပါတယ်။

ဒီတော့ သူက ကျွန်မပြောတဲ့ မှတ်ချက်ကို လက်ခံတယ်။ အာဏာရှင်စနစ်ဆိုးတွေမှာ ဥပဒေဘက်တော်သားတွေဟာ မဆိုင်တဲ့ အလုပ်တွေ ပိုလုပ်နေကြရတယ်။ လူကုန်ကူးမှု၊ ဘိန်းကုန်ကူးမှုတွေကို တိုက်ဖျက်ရေးမှာ သုံးရမယ့် အင်အားတွေကို နိုင်ငံရေးလောက အတွက် ဖြုန်းနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ ဒီမိုကရေစီ စနစ်မှာလဲ အခုလို အခြေအနေမဆိုးရင်တောင် ရှိတော့ရှိနေမှာပဲ ဖြစ်တဲ့အတွက် ဒီမိုကရေစီမရခင်ကတည်းက လုပ်နိုင်တာတွေကိုလဲ ကြိုလုပ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။ သူ့စကားက စိတ်ဝင်စားစရာ ကောင်းတာကြောင့် အသေးစိတ်ဆက်ဆွေးနွေးဖြစ်သွားပါတယ်။

သူက လူကုန်ကူးမှုကျူးလွန်သူတွေမှာ သားကောင်ကို စည်းရုံးသူ၊ လမ်းကြောင်းဆက်သွယ်သူ၊ လမ်းကြောင်းတလျှောက် သယ်ယူပို့ဆောင်ပေးသူနဲ့ သားကောင်ကို လက်ခံသူစတာတွေ ပါဝင်ကြောင်း ပြောပြပါတယ်။ ရာဇ၀တ်မှုကျူးလွန်သူ အများအပြားပါဝင်မှု၊ သတင်းအချက်အလက် ရယူနိုင်မှုအားနည်းချက်၊ သတင်းရတဲ့ အချိန်နှောင့်နှေးမှု စတာတွေဟာ ဥပဒေဘက်တော်သားတွေအတွက် အခက်အခဲ ကြန့်ကြာမှုတွေ အများအပြား ဖြစ်စေနိုင်တဲ့ အကြောင်း ရှင်းပြပါတယ်။ နောက်တချက်က သားကောင်အမျိုးအစားပါ။ တချို့က ဒါနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိတာဖြစ်ပါတယ်။ တချို့ကကျတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကြောင့် ဘယ်လိုပဲကြုံကြုံဆိုပြီး စွန့်စားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကုန်ကူးမှုရဲ့ သားကောင်ဘ၀ ကျရောက်ရတဲ့အခါမှာ အသက်သေကြေပျက်စီးမှု၊ ဘ၀ ပျက်မှု၊ ဥပဒေကြောင်းအရ ပြစ်ဒဏ်ကျ အရေးယူခံရမှုတွေ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ဒီလိုဆိုးကျိုးတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ အချက်အလက်တွေ၊ လူကုန်ကူးမှု ကျူးလွန်တတ်တဲ့ ရာဇ၀တ်သားတွေရဲ့ စည်းရုံးရေး နည်းလမ်းတွေကို လူထုကို ပညာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာမှ မြန်မာပြည်လို နိုင်ငံတော်က ပညာပေးမှု အားနည်းတဲ့ တိုင်းပြည်တွေမှာ ပြည်သူမှ ပြည်သူသို့ ပညာပေးခြင်း နည်းလမ်းကို အကောင်အထည်ဖော်လို့ရတဲ့အကြောင်း၊ စာပေ၊ စာနယ်ဇင်းတွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေ အများအပြား အသုံးပြုသင့်ကြောင်း ဆိုပါတယ်။

ပညာပေးမှုအပြင် လူထုရဲ့ နိုးနိုးကြားကြား သတင်းပေးပို့မှု နည်းလမ်းကိုလဲ ကျင့်သုံးသင့်ကြောင်း သူက အကြံပြုပါတယ်။ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ အမျိုးသမီးငယ်တွေ၊ ကလေးတွေ၊ ကျောင်းသားတွေကို စည်းရုံးနေတာတွေ တွေ့ရင် တာဝန်ရှိသူတွေကို သတင်းပေးပို့မှုပြုလုပ်တဲ့ နည်းနဲ့ သားကောင်အဖြစ် စည်းရုံးလှုံဆော်ခံရခြင်း လျော့နည်းသွားအောင် လုပ်လို့ရတယ်ဆိုတဲ့ အကြောင်း ပြောရင်း ပြည်တွင်း မြန်မာများသာမက ပြည်ပမြန်မာများမှာပါ တာဝန်ရှိကြောင်း သူက ဆိုလာခဲ့ပါတယ်။ လူကုန်ကူးမှုဆိုတာ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုဖြစ်တာကြောင့် နိုင်ငံတနိုင်ငံတည်းရဲ့ ရဲတပ်ဖွဲ့မှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) မှာဆိုရင် နိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့အချင်းချင်းအကြားမှာ လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရာဇ၀တ်မှု သတင်းအချက်အလက် မှတ်တမ်းတင်မှု စနစ်ရှိကြောင်း ပြောပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ လူကုန်ကူးမှုသားကောင်ဘ၀ ကျရောက်ခဲ့ဖူးသူတွေ၊ မိမိတို့ရဲ့ ပတ်စ်ပို့၊ ခရီးသွားလက်မှတ်တွေကို ခိုးယူခြင်း၊ လိမ်ညာယူဆောင်ခြင်း ခံထားရသူတွေ အနေနဲ့ သက်ဆိုင်ရာနိုင်ငံက ရဲတပ်ဖွဲ့တွေကို သတင်းပေးပို့ ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။ ဒါတင်မကပဲ မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာ တစုံတယောက်က လူကုန်ကူးမှု လုပ်နေတယ်လို့ သိခဲ့ရင် သတင်းပေးပို့သူရဲ့ အမည်ကို ဖော်ပြစရာ မလိုအပ်ပဲ ရာဇ၀တ်မှု ကျူးလွန်သူရဲ့ သတင်းအချက်အလက်ကိုသာ သက်ဆိုင်ရာကို သတင်းပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းလင်းပြောပြခဲ့ပါတယ်။

သူပြောတဲ့ အချက်အလက်တွေကို တချို့ကိုလဲ သင်တန်းတွေမှာ သင်ယူဖူး၊ ကြားဖူးပြီးသားဖြစ်ပေမယ့် ဂရုတစိုက် သတိမထားမိခဲ့ပါဘူး။ တခါတရံမှာ လူတွေက ရှေ့ခရီးမှာ တောင်ကြီးတခု ကာဆီးနေရင် ဒီတောင်ကို ဘယ်လိုဖြိုရမလဲ ဆိုတာပဲ စဉ်းစားနေမိတတ်ကြပါတယ်။ တကယ်တော့ ဒီတောင်ကို ဖြိုရင်း တောင်မပြိုခင်မှာ လုပ်နိုင်မယ့် အလုပ်တွေလဲ အများကြီး ရှိပါသေးတယ်။ တခါက ကျွန်မရေးခဲ့ဖူးပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ပါဝင်စားသူတွေက သူစိတ်ဝင်စားတာကို တကယ်သာ လုပ်မယ်ဆိုရင် ဖယောင်းတိုင် အလင်းကို ပေးနိုင်ပါတယ်။ ဒီအလင်းတွေ ပေါင်းစပ်သွားတာနဲ့အမျှ အလင်းရောင်ကလဲ ကျယ်ပြန့်လာမှာပါ။ ဒီလိုပါပဲ။ ဖယောင်းတိုင်နဲ့ပဲ ရေရှည်သွားလို့တော့ မဖြစ်နိုင်တာကြောင့် စနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် ဒီအရေးကို စိတ်ဝင်စားသူတွေကလဲ လုပ်စရာတွေကို စဉ်ဆက်မပြတ်ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလဲ အနာဂတ်မြန်မာပြည်အတွက် လျှပ်စစ်မီးအလင်းရောင်လို ရေရှည်တည်တံ့မယ့် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ သူလင်းတယ်၊ ငါလင်းတယ်နဲ့ အလင်းထွန်းညှိဖို့ မကြိုးစားပဲ ငြင်းခုံနေတဲ့ အလုပ်ကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အချိန်ကြာမြင့်စွာ အမြစ်တွယ်နေပြီဖြစ်တဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ ပပျောက်ရေးမှာလဲ တဘက်တလမ်းကနေ မြန်မာဆိုတဲ့ တာဝန်အသိနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ရောဂါဆိုတာက အချိန်ကြာကြာ မကုပဲထားရင် ပိုပြီး ဆိုးလာတတ်ပါတယ်။ ဒီမိုကရေစီ မရသေးပေမယ့် မရသေးခင်ကတည်းက ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေကို ကြိုတင်သိမြင် တွေးထားပြီး၊ အခုအချိန်ကတည်းက ရှင်းလို့ရနိုင်တဲ့ အခက်အခဲတွေကို ကြိုရှင်းထားနိုင်ရင် ပိုကောင်းပါတယ်။ အလုံးစုံကင်းစင် ပပျောက်မှာ မဟုတ်ပေမယ့် (ဒီမိုကရေစီနိုင်ငံကြီးတွေလဲ ဒါကိုတော့ မတတ်နိုင်ကြသေးပါ) တဘက်တလမ်းကနေတော့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ နိုင်ငံအများစုရဲ့ အသွင်ကူးကာလတွေမှာ စစ်ပွဲတွေ၊ တရားဥပဒေစိုးမိုးရေး ပြဿနာရပ်တွေ၊ အသစ်တက်လာတဲ့ အစိုးရတွေရဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ဆိုင်ရာ ချို့ယွင်းအားနည်းချက်တွေ၊ ဂိုဏ်းဂန အစွဲတွေနဲ့ အကွဲအပြဲတွေ၊ အတိတ်ပဋ္ဋိပက္ခဟောင်းတွေကို အသက်ပြန်သွင်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အဆိုးဆုံးပြဿနာတွေကတော့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေပါပဲ။ အာဏာရှင်ဟောင်းရဲ့ လက်ကိုင်ဒုတ်တွေ ဖြစ်ခဲ့ဖူးတဲ့ ဥပဒေဘက်တော်သားတွေကိုလဲ အသစ်တက်လာတဲ့ အစိုးရသစ်က အပြည့်အ၀ မယုံကြည်ပါဘူး။ လူထုကလဲ ပူးပေါင်းဆောင်ရွက်မှု နည်းနေတတ်တယ်။ ဒီလိုအချိန်မှာပဲ အာဏာရှင်ဟောင်းလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုတွေကြီးစိုးပြီး ရာဇ၀တ်ဂိုဏ်းသားတွေ အတွက် ထွက်ပေါက်ကြီးတွေ များပြားခဲ့တော့ အသစ်တက်လာတဲ့ အစိုးရရဲ့ governance မှာ ထိခိုက်မှုတွေ အများအပြား ဖြစ်လာပါတော့တယ်။ အသွင်ကူးပြောင်းကာလတွေမှာ အစိုးရသစ်တွေရဲ့ ပြည်ထဲရေး တာဝန်ရှိသူတွေ လုပ်ကြံခံရတာ၊ အသက်အန္တရာယ်ခြိမ်းချောက် ခံရတာတွေဟာ နိုင်ငံများစွာမှာ ဖြစ်ပွားခဲ့ပါတယ်။ ပမာဆိုရရင် စည်းကမ်းကြီးပြီး စာအသင်ကောင်းတဲ့ ဆရာမတယောက် ရောက်လာတာကို ကျောင်းသားကောင်းတွေက သဘောကျပေမယ့် ကျောင်းသားဆိုးတွေက နည်းမျိုးစုံသုံးပြီး ပညာပြကြသလိုပါပဲ။

ဒီလိုအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ လုပ်တာဟာ စစ်တပ်ကို နိုင်ငံတော်ကာကွယ်ရေးအဖွဲ့နေရာကနေ ဖယ်ရှားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရပြီးတဲ့ အခါမှာလဲ တပ်တွင်း ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးနဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ရဲတပ်ဖွဲ့ကို ရပ်ရွာတရားဥပဒေ စိုးမိုးရေး တာဝန်ကနေ ဖယ်ရှားပစ်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး မရှိလို့ မရပါဘူး။ ဒီလိုပါပဲ။ အရပ်ဘက်၊ စစ်ဘက် ထောက်လှမ်းရေးကိုလဲ ဖယ်ရှားပစ်လို့ မရပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ရပ်တည်မှုအတွက် intelligence services လိုအပ်ပါတယ်။ Human intelligence (HUMINT) မရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတာ ကြောက်ခမန်းလိလိ အခြေအနေဆိုးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ စနစ် မတိုင်ခင်မှာကျတော့ ဒီအဖွဲ့အစည်းတွေဟာ အာဏာရှင်လက်ကိုင်ဒုတ်ဘ၀မှာ ပေးတာယူ၊ ကျွေးတာစားနဲ့ တသွေးတသံတမိန့်ကိုသာ နာခံကြရတာကြောင့် လူထုဘက်က မရပ်တည်မချင်း လူထုနဲ့ ပဋ္ဋိပက္ခဖြစ်နေတတ်ပါတယ်။ လူအများက မုန်းတီးကြပါတယ်။ ဒီပဋ္ဋိပက္ခ စိတ်အနာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ ပြည်သူ့အစိုးရသစ်နဲ့ ဒီအဖွဲ့တွေရဲ့ အကြားမှာ၊ လူထုနဲ့ ဒီအဖွဲ့တွေအကြားမှာ ရံဖန်ရံခါ ပေါ်လာတတ်တာတွေ ရှိပါတယ်။ အဲဒီအခါ ရာဇ၀တ်မှုနှိမ်နင်းရေး ကိစ္စမျိုးတွေ၊ တိုင်းပြည်ရဲ့ အရေးပေါ်ကာလတွေမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးတွေမှာ ကြားကနေ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်မယ့် သူတွေ လိုအပ်လှပါတယ်။ တခြား လိုအပ်တဲ့ ကဏ္ဍတွေအများကြီးပါပဲ။

အခုဒီဆောင်းပါးမှာကတော့ လူကုန်ကူးမှု နဲ့ ပတ်သက်ဆယ်နွယ်မှုတွေကိုပဲ အခြေခံ သဘောတရားတွေ၊ ရာဇ၀တ်မှု ကျူးလွန်တတ်သူတွေရဲ့ လုပ်ဆောင်တတ်ပုံ နည်းလမ်းတွေ၊ မိခင်နိုင်ငံက တရားဥပဒေ စိုးမိုးရေးမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးစိုးနေတဲ့အခါ လူကုန်ကူးမှုဖြစ်စဉ်တလျှောက်မှာ ပါဝင်တဲ့ တခြားနိုင်ငံ ဥပဒေဘက်တော်သားတွေကို ဆက်သွယ်ဆောင်ရွက်နိုင်မှုတွေ၊ ဒီမိုကရေစီ ပြောင်းလဲမှုကာလမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖွယ် နည်းလမ်းစတာတွေကို အသေးစိတ် ရေးသားဖော်ပြမှာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၂၊ ၈၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP