ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အဆုံးသတ်တိုက်ပွဲနှင့် အခြားကဗျာများ

Friday, January 9, 2009

အပြည့်အစုံဖတ်ချင်ရင်..>>>

Israel- Palestine

Tuesday, January 6, 2009

အစ္စရေး-ပါလက်စတိုင်း ပြဿနာအကြောင်း တစေ့တစောင်း


စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သုတေသီတွေ၊ ပဋ္ဋိပက္ခဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအတွက် အစ္စရေး- ပါလက်စတိုင်းကြားက ပြဿနာတွေဟာ လေ့လာလို့မကုန်နိုင်တဲ့ ပညာသိုက်ကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ အတွက်ကလဲ ဒီပြဿနာဟာ ခေါင်းခဲစရာ ဖြစ်နေတတ်တယ်။ ဒီပြဿနာအပေါ်မှာ ချဉ်းကပ်အဖြေရှာနည်းတွေ အများအပြားပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန်ထိတော့ ပြဿနာဟာ မပြေလည်နိုင်သေးပါဘူး။ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေ အများအပြားလည်း သေကြေပျက်စီးခဲ့ပြီးပါပြီ။ မီဒီယာအကြမ်းဖက်မှု (Media Terrorism) လို့ခေါ်တဲ့ ပဋ္ဋိပက္ခပြဿနာကို ကမ္ဘာသူကမ္ဘာသားတွေ မီဒီယာကတဆင့် အာရုံစိုက်မှုဖြစ်လာစေအောင် ပြုလုပ်တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေ၊ လူစည်ကားရာနေရာတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေ၊ ပြည်သူအများ သွားလာလှုပ်ရှားရာနေရာတွေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေပါ တွဲစပ်လာတာကြောင့် ပဋ္ဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က ပြည်သူတွေရဲ့ လုံခြုံရေးကိုသာမက ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာတာတွေ ရှိနေပါတယ်။


အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်စစ်တပ်အကြားဖြစ်ပွားတဲ့ regular warfare အသွင်ဆောင်တဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ် (Civil War ) တွေ၊ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲ (Guerrilla warfare) တွေ၊ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) တွေသာမက political violence တွေ၊ Civil disobedience တွေ၊ proxy war တွေအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာတွေရဲ့ သမိုင်းနောက်ခံအချက်လေးတွေရယ်၊ အခု အစ္စရေးတို့ ချေမှုန်းနေတဲ့ Hamas အဖွဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။


ဒုတိယကမ္ဘာစစ်မတိုင်မီက ပါလက်စတိုင်းအာရပ်များသဘောထား


၁၉၂၀နဲ့ ၁၉၂၉ ခုနှစ်တို့မှာ ဂျူးတွေကို တိုက်ခိုက်တဲ့ အာရပ်အရေးအခင်းတွေ အချို့သောအာရပ် မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေးအခင်းကို ဦးဆောင်သူများကတော့ ပါလက်စတိုင်း အာရပ်များပါပဲ။ သူတို့က ဂျူးတွေကို ကျူးကျော်သူတွေလို့ ယူဆကြပါတယ်။ ဂျေရူဆလင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးအခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်ဖို့ အာရပ်ပြည်ထဲ ရောက်လာတယ်လို့ တွက်ဆကြပါတယ်။ ဒီအရေးအခင်းတွေမှာ ဟီဘရွန်က ဂျူးလူ့အဖွဲ့အစည်းရယ်၊ Zionist တွေရယ် အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉၃၆ ကျတော့ ဒီအရေးအခင်းတွေဟာ ကျေးလက်ဒေသတွေအထိ ပြန့်နှံ့သွားပါပြီ။


ဒီအရေးအခင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့ အာရပ်ဒေသကို ဂျူးတွေ ပြောင်းရွှေ့နေရာချမှု ပေါ်လစီအပေါ်မှာ များစွာ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာစစ်အရိပ်အယောင်တွေလဲ သန်းနေချိန်ဖြစ်လေတော့ ဗြိတိသျှတို့အနေနဲ့က ဂျူးတွေရဲ့ အကျိုးထက် အာရပ်တွေရဲ့ ဆန္ဒကို ဦးစားပေးရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗြိတိသျှတို့က ဂျူးတွေရဲ့ ပြောင်းရွှေ့နေရာချထားမှုနှုန်းကို လျှော့ချခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ပြီးကာလ


ဒုတိယကမ္ဘာစစ်ပြီးကာလရောက်တော့ ပါလက်စတိုင်းအာရပ်နယ်မြေမှာ ဂျူးအကြမ်းဖက်အဖွဲ့တွေ၊ Irgun and the stern ဆိုတဲ့ ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့တွေက မြို့ပြတိုက်ပွဲ အသွင်သဏ္ဍာန်ကိုယူပြီး၊ ဗြိတိသျှ mandatory အစိုးရကို တိုက်ရိုက်တိုက်ခိုက်မှုတွေ ပြုလာပါတယ်။ ဒီအဖွဲ့တွေရဲ့ သူတို့ကို အားပေးထောက်ခံသူတွေက ပါလက်စတိုင်းနယ်မြေကနေ ဗြိတိသျှတွေကို မောင်းထုတ်ဖို့နဲ့ ဂျူးနိုင်ငံတည်ထောင်မှုကို ဆန့်ကျင်နိုင်ဖို့ အကြမ်းဖက်အသွင်ဆောင်တဲ့ အဆုံးအဖြတ်တိုက်ပွဲတွေ နွှဲရမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ထည့်မတွက်လိုက်တာ တချက်က သူတို့ မတော်လှန်လဲ ဗြိတိသျှတွေက ထွက်တော့မယ် ဆိုတာပါပဲ။ ဗြိတိသျှတွေအနေနဲ့ အိန္ဒိယကို လွတ်လပ်ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အရှေ့အလယ်ပိုင်းဒေသကို ဆက်လက်ထိန်းချုပ်ထားဖို့အတွက် ဗြိတိသျှအစိုးရမှာ မဟာဗျူဟာကျတဲ့ အကြောင်းပြချက် (strategic reason) မရှိတော့ပါဘူး။


ဒီလိုပါပဲ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းခဲ့တာဟာလဲ မြန်မာပြည်ရဲ့ သယံဇာတဆိုတာထက် တည်နေရာ အနေအထားကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတခုပါ။ ဒါကြောင့်လဲ အိန္ဒိယလက်အောက်ခံ နယ်တနယ်အနေနဲ့ပဲ သတ်မှတ်အုပ်ချုပ်ခဲ့ကြတာပါ။ မြန်မာထဲက မြို့ပြအုပ်ချုပ်ရေးဝန်ထမ်းတွေကိုတောင် အိန္ဒိယရဲ့ အိုင်စီအက်စ်စာမေးပွဲ အဆင့်လောက်ပဲ ဖြေခိုင်းပြီး၊ အထက်မှာ အိန္ဒိယလူမျိုးတွေနဲ့ ဗြိတိသျှလူမျိုးတွေက ဦးဆောင်အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယကို လက်လွှတ်ဖို့ ဆုံးဖြတ်တဲ့အခါမှာ မြန်မာပြည်ဟာ ဗြိတိသျှတွေအတွက် strategic interest မဟုတ်တော့သလို၊ ဆက်လက်ချုပ်ကိုင်ထားဖို့ strategic reason မရှိခဲ့တော့ပါဘူး။ ဒါကြောင့်လဲ ဗိုလ်ချုပ်တို့က နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ဆက်တိုက်ခဲ့ကြတာပါ။ “ရရင်ရ၊ မရရင်ချ” ဆိုပေမယ့် အဲဒီအချိန်မှာ ဗြိတိသျှတို့အနေနဲ့ ပေးဖို့က အဆင်သင့်ရှိနေခဲ့ကြပါပြီ။ တခါတရံမှာ ရန်သူဘက်က အခြေအနေပျော့ပျောင်းနေရင် နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ရည်မှန်းချက်အောင်မြင်နိုင်ပါတယ်။ ရန်သူဘက်က တင်းမာနေရင်တော့ တိုက်ပွဲသဏ္ဍာန်လဲ ပြင်းထန်တိကျဖို့လိုပါတယ်။ တင်းနေတဲ့ရန်သူကို စစ်ရေးစီမံချက်မလိုပဲ နိုင်ငံရေးတိုက်ပွဲပဲ လုပ်မယ်ဆိုရင်တော့ ရန်သူက ဂုပ်ခွစီးသွားမှာ အသေအချာပါပဲ။


ဒီလိုနဲ့ Middle East Bases တွေကို တောင်အာရှနဲ့ အရှေ့တောင်အာရှက ဗြိတိသျှကိုလိုနီနယ်မြေတွေအတွက် ပေါင်းကူးတံတားသဖွယ် သတ်မှတ်ခဲ့တဲ့ ဗြိတိသျှအစိုးရဟာ ဒီနယ်မြေတွေကို စွန့်ခွာမယ်လဲ ဆုံးဖြတ်လိုက်ရော၊ အရှေ့အလယ်ပိုင်းဒေသကို ထိန်းချုပ်ထားမှုကို ရပ်စဲလိုက်ပါတော့တယ်။ ၁၉၄၇ နိုဝင်ဘာရောက်တော့ UN resolution တခုထွက်လာတယ်။ အဲဒီမှာ ပါလက်စတိုင်းတွေကို ကိုယ်ပိုင်နိုင်ငံတည်ထောင်ခွင့်ပြုထားပေမယ့် ပါလက်စတိုင်းတွေက ဒါကိုငြင်းပယ်လိုက်တယ်။ တကယ်တော့ ဒါဟာ ပြဿနာတွေအားလုံးရဲ့ အစလို့ပဲ ဆိုရပါတော့မယ်။ သူတို့ဒီလိုငြင်းပယ်လိုက်တာကြောင့် ပါလက်စတိုင်းနိုင်ငံဖြစ်တည်ခဲ့ရမယ့် နယ်မြေဒေသတွေဟာ ဂျော်ဒန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံ ပေါ်ပေါက်လာတော့ အာရပ်အိမ်နီးချင်းတွေက လက်မခံခဲ့ကြပါဘူး။ စစ်ပွဲတွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့သလို၊ အီဂျစ်နဲ့ ဂျော်ဒန်စစ်တပ်တွေက အားပေးထောက်ခံတဲ့ fidayin လို့ခေါ်တဲ့ အဖွဲ့တဖွဲ့က အစပျိုးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောင်နှစ်ပေါင်းများစွာအကြာ ၁၉၇၀၊ ၁၉၈၀ ကာလတွေမှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုတွေရဲ့ ရှေ့ပြေးတခုပါပဲ။


ခြောက်ရက်ကြာစစ်ပွဲနောက်ပိုင်းကာလ


၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အဆုံးသတ်အဖြေကတော့ အစ္စရေးတို့ အနိုင်ရခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးတဲ့ မဟာဗျူဟာ အပြောင်းအလဲတရပ်ပါပဲ။ ဒီစစ်ပွဲမတိုင်ခင်က နိုင်ငံနယ်မြေသေးကွေးလွန်းတဲ့ အစ္စရေးနိုင်ငံကို ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူးလို့ အာရပ်တို့က လျှော့တွက်ခဲ့ကြတယ်။ ဒီစစ်ပွဲလဲပြီးရော၊ ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ရှိခဲ့ရမယ့် နယ်မြေဒေသအားလုံးဟာ အစ္စရေးထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပါပြီ။ အာရပ်တိုင်းပြည်တွေကတော့ အစ္စရေးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မလုပ်ပါဘူးလို့ ကြေငြာခဲ့ကြတယ်။ ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာက အစ္စရေးဘက်ကို အလေးသာသွားခဲ့နေပြီ။ ဒါကြောင့်လဲ ဂျူးလူမျိုးများရဲ့ အခြေစိုက်နေထိုင်မှုတွေကို အလျင်အမြန်ပြုလုပ်ပါတော့တယ်။ ဂျူးလူမျိုးတွေဟာ ဂျေရူဆလင်မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေသာမက၊ ဂျူးအခြေစိုက်နယ်မြေတွေနဲ့ ဝေးကွာတဲ့ အာရပ်မြို့တွေ၊ ကျေးရွာတွေအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြပါတယ်။ အစ္စရေး- ပါလက်စတိုင်းမီးပွားကတော့ တော်တော်ကြီးသွားခဲ့ပါတယ်။ ပြဿနာမီးပွားရှည်ကြာလာလေလေ၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေဟာ ခက်ခဲရှုပ်ထွေးလာလေလေပါပဲ။


Fatah နဲ့ PLO


၁၉၆၀ အစောပိုင်းနှစ်များမှာ ကိုင်ရိုမှာ ပညာသင်ကြားနေကြတဲ့ ပါလက်စတိုင်းလူမျိုးတချို့ဟာ Fatah ဆိုတဲ့ အုပ်စုတခုကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ထင်ရှားသူတယောက်ကတော့ နောင်တချိန် ပါလက်စတိုင်းခေါင်းဆောင်တဦးဖြစ်လာမယ့် ရာဇာအာရဖတ်ပါ။ သိပ်မကြာခင်မှာပဲ ၁၉၆၄ ခုမှာ Palestine Liberation Organization (PLO) လို့ခေါ်တဲ့ အဖွဲ့တခုကလဲ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကို ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းအဖွဲ့တွေအကြား ညီညွတ်မှုတည်ဆောက်ပြီး၊ တိုက်ပွဲဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ်နိုင်ငံများက ကြိုးကိုင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တော်လှန်ရေးတခုမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်ရေး လှုပ်ရှားမှုတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့တွေ ပျံ့ကျဲနေလို့ကတော့ ရန်သူက အချိန်မရွေးချေမှုန်းသွားနိုင်ပါတယ်။ မချေမှုန်းရင်တောင် ရန်သူက အလေးထားပြီး စာရင်းထဲ ထည့်မတွက်ပါဘူး။ တိုက်ပွဲဝင် မဟာဗျူဟာ၊ နည်းဗျူဟာတွေအားလုံးကို strategic Doctrine တခုတည်းမှာပဲ အခြေတည်ချနိုင်ဖို့အတွက် တိုက်ပွဲဝင်တပ်ပေါင်းစုကြီးတခု လိုအပ်ပါတယ်။ ဒီလိုမရှိရင် တယောက်တပေါက်နဲ့ ရန်သူကို ထိုးစစ်မဆင်နိုင်ပါဘူး။ ခံစစ်ကိုတောင် အတုန်းအရုန်းနဲ့ ခံကြရတဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။


ရာဇာအာရဖတ်တို့ရဲ့ Fatah အဖွဲ့ဟာ အခြေအနေရဲ့လိုအပ်ချက်နဲ့အညီ ပီအယ်လ်အိုအဖွဲ့မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့မခွဲခြားပဲ တပ်ပေါင်းစုပီအယ်လ်အိုရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်တာကို တခြားအဖွဲ့တွေကလည်း သူတို့မိခင်အဖွဲ့တွေ နာမည်မထွက်မှာ စိုးရိမ်စိတ်နဲ့ ၀ိုင်းဝန်းပိတ်ဆို့ခြင်း မရှိခဲ့ပါဘူး။ ဦးဆောင်နိုင်သူတွေက တက်တက်ကြွကြွ ဦးဆောင်လာတာကို တက်တက်ကြွကြွပဲ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။


အစကနဦး မဟာဗျူဟာကတော့ West Bank နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လက်ကိုင်ကိုင်တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမဟာဗျူဟာဟာ ဖြစ်နိုင်ချေမရှိတဲ့ မဟာဗျူဟာပါ။ West Bank ဟာ လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဖန်တီးနိုင်မယ့် အခြေခံဒေသလိုအပ်ချက်နဲ့ မကိုက်ညီပါဘူး။ တောတောင်တွေမရှိတဲ့အပြင် ပုန်းခိုရာ နေရာလဲ ရှားပါးလှပါတယ်။ ဒါကြောင့်လဲ ဂျော်ဒန်နဲ့ လက်ဘနွန်နယ်စပ်ဒေသတွေကို အခြေပြုပြီး လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်တိုင်းတပ်တွေဟာ သူတို့လုံးဝမျှော်လင့်မထားခဲ့တဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုတခုကို ရင်ဆိုင်လိုက်ရပါတယ်။ ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ Black September ဆိုတဲ့ တိုက်ခိုက်မှုကြီးပါပဲ။ လက်ဘနွန်မှာလဲ အလားတူ military confrontation ကြီးတခု ထပ်ဖြစ်ခဲ့ပါသေးတယ်။


၁၉၇၃ ရောက်တော့ ပါလက်စတိုင်းတပ်တွေရဲ့ မဟာဗျူဟာက လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်စခန်းတခု ခိုင်ခိုင်မာမာရှိဖို့ဖြစ်ပါတယ်။ ဒီအတွက်လုပ်နေရာက ပါလက်စတိုင်းတပ်တွေဟာ လက်ဘနွန်ပြည်တွင်းစစ်မှာ ပါဝင်ရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၂ လဲရောက်ရော၊ အစ္စရေးက လက်ဘနွန်ကို ၀င်ရောက်ကျူးကျော်ပါတော့တယ်။ ၂၀၀၀ ခုနှစ်အထိ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို security zone အဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ကြပါတယ်။


ဒီလိုအခြေအနေတွေမှာ ပါလက်စတိုင်းတွေဟာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေးရာ အခြေအနေတွေနဲ့၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီး မဟာဗျူဟာပေါင်းများစွာကို ပြောင်းလဲ ချမှတ်ခဲ့ကြပါတယ်။ သံတမန်နည်းလမ်းများစွာကိုလဲ ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ ၁၉၈၈ ရောက်တော့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် ကြေငြာနိုင်ခဲ့ပါတယ်။ ၁၉၈၉ မက်ဒရစ်ကွန်ဖရင့်ကနေ စပြီး၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။


အဲဒီနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ များသောအားဖြင့် ပီအယ်လ်အိုက မဟုတ်ပါဘူး။ တခြားသော သေးငယ်တဲ့ အုပ်စုကွဲတွေဖြစ်တဲ့ Abu Nidal ဆိုတဲ့ ဆီးရီးယားထောက်ပံ့အဖွဲ့နဲ့ အီရန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေမှ ဖြစ်ပါတယ်။


Intifada

အစ္စရေး၊ ပါလက်စတိုင်းပြဿနာအကြောင်းပြောရင် Intifada အကြောင်းကတော့ မပါမဖြစ်ပါပဲ။ ၁၉၈၇ ခုကနေ ၁၉၉၃ ခုနှစ်အထိ ခြောက်နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒီပဋ္ဋိပက္ခကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဖြစ်အပျက်ကတော့ ရိုးရိုးလေးစတင်ခဲ့တာပါ။ ဒါပေမယ့် ရင်ထဲမှာ မကျေနပ်မှု မီးစတွေရှိနေရင် သာမန်အဖြစ်အပျက်လေးတခုဟာလဲ ကြီးစွာသော ပဋ္ဋိပက္ခကြီးတွေအတွက် trigger တွေပါပဲ။


၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဂါဇာကမ်းမြောင်ဒေသမှာ ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေးကုန်တင်ကားကြောင့် အာရပ်တချို့သေဆုံးခဲ့ရပါတယ်။ အဲဒီမှာ အစ္စရေးတပ်တွေကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲတွေ စတင်တော့တာပါပဲ။ သပိတ်မှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်တွေကို ကျူးကျော်သူတွေအနေနဲ့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ လက်နက်တွေကတော့ ဗုံးတွေ၊ သေနတ်တွေမဟုတ်ပါဘူး။ ကျောက်တုံးတွေဖြစ်ပါတယ်။ Molotov cocktail တွေလဲ အပါအ၀င်ပေါ့။


Intifada ရဲ့ ကနဦးနည်းဗျူဟာတွေက လူထုအန်တုမှုတွေပါ။ အခွန်ငွေမပေးတာ၊ အစ္စရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ နှစ်ဘက်ပဋ္ဋိပက္ခတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ၁၉၉၀၊ အောက်တိုဘာမှာ Temple Mount လို့နာမည်ကြီးတဲ့ အရေးအခင်းတခု ဖြစ်ပွားလာခဲ့ပါတယ်။ ခြောက်နှစ်ကြာ ဒီပဋ္ဋိပက္ခဟာ ဂျူးတွေအကြားမှာ political polarization ဖြစ်စေခဲ့ပြီး၊ အစ္စရေးစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို များစွာ ဂယက်ရိုက်မှုရှိခဲ့ပါတယ်။ အာရပ်တွေဘက်ကျတော့ စီးပွားရေးဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ပွားခဲ့ပြီး၊ political radicalization ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာကျတော့ ပါလက်စတိုင်း အဖွဲ့အစည်းတခုဖြစ်တဲ့ Hamas ဆိုတဲ့ အဖွဲ့ဟာ အစ္စရေး- ပါလက်စတိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတော့တာပါပဲ။


Hamas

Hamas (Harakat al muqawamah al Islamiyah, “Islamic resistance movement”) ဆိုတဲ့ အဖွဲ့ဟာ ပါလက်စတိုင်းက Muslim Brotherhood အဖွဲ့ခွဲတခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အီဂျစ်က Brotherhood အဖွဲ့လိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တခုပါ။ ဒီအဖွဲ့မှာ radicalization စဖြစ်လာတာကတော့ ၁၉၈၇-၈၈ ကာလတွေမှာပါ။ ဒါကလဲ တချို့သော အကြောင်းရင်းတွေမှာ အခြေခံပါတယ်။ နိုင်ငံရေးပညာရှင် Walter Laqueur ဆိုခဲ့သလိုပဲ ပထမတချက်ကတော့ မွတ်စလင်အဖွဲ့တွေအားလုံးဆီမှာ ဖြစ်ပွားလာခဲ့တဲ့ general trend ပါ။ နောက်တချက်ကတော့ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေး အခြေအနေတွေပါ။ တတိယတချက်ကတော့ အတော့်ကိုအရေးကြီးပါတယ်။ Hamas နဲ့ Fatah, PLO တို့ကြားက ပြိုင်ဆိုင်မှုတွေပါ။ တခါတရံမှာ နိုင်ငံရေးပြဿနာတခုကို ဖြေရှင်းနေဆဲမှာပဲ အဖွဲ့အစည်းတွေအကြားမှာ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ လှုပ်ရှားမှုတခုအတွက် အတော်ပဲ အန္တရာယ်ကြီးပါတယ်။ မူလရည်ရွယ်ချက်တွေကနေ သွေဖည်သွားတတ်ပြီး၊ အမျိုးသားလှုပ်ရှားမှု တခုလုံးကို ထိခိုက်သွားတတ်ပါတယ်။


Hamas အဖွဲ့က ပါလက်စတိုင်းအရေးဟာ ဘာသာရေးဆိုင်ရာ religious obligation တခုဖြစ်တာကြောင့်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူတို့က Jihad ကို strategic doctrine အဖြစ် သတ်မှတ်လာကြပါတယ်။ သူတို့က မွတ်စလင် Brotherhood တွေလို nationalism ကို လုံးဝကန့်ကွက်ခြင်း မလုပ်ခဲ့ကြပေမယ့် တခြားအာရပ် nationalism တွေကိုတော့ ရုပ်ဝတ္ထုဆန်တယ်၊ secular ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါလက်စတိုင်း အမျိုးသားဝါဒကတော့ Islamic ဖြစ်တယ်လို့ ကြေငြာကြပါတယ်။


တကယ်တော့ Fatah, PLO နဲ့ Hamas တို့က ယှဉ်တွဲလုပ်ကိုင်နေကြတဲ့ အဖွဲ့တွေပါ။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ပါပဲ။ ဒါပေမယ့် Hamas ဟာ ပြိုင်ဆိုင်ဖို့ ခြေလှမ်းကို စတာနဲ့ တပြိုင်တည်း ၁၉၈၇ အစောပိုင်းကာလတွေမှာ anti- Fatah လက်ကမ်းစာစောင်တွေ စတင်ထုတ်ဝေပါတော့တယ်။ အဖွဲ့အစည်းတခုဟာ အခြားအဖွဲ့အစည်းတခုက လူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းတွေကို မိတ်ဆွေလိုဝေဖန်တာ မဟုတ်တော့ပဲ ပုဂ္ဂိုလ်ရေးစွပ်စွဲ တိုက်ခိုက်လာပြီဆိုရင် ဒါဟာပြိုင်ဆိုင်မှုစလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေဟာ ညီညွတ်ရေးကို ထိခိုက်တတ်ပြီး၊ တခါတရံမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပါလက်စတိုင်းတွေမှာလဲ ဒီအတိုင်းဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း ဂါဇာမှာ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး camps နှစ်ခုကြားက followers တွေရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဆယ့်ရှစ်ယောက် သေကြေခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေက ချက်ချင်းငြိမ်းချမ်းရေး စေ့စပ်ခဲ့ကြပေမယ့် ဒီအနာဟောင်းဟာ ခဏခဏ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့နှစ်ဖွဲ့အကြား ပြိုင်ဆိုင်မှုတွေက တိုးမြင့်လာခဲ့ပါတယ်။


အဲဒီနောက်ပိုင်း Hamas အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နေရာအနှံ့မှာ အများအပြားဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေက ပုံစံစုံပါပဲ။ ဓားနဲ့ထိုးသတ်တာ၊ ပုဆိန်နဲ့ ခုတ်သတ်တာ၊ အစ္စရေးစစ်သားတွေကို ကားကြုံခေါ်တင်ပြီး ကားပေါ်မှာ အစဖျောက်လိုက်တာ၊ ကားနဲ့ တိုက်သတ်တာ စတဲ့ နည်းမျိုးစုံပါပဲ။ ၁၉၉၃- ၉၄ နောက်ပိုင်းကျတော့ suicide bombings တွေက ခေတ်စားလာပါတော့တယ်။ ၁၉၉၅- ၉၆ ကာလတွေမှာ Hamas တွေအပေါ် အစ္စရေးထိုးစစ်တွေ ကြီးထွားလာခဲ့သလို၊ ပီအေလို့ခေါ်တဲ့ Palestinian Authority) တွေကလဲ အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်လာကြပါတယ်။ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလကစပြီး၊ Hamas အဖွဲ့ရဲ့ အဓိကပင်မ မဟာဗျူဟာကတော့ စစ်ရေးအရအရေးပါတဲ့ နေရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ဂျေရုဆလင်၊ Tel Aviv, Hadera, Netanya စတဲ့ နေရာမျိုးတွေပါ။


နိဂုံး


အခု (၂၀၀၉) နှစ်သစ်ကို မရောက်မီ (၂၀၀၈) ခုနှစ်၊ နှစ်ကုန်ပိုင်းမှာပဲ အစ္စရေးတပ်တွေက Hamas အဖွဲ့ဝင်တွေကို ချေမှုန်းရေးတွေ ပြုလုပ်နေကြပါတယ်။ အခုဒီစာတမ်းဟာ အစ္စရေး၊ ပါလက်စတိုင်း မည်သည့်ဘက်ကိုမှ ဘက်လိုက်ရေးသားထားတာ၊ ထောက်ခံအားပေးထားတာတွေ မရှိပါဘူး။ အစ္စရေး- ပါလက်စတိုင်း ပြဿနာမီးပွားတွေ Hamas နဲ့ Fatah, PLO အကြောင်းတွေရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်ကိုသာ ဗဟုသုတအဖြစ် တင်ပြထားခြင်း ဖြစ်ပါတယ်။


ခင်မမမျိုး (၆၊ ၁၊ ၂၀၀၉)


ရည်ညွန်းကိုးကားစာရင်း ။ ။



Erlich, R. (2000) “The History of Israel Policy in Lebanon”, ICT, June 29, 2000


Hroub, K.(2000) Hamas, New York


Heehs, P. (1998) Nationalism, Terrorism, Communalism: Essays in Modern India History, New Delhi, 1998


Laquer, W. (2003) No End to War: Terrorism in the Twenty-First Century, Continuum, London


Sayigh, Y. (1997) Armed Struggle and The search for State, New York

အပြည့်အစုံဖတ်ချင်ရင်..>>>

ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ

Saturday, January 3, 2009

ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ


စာရေးသူတို့၏ အမိမြန်မာနိုင်ငံသည် တချိန်သောကာလက အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဟု အသမုတ်ခံခဲ့ရပြီး၊ ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ခဲ့ဖူးပါသည်။ တပ်မတော်၏ နိုင်ငံတော်အာဏာကို အချိန်မှီ သိမ်းပိုက်နိုင်လိုက်သောကြောင့်သာ ယခုကဲ့သို့ စုတ်ပြတ်သတ်၍ ကမ္ဘာ့အလယ်တွင် မျက်နှာမွဲစာရင်း ဝင်ခဲ့ရခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံတော်ချောက်ထဲ တွန်းချရေးသမားများကြောင့် နိုင်ငံတော်ကြီးတွင် ‘ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’ ၍ နေပါပြီ။


ထိုအခြေအနေမျိုးတွင်သာ ဆက်လက်ရပ်တည်နေပါက တတိုင်းပြည်လုံး အငတ်ဘေးဆိုက်ကာ ‘အရိုးတောင်လိုပုံ’ အနေအထားသို့ ဆိုက်ရောက်ပေတော့မည်။ ရှေးယခင်က ‘မြန်မာပြည်မှာ ငတ်သေသူမရှိ’ဟု စကားအဖြစ်ပြောခဲ့သည်မှာ ယခုတော့ မှားယွင်းနေလေပြီ။ ဆီကိုရေချိုးရမည့်အစား ကန်စွန်းရွက်ကိုပင် ဆီနှင့် ကြော်မစားနိုင်၍ ကန်စွန်းရွက်ရေလုံပြုတ်အဖြစ် ဟင်းလျာတမျိုး ထပ်မံပေါ်ထွက်ခဲ့ရပါသည်။ ဆေးရိုးမီးလှုံဖို့ နေနေသာသာ လွှင့်ပစ်ထားသော ဆေးလိပ်တိုများကို ကောက်ယူသောက်ရသူများပင် ရှိနေလေသည်။ စပါးတောင်လိုပုံ ဆိုသည်ကိုတော့ စပါးစိုက်သူ လယ်သမားကြီးများကပင် လက်မခံနိုင်ကြတော့ပါ။ လယ်စိုက်သူ လယ်ပိုင်ရမည့် ခေတ်ကြီးတွင် စပါးစိုက်သူများပင် စားစရာ ဆန်မရှိ ဆိုပါတကား။


ထိုသို့သော အခြေအနေဆိုး၊ ခေတ်ဆိုးကြီးထဲတွင် နိုင်ငံတော်အုပ်ချုပ်နေသူ အစိုးရဟု အများပြည်သူက လက်မခံပဲ ကိုယ့်ဘာသာကိုယ် သမုတ်ထားသော စစ်အာဏာရှင်များကတော့ ‘တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်’ ဆိုနေကြဆဲ။ ကပ်ဖါးကပ်မြှောင်များကလဲ ‘တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ’ သီချင်းကို အသံကောင်းဟစ် အော်နေကြဆဲ။ အင်အားဆိုသည်မှာ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ဆိုသည်ဖြင့် အင်အားမျိုးစုံရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စစ်ရေးအင်အား တစ်ခုတည်း ရှိ၍မရပါ။ စစ်အုပ်စုကတော့ စီးပွားရေးတောင့်တင်းခိုင်မာမှု အင်အားဆိုသည်ကို စစ်အာဏာရှင်များတွင် စိန်များရှိနေခြင်းဟု သဘောထားကြဟန် တူပါသည်။ စစ်ရေးအင်အား တောင့်တင်းမှုဆိုသည်ကိုလဲ ခေတ်မီလက်နက် ယန္တရားများရှိနေခြင်းဟူ၍သာ မှတ်ယူထားကြဟန် တူပါသည်။ စစ်ရေးအင်အားတွင် စစ်သားများ၏ စိတ်ဓာတ်မည်မျှအရေးကြီးကြောင်းလဲ သိကြဟန်မတူပါ။ စစ်အာဏာရှင်များ ကောင်းမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တပ်မတော်တွင်းတွင်လဲ စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးမှုခြများက တိုက်စားနေကြလေပြီ။ ကြာလျှင် တတိုင်းပြည်လုံး လုံးပါးပါး၍ အငတ်ဘေး ဆိုက်ရပါတော့မည်။


စစ်လက်နက်များ မတန်တဆဝယ်ထားကာ ကိုယ်ပိုင်အနေဖြင့်လဲ ပြည်သူ့ဘဏ္ဍာများသုံး၍ ကျောက်မျက်ရတနာများ တနင့်တပိုးဝယ်ထားသူ အာဏာရှင်များ၊ အဆိုပါ အငတ်ဘေးဆိုက်ချိန်တွင် စိန်များ၊ ကျည်ဆံများထိုင်စား၍ သေကုန်သည်က အကြောင်းမဟုတ်ပါ။ အကြောင်းက ပြည်သူများ ထိုဘေးသို့ မဆိုက်ရောက်ရန်သာဖြစ်သည်။ ထိုသို့နည်းလမ်းကလဲ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိက ပေါ်လစီများဖြစ်သော fiscal policy, monetary policy, trade policy များအကြောင်းကို နကန်းတလုံးမှ နားမလည်ပဲ လက်ညှိုးညွှန်၍ ပြောချင်ရာ ပြောနေသော စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုစနစ် မရှိမှသာ ဖြစ်မည်။ စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်လဲ အကြောင်းထူးမည်မဟုတ်။ ယခုပိတ်ဆို့ထားသော်လဲ အိမ်နီးချင်းနိုင်ငံများမှတဆင့် ပြည်ပပို့ကုန်၊ သွင်းကုန်များ ရှိနေသည်ပဲ။ ပြည်ပကုန်သွယ်ရေးယန္တရားက သူ့ဘာသာသူ လည်ပတ်မှုရှိနေပါသည်။


စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြုလုပ်နေသည်မှာ ထိရောက်မှုရှိလွန်း၍ မဟုတ်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ထိထိရောက်ရောက် အသုံးဝင်ခဲ့သည့် နိုင်ငံအနည်းငယ်သာ ရှိခဲ့ပါသည်။ သို့ဆိုလျှင် စီးပွားရေးပိတ်ဆို့မှုဆိုသည်ကို အဘယ်ကြောင့် ပြုလုပ်ရသနည်း။ နိုင်ငံတနိုင်ငံအား အခြားနိုင်ငံတခုမှ အရေးယူမှုဆိုင်ရာ နိုင်ငံခြားရေးမူဝါဒရွေးချယ်မှုတွင် Diplomatic measures နှင့် Political/ Military measures ဆိုသည့် အချက်နှစ်ချက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအရေးယူမှုတွင် Unconventional warfare, conventional military campaign စသည်တို့ပါဝင်ပြီး၊ သံတမန်ရေးရာ အရေးယူမှုတွင် စီးပွားရေးပိတ်ဆို့မှုကို ကျင့်သုံးတတ်ကြသည်။ နိုင်ငံအများစုက စီးပွားရေးပိတ်ဆို့မှုကိုသာ စစ်ရေး၊ နိုင်ငံရေး အရေးယူမှုထက် ပိုမိုဦးစားပေးပြုလုပ်တတ်ကြသည်။ နိုင်ငံပေါင်းစုံမှ ပြုလုပ်သည့် ပိတ်ဆို့မှု (multilateral sanctions) မဟုတ်သော နိုင်ငံတခုချင်း (သို့) နိုင်ငံအစုအဖွဲ့ တခု မှသာ ပြုလုပ်သည့် ပိတ်ဆို့မှုများမှာ များသော အားဖြင့် စီးပွားရေးကဏ္ဍအပေါ်တွင် ထိရောက်မှုမရှိပါ။ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာသဘောတရားအရ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ target state ၏ ပေါ်လစီပြောင်းလဲမှု၊ အာဏာရှင်စနစ်ဖယ်ရှားမှု၊ နိုင်ငံတကာအစိုးရများမှ အဆိုပါနိုင်ငံ၏ အခြေအနေများကို သိရှိသတိထားမိစေမှု (International Symbolism) နှင့် ပိတ်ဆို့ခံရသည့် နိုင်ငံမှ ပြည်သူများအား ၄င်းတို့၏ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ်တွင် နိုင်ငံတကာမှ ထောက်ခံနေသည်ကို သတိထားမိစေမှု (Domestic symbolism) စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များကြောင့် economic sanctions policy သည် အတိုက်အခံအင်အားစုများ၏ နိုင်ငံတကာစစ်မျက်နှာအတွက် အရေးကြီးသော အချက်တချက်ဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံကို နိုင်ငံတကာမှ ဖိအားပေးထားသည့် economic sanctions သည် မြန်မာပြည်သူများထံသို့ တိုက်ရိုက်ထိခိုက်မှုမရှိပါ။ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းဆောင်တာအချို့ကိုတော့ အနည်းငယ်ထိခိုက်မှုရှိပေမည်။ သို့ပေမယ့် စစ်အုပ်စုတွင် အခြားသော ထွက်ပေါက်များ ဖန်တီးထားရှိထားခြင်းကြောင့် မပြောပလောက်ပါ။ ထို စီးပွားရေးပိတ်ဆို့မှုပေါ်လစီကို ဖယ်ရှားနိုင်ရန် စစ်အုပ်စုနှင့် အပေါင်းအပါများ ကြိုးပမ်းမှုမှာ ၄င်းတို့စီးပွားရေးရာအတွက်မဟုတ်ပဲ နိုင်ငံရေးဂုဏ်သိက္ခာအတွက်ဖြစ်ပါသည်။ International Symbolism နှင့် Domestic Symbolism ရည်ရွယ်ချက်များကို ပယ်ဖျက်နိုင်ရန် တန်ပြန်ထိုးစစ်ဖြစ်ပါသည်။ အခြေအနေမှန်ကို သိရှိနားလည်ကြပြီး မယောင်သွားကြရန် အလွန်အရေးကြီးပါသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးယိုယွင်းမှုမှာ macroeconomic policy အခန်းကဏ္ဍတစ်ခုလုံးက ယိုင်နဲ့နေ၍သာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ရှိနေသ၍၊ စစ်အသုံးစရိတ်များ မတန်တဆ ရှိနေသ၍၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေသ၍၊ ငွေစက္ကူများ လိုသလိုတိုးချဲ့ရိုက်ထုတ်နေမှု (expansion of monetary supply) ရှိနေသ၍ မည်သို့မျှ နလန်ထူမည်မဟုတ်ပါ။ ကာကွယ်ရေးဆိုင်ရာစီးပွားရေးပညာရှင် (Defense Economists) များက စစ်အသုံးစရိတ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်ကို ဤသို့ ဆိုထားပါသည်။


စစ်အသုံးစရိတ်များ၏ သွင်းကုန်များဖြစ်သော လုပ်သား (labor) နှင့် အရင်းအနှီး (capital) တွင် Processes များအဖြစ် လက်နက်ကိုင်တပ်များ (Armed Forces) များနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်သော (Defense industry) ပါဝင်သည်။ ထုတ်ကုန်အဖြစ် Defense industry မှစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ပေးမည်ဖြစ်ပြီး၊ Armed Forces များကတော့ နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးသည့် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ အဆိုပါ စစ်အသုံးစရိတ်သုံးစွဲမှုကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများဖြစ်သော ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ Inflation, Balance of Payments များတွင် အကျိုးသက်ရောက်မှုရှိသည်။ စစ်ရေးစရိတ်များကြောင့် အစိုးရအသုံးစရိတ်တက်သည်။ ထိုပြဿနာကို ဖြေရှင်းရန် ငွေစက္ကူများ အဆီးအတားမရှိ ရိုက်ထုတ်သည်။ ယင်းသို့ expansion of monetary supply ဖြစ်လာသောအခါ Inflation ပြဿနာဖြစ်လာသည်။ Inflation ကြောင့် နိုင်ငံခြားသုံးငွေလဲလှယ်မှုတွင် ကမောက်ကမ(fluctuations of exchange rates) ဖြစ်လာသည်။ နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှု (International Trade) ကို ထိခိုက်လာသည်။


အခြားသော ပြဿနာ၊ အကျိုးဆက်များစွာ ရှိပါသေးသည်။ စီးပွားရေးပညာ စာတမ်းတစ်စောင်မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ ပို၍ဆိုးသည်က စစ်ရေးအသုံးစရိတ်များသည် မူလရည်ရွယ်ချက်ဖြစ်သော နိုင်ငံတော်လုံခြုံရေးအား ကာကွယ်ပေးရန်(Protection of National Securities) မဟုတ်ပဲ စစ်အာဏာရှင်စနစ်အားကာကွယ်ပေးရန် (Protection of Military Dictatorship System) အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ပြည်သူကိုအကာအကွယ်ပေးရမည့် ပြည်သူ့တပ်မတော်အဖြစ်မှ အာဏာရှင် လက်ကိုင်တုတ်ခါးပိုက်ဆောင်တပ် ဘဝသို့ အောက်ကျနောက်ကျ ရောက်ရှိသွားရခြင်းသာဖြစ်သည်။


အမှန်တော့ တပ်မတော်ဟူသည် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရတစ်ရပ်မှ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရမည့် (Public Services ) များဖြစ်သော ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး အဖွဲ့များထဲမှ ကာကွယ်ရေးအင်အားစု တစ်ခုသာဖြစ်ပါသည်။ နိုင်ငံတော်အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍနှင့် မည်သို့မျှ မသက်ဆိုင်ပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုကာ စစ်ရေးအင်အားချဲ့ထွင်နေခြင်းသည် ပြည်သူထံသို့လှည့်မည့် သေနတ်ပြောင်းဝ အားကောင်းအောင် စီမံနေခြင်းသာဖြစ်ပါသည်။ ပလ္လင်ပေါ်မျောက်တက်သကဲ့သို့ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ်ရယူပြီး လုပ်ချင်ရာ လုပ်နေခြင်းသာဖြစ်ပါသည်။ အချိန်မှီမတားဆီးလျှင် နိုင်ငံတခုလုံး ကမောက်ကမ ဖြစ်ရပေတော့မည်။ စစ်ရေးကျူးကျော်မှုများ ပြုလုပ်ရန် အလွန်ပင် ခက်ခဲသည့် စစ်အေးတိုက်ပွဲလွန်ကာလမျိုးတွင် မရှိသည့်ပြည်ပရန်ကို လက်ညှိုးထိုး၍၊ အာဏာတည်မြဲရန် ခါးပိုက်ဆောင်တပ်ကို အင်အားချဲ့၍ ကြိုးပမ်းနေခြင်းသာဖြစ်သည်။ ယင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံးလဲ ပရမ်းပတာ ဖြစ်၍ နေပေပြီ။


အမှန်တရားအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီအင်အားစုများအား ကိုလိုနီလက်သစ်များဟု မရိုးစတမ်းသမုတ်နေကြသော စစ်အာဏာရှင်များသည် ၄င်းတို့သည်သာ ကိုလိုနီလက်သစ်များဖြစ်နေကြပါသည်။ အင်အားကြီးနိုင်ငံများနှင့် ကိုလိုနီလက်သစ်များပူးပေါင်း၍ နိုင်ငံတော်အားတိုက်ခိုက်သည်ဆိုကာ စစ်အင်အားတိုးချဲ့နေသူများသည် အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ စီးပွားရေးကိုလိုနီချဲ့ထွင်နေမှုအား ပါးစပ်ကြီးဖြဲ၊ သွားကြီးဖြဲ၍ ဖိတ်ခေါ်နေရပါသည်၊။


စစ်အသုံးစရိတ်များကြီးထွားမှုကြောင့် စီးပွားရေးကဏ္ဍကိုပင် ထိခိုက်သည်မဟုတ်ပါ။ စရိတ်ခွဲဝေသုံးစွဲမှု (allocation of Expenditures ) မညီမျှမှုကြောင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို လဲ လွန်မင်းစွာ ထိခိုက်ပါသည်။ ဆေးရုံများတွင် ဆေးမရှိ၍၊ လူနာများအား အပြင်ဆေးဆိုင်များတွင် ဆေးဝယ်ခိုင်းသည်။ ဆေးမဝယ်နိုင်သော လူနာများ မတိမ်းပါးသင့်ပဲ တိမ်းပါးရသည်။ ကျောင်းများသို့ ချပေးသော ပညာရေးဘတ်ချက်များ မလုံလောက်၍ ကျောင်းများတွင် ကျောင်းအပ်နှံခများ၊ အလှူငွေစသည်များပေါ်လာသည်။ မပေးနိုင်သူ မိဘများ၏ သားသမီးများ ပညာငတ်ရသည်။ သယ်ယူပို့ဆောင်ရေးစနစ်များတွင် ပံ့ပိုးမှုအားနည်းခြင်းကြောင့် လုပ်ငန်းခွင်နှင့် ဝေးသော နေရာများတွင် နေသူများ အလုပ်ခွင်သို့ မရောက်နိုင်ကြပါ။ ရောက်နိုင်သူများမှာလဲ စရိတ်ကြီးမားသောကြောင့် လက်ကျန်ဝင်ငွေနည်းသည်။ အလုပ်လက်မဲ့ပြဿနာများကြီးထွားလာရသည်။ စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်ချုပ်တို့နှင့် နီးစပ်သူများကသာ လက်ဝါးကြီးအုပ်မှုများက ပေါင်းစပ်လိုက်သောအခါတွင်ကား လုပ်ငန်းပြိုင်ဆိုင်မှု အားနည်းပြီး၊ လုပ်ငန်းအရေအတွက် လျော့နည်းသွားသည်။ အလုပ်သမားလျှော့ချမှုများဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာများပြားလာသည်နှင့်အမျှ ရာဇဝတ်မှု (crime rates) များထူပြောလာသည်။ ‘တလိမ်၊ နှစ်လိမ်ပွေလိမ်ရှုပ်တယ်၊ လူညာကြီးပေါ့ကွယ်’ဟုပင် ဆိုရမည်လား။ တိုင်းပြည်တိုးတက်ရေးလုပ်နေသည်ဆိုကာ လူထုအား ညာနေသော စစ်အစိုးရကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများ ဘဲဥအစရှာမရ ရှုပ်ထွေးကုန်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။


ချုပ်၍ဆိုရသော် ‘ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’၍ စားစရာမရှိသော ယနေ့ခေတ်ဤကာလမျိုးအား ‘ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ ကာလသို့ ပြောင်းလဲပစ်ရန်မှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး မှတပါး အခြားမရှိပါကြောင်း။


ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒုတိယလွတ်လပ်ရေးတိုက်ပွဲ

Friday, January 2, 2009



အပြည့်အစုံဖတ်ချင်ရင်..>>>

ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း

Thursday, January 1, 2009

ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း


ယနေ့ခေတ်ကမ္ဘာတွင် အမျိုးသမီးအခွင့်အရေးအရေးများ မည်မျှရှိနေသည် ဆိုစေကာမူ မတရားသိမ်းပိုက်ခံလိုက်ရကာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးနွံထဲသို့ အလိုဆန္ဒမပါပဲ ကျဆင်းသွားရသော သမီးပျိုများစွာ ရှိပါသည်။ မိဘဆွေမျိုးအသိုင်းအဝိုင်းတို့၏ အတင်းအကြပ်စီစဉ်မှုကို မလွန်ဆန်နိုင်၍ဖြစ်စေ၊ ချစ်သူ၊ရည်းစား၊ စေ့စပ်ထားသူများအဖြစ် တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ၊ ယုံကြည်မှု၊ ခံယူချက်တို့ကို လေ့လာနေဆဲကာလတွင် စည်းကျော်ယုတ်မာသော ယောက်ျားများနှင့် ဖက်ပြိုင်၍ လူသိရှင်ကြား တရားတဘောင်မရောက်ချင်၍ဖြစ်စေ၊ မည်သည့်အကြောင်းများနှင့်ဖြစ်ဖြစ် မတရားသိမ်းပိုက်မှုကို လက်ခံလိုက်ရသော အမျိုးသမီးများစွာ ရှိနေပါသည်။ အဆိုပါအမျိုးသမီးများ၏ ဘဝမှာ နှုတ်မှဖွင့်ဟ မဆိုစေကာမူ ရင်ထဲတွင်တော့ နေဆယ်ဆင်းပူသမျှ ခံစားကြရစမြဲ။ ၄င်းတို့၏ လူမှုရေး၊ပညာရေး၊စီးပွားရေး၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှု စသည်တို့မှာလဲ ဆုတ်ယုတ်သွားရစမြဲ။ စာရေးသူတို့ အမိမြန်မာပြည်၏ လွတ်လပ်ရေးရပြီးကာလ ဒီမိုကရေစီသမီးပျိုလေးမှာလဲ စစ်အာဏာရှင်စနစ်၏ မတရားသိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။


တကယ်တော့ ဒီမိုကရေစီသမီးပျိုလေးသည် သန်းပေါင်းများစွာကို ပြည်သူလူထု၏ ဘဝကို ကိုယ်စားပြုခဲ့တာဖြစ်သည်။ သမီးပျိုတစ်ယောက်သည် သူ့ဘဝအနာဂတ်လှပရေး၊ ပညာရည်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အတွေးအခေါ်မြင့်မားရေး တို့အတွက် ဘက်ပေါင်းစုံတည်ဆောက်ရသကဲ့သို့ ဒီမိုကရေစီသမီးပျိုလေးသည် ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်မှုတို့နှင့် ရှုပ်ရှက်ခတ်နေသည့် အတွေးအခေါ်ပေါင်းစုံ၊ လက်ဝဲလက်ယာ ဝါဒပေါင်းစုံကြားတွင် အရွယ်နှင့်မမျှအောင် ကြံ့ကြံ့ခံ၍ သူကိုယ်စားပြုထားသော လူပေါင်းများစွာ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရနိုင်စေရေးအတွက် ရှင်သန်ကြီးထွားခဲ့ရသည်။ သို့ပေမယ့်လဲ ကံအကြောင်းမလှစွာ သတိမမူ ဂူမမြင်ချိန်ဝယ် အကွက်ချောင်းနေသော စစ်အာဏာရှင် ဘီလူးစနစ်၏ မတရားသိမ်းပိုက်မှုကို ခံလိုက်ရလေသည်။


လွတ်လပ်ရေးရပြီးကာစ (၁၉၄၈-၁၉၅၈)ကာလအတွင်း ဒီမိုကရေစီသမီးပျိုလေး မည်သို့ရှင်သန်ခဲ့သည်ကို ဒီမိုကရေစီဖြစ်စဉ်တရပ်အား ပြဌာန်းသော အချက်များနှင့် လေ့လာကြည့်ကြပါစို့။


ဒီမိုကရေစီဆိုသော စကားလုံးကို သဘောသဘာဝနှင့် အခြေအနေများပေါ်တွင် အခြေခံ၍ အဓိပ္ပာယ်များ ဖွင့်ဆိုနိုင်ပါသည်။ ဤစကားလုံးသည် ဒီမိုကရေးရှား (Demokratia; demos=people, kratia= cracy) ဟူသော ဂရိဝေါဟာရမှ ဆင်းသက်လာပြီး၊ ဂရိပညာရှင် အရစ်()တိုတယ်မှ ပြည်သူကအုပ်ချုပ်သောစနစ်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ထိုအတွေးအခေါ်ပေါ်တွင် မူတည်၍ ပတ်သက်ဆက်နွယ်သော အကြောင်းအချက်များအား ပေါင်းစပ်ထည့်သွင်းကာ အဓိပ္ပာယ်များ ထပ်မံဖွင့်ဆိုခဲ့ကြပါသည်။ ထပ်မံဖြည့်သွင်းထားသော အချက်တစ်ခုမှာ ပြည်သူလူထုမှ အုပ်ချုပ်သူများအား ရွေးကောက်ပွဲများဖြင့် ရွေးချယ်တင်မြှောက်သော ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) နှင့် ရွေးကောက်တင်မြှောက်သူများက နိုင်ငံအုပ်ချုပ်ရေးမူဝါဒများအား ရေးဆွဲသော တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) တို့ဖြစ်ပါသည်။ အခြားအချက်တစ်ခုမှာမူ အရွယ်ရောက်ပြီးသူတိုင်း လွတ်လပ်စွာ မဲပေးခွင့် (the right to vote) ဖြစ်ပါသည်။ ဒီမိုကရေတစ် အခွင့်အရေးများဖြစ်သော ပြည်သူ့အသည်းကြားမှ မဲတပြားအား တူညီစွာ ရေတွက်သည့်အခွင့်အရေး (the right to have one’s vote count equally)/ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအား လွတ်လပ်စွာ တည်ထောင်ခွင့်ရရေး (the right to organize political groups or parties ) စသည်တို့ဖြစ်သည်။ နောက်ဆုံးအချက်မှာ အုပ်ချုပ်မှုဆိုင်ရာ ဥပဒေ (rule of law) ဖြစ်သည်။


အထက်ပါအချက်များမှာ ဒီမိုကရေစီဆိုသော ဝေါဟာရ၏ သဘောသဘာဝဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ (Definitions based on the Nature of Democracy) ဖြစ်ပြီး၊ အခြားတဘက်မှလဲ ဒီမိုကရေစီစနစ်ဖြစ်တည်မှု၏ အခြေအနေများ (conditions of Democracy) ပေါ်တွင် မူတည်၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ အများလက်ခံအတည်ပြုထားသော အခြေအနေတစ်ခုမှာ သတင်းစာများနှင့် အခြားလူထုဆက်သွယ်ရေးမီဒီယာများသည် အစိုးရပေါ်လစီများနှင့် နိုင်ငံရေးခေါင်းဆောင်များအား လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိရပါမည်။ အတိုချုပ်ပြောရလျှင်တော့ သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press and communication media) ရှိရပါမည်။ ထို့အပြင် နိုင်ငံတော်အာဏာအား ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီသည် တစ်ခုထက် ပို၍ရှိရပါမည်။ တစ်ပါတီစနစ်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်တည်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အခြားအခြေအနေတစ်ခုမှာ ပုံမှန်ရွေးကောက်ပွဲ ကျင်းပသည့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ (regularly elected legislature) ရှိရပါမည်။ ထို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် (constitution) (သို့မဟုတ်)အလားတူ သဘောတူညီချက်များ (ဥပမာ- ယူကေနိုင်ငံ)ကဲ့သို့သော rule of law ရှိရပါမည်။ အချို့သော ဒီမိုကရေစီရေးကျွမ်းကျင်ပညာရှင်များက ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် (Religious Freedom) နှင့် မထင်ရှားသော အတွေးအခေါ်များအား ကိုင်စွဲခွင့်၊ ဖော်ထုတ်ခွင့် (the right to hold and express unpopular ideas) များအား ထပ်မံထည့်သွင်းထားပါသည်။


ဤသို့သော သဘောသဘာဝများ၊ အခြေအနေများနှင့် ပြည့်နှက်နေသော ဒီမိုကရေစီသည် စနစ် (system) တစ်ခုဖြစ်သည့် အားလျော်စွာ အချိန်ယူတည်ဆောက်ရပါသည်။ ရောမမြို့ကို တနေ့တည်းတည်ဆောက်ခဲ့ခြင်း မဟုတ်ပါဆိုသကဲ့သို့ စနစ်တစ်ခု အမြစ်တွယ် ခိုင်မာစေရေးအတွက် တည်ဆောက်ရမည့် အချိန်ကာလ အတိုင်းအတာ တစ်ရပ် လိုအပ်ပါသည်။ လွတ်လပ်ရေးရပြီးစ ကာလသည် ထိုသို့စနစ်တစ်ခုကို စတင်တည်ဆောက်ရသည့် ကာလဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ ဘဘောသဘာဝများဖြစ်သော ကိုယ်စားပြုဒီမိုကရေစီစနစ်ဖြစ်မှု၊ လွပ်လပ်စွာမဲပေးခွင့်ရှိမှု၊ နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းများလွတ်လပ်စွာ တည်ထောင်ခွင့်ရှိမှု စသော အချက်များကို ကြည့်ခြင်းအားဖြင့်ထိုခေတ်ကို ဒီမိုကရေစီခေတ်ဟု ခေါ်ဆိုနိုင်ပါသည်။


ဒီမိုကရေစီစနစ်၏ အခြေပြအခြေအနေများနှင့် တိုင်းတာကြည့်ပါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ရှိမှု၊ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများရှိမှုနှင့် နိုင်ငံတော်အာဏာအား ပြိုင်ဆိုင်သည့် တစ်ခုထက်ပိုသော နိုင်ငံရေးပါတီများရှိမှုဆိုသော အချက်တို့ကို ပြည့်မှီပါသည်။ သို့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်လုံးဝပြည့်မှီသည် ဟူ၍တော့ မဆိုနိုင်ပါ။ လက်ဝဲလက်ယာဝါဒများအား ညီတူညီမျှ ဖော်ထုတ်ခွင့် အပြည့်အဝ မရှိခဲ့ပါ။ အားနည်းချက်အချို့တော့ ရှိခဲ့ပါသည်။ စနစ်တစ်ခုစတင် တည်ဆောက်နေဆဲကာလတစ်ခု ဖြစ်သဖြင့် ရှေးရိုးစွဲ အယူအဆများ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ၏ လွှမ်းမိုးမှုများ အနည်းနှင့်အများ ရှိခဲ့မည်မလွဲပါ။


ထိုခေတ်ကအားနည်းချက်များကို အကြောင်းပြု၍ အချို့က ‘မြန်မာလူမျိုးတို့သည် ဒီမိုကရေစီနှင့်မတန်’ဟူ၍ ဆိုကြပါသည်။ အခြားလူမျိုးများကသာ ဒီမိုကရေစီနှင့် တန်ရအောင် ထိုလူမျိုးများက မြန်မာများထက်ပိုကာ ခေါင်းနှစ်လုံး၊ မျက်စိသုံးလုံး၊ နှာခေါင်းနှစ်ခု၊ လက်သုံးဘက်၊ ခြေထောက်ငါးဖက်ရှိနေ၍လား ဟူ၍ပင် ပြန်မေးရပေမည်။ အတွေးအခေါ်၊ အမူအကျင့်များခြားနားသည်ကိုတော့ လက်ခံပါသည်။ သို့ပေမယ့် ထိုသို့သော အတွေးအခေါ်များသည် ပဒေသရာဇ်စနစ်ဆိုး၊ ကိုလိုနီစနစ်ဆိုးနှင့် စစ်အာဏာရှင်စနစ်ဆိုးတို့၏ ဆိုးမွေများသာ ဖြစ်ပါသည်။ လူသားအချင်းချင်း အပြန်အလှန်လေးစားမှုကို ပျက်ယွင်းထိခိုက်ကာ အိမ်တွင်းအာဏာရှင်စနစ်ကို အားမြှောက်ထားသည့် မြန်မာ့လူဘောင်အတွေးအခေါ်တစ်ရပ်ကိုပင် ကြည့်ပါ။ ‘သားကိုသခင်၊လင်ကိုဘုရား’သတ်မှတ်၍ ညအိပ်ယာဝင်ချိန်တွင် ခင်ပွန်းဖြစ်သူအား ကန်တော့အိပ်ရမည်ဆိုသော ထုံးတမ်းစဉ်လာတစ်ရပ်။ အိမ်ထောင်တစ်ခု၏ ဝင်ငွေကိုရှာဖွေပေးသူမို့ ကန်တော့ရမည်ဆိုလျှင် အိမ်တွင်ကျန်ခဲ့သော ဇနီးဖြစ်သူကလည်း အိမ်မှုကိစ္စတာဝန်၊ သားသမီးပြူစုရေး တာဝန်များ တဖက်တလမ်းမှ ထမ်းနေခြင်းဖြစ်သည်။ အလုပ်တာဝန်ခွဲဝေမှု (Division of Labor) ပင်ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လေးစားရပေမည်။ အပေးအယူရှိရပေမည်။ ထိုသို့မဟုတ်ပဲ အိမ်ဦးနတ်ဆိုကာ အရိုအသေပေးခံမှုသည် အာဏာရှင်စနစ် တည်ဆောက်နေခြင်းသာ ဖြစ်သည်။


ထိုနည်းတူစွာပင် စာရေးသူတို့မြန်မာများတွင်ရှိသော ဒီမိုကရေစီနည်းလမ်းမကျသည့် အတွေးအခေါ်၊ လုပ်ရပ်များ ဖြစ်သော လွတ်လပ်မှုကို စည်းကမ်းမဲ့စွာ လွန်လွန်ကျူးကျူးအသုံးပြုမှု၊ အချင်းချင်းထဲမှ အောင်မြင်ကောင်းစားသူများဆိုလျှင် မနာလိုရှုစိမ့်မှု၊ လူထုအကျိုးကို ဖြစ်ထွန်းစေမည့် အတွေးအခေါ်ကွဲပြားမှုရှိလျှင် အပြန်အလှန်ဆွေးနွေးကာ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ် စိတ်ထားထားရမည့်အစား တူသူများအုပ်စုဖွဲ့ကာ မတူသူကို ဝိုင်းကိုက်တတ်မှု၊ အချင်းချင်း ယုံကြည်မှုမထားပဲ သံသယစိတ်နှင့် ဆက်ဆံတတ်မှု၊ အရှုံးကို အရှုံးဟုလက်မခံပဲ သင်ခန်းစာယူရမည့်အစား ဆင်ခြေဆင်လက်ဖြင့် အပြန်အလှန် လက်ညှိုးထိုးနေကြရင်း အချိန်ကုန်နေမှု၊ ရာထူးရလျှင် ရာထူးနောက်ကွယ်မှ တာဝန်ကိုမမြင်ပဲ၊ ကုလားထိုင်ကိုသာ မြင်ကာ စိတ်ကြီးဝင်နေမှု၊ အရိုအသေပေး-နေရာပေးခံရမှုကို သာမန်ထက် လွန်ကဲစွာ တပ်မက်မှု၊ ပုဂ္ဂိုလ်ရေးမပြေလည်မှုကို နိုင်ငံတော်အရေးထဲသို့ ဆွဲသွင်းမှု စသည်တို့မှာ စနစ်ဆိုးအဆက်ဆက်တို့၏ ဆိုးမွေများသာဖြစ်သည်။


စနစ်က လူကိုဖန်တီးခြင်းမဟုတ်။ လူကသာ ရှေ့ရေးအကျိုးကို မျှော်ကိုးပြီး စနစ်နှင့် လျော်ညီစွာ ဖန်တီးရမည်ဆိုသော အခြေခံအချက်ကို အားလုံးနားလည် သဘောပေါက်ကာ ထိုစနစ်ဆိုးတို့၏ အမွေများကို ဖျောက်ဖျက်ရန်ကြိုးစားပြီး၊ ရွေးချယ်လိုက်သည့် စနစ်သစ်နှင့် ကိုက်ညီသော အတွေးအခေါ်၊ အမူအကျင့်များသို့ ပြုပြင်ပြောင်းလဲရပေမည်။ ပမာဆိုရသော် ပစိဖိတ်သမုဒ္ဒရာအား ကျော်ဖြတ်ရန် လိုသည်ဆိုပါစို့။ ရေကူးသွားမည်လား၊ သဘောင်္စီးသွားမည်လား၊ လေယာဉ်စီးမည်လား။ သင်္ဘောနှင့် သယ်ရသော ကွန်တိန်နာအား လေယာဉ်နှင့် သယ်၍မရသည်ကို သိကြရပေမည်။ ‘ဒီမိုကရေစီစနစ်သည် နိုင်ငံတော်တစ်ရပ်ကျင့်သုံးရမည့် ပြီးပြည့်စုံသော စနစ်တစ်ခုတော့ မဟုတ်ပါ။ သို့ပေမယ့် ဒီမိုကရေစီစနစ်ထက် သာလွန်ကောင်းမွန်သော စနစ်တစ်ရပ်လဲ ယခုအချိန်ထိ မပေါ်သေးပါ’ဟူ၍ နိုင်ငံများစွာ၏ သမိုင်းသင်ခန်းစာများကို လေ့လာနေသော နိုင်ငံရေးပညာရှင်တစ်ဦးက ဆိုခဲ့ဖူးပါသည်။ ဒီမိုကရေစီစနစ်ကို မဖြစ်မနေကျင့်သုံးရန် လိုအပ်သည်ဆိုသော အမှန်တရားကို လက်ခံ၍ မလျော်ညီသော အတွေးအခေါ်ဆိုး၊ စရိုက်ဆိုးများကို ဖျောက်ဖျက်ပစ်ရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။


ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများအကြောင်း ဆက်လက်ဖော်ပြပါမည်။ ဤနေရာတွင် ဒီမိုကရေစီစနစ်၏ အခြေအနေများ (the conditions of Democracy) နှင့်မရောထွေးစေလိုပါ။ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ ဆိုသည်က အောင်မြင်သော ဒီမိုကရေစီစနစ်တစ်ရပ်ထူထောင်ရာ၌ လိုအပ်သော အခြေအနေများ ((the conditions for the creation of successful democracy) ကို ဆိုလိုခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု လှိုင်းလုံးကြီးများ (waves of Democratization) နှင့်အတူ ဖြစ်ပွားခဲ့သော အခြေအနေများကို လေ့လာသည့် ကျွမ်းကျင်နိုင်ငံရေးပညာရှင်များက အဆိုပါ အခြေအနေများကို ခွဲခြားဖော်ထုတ်ခဲ့ကြသည်။ ဒီမိုကရေစီအရေး ကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ဖြစ်ကြသော David Potter, David Goldblatt, Margaret Kiloh, Lipset, Diamond, Beetham, O’Donnell, Paul Lewis စသူတို့၏ သုတေသနစာတမ်းများအရ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများတွင် အရေးပါသော အချက်ကြီး()ချက် ရှိပါသည်။ ယင်းတို့မှာ


စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)

လူထုလူတန်းစားကွဲပြားမှု (Social Divisions)

နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)

မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)

နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements) စသည်တို့ဖြစ်ပါသည်။


လွပ်လပ်ရေးရကာလစ ဒီမိုကရေစီစနစ်တည်ဆောက်မှုဖြစ်စဉ်အား၊ ဤအချက်များပေါ်တွင် အခြေခံ၍ လေ့လာကြည့်ကြပါစို့။


() စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)


(၁၉၄၈-၁၉၅၈)ကာလသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံစီးပွားရေး၏ အဖွံ့ဖြိုးဆုံးကာလတစ်ရပ်ဖြစ်ခဲ့သည်။ မှန်ကန်သော စီးပွားရေးစီမံခန့်ခွဲမှုစနစ်ကြောင့် ပြည်တွင်းစစ်မီးနှင့် ပြည်ပကျူးကျော်မှုစစ်မီးတို့ကို မည်မျှပင်ခံရလင့်ကစား အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဖြစ်ခဲ့သည်။ ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့သည်’ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် လူတန်းစားရုန်းကန်မှု (class struggle) ကိုဖြစ်ပေါ်စေပြီး၊ အထက်လွှာနှင့်အခြေခံလူတန်းစားများ (higher and lower classes) များအကြေား ကွာဟမှုများ (inequalities) အား လျော့ပါးစေကာ လူလတ်တန်းစား (middle class) များအား တိုးတက်စေနိုင်လေသည်။


() လူထု၊လူတန်းစားကွဲပြားမှု (Social Divisions)


လူလတ်တန်းစားများ များပြားလာခြင်းသည် ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ၏ အရေးပါသောအချက်တစ်ရပ်ပင်ဖြစ်သည်။ ယင်းသို့ပြည်သူလူထုကွဲပြားမှုများတွင် ဝင်ငွေပေါ်အခြေခံသည့် class divisions သာမက လူမျိုးစု၊ စာပေ၊ ယဉ်ကျေးမှု၊ဘာသာရေး စသည်များပေါ်တွင် အခြေခံသည့် ကွဲပြားမှု (group divisions based on ethnicity, language, religion or other cultural criteria) ဆိုသည်လဲ ရှိပါသည်။ ဤသို့သော ကွဲပြားမှုများကြားတွင် အခြေခံ national identity တစ်ခုတော့ ရှိရပါမည်။ ထိုသို့မရှိပဲ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်၍ မရပါ။ အခြားကွဲပြားမှုတစ်ရပ်မှာ ဖိုမကွဲပြားမှု (gender divisions) ဖြစ်ပါသည်။ ဤအချက်သည်လဲ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်တွင် အရေးကြီးပါသည်။ မိသားစု (family) သည်အခြေခံအကျဆုံးသော လူ့အဖွဲ့အစည်းတစ်ရပ်ပင်ဖြစ်သည် မဟုတ်ပါလော။


လွတ်လပ်ရေးရကာစ ကာလ (ဝါ) ဒီမိုကရေစီသမီးပျိုလေးကာလတွင် ပြည်သူလူထု၏ ဝင်ငွေများတိုးတက်၍ နေနိုင်စားနိုင်လူလတ်တန်းစားဦးရေများ တိုးတက်ခဲ့ပါသည်။ သို့ရာတွင် ကိုလိုနီစနစ်၏ သွေးထိုးခဲ့မှုများကြောင့် national identity တွင်တော့ သဘောထားကွဲလွဲမှုများရှိခဲ့ပါသည်။ ပါလီမန်တွင် အမျိုးသမီး အမတ်များပါဝင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍရှိခဲ့သည် ဟူ၍တော့ ခြုံပြောရပါမည်။


() နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)


ဒီမိုကရေစီစနစ်တစ်ရပ်အောင်မြင်စွာ တည်ဆောက်နိုင်ရေးတွင် နိုင်ငံတော်ပိုင် လုပ်ငန်းများ မရှိသလောက် နည်းပါးရေးသည် အရေးကြီးပါသည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးသော ဈေးကွက်စီးပွားရေးစနစ်သည် အသင့်လျော်ဆုံးဖြစ်ပါသည်။


ထို့အပြင် political institutions များ၏ အခန်းကဏ္ဍမှာလဲ အရေးကြီးပါသည်။ ယင်းတို့တွင် အောက်လွှတ်တော်၊ စစ်တပ်၊ ပါတီဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲကျင်းပပုံစနစ်၊ ဌာနဆိုင်ရာ ဖွဲ့စည်းပုံနှင့် ပူးတွဲဆောင်ရွက်မှု၊ အလုပ်သမား၊လယ်သမားအဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား ပတ်သက်ဆက်နွယ်မှု စသည်တို့ပါဝင်ပါသည်။ အရေးအကြီးဆုံးမှာ စစ်တပ်ကို ထိန်းချုပ်နိုင်မှုဖြစ်သည်။ နိုင်ငံတော်၏ အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော စစ်တပ်သည် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာကို ကာကွယ်ရန်သာဖြစ်သည်။ သို့ပေမယ့် အဆိုပါစစ်တပ်သည် ‘အရေးပေးရွှေအေးပန်းကန်တက်’ လမ်းစဉ်လိုက်ကာ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် လာပါက ဒီမိုကရေစီနှင့် လူထုအတွက် အလွန်ပင် အန္တရာယ်ကြီးပါသည်။


လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံသည် ဤသို့သော ပြဿနာကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပစစ်မီးများသည် စစ်တပ်၏ ကဏ္ဍကို ထိပ်ဆုံးသို့ရောက်အောင် တွန်းတင်ခဲ့သည်။ တွန်းတင်မှုကြောင့် သွေးနားထင်ရောက်သွားမှုအား ပြန်လည်ထိန်းချုပ်ရန် စနစ်ကား မရှိခဲ့ပါ။ depoliticized military သည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါသည်။


() မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)


မှီတွယ်မှုကင်းသော လွတ်လပ်သည့် လူ့ဘောင်တစ်ရပ်ကြီးထွားရေးသည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးရေးရာ၊ ဘာသာရေး၊ သဘာဝပတ်ဝန်းရှင်ထိန်းသိမ်းရေး၊ အတတ်ပညာရှင်၊ အသိပညာရှင် အဖွဲ့အစည်းများတည်ထောင်ဖွဲ့စည်းမှုနှင့်စုပေါင်းလှုပ်ရှားမှုများပြားလာခြင်းသည် လူထုလူတန်းစားအလွှာ အသီးသီးအကြား ပူးတွဲဆာင်ရွက်မှုကို အားဖြစ်စေပြီး၊ အခန့်သင့်လျှင် လူထုတိုက်ပွဲများပင်ဖြစ်ပေါ်စေကာ အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ပါသည်။ ဒီမိုကရေစီအသွင်ပြောင်းဖြစ်စဉ်တွင်လဲ အလွန်ပင်အားကောင်းသော အင်အားစုများပင်ဖြစ်သည်။ လွတ်လပ်သော လူ့ဘောင်သည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအား ထိန်းညှိပေးသော အရာပင်ဖြစ်သည်။ အာဏာသည်ပြည်သူထံမှသာ သက်ဆင်းပါသည်။


လွတ်လပ်ရေးရကာစကာလ မြန်မာ့ လွတ်လပ်သော လူ့ဘောင်သည် အလွန်ပင် အင်အားကြီးမားခဲ့ပါသည်။ အုပ်ချုပ်သူများနှင့် လူ့ဘောင်တို့သည် တသားတည်းဖြစ်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်သာ ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါက စာရေးသူတို့မြန်မာပြည်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နေမည်မလွဲ။ ကံအကြောင်းမလှ၍ နေဝင်းနှင့်အပေါင်းအပါများ၏ ယုတ်မာစွာ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။


()အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements)


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုရာတွင် နိုင်ငံတစ်ခု၏ နယ်ခြားမျဉ်းတဘက်စီမှ နိုင်ငံများအချင်းချင်းဆက်ဆံရေး၊ စစ်ရေး၊စီးပွားရေး၊သံတမန်ရေး၊ ဆက်သွယ်ရေး၊ မီဒီယာ စသည်များအားလုံး အကျုံးဝင်ပါသည်။


လွတ်လပ်ရေးရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ အတွေးအခေါ်ဝါဒ နှစ်ရပ်လွန်ဆွဲသော စစ်အေးတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးကာလတစ်ခုတွင် ဘက်မလိုက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံနှစ်ခု၏ ပဋိပက္ခများကြားတွင် စေ့စပ်ပေးသူဖြစ်ခဲ့သည်။ ပြည်ပကျူးကျော်မှုတွင်လဲ လက်မတွန့်ပဲ ပြတ်ပြတ်သားသား ရင်ဆိုင်ခဲ့သည်။ တိုးတက်မှုများရှိခဲ့သည်ဟု ဆိုရပေမည်။


() နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)


နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် များရှိခြင်းသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ မည်သို့သော နိုင်ငံရေးယဉ်ကျေးမှုမျိုးနည်း။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှု (negotiations) ရှိသော၊ အပေးအယူ (compromise) ရှိသော အချက်များ၊ အတွေးအခေါ်များပေါ်တွင် အခြေခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်က အရင်လား၊ ဒီမိုကရေစီယဉ်ကျေးမှုက အရင်လားဆိုသည်ကတော့ ကြက်ဥနှင့် ကြက်မမေးခွန်းကဲ့သို့ အစရှာရန် ခက်ခဲသည့် မေးခွန်းပင်ဖြစ်ပါသည်။ သို့ပေမယ့် ဒီမိုကရေစီစနစ်ယဉ်ကျေးမှုကတော့ အလွန်ပင်အရေးကြီးသော ပြဌာန်းချက်တစ်ရပ်ပင်ဖြစ်ပါသည်။


လွတ်လပ်စ စာရေးသူတို့ တိုင်းပြည်တွင် ဤယဉ်ကျေးမှုကတော့ အလွန်ပင်အားနည်းခဲ့ပါသည်။ အာဏာပြိုင်မှုများ၊ မှန်မှန်မှားမှားကိုယ်ထင်ရာ ခုတင်ရွှေနန်းလုပ်မှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများမရှိပဲ ငါ့မြင်းငါစိုင်းမှုများ ရှိခဲ့သည်ကတော့ အသေအချာပင်ဖြစ်သည်။


အနှစ်ချုပ်ပါက စစ်တပ်အားထိန်းချုပ်နိုင်မှု လျော့ရဲခဲ့ခြင်းနှင့် ဒီမိုကရေစီယဉ်ကျေးမှုအားနည်းခဲ့ခြင်းသည် လှုပ်ရှားအသက်ဝင်နေသော ဒီမိုကရေစီသမီးပျိုလေး၏ ခြေလှမ်းများကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်ပါသည်။ စစ်ဘီလူးအာဏာရှင်များ၏ သိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။ ခေါင်းငုံ့ခံနေ၍တော့ နွံ့ထဲသို့နစ်သထက်နစ်ရန်သာရှိပါသည်။ မတရားသိမ်းပိုက်ခံလိုက်ရသော သမီးပျိုတစ်ယောက်သည် အနာဂတ်အရေးရှေးရှုပြီး၊ စိတ်ဆန္ဒမပါသော အိမ်ထောင်ရေးနွံအတွင်းမှ အခွင့်အရေးရသည်နှင့် အားယူရုန်းကန်ထွက်ရမည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင်စနစ်၏ မတရားဖျက်ဆီးခံထားရသော ဒီမိုကရေစီစနစ် သမီးပျိုလေးသည်လဲ ပြန်လည်နိုးထလာဖို့ အချိန်တန်ပါပြီ။ အဆိုပါ ဒီမိုကရေစီသမီးပျိုလေးသည် ကျွန်ုပ်တို့ ပြည်သူလူထုအားလုံး၏ ဘဝကို ကိုယ်စားပြုထားသည်မို့ ပြည်သူအများ စုပေါင်းအားဖြင့် ရုန်းကန် ထိုးထွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။


ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

market economy

Wednesday, December 31, 2008

ဈေးကွက်စီးပွားရေးစနစ်တဲ့လား


(၁၉၈၈)ခုနှစ် မတရားအာဏာသိမ်းပွဲနောက်ပိုင်းကာလ နဝတ၊ နအဖတို့၏ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများလိုလိုတွင် မပါမဖြစ် စကားတစ်ခု ရှိသည်။ ယင်းကား ‘နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဈေးကွက်စီးပွားရေးစနစ်အား ကျင့်သုံးနေသည်’ ဟူသောစကား။ အပြောနှင့်အလုပ်ညီစွာ အမှန်တကယ် ကျင့်သုံးခဲ့ပါလျှင် စာရေးသူတို့ အမိမြန်မာပြည်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံး ဤမျှ စုတ်ပြတ်သတ်သွားစရာ အကြောင်းမရှိ။ အနှစ်နှစ်ဆယ်ကြာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှု၏ ရလာဒ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်နေစေမည်မှာ မလွဲဧကန်မုချ။


နည်းမှန်လမ်းမှန် ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများနှင့် ချိန်ထိုးကြည့်ပါက နအဖတို့၏ လိမ်လည်မှုများကား ကွက်ကွက်ကွင်းကွင်းပေါ်လာပါသည်။ အတုအယောင် အမျိုးသားညီလာခံ ကျင်းပပြီး ထွက်ပေါ်လာသည့် ရလာဒ်များနှင့် အတုအယောင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော နအဖသည် ကမ္ဘာတဝှမ်းလုံး လက်ခံကျင့်သုံးနေသည့် ဈေးကွက်စီးပွားရေး စနစ်ကိုလဲ အတုအယောင် လုပ်ခဲ့ကြလေသည်။ မည်သို့ လိမ်လည်လှည့်ဖြားခဲ့ကြသည်ကို လေ့လာကြည့်ကြပါစို့။


နိုင်ငံတကာမှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင် လက္ခဏာများမှာ

(က) ပုဂ္ဂလိက ပိုင်ဆိုင်မှု


ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေးသည် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ ရရှိခံစားရမည့်အခွင့်အရေးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု နှင့် စီးပွားဓနတိုးတက်မှုတို့ကို တွန်းအားပေးသည့်အရာ ဖြစ်ရပါမည်။


လက်တွေ့တွင်ကား ဤအချက်နှင့် မလျော်ညီစွာပင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေး အလွန်ပင် ရှားပါးပါသည်။ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိက ပိုင်အဖြစ် လွဲပြောင်းထားသည်ဟု မည်မျှပင်ဆိုစေကာမူ၊ ဖြစ်ရပ်မှန်ကား စစ်ဗိုလ်ချုပ်ကြီးများ နောက်ကွယ်မှ ကြိုးကိုင်ပိုင်ဆိုင်မှု ယူထားသော လုပ်ငန်းများသာ ဖြစ်နေပါသည်။ စစ်အရာရှိကြီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့်ပင် ဤအချက်မှာ ထင်ရှားနေပါသည်။ အချို့သော လုပ်ငန်းများမှာလဲ နအဖတို့နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများမှ မောင်ပိုင်စီးလုပ်ကိုင်နေကြပါသည်။


()လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့် နှင့် ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်


လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများ၌ သယံဇာတအရင်းအမြစ်များ၊ ကုန်ကြမ်းများအား လွတ်လပ်စွာ ရယူပိုင်ခွင့်၊ အသုံးပြုခွင့်၊ မိမိတို့နှစ်သက်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်ခွင့်နှင့် ထုတ်ကုန်များကို မိမိတို့နှစ်သက်ရာ ဈေးကွက်များ၌ ရောင်းချခွင့်ရှိရပါမည်။


ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့နှစ်သက်ရာ ပိုင်ဆိုင်မှုအရင်းအမြစ်များကို နှစ်သက်ရာအချိန်တွင် ရွေးချယ်အသုံးချခွင့်ရှိရမည်ဖြစ်ပြီး၊ လုပ်သားများမှာလဲ နှစ်သက်ရာ အလုပ်ကို ရွေးချယ်လုပ်ကိုင်ခွင့်နှင့် နှစ်သက်ရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ခွင့်ရှိရမည်ဖြစ်လေသည်။ ထို့အတူ စားသုံးသူများမှာလဲ မိမိတို့ဝင်ငွေအား စိတ်ကြိုက်သုံးစွဲပိုင်ခွင့် ရှိရမည်ဖြစ်လေသည်။


နဝတ၊နအဖတို့လက်ထက်တွင်ကား အဆိုပါအခွင့်အရေးများမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ မော်တော်ယာဉ်လုပ်ငန်းများလုပ်မည်လား၊ ပါမစ်လိုပါသည်။ သစ်လုပ်ငန်းလုပ်မည်လား၊ ပါမစ်လိုပါသည်။ ဟိုနေရာသွားလဲ ပါမစ်၊ သည်နေရာသွားလဲ ပါမစ်နှင့် တမစ်တည်းသာမစ်နေတော့သည်။ လုပ်ငန်းများလုပ်လျှင် ပါမစ်လိုသည်ကတော့ နိုင်ငံတိုင်းလိုလိုပင်။ သို့ပေမယ့် မြန်မာပြည်ကပါမစ်ကတော့ တမူထူးခြားပါမစ်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ မည်မျှပင် မှန်ကန်စေပါမူ ဗိုလ်ချုပ်များ အိတ်ကပ်ထဲသို့ ငွေမရောက်သရွေ့ ပါမစ်မှာ မိုးပေါ်မှ မကျနိုင်သော တိမ်စိုင်တိမ်ခဲပမာကဲ့သို့ပင်။ ဒီကြားထဲ ပါမစ်အရောင်းအ၀ယ်ပွဲစားများကလဲ ရှိလိုက်သေးသည်။


အလုပ်သမားအခွင့်အရေးဆိုသည်ကိုတော့ မြန်မာနိုင်ငံတွင် ဘာလဲဆိုသည်ကိုပင် မေးယူရမည်ကဲ့သို့။ မိမိတို့နှစ်သက်ရာ အလုပ်အကိုင်များကို ရွေးချယ်လုပ်ရန်နေနေသာသာ၊ မနှစ်သက်သော အလုပ် များ၊ ယုတ်စွအဆုံး- ပြည့်တန်ဆာအလုပ်ပင်လျှင် အဆက်အသွယ်ရှိမှဖြစ်သည်တဲ့။ စားသုံးသူများ၏ ရွေးချယ်စားသုံးပိုင်ခွင့်၊ မိမိတို့ဝင်ငွေကို စိတ်ကြိုက်အသုံးပြုခွင့် ဆိုသည့် သဘောတရားရှိသည် မရှိသည်ကိုတော့ ဝန်ထမ်းမိသားစုများ ပိုမိုနားလည်ပေလိမ့်မည်။ ဆန်ပေးသည်ဆိုသော နာမည်ကောင်းယူကာ ဖွဲ၊သလဲများနှင့် ပြည့်နှက်နေသော ဆန်ကို မယူမနေရ လခထဲမှ ဖြတ်တောက်မှု၊ မည်သည့်ရုံးသွားသွား၊ ပြက္ခဒိန်များ အတင်းထိုးရောင်းမှုစသည်များ။ ဆယ်တန်းအမှတ်စာရင်း သွားထုတ်သည်ကို ပြက္ခဒိန်ဝယ်မှ အမှတ်ထုတ်ပေးမည်ဆို၍ မဆီမဆိုင်ဝယ်ခဲ့ရသည့် နေ့ရက်များ၊ အထက်တန်းကျောင်းများတွင် ဆရာဆရာမများ အားလပ်ချိန်တိုင်း မုန့်ရောင်းရမည်ဆို၍၊ ကျောင်းဆရာ၊ ဆရာမဘဝတလှည့်၊ ဈေးအော်ရောင်းနေ သည့် ဈေးသည်တလှည့်ဖြစ်နေသော ဆရာ၊ဆရာမများအားကြည့်ကာ အားနာပါးနာနှင့် ဝယ်ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောင်းသတိရမိပါသည်။ သြော်-မြန်မာပြည်ရဲ့ စားသုံးသူ အခွင့်အရေးဆိုတာ ဤသို့နှယ်ပါ။


()ကိုယ်ပိုင်အကျိုးစီးပွား


ကိုယ်ပိုင်အကျိုးစီးပွားရှာမှုသည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါတစ်ရပ်ဖြစ်ပါသည်။ ထုတ်လုပ်သူများက အမြတ်အများဆုံး(ဝါ) အရှုံးအနည်းဆုံးဖြစ်အောင် လုပ်သကဲ့သို့၊ လုပ်သားများမှလဲ မိမိတို့ ဝင်ငွေအား တိုးတက်များပြားအောင် လုပ်ဆောင်ကြလေသည်။ ထိုနည်းတူ စားသုံးသူများမှလဲ ကုန်ကျရသည့် ပိုက်ဆံနှင့် တန်သော ပစ္စည်းများကို ရရှိမှကျေနပ်မှုရှိကြလေသည်။ ယင်းသို့ အကျိုးအမြတ်၊ ဝင်ငွေ၊ စားသုံးသူများ ကျေနပ်အားရမှုစသည်တို့အား အပြိုင်အဆိုင် ကြိုးပမ်းရယူနေခြင်းရှိမှသာ စီးပွားရေးအဆောက်အအုံ တရပ်လုံး တိုးတက်မှု ရှိလေမည်။

နဝတ၊ နအဖလက်ထက်မြန်မာပြည်တွင်ကား ဤသို့သုံးဦးသုံးဖလှယ် အား ပြိုင်မှုများ မရှိပါ။ ထုတ်လုပ်သူများမှာ အမြတ်ဝေစု၏ သုံးပုံနှစ်ပုံခန့်ကို အုပ်ချုပ်သူများ၊ ဌာနဆိုင်ရာများသို့ ပေးကျွေးခွံ့နေကြရသဖြင့် အမြတ်များသထက်များအောင် လုပ်လိုက်သောအခါ ကုန်ဈေးနှုန်းအဆမတန် ကြီးထွားလာပါသည်။ တဖန် ဝိသမလောဘကုန်သည်များကြောင့် ကုန်ဈေးနှုန်းတက်ပါသည်ဆိုပြီး မရောင်ရာဆီလူး နအဖဗိုလ်ချုပ်များက ဆိုပြန်၍ ဈေးနှုန်းကျရန် လုပ်ရပြန်သောအခါ ကုန်ပစ္စည်းအရည်အသွေး ကျဆင်းသွားပြန်သည်။ စားသုံးများမှာတော့ ကျေနပ်သည်၊ မကျေနပ်သည်အသာထား၊ အသက်ရှင်ရပ်တည်ဖို့ ကောင်းလဲစား၊ မကောင်းလဲစား၊ ကောင်းလဲသုံး၊ မကောင်းလဲသုံးဘဝ။ လုပ်သားများမှာလဲ လုပ်အားနှင့် လုပ်ခတန်သည်မတန်သည် အပထား၊ စားစရာရှိအောင်၊ နေစရာရှိအောင် တခုခုတော့ လုပ်နေရမည်မို့ ပါးစပ်ပိတ်၊ ခေါင်းငုံ့ကာ နေကြရသည်။


တဖန် ဝန်ထမ်းများကျပ်တည်းသည်ဆိုကာ နအဖတို့မှ အာမခံချက်မရှိသော ငွေစက္ကူများအား အတင်းရိုက်ထုတ်ပြီး လစာများတိုးပြန်တော့လဲ ကုန်ဈေးနှုန်းများက အဆမတန် တက်သွားပြန်သည်။ တက်မည်ပေါ့။ လစာတိုးမည်ဆိုသည်ကို ကြားသည်နှင့် ဈေးကွက်ဝယ်လိုအားက အဆမတန်ထိုးတက်သွားသည်ကိုး။ ဝယ်လိုအားနှင့် ရောင်းလိုအားညီမျှရန် ဈေးနှုန်းနှင့် ညှိယူရသည်လေ။ ကုန်သည်များ၏ အပြစ်ဆိုပြီးပဲ လက်ညှိုးထိုးနေ၍မရပါ။ ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအား၊ ငွေကြေးသုံးစွဲမှုစသည့် စီးပွားရေးအခြေခံအချက်လေးများကိုပင် နားမလည်သော ပရမ်းပတာအုပ်ချုပ်သူများ၏ လုပ်ချင်ရာလုပ်နေသော အိုးနင်းခွက်နင်းကိစ္စများ၏ ရလာဒ်သာဖြစ်သည်။


() ပြိုင်ဆိုင်မှု


ဈေးကွက်အတွင်းတွင် ရောင်းသူဝယ်သူ အပြိုင်အဆိုင်များစွာ ရှိရပါမည်။ ရောင်းသူများခြင်းဖြင့် မည်သည့်တဦးတယောက်သော ရောင်းသူကမှ ဈေးကွက်ရောင်းလိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ချုပ်ကိုင်၍ မရတော့ပါ။ ထိုနည်းတူစွာ ဝယ်ယူသူများအပြိုင်အဆိုင် ပေါများခြင်းဖြင့် မည်သည့် စားသုံးသူကမှ ဈေးကွက်ဝယ်လိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ထိန်းချုပ်၍မရပါ။ ထို့အပြင် ထုတ်လုပ်သူများသည် ဈေးကွက်အတွင်းသို့ လွယ်ကူစွာ ဝင်ထွက်ခွင့်ရှိရပါမည်။ ပြိုင်ဆိုင်မှုအား ခွင့်မပြုသော မည်သည့်ဈေးကွက်စီးပွားရေးမှ တိုးတက်အောင်မြင်မှုမရှိနိုင်ပါ။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းသော Transition Economies များ၏ Structural Adjustment programs (SAPs) များတွင် ပြိုင်ဆိုင်မှုပေါ်လစီများ (Competition policies) အား မြှင့်တင်ရေးသည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါသည်။


နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအား အမှန်တကယ် တိုးတက်စေလိုသည်ဆိုလျှင် ဦးပိုင်မှသာ သီးခြား ဦးစီးလုပ်ကိုင်နေသော လုပ်ငန်းများ၊ နအဖဆွေမျိုးများသာ လုပ်ကိုင်ခွင့်ရပြီး အခြားပြည်သူလူထုအား လုပ်ငန်းလိုင်စင်မချပေးသည့် လုပ်ငန်းများအား ရပ်တန်းက ရပ်သင့်ပါသည်။ ပြည်သူလူထုနှင့်အတူ တန်းတူရောယှက်၍ မှန်ကန်စွာ၊ တရားနည်းလမ်းကျစွာ ပြိုင်ဆိုင်သင့်ပါသည်။ အရည်အချင်းမရှိ၍ စည်းဝိုင်းထဲတွင် မပြိုင်ဆိုင်နိုင်သည်နှင့် စည်းဝိုင်းအား မောင်ပိုင်စီးကာ တစ်ယောက်တည်း ပထမဆုယူပြနေခြင်းမှာ လူကြီးလူကောင်းတို့၏ လုပ်ရပ်မဟုတ်ပါ။ လူကလိန်ကကျစ်တို့၏ လုပ်ရပ်သာဖြစ်ပါသည်။


ဈေးကွက်စီးပွားရေးစနစ်တွင် အခြားသော သွင်ပြင်လက္ခဏာများလဲ ရှိပါသေးသည်။ စီးပွားရေးကျမ်းမဟုတ်၍ စာရေးသူ အကျယ်မချဲ့လိုတော့ပါ။ သေချာသည်ကတော့ မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေမှုများမှာ ဈေးကွက်စီးပွားရေးစနစ်နှင့် သိသာစွာ ကွဲလွဲနေခြင်းသာ ဖြစ်သည်။


ဖွတ်ထွက်မှ တောင်ပို့မှန်းသိ စကားပုံရှိပါသည်။ ဖွတ်ကထွက်နေသည်မှာ အမြီးပင် ပေါ်နေပြီင်္။ စာရေးသူတို့ မြန်မာပြည်သားများ အဘယ်သို့သော အချိန်ထိ စောင့်နေမည်နည်း။ အတုကိုအတုမှန်းသိရင်တော့ အစစ်ကို ရှာဖွေအကောင်အထည်ဖော်ရပေမည်။ အစစ်ကို အကောင်အထည်ဖော်ရန် နအဖစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီးမှသာ ဖော်ထုတ်၍ ရပေမည်။ နအဖတွင် အစစ်ဆိုသည်မှာ မရှိတော့ပါ။ သူတပါးလက်ထဲမှ အာဏာရယူထားသည့် အစိုးရအတု၊ အာဏာမြဲရေး ကြိုးပမ်းထားရသည့် ငြိမ်းချမ်းရေးအတု၊ ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်သည့် ညီလာခံအတု၊ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမှ မပါသည့် စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံဥပဒေ အတု၊ ဈေးကွက်စီးပွားရေးအတု စသည့် အတုအယောင် ဂုဏ်ပုဒ်များဖြင့်သာ ကမ္ဘာကျော်နေသူများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပဲ အတုအယောင်ကို မျှော်လင့်ချက်ထားကာ ရွှေသမင်အလိုက်မှားလျှင်တော့ စာရေးသူတို့ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည် ကမ္ဘာပေါ်တွင်ပင် မရှိတော့သည့် အဖြစ်ဆိုးသို့ အသွင် ကူးပြောင်းသွားပေတော့မည်။


မည်သို့ဆိုစေ နအဖဝန်ကြီးများကတော့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဆိုကာ မီးကုန်ယမ်းကုန် (မည်သူမျှမကြားချင်၍ နားပိတ်ထားသော်လဲ) အော်ဟစ်နေကြပါသည်။ စာရေးသူတို့ပြည်သူများမှလဲ


ဈေးကွက်စီးပွားရေးတဲ့လား နအဖရယ်၊

ဘယ်လိုပြောပြော

တို့ပြည်သူများမယုံပါတယ်။

ကယ်တင်ရှင်ဆိုသူ နအဖရယ်၊

လာရာလမ်းကို ပြန်တော့ကွယ်”


ဟူ၍သာ ကြွေးကြော်ရင်း နေရာမှန်ကို ပြန်ပို့လိုက်ကြပါစို့။


ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP