ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Entrepreneurial types and internationalization

Tuesday, August 12, 2008

စွန့်ဦးတီထွင်လုပ်ငန်းရှင်အမျိုးအစားများနှင့်နိုင်ငံတကာဈေးကွက်


စီးပွားရေးပညာရှင် Andersson ဆိုသူက စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးအစား သုံးမျိုးကို ခွဲခြားဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့ entry modes တွေနဲ့ ၀င်ရောက်တဲ့ ဈေးကွက်များဟာ လုပ်ငန်းရှင်အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ သူခွဲခြားဖော်ပြခဲ့တဲ့ စွန့်ဦးတီထွင် လူပ်ငန်းရှင် သုံးမျိုးကတော့ technical entrepreneurs, marketing entrepreneurs နဲ့ structure entrepreneurs တို့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားသုံးမျိုးနဲ့သူတို့ရဲ့နိုင်ငံတကာဈေးကွက် ချဉ်းကပ်ပုံတွေကို အသေးစိတ်လေ့လာကြည့်ကြရအောင်။


() Technical Entrepreneurs

သူတို့တွေဟာ ကုန်ပစ္စည်းအသစ်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်မှုနည်းပညာသစ်ဖော်ထုတ်ခြင်း စတဲ့ နည်းပညာပိုင်းတွေမှာ အဓိက စိတ်ဝင်စားသူများ ဖြစ်ကြပါတယ်။ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့အခါ ကုန်ကျမှုအနည်းဆုံး ၀င်ရောက်မှုလမ်းကြောင်းများဖြစ်တဲ့ exporting, licensing စတာတွေနဲ့ ၀င်ရောက်လေ့ရှိပါတယ်။


သူတို့နဲ့ potential market တွေနဲ့ ချိတ်ဆက်မိနိုင်ဖို့အတွက် international network ကောင်းကောင်းလိုအပ်ပါတယ်။ ဘယ်လိုဈေးကွက်ထဲကို ၀င်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကတော့ ကုန်ပစ္စည်းအမျိုးအစားနဲ့ inquiry လုပ်တဲ့ တိုင်းပြည်တွေအပေါ်မှာ မူတည်ပါတယ်။ သူတို့အတွက်ကွန်ယက်ဟာ အရေးကြီးဆုံးဖြစ်တဲ့အတွက် ဒီအမျိုးအစားကို networkers အဖြစ်ခေါ်ဆိုသတ်မှတ်ကြပါတယ်။


() Marketing entrepreneurs

သူတို့တွေဟာ market- oriented လုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် နိုင်ငံတကာဈေးကွက်ကို လျင်မြန်စွာ ထိုးဖောက်နိုင်ရေးကို ဦးစားပေးကြပါတယ်။ ဒါကြောင့်လဲ သူတို့ဟာ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့အခါမှာ စွန့်စားမှုအမြင့်ဆုံးနဲ့ ကုန်ကျမှုအများဆုံးဖြစ်တဲ့ wholly owned subsidies နည်းမျိုးနဲ့ ၀င်ရောက်လေ့ရှိပါတယ်။ Greenfield လို့ခေါ်တဲ့ ကိုယ်ပိုင်စက်ရုံကို နိုင်ငံခြားဈေးကွက်မှာ တည်ထောင်လုပ်ကိုင်ခြင်းကို နှစ်သက်ကြသူများပါ။


ဝင်ရောက်တဲ့ဈေးကွက်ကို ရွေးချယ်တဲ့အခါမှာတော့ emerging market တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ personal networks များရဲ့ အခန်းကဏ္ဍပါပဲ။ အလားအလာရှိတဲ့ ပြည်ပဈေးကွက်များနဲ့ ဈေးကွက်စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို စနစ်တကျချိတ်ဆက်ပေးနိုင်မယ့် personal networks များလိုအပ်ပါတယ်။


() Structure entrepreneurs


သူတို့တွေကတော့ mature industries တွေမှာ လုပ်ငန်းများ၊ ကုမ္ပဏီများကို restructure လုပ်သူများ ဖြစ်ပါတယ်။ marketing entrepreneurs များလိုပဲ wholly owned subsidies ကိုပဲ entry mode အနေနဲ့ ရွေးချယ်ကြပါတယ်။ ကွာခြားတာကတော့ သူတို့တွေက Greenfield အနေနဲ့မဟုတ်ပဲ merger တွေ၊ acquisition ပုံစံတွေနဲ့ ဖြစ်ပါတယ်။


သူတို့တွေ ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့အတွက် networks များကတော့ သိပ်အရေးမကြီးလှပါဘူး။ ဆွဲအားကောင်းတဲ့ merger, acquisition အလားအလာရှိတဲ့ ဈေးကွက်များကို ဖော်ထုတ်ရွေးချယ်နိုင်ဖို့ပဲ လိုအပ်လှပါတယ်။


Entrepreneurship ဆိုင်ရာ သုတေသနပြုချက်များအရကတော့ ဒီအမျိုးအစားသုံးမျိုးဟာ သီးခြားအမြဲရှိနေတာမဟုတ်ပဲ တခါတလေမှာ စွန့်ဦးတီထွင်လုပ်ငန်းတခုဟာ technical entrepreneur တယောက်ဖြစ်သလို market entrepreneur လဲဖြစ်နေကြောင်းတွေ့ရှိရပါတယ်။ Thi Thanh Thuy Le နဲ့ Theerata Thornjaroensri တို့ TOA Group အပေါ်လေ့လာတွေ့ရှိခဲ့တဲ့ အချက်များအရ technical entrepreneur ဟာ ပထမပိုင်းမှာ ကုန်ပစ္စည်းထုတ်လုပ်မှုပေါ်မှာ ဇောင်းပေးပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကုန်ပစ္စည်းကိုသာမက ဈေးကွက်ချဲ့ထွင်ရေးကိုပါ ဦးစားပေးလာကြောင်း တွေ့ရှိရပါတယ်။

ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၈)


ရည်ညွန်း။

Le, T. & Thornjaroensri, T. (2008) Internationalization process from entrepreneurial perspectives : A Case Study of TOA Group, Online Publications, Mälardalen University


Andersson, S. (2000) “The Internationalization of the Firm from Entrepreneurial Perspectives”, Studies of Management and Organizations, 30 (1), pp. 63-92

အပြည့်အစုံဖတ်ချင်ရင်..>>>

Entrepreneurial personality

စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်၏ ကိုယ်ရည်ကိုယ်သွေး


Entrepreneurship နဲ့ပတ်သက်ပြီး သုတေသနလုပ်လေ့ရှိတဲ့ ခေါင်းစဉ်တမျိုးကတော့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေမှာ ရှိလေ့ရှိထဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာများကို လေ့လာဖော်ထုတ်ခြင်းဖြစ်ပါတယ်။ သွင်ပြင်လက္ခဏာအမျိုးမျိုးကို ပညာရှင်တွေက ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။ အများစုကတော့ အလုပ်ကြိုးစားခြင်း၊ အကောင်းမြင်စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်ချက်ရှိခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာခြင်းနဲ့ energy level မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။


ဒီအချက်တွေထဲမှာ ပုံမှန်အားဖြင့် ထိပ်ဆုံးစာရင်းမှာ ရှိနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးသုံးမျိုးကတော့ () စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များဟာ အောင်မြင်မှုကို ကြီးမားစွာ လိုလားတောင့်တသူများဖြစ်ကြပါတယ်။

() မိမိတို့ရဲ့ ကိယ်ပိုင် destinies တွေကို ထိန်းချုပ်နိုင်တယ်လို့ ပြင်းထန်စွာယုံကြည်ထားသူများဖြစ်ပါတယ်။

() စွန့်စားမှုပြုလုပ်တဲ့အခါ moderate risks ကိုပဲ ယူတတ်ကြပါတယ်။


ဒီသုတေသနအချက်တွေကနေ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ယေဘူယျပုံသဏ္ဍာန်ကို တွေ့ရှိနိုင်ပါတယ်။ သူတို့ဟာ ပြဿနာများဖြေရှင်းရာမှာ၊ ရည်မှန်းချက်များချမှတ်ရာမှာနဲ့ ဒီရည်မှန်းချက်တွေကို ကိုယ်ပိုင် efforts နဲ့ ပြည့်မှီအောင် ဆောင်ရွက်ရာတွေမှာ မိမိကိုယ်ပိုင်တာဝန်ယူမှုကို ပိုမိုနှစ်သက်တတ်တဲ့ independent type အမျိုးအစား ကိုယ်ရည်ကိုယ်သွေး ရှိသူများ ဖြစ်ပါတယ်။ သူတို့တွေဟာ လွတ်လပ်မှုကို တန်ဖိုးထားကြပြီး၊ အခြားသူများရဲ့ ထိန်းချုပ်မှုကို မနှစ်သက်ကြဘူး။ အခွင့်အလမ်းစမ်းသပ်ကြည့်ဖို့ကို မကြောက်လန့်ကြပေမယ့် အရိုင်းသက်သက် risk takers တွေတော့ မဟုတ်ကြဘူး။ တွက်ချက်သုံးသပ်ထားတဲ့ risks တွေကိုတော့ သူတို့ကိုယ်တိုင် outcome ကို ထိန်းချုပ်နိုင်မယ်လို့ ယူဆတဲ့အခါ risk ယူတတ်ကြပါတယ်။


ဒီလို စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ကိုယ်ရည်ကိုယ်သွေး အချက်အလက်များကနေ conclusion နှစ်ခုထွက်နိုင်ပါတယ်။ ပထမတချက်ကတော့ ဒီလို ကိုယ်ရည်ကိုယ်သွေး ရှိသူများဟာ ကြီးမားတဲ့ ကော်ပိုရေးရှင်းတွေ၊ အစိုးရဌာနဆိုင်ရာတွေမှာ စူးစိုက်ပြီး၊ productive ဖြစ်တဲ့ ၀န်ထမ်းတွေ ဖြစ်မလာနိုင်ပါဘူး။ စည်းကမ်းနည်းလမ်းတွေ၊ သတ်မှတ်ချက်တွေနဲ့ ဒီလိုလုပ်ငန်းတွေရဲ့ ၀န်ထမ်းများအပေါ် ဗျူရိုကရက်တစ် ထိန်းချုပ်မှုတွေဟာ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များကို frustrate ဖြစ်စေပါတယ်။


ဒုတိယတချက်ကတော့ ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်ရာမှာ ကြုံတွေ့ရမယ့် အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ကိုယ်ရည်ကိုယ်သွေး ရှိသူများဟာ သေချာစွာ ကိုင်တွယ်နိုင်ကြပါတယ်။ သူတို့ကိုယ်တိုင်ချုပ်ကိုင်နိုင်မယ့် လုပ်ငန်းတခုကို စတင်ခြင်းအားဖြင့် သူတို့ရဲ့ စွန့်စားမှုပြုလုပ်လိုခြင်းကို အားပေးရာရောက်သလို၊ ကိုယ်ပိုင် destinies ကိုလည်း ကိုယ်တိုင်ဆုံးဖြတ်ရာရောက်သွားပါတယ်။


ဒါပေမယ့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များဟာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင်အပြည့်အ၀ ချုပ်ကိုင်နိုင်တယ်လို့ ယုံကြည်သူများဖြစ်တဲ့အတွက် သူတို့က အသင့်အတင့်လို့ သတ်မှတ်တဲ့ risk များဟာ အခြား စွန့်ဦးတီထွင် လုပ်ငန်းရှင် ကိုယ်ရည်ကိုယ်သွေး မရှိသူများအတွက်တော့ ကြီးမားတဲ့ risk တွေ ဖြစ်နေမှာ အမှန်ပါပဲ။


ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၈)


ရည်ညွန်း။ Robbins, S. & Coultar, M. (1996) “Foundations of Behavior” in Management, 5th edition, Prentice Hall, New Jersey

အပြည့်အစုံဖတ်ချင်ရင်..>>>

Olympics and World Order

Tuesday, August 5, 2008

ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် မြန်မာ့အရေးအနှစ်နှစ်ဆယ်


(၂၀၀၈) ခုနှစ်၊ သြဂုတ်လ ရှစ်ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးကို တရုတ်နိုင်ငံတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိဗက်အရေးကိစ္စများ၊ လုံခြုံရေးကောင်စီတွင် ဗွီတိုအာဏာကျင့်သုံးမှုများကြောင့် အိုလံပစ်ပွဲကျင်းပသည့် အိမ်ရှင်တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံများအကြား၊ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ အကြားတွင် အဝေဖန်ခံရမှု ရေပန်းစားနေသောနိုင်ငံဖြစ်သည်။ အခြားတဘက်တွင်လည်း မယုံကြည်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ခုန်တက်လာသော စီးပွားရေးတိုးတက်မှုများကြောင့် စစ်အေးကာလပြီးချိန်မှစ၍ ကမ္ဘာ့နိုင်ငံရေးတွင် တပင်တိုင်မင်းသားကြီးဖြစ်နေသော အမေရိကန်နှင့် ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်မည်လားဆိုသည်ကို အကဲခတ်စောင့်ကြည့်လေ့လာခံနေရသော နိုင်ငံဖြစ်သည်။ ထိုသို့သော ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကာလတွင် မြန်မာ့ဒီမိုကရေစီအရေးကလည်း အနှစ်နှစ်ဆယ်ကြာကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားလာသည်ကား အိုလံပစ်စတင်ကျင်းပသည့် သြဂုတ်လ ()ရက်နေ့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က မြန်မာနိုင်ငံတွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ၊ မြန်မာ့ဒီမိုကရေစီအရေးကိစ္စများနှင့် ပတ်သက်သည်များကို အနည်းငယ် တင်ပြဆွေးနွေးလိုပါသည်။


ဘေဂျင်းအိုလံပစ်ကျင်းပရာတရုတ်ပြည်


ပြည်တွင်းတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်ပကမ္ဘာ့အရေးတွင် လူသားချင်းစာနာမှုဖြင့် ၀င်ရောက်ကျူးကျော်စွက်ဖက်ရေးများအား ဗွီတိုအာဏာကျင့်သုံး၍ တားဆီးပိတ်ဆို့မှုများ၊ အာဏာရှင်နိုင်ငံများအား အကာအကွယ်ပေးမှုများ ပြုလုပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ပေးအပ်ချိန်မှ အစပြု၍ ကမ္ဘာတလွှားတွင် ကန့်ကွက်မှုများ၊ သပိတ်မှောက်မှုများ ဖြစ်ပွားလာခဲ့သည်။


ထိုသို့ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မည်သို့ပင် ကန့်ကွက်နေလင့်ကစား ဒီမိုကရေစီနိုင်ငံများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ပြစ်တင်ဝေဖန်သည်ဆိုသော စကားလုံးများ တခါတရံ ပြောဆိုသည်မှလွဲ၍ တက်တက်ကြွကြွ ကန့်ကွက်ခြင်း မရှိလှ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ချစ်ကြည်စွာလက်တွဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ရေးတွင် အနှောင့်အယှက်ပြုနိုင်သူများကို ကြိုတင်ဖမ်းဆီးသည်အထိပင် ကာကွယ်ပေးခဲ့ကြသည်။


တိဗက်အရေးကိစ္စဖြစ်လာတော့ ကမ္ဘာ့အသံလွှင့်မီဒီယာတခုမှ ဥရောပဒီမိုကရေစီနိုင်ငံတခု၏ ၀န်ကြီးချုပ်အား လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား မည်သို့အရေးယူသင့်သနည်းဟု မေးမြန်းရာတွင် “ကုန်သွယ်မှုများများလုပ်တာနဲ့အမျှ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းသွားမှာပါ” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ လူ့အခွင့်အရေးပြဿနာရှိသော နိုင်ငံများအား စီးပွားရေးပိတ်ဆို့မှုများဖြင့် အရေးယူတတ်လေ့ရှိသော ဒီမိုကရေစီပရိုမိုးရှင်းလုပ်နေသည့် နိုင်ငံများအတွက် တရုတ်နိုင်ငံသည်ကား အဘယ်ကြောင့် ခြွင်းချက်ဖြစ်နေရသနည်း။


အဖြေကားရှင်းပါသည်။ တရုတ်နိုင်ငံ၏ economic power သည် ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်နေသောကြောင့်ပင်။ ကမ္ဘာတ၀ှမ်း၌ ရောင်းချနေသည့် စားသောက်ကုန်၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတော်တော်များများတွင် made in China ဆိုသော စကားလုံးမပါသည့်ပစ္စည်းက ခပ်ရှားရှားဖြစ်လာနေပေပြီ။ နောက်ဆုံးစစ်လက်နက်ပစ္စည်းများတွင်ပင် တရုတ်ထုတ်ကုန်များက နေရာအနှံ့လွှမ်းမိုးလာခဲ့သည်။ သုံးဒေါ်လာခန့်သာတန်သည့် 72A အမျိုးအစား တရုတ်လုပ်မြေမြှုပ်မိုင်းများသည်ပင် ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံများရှိ မြေပြင်နေရာအနှံ့တွင် perfect soldier များအဖြစ် နေရာယူထားခဲ့ကြသည် မဟုတ်ပါလား။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။



ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ


စစ်အေးကာလအပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးရာ မူဝါဒများ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ထိပ်ဆုံးမှ နေရာယူလာခဲ့သည်။ ဥရောပသမဂ္ဂ ၏ aid policy များတွင်လည်း လူ့အခွင့်အရေးအားလေးစားတန်ဖိုးထားမှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများသည် အရေးပါဆုံးသော သတ်မှတ်ချက်များ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့ကလည်း လူ့အခွင့်အရေးကဏ္ဍအရေးကြီးဆုံးဖြစ်သော good governance လိုအပ်ချက်ကို အာရုံစိုက်ဖော်ဆောင်ခဲ့ကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama က 'The end of history' ဟုပင် အဆိုပြုခဲ့သည်။ Liberal international order သည် တခုတည်းသာ ကျန်ရှိတော့သည့် new world order အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ အမေရိကန်သမ္မတအဆက်ဆက်ကလည်း ဖူကူရာမ၏ အဆိုများကို သံယောင်ပြုခဲ့ကြသည်။ Immanuel Kant ၏ ဒီမိုကရက်တစ်ငြိမ်းချမ်းရေးစာတမ်းတွင် ဖော်ပြထားသကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်ရေးတည်ဆောက်ခြင်းဖြင့် perpetual peace ကို ရရှိစေနိုင်မည် ဟူသော အချက်ကို အလေးအနက်ထားခဲ့ကြသည်။


သို့ပေမယ့် ကမ္ဘာကြီးပေါ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သည်များကတော့ ဤမျှလောက် မလွယ်ကူ၊ မအေးချမ်းခဲ့ပါ။ အခြားနိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်သူ Samuel Huntington ဆိုထားခဲ့သည့် clash of civilization သည် အမှန်တကယ်ပင် ဖြစ်ပွားလာခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် nation states များသည်သာ primary အဖြစ်ရှိပြီး၊ global order မှာလည်း ယဉ်ကျေးမှုဆိုင်ရာအဆိုများ၏ လွှမ်းမိုးမှုများပေါ်တွင် ပိုမိုတည်မှီလာခဲ့ပါသည်။ Confucian, Sinic, Islamic power blocs များ ပေါ်ပေါက်လာခဲ့ပါသည်။


အာရှနိုင်ငံများတွင် စင်ကာပူ၊ မလေးရှားနိုင်ငံများမှ ဦးဆောင်၍ Asian values ကို ကြွေးကြော်ခြင်းဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများသည် အစ္စလာမ်ဘာသာကို undermine လုပ်သည်ဟူသော အဆိုများဖြင့် လည်းကောင်း၊ အမေရိကန်နှင့် မဟာမိတ်များ၏ ဒီမိုကရေစပရိုမိုးရှင်းနှင့် universal human rights ကို ဆန့်ကျင်အာခံခဲ့ကြသည်။ အစွန်းရောက်စစ်သွေးကြွဝါဒီများအတွက်ကား အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရန်သူများစာရင်းသို့ သွတ်သွင်းခြင်းခံခဲ့ရသည်။ ကမ္ဘာတ၀ှမ်းတွင် အကြမ်းဖက်မှုများက စိုးမိုးလာခဲ့သည်။ ထိုအခါ အမေရိကန်က war on terror ကြေငြာ၍ ပြဿနာများကို ဦးဆောင်ဖြေရှင်းသည်။ ရလာဘ်မှာကား အမေရိကန်၏ လုပ်ဆောင်ချက်များသည် defensive strategy ပေါ်တွင် အခြေမပြုတော့ပဲ တစတစ doctrine of pre-emption ခေါ် အမေရိကန် homeland နှင့် ပြည်ပရှိအမေရိကန် interest များအား ရန်သူကမတိုက်ခိုက်ခင် မိမိက ဦးစွာစစ်ရေးအရ တိုက်ခိုက်အနိုင်ယူခြင်း အပေါ်တွင် အခြေပြုလာသည်။ တနည်းဆိုရလျှင် အမေရိကန်နိုင်ငံ၏ imperialist motive သည် တစတစ ကျယ်ပြန့်လာခဲ့သည်။ အီရတ်ကို ၀င်ရောက်ကျူးကျော်ပြီး နောက်ပိုင်းတွင်ကား ကမ္ဘာတ၀ှမ်းတွင် အမေရိကန်အား ဝေဖန်တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သည်။


အခြားတဘက်တွင်လည်း တရုတ်နိုင်ငံ၏ economic power မှာ ကမ္ဘာတ၀ှမ်းကို လွှမ်းမိုးလာခဲ့သည်။ စစ်အေးတိုက်ပွဲပြီးစဉ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ အဓိကအချက်နှစ်ချက်ကို အခြေခံထားသည်။ ပထမတချက်က ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ conditions များကို maintain လုပ်ရန်ဖြစ်ပြီး၊ ဒုတိယတချက်မှာကား နိုင်ငံတကာ ambitions များကို frustrate လုပ်လာနိုင်မည့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ လုပ်ကိုင်နိုင်ရည်ကို လျှော့ချရန်ဖြစ်သည်။ ယင်းအတွက် တရုတ်နိုင်ငံသည် multilateralism ကို အသုံးပြုဖော်ဆောင်ထားသည်။ အမေရိကန်၏ operative principle မှာလည်း balance of power ကို maintain ဆက်လုပ်ထားရန်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့အကြား strategic partners များအဖြစ် နေကြမည်လား၊ strategic competitors များအဖြစ် ရင်ဆိုင်လာကြမည်လား ဆိုသည်ကို မေးဖွယ်ရာ ဖြစ်လာသည်။


အမေရိကန်နိုင်ငံတခုတည်းတွင် တရုတ်နိုင်ငံ၏ industrialization ကို stall လုပ်နိုင်မည့် distributive power မရှိသကဲ့သို့ မည်သည့် အနောက်ဥရောပနိုင်ငံ၊ ဂျပန်နှင့်ရုရှားနိုင်ငံတို့မှလည်း ထိုသို့အမေရိကန်လုပ်မည့် လမ်းကြောင်းကို အကူအညီပေးဖွယ်ရာမရှိပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံကို အမေရိကန်မှ hostile လုပ်ခြင်းအားဖြင့် တရုတ်နှင့်ရုရှားပိုမိုနီးကပ်စွာ ပူးပေါင်းသွားစေခြင်းသာ အဖတ်တင်ကျန်ရစ်မည်ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန်တွင် တရုတ်နိုင်ငံ ပါဝါတက်လာမှုကို accommodate လုပ်ရုံမှတပါး ရွေးချယ်ရာလမ်းမရှိ။ တရုတ်နှင့် strategic partner မဖြစ်သေးစေကာမူ strategic competitor ဖြစ်လာမည်ကား မဟုတ်နိုင်ပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက Geopolitics အရ အရေးကြီးဆုံးနိုင်ငံတနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအား အမေရိကန်မှစစ်ရေးအရ ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းတောင်းနေသကဲ့သို့ပင်ဖြစ်ကာ မျှော်လင့်ချက်မှားများဖြစ်စေသည့် strategic failure တစ်ခုပင်ဖြစ်လေသည်။


အနှစ်နှစ်ဆယ်မြန်မာ့ဒီမိုကရေစီအရေး

မြန်မာ့ဒီမိုကရေစီအရေး အနှစ်နှစ်ဆယ်ကြာအောင် ရှည်ကြာနေရသည့် အကြောင်းရင်းများတွင် အတိုက်အခံများ စည်းလုံးမှုအားနည်းခြင်း၊ တပ်ဦးပါတီ၏ ဦးဆောင်မှုအရည်အချင်း ယုတ်လျော့ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု နှောင့်နှေးခြင်း၊ အခွင့်အရေးသမားများ အရေခြုံဝင်ရောက်လာခြင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ အတွေးအခေါ်အားနည်းခြင်း စသည်တို့သာမက ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲများကပါ အရေးပါသော အကွေ့အပြောင်းများကို ဖြစ်ပွားစေခဲ့သည်။


တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မြန်မာစစ်အစိုးရကို နိုင်ငံတကာ စာမျက်နှာများတွင် အကာအကွယ် ပေးနေသယောင်ဖြစ်နေခြင်းကို စစ်ဗိုလ်ချုပ်များနှင့် ထိုအစိုးရများကြားမှ စီးပွားရေးအကျိုးအမြတ်ကြောင့် ဟု လူအများက ထင်မှတ်ကြသည်။ အတိုင်းအတာတခုအထိ ပါဝင်သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား မြန်မာ့အရေးသည် အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ power games များတွင် ကြားညပ်နေခြင်းသာ ဖြစ်သည်။


လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စီးပွားရေးယုတ်လျော့ကျဆင်းမှုများဖြင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအား အာဆီယံမှ လက်ခံခဲ့သည့် အချိန်သည် cultural relativism သဘောတရားကို လက်ကိုင်ပြုကာ Asian values အဆိုများဖြင့် အာရှနိုင်ငံများမှ အနောက်အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီပရိုမိုးရှင်းအပေါ် အားစမ်းနေသည့် ကာလတွင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တည်ကြက်သဖွယ် ဖြစ်ခဲ့ရသည်။ တဖန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို တင်နိုင်လာချိန်တွင်လည်း တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံကမှ challenge မလုပ်ရဲတော့သည့် economic power ကို ပိုင်ဆိုင်ထားသည့် အချိန်အခါတွင် ဖြစ်နေခဲ့ပါသည်။ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်အုပ်စုတပ်များဝင်ရောက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့်ပင် ဖြစ်စေကာမူ လက်ခံမည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်နေပေသည်။


ဤသို့သော အခြေအနေတွင် အဆိုးဆုံးဖြစ်နေသည်ကား မြန်မာ့ဒီမိုကရေစီအရေးသည် တော်လှန်ရေးတခုတွင် ဖွင့်လှစ်ထားရှိရမည့် စစ်မျက်နှာ ငါးမျိုးအနက် နိုင်ငံတကာ စစ်မျက်နှာ (international battlefront) တခုတည်းကိုသာ ဦးတည်ထားသည့် အချက်ဖြစ်သည်။ (၁၉၉၆) မှ (၂၀၀၄) အထိ ကာလတလျှောက်တွင် မြန်မာ့ဒီမိုကရေစီအတိုက်အခံများသည် နိုင်ငံတကာ ကင်ပိန်းများကိုသာ အာရုံစိုက်ပြုလုပ်ခဲ့ကြပြီး၊ အခြားစစ်မျက်နှာများဖြစ်သော စစ်ရေးစစ်မျက်နှာ (military battlefront)၊ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ၊ ယဉ်ကျေးမှုနှင့်ယုံကြည်သက်ဝင်မှုစစ်မျက်နှာ (cultural-spiritual battlefront) နှင့် လူမှုစီးပွားစစ်မျက်နှာ (social economic battlefront) များတွင် အာရုံစိုက်မှုနည်းခဲ့ကြသည်။ ပြည်တွင်းတွင်ရှိသော တိုက်ပွဲကို ပြည်ပမှ အမြောက်ပစ်၍ စစ်ကူပေးသည့် အလုပ်များကိုသာ ဦးစားပေးခဲ့ကြသည်။ ပြည်တွင်းတွင် မြေအောက်ယူဂျီကွန်ယက်များကို မြို့ပြကျေးလက်အဆင့်ဆင့် ထိုးဖောက်ချိတ်ဆက်ရမည့်အစား၊ ပြည်ပနိုင်ငံပြည်သူများ အာရုံစိုက်မှုရစေရေးတွင် အချိန်ပေးခဲ့ကြသည်။


တော်လှန်ရေး၏ အဓိကသော့ချက်ဖြစ်သော winning the hearts of people ဗျူဟာကို ပြည်တွင်းတွင် အကောင်အထည်ဖော်ရေးထက် ပြည်ပနိုင်ငံများတွင် အကောင်အထည်ဖော်ရေးကို အားသန်ခဲ့ကြသည်။ ပြည်ပနိုင်ငံပြည်သူများမှ သနားညှာတာစွာ ပေးအပ်သော ကရုဏာများကို သာယာခဲ့ကြသည်။ ပြည်ပအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မြန်မာ့အရေးအတွက် statement လေးတခု ထုတ်ပေးလျှင်ပင် ဟုတ်လှပြီဟေ့၊ ငါကွဟု ကြွေးကြော်ခဲ့ကြသည်။ ထိုအချိန်များတွင် ပြည်တွင်းမှ ပြည်သူလူထုနှင့် တော်လှန်ရေးတို့ တစတစဝေးကွာမှန်းမသိ ဝေးကွာလာသည်ကို သတိမပြုမိခဲ့ကြ။ စစ်အာဏာရှင်စနစ်အောက်တွင် မွန်းကြပ်နေသော ပြည်သူလူထုအတွက် လွတ်မြောက်ရာလမ်းကို ဦးဆောင်ညွှန်ပြခြင်း မရှိခဲ့ကြ။ မျှော်လင့်ချက်မှားများ ပေးခဲ့ကြသည်။


(၂၀၀၅) ခုနှစ်မှ အစပြုပြီး ဒီမို ၂၀၀၆ ကြွေးကြော်သံများနှင့်အတူ လူထုတိုက်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာသည်အထိ၊ ထိုအယူအဆများက ပျောက်ကွယ်သွားခြင်းမရှိခဲ့။ လူထုတိုက်ပွဲတခုတွင် နယ်အနှံ့ပျံ့နှံ့သွားမှု၊ ဖော်ဆောင်သူများမှ တိုက်ပွဲအရှိန်ကို ထိန်းသိမ်းထားနိုင်မှု၊ လူအများပူးပေါင်းပါဝင်လာမှု၊ အကျအဆုံးနည်းစွာနှင့် ထိရောက်နိုင်မှု၊ ပျောက်ကျားများကဲ့သို့ ဟိုနေရာပေါ်၊ ဒီနေရာပျောက်ဖြင့် အာဏာရှင်များအား လှည့်စားနိုင်မှု စသည်တို့သည် ပြည်ပနိုင်ငံပြည်သူများ သတင်းတခုထိုင်ကြည့်ပြီး သြော်- သူတို့တိုင်းပြည်မှာ ဒီလိုဖြစ်နေပါလား မှတ်ချက်ပေးခံရရန်၊ ပြည်ပနိုင်ငံအစိုးရများမှ မြန်မာစစ်အစိုးရအားပြစ်တင်ရှုတ်ချလိုက်ကြောင်း စတိတ်မင့် တခုထွက်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်မှုများထက် ပို၍ အရေးကြီးပါသည်။ ထိုသို့မဟုတ်ပဲ တော်လှန်ရေးတခုကို ဒီမိုကရေစီနိုင်ငံများတွင် ပြုလုပ်သည့် ကင်ပိန်းတခုကဲ့သို့သော အယူအဆများဖြင့် ပြုလုပ်နေပါက အောင်မြင်မှုရာနှုန်းနည်းနိုင်ပါသည်။ စက်တင်ဘာတော်လှန်ရေးကဲ့သို့ ပြည်သူလူထုမှ အမေရိကန်တပ်များဝင်လာမှာကို စောင့်မျှော်ရင်း ပြီးဆုံးသွားသည့် အမှားမျိုးထပ်မံမဖြစ်ပွားစေရန် ဂရုပြုကြရပါမည်။


ထို့အပြင် ပြည်ပအတိုက်အခံများတွင် standpoint နှင့် scope ကို အဖွဲ့အစည်းများ အလိုက် သတ်မှတ်ကြရန်လည်း လိုအပ်လာပြီဟု မြင်ပါသည်။ အနှစ်နှစ်ဆယ်ကာလတွင် မိမိတို့နှင့် အနီးကပ်ဆုံး ဆက်ဆံကြရသည်က အစိုးရများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင် အချို့က လူ့အခွင့်အရေးအဖွဲ့များ၊ အချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ အချို့က နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး၊ အချို့က အမျိုးသမီးအခွင့်အရေးအဖွဲ့များ စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုသို့ပူးတွဲလုပ်ဆောင်ရင်း မိမိတို့ အတိုက်အခံအင်အားစုများသည် စစ်အာဏာရှင်အားတိုက်နေသည့် တော်လှန်ရေးအဖွဲ့များ အသွင်မဆောင်တော့ပဲ အင်ဂျီအိုအဖွဲ့များ ပုံသဏ္ဍာန်ဖြစ်လာပါသည်။ report များထုတ်လိုက်၊ ပရောဂျက်များတင်လိုက်၊ ချပေးသည့် funds များဖြင့် ချပေးသည့် ပရောဂျက်များ လုပ်လိုက်၊ စတိတ်မင့်များ ထုတ်လိုက်ဖြင့် non- state actors များဖြစ်သည့် Transnational organizations အသွင် များပေါက်လာပါသည်။ မြန်မာနိုင်ငံမှ စစ်အစိုးရအားတိုက်နေသည့် collective identity က တစတစ ပျောက်ကွယ်လာပါသည်။


ဥပမာဆိုရလျှင်- ဘေဂျင်းအိုလံပစ်ကိစ္စ။ အိုလံပစ်အရေးတွင် အများဆုံး ကန့်ကွက်ကြသူများမှာ state actors များမဟုတ်ပဲ အင်ဂျီအိုများနှင့် လူ့အခွင့်အရေးအဖွဲ့များဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ပိတ်ပင် တားဆီးမှုများ အများအပြား ပြုလုပ်ထားပါသည်။ သို့ဖြစ်၍ ထိုသို့ပိတ်ဆို့မှုကို တရုတ်သံရုံးရှေ့တွင် မြန်မာများသွားရောက်၍ ဆန္ဒပြသည်ဆိုလျှင် မှန်ကန်သောနည်းလမ်းဖြစ်သော်လည်း အိုလံပစ်ပွဲသပိတ်မှောက်ရန် လူ့အခွင့်အရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်သည်ကတော့ strategic failure ဖြစ်နိုင်ပါသည်။ အိုလံပစ်အား သပိတ်မှောက်သင့်သည်၊ မသင့်သည် ကိစ္စများကို ကျွန်မငြင်းခုန်နေခြင်းမဟုတ်ပါ။ သို့ပေမယ့် မြန်မာအတိုက်အခံများမှ သပိတ်မှောက်လိုက်ခြင်းဖြင့် တရုတ်နှင့် မြန်မာစစ်အစိုးရ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တွန်းပို့လိုက်သကဲ့သို့နှယ် ရှိနိုင်ကြောင်းကို ပြောဆိုနေခြင်းဖြစ်ပါသည်။ ဘေဂျင်းမှပေါ်လစီချမှတ်သူများသည် မြန်မာ့ဒီမိုကရေစီအရေးကို နှောင့်နှေးအောင် လုပ်နေခြင်းဆိုသည်ထက် သူနှင့်အနီးဆုံးဒေသတွင်းသို့ အနောက်အုပ်စုတပ်များ ၀င်မလာရေးကို ပိုမို အာရုံစိုက်သည်၊ တရုတ်-မြန်မာကုန်သွယ်ရေးမှ ရရှိနိုင်မည့် အကျိုးအမြတ်ကို ပိုမိုစိတ်ဝင်စားသည်။ သို့ဖြစ်ရာ မြန်မာအတိုက်အခံများမှ အနောက်နိုင်ငံတပ်များ ခေါ်လာသည်မဟုတ်ပဲ မိမိတို့ဘာသာ လူထုတိုက်ပွဲဖြင့် စစ်အစိုးရဖြုတ်ချခြင်းကိုမူ ၀င်ရောက်စွက်ဖက်မည်မဟုတ်။ နောက်ဆုံး ဗိုလ်ချုပ်များထွက်ပြေးလျှင် ခိုလှုံခွင့် ပေးမည်မှလွဲ၍ အသစ်တက်လာမည့် ကြားဖြတ်အစိုးရကို ကန့်ကွက်မည်မဟုတ်။ သို့ရာတွင် တရုတ်နိုင်ငံမှ လူ့အခွင့်အရေးကိစ္စများကို မြန်မာအတိုက်အခံများက ကန့်ကွက်ခြင်း signal ကိုတော့ အရေးတယူလုပ်သွားနိုင်ဖွယ်ရှိသည်။ မြန်မာအတိုက်အခံများနှင့်ဆိုလျှင် တရုတ်-မြန်မာ ဆက်ဆံရေး အခက်အခဲများ ဖြစ်လာနိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်ဆိုပါက စစ်အစိုးရနှင့်မှသာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းထားနိုင်မည်ဟု ယူဆလိုက်ပါက အခက်ပင် မဟုတ်ပါလား။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ ဒီမိုကရေစီရပြီးလျှင်လည်း မပတ်သက်၊ မဆက်ဆံပါ၊ ကုန်မသွယ်ပါ။ အမေရိကန်နှင့်ပဲ ကုန်သွယ်ပါမည် သွားလုပ်၍လည်း ရသည်မဟုတ်ပါ။ ရေရှည်ဆက်ဆံရေးအတွက် မလိုလားအပ်သော conflict ဖြစ်နိုင်ချေများကို ကြိုတင်လက်ရှောင်ထားသည်က အကောင်းဆုံးဖြစ်လိမ့်မည် ထင်မိပါသည်။


ကိုယ့်ဘ၀မှန်ကို ကိုယ်သိကြရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းအဖြစ်သာ လုံးဝရပ်တည်တော့မည်ဆိုလျှင်တော့ တမျိုးဖြစ်သည်။ ပြောစရာမရှိပါ။ ထိုကိစ္စများကိုသာ ဇောင်းပေးလုပ်ကြရန်ဖြစ်သည်။ မဟုတ်ပဲ တချိန်တွင် state actors များအဖြစ် ရပ်တည်မည်ဆိုလျှင်တော့ ခြေလှမ်းများကို ဂရုတစိုက်လှမ်းကြရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရန် ဦးစွာ လုပ်ဆောင်ရပါဦးမည်။ ဒေသတွင်းတခုလုံး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရန် လိုက်လံ enforce လုပ်ရန် ဖွံ့ဖြိုးဆဲ နိုင်ငံတခုအနေဖြင့် economic power နှင့် military power ရှိဦးမည်မဟုတ်ပါ။ သံခင်းတမန်ခင်းအရ အထိုက်အလျောက် ဆက်ဆံရသည်များ ရှိနေပါလိမ့်ဦးမည်။ ရန်သူတွေကြိုမရှာထားသင့်ပါ။


အာဆီယံနှင့် ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘန်ဒေါင်းညီလာခံတခုတည်းနှင့်ပင် အာဆီယံထဲမှ အရေးပါသော နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒကို သဘောပေါက်သင့်ကြသည်။ Asian values ဆိုင်ရာ claims များကို နားလည်သင့်ကြသည်။ အာဆီယံသည်လည်း မြန်မာစစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးနေသည်ဆိုခြင်းထက် ဒေသတွင်း အနောက်အုပ်စုများ ၀င်ရောက်လွှမ်းမိုးလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အခြေစိုက်စစ်စခန်းတခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာမည်ကို strategic calculation လုပ်ပြီး ဟန့်တားထားကြခြင်းဖြစ်သည်။ မြန်မာတို့မှ ကိုယ့်အားကိုယ်ကိုး၍ လူထုတိုက်ပွဲဆင်နွှဲကာ စစ်အစိုးရအား ဖြုတ်ချခြင်းကို ၀င်ရောက် ကန့်ကွက်ကြမည်မဟုတ်။ ဖိလစ်ပိုင်နိုင်ငံကဆိုလျှင် အားပေးမှုပင် လုပ်ပေလိမ့်ဦးမည်။ တက်လာသည့်အစိုးရကို အကူအညီများစွာ ပေးလာလိမ့်မည်။ အာဆီယံနှင့် သံတမန်ဆက်ဆံရေးပြေလည်ရန် အထူးလိုအပ်လှသည်။ အတိုက်အခံခေါင်းဆောင်များအနေဖြင့် “အာဆီယံက ပညာရှင်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာပညာရှင်တွေလောက် အဆင့်အတန်းမမှီဘူး” စကားပြောမျိုးကို ထပ်မံမပြောမိစေရန် ရှောင်ရှားကြစေလိုသည်။ အာဆီယံတွင်လည်း အနောက်နိုင်ငံတက္ကသိုလ်ကြီးများမှ ပါရဂူဘွဲ့များရထားသော ပညာရှင်များစွာ ရှိနေပါသည်။ စော်ကားသည်ဟု ခံယူလိုက်ကြလျှင်မကောင်းပါ။ စစ်အစိုးရနှင့် ပိုမိုနီးကပ်သွားအောင် တွန်းလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။


စစ်ရေး၊ စီးပွားရေးများတွင် ရန်သူ့လူ၊ ပြိုင်ဘက်လူများအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရေးသည် အလွန်ပင်ပညာသားပါ၍ ထိရောက်လှသော ဗျူဟာတရပ်ဖြစ်ပါသည်။ လုပ်ကိုင်နေသော လုပ်ရပ်များသည် ထိုဗျူဟာမြောက်လုပ်နေကြသည်လား၊ ရန်သူများအချင်းချင်း ပိုမိုစည်းလုံးသွားပြီး ရန်သူသစ်များပင် ပိုမိုတိုးပွားလာအောင် ဖော်ဆောင်နေကြသည်လား ဆိုသည်ကို ပြန်လည်ဆင်ခြင်ကြည့်စေလိုပါသည်။ ချစ်ကြည်ရေးမတည်ဆောက်နိုင်လျှင်တောင် ရန်သူမလုပ်သင့်ပါ။ စစ်အစိုးရအားဖိအားပေးရန် အာဆီယံကို အီးယူက ပြောပေးပါ။ အမေရိကန်က ပြောပေးပါ သွားလုပ်နေလျှင်တော့ ဒီပွဲကဘယ်တော့မှ ပြီးမည်မဟုတ်ပါ။ အာဆီယံသည် အီးယူလက်အောက်ခံမဟုတ်သလို၊ အမေရိကန်လက်အောက်ခံလည်း မဟုတ်ပါ။ ချဉ်းကပ်နည်းများ လိုအပ်လှပါသည်။


စစ်ရေးစစ်ရာများအသာထား။ အရပ်ဘက် ဥပမာလေးတခုကိုပင် တင်ပြလိုပါသည်။ လမ်းထဲတွင် အိမ်သုံးအိမ်ရှိသည်ဆိုပါစို့။ မိမိအိမ်တွင် ပထွေးက အိမ်ဦးစီးလုပ်နေပြီး တအိမ်လုံးအားနှိပ်စက်နေ၍ ရပ်ကွက်ထဲ ထွက်လာသည်။ အိမ်မှပထွေးအား အိမ်ဦးစီးအဖြစ်မှ ဖြုတ်ချလိုသည်။ အိမ်၏ညာဘက်တွင်ကား ပထွေးနှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်နေသည့် ဦးတရုတ်ရှိသည်။ ဦးတရုတ်က ပထွေးကို သူ့၏ ဓနရှိန်ဖြင့် အကာအကွယ်ပေးထားသည်။ ဦးတရုတ်တွင် တိတ်တိတ်ပုန်းယူထားသော အငယ်အနှောင်းရှိသည်ထားပါတော့။ တခါ အိမ်၏ ဘယ်ဘက်တွင်ကား ဦးအာဆီယံခြံဝိုင်းရှိသည်။ ဦးအာဆီယံနှင့် ပထွေးတို့က စီးပွားရေးကူးလူးဆက်သွယ်မှုများရှိနေသည်။ ပထွေးထံမှ ထွက်လာ၍ ရပ်ကွက်ထဲရောက်လာသူသည် မည်သည့်အလုပ်ကို ဦးစားပေးပြုလုပ်သင့်သနည်း။ ရပ်ကွက်ရုံးတိုင်တော့လဲ အိမ်တွင်းရေးမို့ အရေးယူ၍မရကြောင်းဆိုနေပြီ။ သို့ဆိုလျှင် ထိုသူသည် ပထွေးအားအကာအကွယ်ပေးတတ်သော ဦးတရုတ်အား အမြင်ကပ်မှုဖြင့် အငယ်အနှောင်းယူသည်မှာမကောင်းကြောင်း ရပ်ကွက်ထဲတွင် လိုက်ပြောကာ ဦးတရုတ် တလင်တမယားစနစ်ကျင့်သုံးရန် သူ့ခြံရှေ့တွင် သွားရောက်ဆန္ဒပြတောင်းဆိုမည်လော (သို့မဟုတ်) ပထွေးနှင့် စီးပွားရေးတွဲလုပ်နေသည်ကို မကျေမနပ်ဖြစ်ကာ ဦးအာဆီယံခြံဝိုင်းအား ခဲနှင့် သွားထုမည်လော (သို့မဟုတ်) ပထွေးမကောင်းကြောင်း ရပ်ကွက်ထဲ လှည့်လည်ပြောကာ ဘာမှမလုပ်ပေးနိုင်သည့် ရပ်ကွက်သားများအား မျက်ရည်ခံလိုက်ထိုးပြောပြနေရင်း အချိန်ကုန်မည်လော (သို့မဟုတ်) ရရာလက်နက်များစု၊ ခြံတွင်းမှညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ကာ ပထွေးအား တိုက်ခိုက်ပြီး အိမ်မှထွက်သွားအောင် လုပ်ကြမည်လော။ မည်သည့်အလုပ်လုပ်သင့်သည်ကို မိမိတို့ဘာသာ စဉ်းစားတွေးတောကြစေလိုသည်။


နိဂုံး


ချုပ်၍ဆိုရသော် ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲများစွာ ဖြစ်ပွားနေပါသည်။ သန်းပေါင်းများစွာသော ပြည်သူတို့၏ အရေးကို ပြောင်းလဲတတ်သော သဘာဝရှိသည့် စစ်မျက်နှာတွင် အခြေပြုထားခြင်း မပြုလုပ်သင့်ပါ။ လုံးဝမပြောင်းလဲသော အင်အားတခုကတော့ ရှိပါသည်။ ဤသည်မှာ ဖိနှိပ်မှုများကြားတွင် မွန်းကြပ်နေသော ပြည်သူလူထု၏ ပြောင်းလဲမှုကို တောင့်တနေသော လူထုအင်အားကြီးပင် ဖြစ်ပါသည်။ ထိုအင်အားကို မှန်ကန်စွာအသုံးပြုနိုင်မှု၊ လျှို့ဝှက်နက်နဲစွာ ရန်သူ့လူများကို စည်းရုံးနိုင်မှု၊ ပူးတွဲကြားဖြတ်အစိုးရအတွက် စနစ်တကျ nominate လုပ်နိုင်မှု၊ ယူဂျီမြေအောက်လုပ်ငန်းများနှင့် မီဒီယာအား မရောစပ်မှု၊ ကွင်းဆက်များ ပြတ်တောက်ခြင်းမရှိပဲ အချိန်နှင့်အညီ ချိတ်ဆက်လှုပ်ရှားနိုင်မှု၊ အလွယ်တကူ mobilize လုပ်နိုင်မှု၊ ခေါင်းဆောင်များ ပေါ်ထင်စွာမနေပဲ မှန်ကန်သောအချိန်၊ နေရာတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်မှုတို့ဖြင့် အနှစ်နှစ်ဆယ် ရှည်ကြာနေသော မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို အဆုံးသတ်ကြပါစို့ ဟု ရေးသားလိုက်ရပေသည်။


တော်လှန်ရေးသစ္စာဖြင့်

ခင်မမမျိုး (၅၊ ၈၊ ၂၀၀၈)



အပြည့်အစုံဖတ်ချင်ရင်..>>>

people power movement from Phillippines

Monday, August 4, 2008

ဖိလစ်ပိုင်အမျိုးသားတို့၏လူထုလှုပ်ရှားမှုအောင်ပွဲ


၁၉၈၀ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ။

တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ရောက်ရှိပျံ့နှံ့ချိန်။

ယင်းကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ လူထုလှုပ်ရှားမှုကြီးကား အံ့မခန်းဖွယ် အောင်မြင်ခဲ့သည်။ အာဏာရှင် မားကိုးစ်၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။

ဤကာလ သမိုင်းကြောင်းကို အတိုချုံး လေ့လာကြည့်ကြပါစို့။

ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်းမှာ လေးနှစ်သက်တမ်းနှစ်ကြိမ်သာဖြစ်သော်လည်း အာဏာရှင် မားကိုးစ်က အနှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတအဖြစ်၊ရွေးကောက်ခံရပြီး နောက်ပိုင်းကာလ၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေငြာ၍ သူ့စိတ်ကြိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ထပ်မံရေးသားခဲ့သည်။

စစ်တပ်ကို သူ့သြဇာအောက်သို့ သိမ်းသွင်းခဲ့သည်။ စာနယ်ဇင်းနှင့် စီးပွားရေး လုပ်ငန်းများအား မောင်ပိုင်စီးခဲ့သည်။ လာဘ်စားမှု၊ ဖမ်းဆီးထောင်ချမှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုများဖြင့် ထင်ရာစိုင်းနေသော မားကိုးစ်အစိုးရ၏ အုပ်ချုပ်ခံ ပြည်သူများမှာကား နေ့စဉ်နှင့်အမျှ ထိတ်တလန့်လန့်၊ ကျီးလန့်စာစား၊ ဆင်းရဲ ငတ်ပြတ်မှုများကို ခံစားရင်း-----၊

ရာဇ၀င်လာ ဆိုရိုးတခုရှိသည်။

“အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်“ တဲ့။

ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကား ပြည်သူ့ထံမှ မသက်ဆင်း။ မားကို့စ်နှင့် သူ၏ အပေါင်းအပါမား လက်တွင်းမှ သက်ဆင်းနေသည်။ ပြည်သူတို့ ဘာလုပ်ကြမည်နည်း။

“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ ပုန်ကန်လှုပ်ရှားမှု ပြုလုပ်ရန်မှာ တာဝန်တရပ်ဖြစ်ပေသည်”တဲ့။

ဤသည်ကား ကမ္ဘာတ၀ှမ်း လူထုလှုပ်ရှားမှုများ၏ ဥပဒေသ။

ပြည်သူတို့ ပုန်ကန်ရတော့မည်။ လူထုလှုပ်ရှားမှုများ အကောင်အထည် ဖော်ရတော့မည်။ ဤကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ ရင်တွင်းတွင်ကား မကျေနပ်မှု ဒေါသ မီးလျှံများ ဟုန်းဟုန်းတောက်လျက်။

လူထု၏ မကျေနပ်မှု အရှိန်အဟုန် ကြီးမြင့်နေဆဲတွင် လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သော အဖြစ်အပျက်က ဖြစ်ပွားလာခဲ့သည်။ နာမည်ကျော် လူသိများလှသော နိုင်ငံရေးခေါင်းဆောင် အာကွီနိုအား လုပ်ကြံသတ်ဖြတ်မှု၊ အသုဘသတင်းအား သတင်း အမှောင်ချမှု။

ပြည်သူတို့သည်းမခံနိုင်တော့။ ဖိနှိပ်ချုပ်ချယ်မှုက များလှပြီ။ မတရားမှုများက များလှပြီ။

ဤသို့ဖြင့် လူထုလှုပ်ရှားမှု လှိုင်းလုံးကြီး အရှိန်မြင့်လာသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။ မားကိုးစ်အစိုးရကို ဖြုတ်ချပစ်ရမည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တောင်းဆိုရမည်။

နောင်နှစ်နှစ်ခွဲ ကာလတလျှောက် လူထုလှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ခဲ့ကြသည်။ လူထုလူတန်းစားမရွေး။ အထက်လွှာ လူတန်းစားများပင် ပါဝင်ခဲ့ကြသည်။ အားလုံး၏ ရင်ထဲမှာကား ဆန္ဒတခုတည်း။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့လည်းမခွဲပဲအားလုံးဦးတည်ခဲ့ကြသည်က အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ရေး။

သည်လိုအခြေအနေတွေကို ဖောက်ထွက်နိုင်ဖို့ မားကိုးစ်က ကြိုးစားသည်။ သမ္မတရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့်။ ရွေးကောက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခံရသူ အာကွီနို၏ ဇနီးက မားကိုးစ်နှင့် ယှဉ်ပြိုင်အရွေးခံသည်။ ရွေးကောက်ပွဲအား တရားမျှတစွာ ကျင်းပခဲ့ခြင်းမရှိ။ မဲခိုးသည်။ လူရိုက်ပွဲများ ကျင်းပသည်။ နောက်ဆုံးတော့ မားကိုးစ်ပင် ရွေးကောက်ပွဲ၌ အနိုင်ရသူဟု အစိုးရက ကြေငြာရသည်။

အကြမ်းမဖက်ရေး လူထုလှုပ်ရှားမှုကြီး စတင်လေပြီ။ ကိုရီအာကွီနိုက ပြတ်သားစွာ ကြေငြာသည်။

“အကြမ်းမဖက်သော နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုအား စတင်မည်။ အကယ်၍ မအောင်မြင်လျှင် အခြားနည်းလမ်းများသို့ ပြောင်းသင့်လျှင် ပြောင်းရမည်“တဲ့။ ခေါင်းဆောင်တယောက်၏ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်။

၁၉၈၆ခု၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်ကား ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မားကိုးစ်အစိုးရမှ နှုတ်ထွက်လိုက်ကြသည်။ “ကာကွယ်ရေး”ဆိုသည့် စကားလုံးကို သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ကာကွယ်ရေးဆိုသည်မှာ လာဘ်စားနေသော မားကိုးစ်ပစိုးရကို ကာကွယ်ရေး မဟုတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး။ ဒါကို သဘောပေါက်နားလည်သော တပ်မတော် အကြီးအကဲများ၏ စကားသံကား “လာဘ်စားသော မားကိုးစ်အစိုးရအား ကာကွယ်စောင့်ရှောက်မည့်အစား အသက်စွန့်ရန်သာ အဆင်သင့် ရှိပါသည်”တဲ့။ မည်မျှ ဂုဏ်ယူ လေးစားဖွယ် ကောင်းပါသနည်း။

နောက်တော့ ရေဒီယိုတခုမှ အသံလွှင့် ကြေငြာသည်။ စစ်ရုံးကို ၀န်းရံ၍ မားကိုးစ်၏ စစ်တပ်များအား ပိတ်ဆို့ရန်။ ထောင်သောင်းမကသော လူထုကြီးက တခဲနက် လိုက်နာခဲ့ကြသည်။ ပင်မသပိတ်စခန်း ကမ့်ကရိမ်းသို့ ဦးတည်ရာ လမ်းများတလျှောက် သစ်ပင်များခုတ်လှဲခြင်း၊ ဘတ်စ်ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကြသည်။ လူထုကြီးတရပ်လုံး လမ်းမပေါ်သို့ ထွက်၍ တော်လှန်ရေးသမားများအား အကာအကွယ် ပေးခဲ့ကြသည်။ လူထုနှင့် တော်လှန်ရေးတသားတည်းကျချိန်တွင် အောင်ပွဲဆိုသည်ကား မဝေးတော့။

အာဏာရှင် မားကိုးစ်ကလဲ ခေသူမဟုတ်။ တော်လှန်ရေးသမားများ၏ အချက်အချာ ဗဟိုဌာနကို တိုက်ခိုက်ရန် မရင်းစစ်သည်များ၊ တင့်ကားများ၊ လက်နက်ကိုင်စစ်သားများ စေလွှတ်သည်။ ယင်းစစ်သားများနှင့် လူထုကြီးကား မနီလာမြို့ လမ်းများပေါ်တွင် ပက်ပင်းတိုးလေပြီ။ လူထုကြီး မည်သို့တုန့်ပြန်ခဲ့ပါသနည်း။

တင့်ကားများ လူအုပ်ထဲသို့ စတင်ဝင်လာသည်နှင့် လူထုကြီးက တင့်ကားများ ရှေ့တွင် ထိုင်ချလိုက်သည်။ တော်လှန်ရေးအချက်အချာ ကမ့်ကရိမ်းသို့ အာဏာရှင် မားကိုးစ်၏ စစ်သည်များ မရောက်စေရ။

လူထုကြီး၏ တခဲနက် ခိုင်မာသော စိတ်ဓာတ်နှင့် စစ်သားများ၏ ဆင်ခြင်ဥာဏ် မရှိပဲ အမိန့်ဆိုသည်ကိုသာ နာခံတတ်ရှာသော စိတ်ဓာတ်တို့ ယှဉ်မိသော တခဏ။

တင့်ကားများရပ်သွားသည်။ လူထုကြီးမှ သကြားလုံးနှင့် ဆေးလိပ်များ သွားပေးသည်။ အမျိုးသမီးငယ်များမှ ပန်းများသွားကမ်းသည်။

တင့်ကားများ ရှေ့တိုးကြည့်သည်။ လူထုကြီးကား ထိုင်နေသော နေရာတွင်သာ မလှုပ်မရှက်။

စစ်တပ်အကြီးအကဲမှ သေနတ်ဖြင့်ပစ်မည် ခြိမ်းချောက်သည်။ သံဃာတော်များနှင့် သီလရှင်များ ရှေ့သို့တိုးထွက်၍ တင့်ကားများရှေ့တွင် ဒူးထောက်လိုက်ကြသည်။ တရားဓမ္မများ ရေရွတ်လျက်။ လူထုကြီးကလဲ မလှုပ်မရှက်။

တင့်ကားများ ပြန်ကွေ့ထွက်သွားသည်။ လူထုအားကို သူတို့ အရှုံးပေးလိုက်ရပြီ။

မားကိုးစ်က ညမထွက်ရ အမိန့်ထုတ်သည်။ မည်သူမျှ မလိုက်နာ။ မည်သူမျှ ဂရုမစိုက်ကြ။ တော်လှန်ရေးသမားအချို့က ရုပ်မြင်သံကြား အသံလွှင့်ရုံကို ၀င်စီးလိုက်နိုင်သည်။ ထောင်သောင်းမကသောသူများ အသံလွှင့်ရုံကို ၀န်းရံပေးထားသည်။ မားကိုးစ်စစ်သားများရောက်လာတော့ လူထုကြီးက လက်ဆွဲနှုတ်ဆက်သည်။ မုန့်များဝေသည်။ စစ်တပ်ကြီး ပြန်ဆုတ်ခွာသွားသည်။

အာဏာရှင်မားကိုးစ်၏ ဘ၀မှာကား သူ့လက်ကိုင်တုတ် စစ်တပ်ကိုပင် အာဏာမတည်တော့။ ပြည်သူ့ရင်သွေးစစ်သည်များသည် အမိအဖရင်း ပြည်သူတို့၏ နှလုံးသားကို ခံစားနားလည်သွားကြပြီ။ ပထွေးမားကိုးစ်၏ မက်လုံးပေး အယုံသွင်း စကားသံများကို မယုံကြည်ကြတော့။ ကိုယ့်မိဘ ရင်းကို ပြန်သတ်ခိုင်းနေသော အမိန့်အာဏာများကို မလိုက်နာကြတော့။

နောက်ဆုံးတော့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှည်ခဲ့သော အာဏာရှင်ကြီး မားကိုးစ်သည် ခွေးတကောင်အလား တိုင်းပြည်မှ ထွက်ပြေးရတော့သည်၊ လူထုအားကား ကြီးမားပေစွ။

နိဂုံးချုပ်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံ၏ အောင်ပွဲရ လူထုတိုက်ပွဲကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလက ဖြစ်ပွားခဲ့ပေသည်။ ယခုအနှစ်နှစ်ဆယ်ကျော် ကာလတွင်လည်း ဤသို့သော လူထုတိုက်ပွဲကို စည်းလုံးညီညွတ်စွာ၊ အောင်မြင်စွာ ဆင်နွှဲ၍ မြန်မာ့သမိုင်း၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ နောင်အနှစ်နှစ်ဆယ်ကာလတွင် တစုံတဦးက ရေးသားလာသော “မြန်မာအမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ” ဟူသော ဆောင်းပါးတပုဒ်အား “သြော်- ဖတ်ချင်စမ်းပါဘိ”

ခင်မမမျိုး





အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP