ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
Reading for Study (part-1)
Wednesday, March 19, 2008
ကျောင်းစာဖတ်ခြင်း (အပိုင်း-၁)
ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ကျောင်းစာကျက်ခြင်းနဲ့ အပြင်စာဖတ်ခြင်းဆိုတဲ့ စကားစုလေးတွေကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းစာဖတ်ခြင်းဆိုတဲ့ စကားစုလေးနဲ့ မရင်းနှီးခဲ့ရသလို ကြားဖူးခြင်းတောင် မရှိခဲ့ရပါ။ အကြောင်းရင်းကတော့ မြန်မာ့ပညာရေးစနစ်ဟာ ကြက်တူရွေးစာကျက်တဲ့စနစ်ကို ဦးစားပေးထားလို့ပဲဖြစ်ပါတယ်။
ကိုယ်တွေ့
တကယ်တော့ ကျွန်မတို့ငယ်စဉ်ဘ၀ ပညာသင်ယူခဲ့ရပုံဟာ စဉ်းစားတွေးမြော်မြင်မှု၊ ဖောက်ထွက်တွေးတောမှု၊ ပညာဥာဏ်ဗဟုသုတတိုးပွားမှုတွေ ရရှိဖို့ ထက်စာရင် သည်၊၏ မရွေး အလွတ်ကျက်မှတ်မှုတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကြိမ်လုံးတွေ၊ အကြောက်တရားတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပိုများပါတယ်။ လူကြီးမိဘအများစုကလဲ `စာကျက်စမ်း`လို့သာ ပြောလေ့ရှိကြပြီး၊ စာဖတ်ဖို့အားပေးတိုက်တွန်းတဲ့ မိဘတွေက အလွန်နည်းပါတယ်။ ကျောင်းကမှတ်စုစာအုပ်လေးကိုမှ မကိုင်ထားရင် ကျောင်းစာလုပ်နေတယ်လို့ အထင်မခံရတော့ပဲ စိတ်လေနေတယ်၊ စာမလုပ်ချင်ဘူးလို့သာ သတ်မှတ်ခံရတတ်ပါတယ်။ ကျောင်းစာနဲ့ဆက်စပ်တဲ့ပြင်ပစာအုပ်တွေ ကိုင်ဖို့နေနေသာသာ သင်ရိုးစာအုပ်ထဲက စာကိုဖတ်ပြီး၊ စာမေးပွဲမှာ ပြန်ရေးမိရင်တောင် ဆရာမပေးထားတဲ့မှတ်စုနဲ့ သည်၊၏ လွဲနေတယ်ဆိုပြီး အမှတ်လျှော့ခံရပြန်ပါရော။
ကျွန်မကတော့ အမေပြောဖူးသလို ငယ်ယ်ကတည်းက သူပုန်စိတ်ပါနေလို့ထင်ပါရဲ့။ အမှတ်ဘယ်လောက်လျော့လျော့၊ နောက်ဆုံးအရိုက်ပဲခံရခံရ၊ ဆရာမများနဲ့ ပြဿနာတက်သည်အထိကို ခေါင်းမာစွာနဲ့ပဲ ကျောင်းစာတွေနဲ့ ပတ်သက်မယ်ထင်တဲ့ ပြင်ပစာအုပ်များကို လိုက်လံရှာဖွေဖတ်လေ့ရှိတယ်။ ကျောင်းစာဆိုတာဖတ်ရမယ်လို့ မသိခဲ့ပေမယ့် အမြဲကျက်မှတ်နေရတာကြီးကို မကြိုက်တာကြောင့်ပါ။ သင်ရိုးစာအုပ်တွေကို ကိုင်ကြည့်မိတိုင်း၊ ဒီစာအုပ်တွေရဲ့လာရာလမ်းကို ကျွန်မစိတ်ဝင်စားနေမိတတ်တယ်။ တကယ်တော့ ဒီစာအုပ်တွေ၊ မှတ်စုတွေဟာ စာအုပ်တွေအများကြီးထဲကနေ ပြန်လည်ထုတ်နှုတ်ဖော်ပြထားတာတွေမှန်း သိရလေလေ၊ မူရင်းစာအုပ်တွေကို ကျွန်မစိတ်ဝင်စားလာလေလေပဲ။ သင်ရိုးစာအုပ်တွေကို ကြည့်မိတိုင်း ရုပ်ရှင်ကားတခုလုံးမကြည့်ရပဲ trailer ပဲကြည့်နေရသလိုလို ခံစားခဲ့ရတယ်။
ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်ရောက်လာတာမို့၊ နှုတ်တိုက်စာကျက်ရတာတွေ လျော့လာပြီး၊ ဖတ်မှတ်လေ့လာရတာတွေ၊ ဆွေးနွေးအဖြေရှာရတာတွေ ပိုများလာမှာပဲ ထင်မိခဲ့တယ်။ အထင်နဲ့အမြင်ပါစင်အောင် လွဲပုံများကတော့ ကျောင်းသူအဆောင်မှာ ခဏလေးသွားနေမိစဉ်ခဏ၊ စာအလွတ်ရွတ်ပွဲကြီးတွေနဲ့ သွားတိုးနေလို့ ညဘက်တွေမှာ နားဒုက္ခအတော်ကို များခဲ့ရပါလေရော။ စာအလွတ်ရွတ်ပွဲတွေတင်မက ဆယ်တန်းအထိ တငြီးငြီးတညူညူနဲ့တက်ခဲ့ရတဲ့ ကျူရှင်ဆိုတာကြီးနဲ့ပါ ဆေးကျောင်းရောက်တဲ့အထိ သွားတိုးခဲ့ရတာကတော့ ကျွန်မရဲ့ ကံဆိုးမှုပဲထင်ပါရဲ့။ တနေ့လုံးကျောင်းမှာ စာသင်ရတာကိုပဲ မမောနိုင်မပန်းနိုင်၊ အချိန်အားလေးတောင် မထားတော့ပဲ အဆောင်ကျောင်းသူတွေစုပြီး၊ ကျူရှင်ခေါ်သင်ကြတာပါ။ တကယ်ဆို ဆေးကျောင်းမှာ ရည်ညွန်းစာအုပ်တွေ စကိုင်ရတာမို့ ကျောင်းမှာသင်ပြီး၊ အဆောင်မှာ ပြန်စာဖတ်ရင် လုံလောက်ပေမယ့် မြန်မာ့ယိုယွင်းပျက်စီး ပညာရေးစနစ်ဆိုးကြီးကြောင့် ကျောင်းသားတွေဟာ စာဖတ်ခြင်းကို စိတ်မ၀င်စားကြတော့ပဲ ကျူရှင်တက်ပြီး ဆရာမထုတ်ပေးတဲ့မှတ်စုကို အလွတ်ပြန်ကျက်ကြတဲ့ အခြေအနေမျိုးကို ရောက်ကုန်ပါတော့တယ်။သူငယ်ချင်းတွေရှိတဲ့ တခြားတက္ကသိုလ်တွေအကြောင်း စုံစမ်းကြည့်တော့၊ သူတို့လဲ ဒီလိုပုံစံမျိုးနဲ့ပဲဘွဲ့ရအောင် လုပ်နေကြတာတွေ ကြားလာရပြန်တယ်။ အမှန်တကယ်ဖတ်မှတ်လေ့လာနေတဲ့ ကျောင်းသားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘွဲ့ရရင်ပြီးရောတွေပဲ ဖြစ်ကုန်ကြပါတယ်။
ကျောင်းစာဖတ်ခြင်းဆိုတာ လုပ်ကိုလုပ်ရမယ့် အရာတခုလို့ စတင်သိလာခဲ့ရတာကတော့ ပြင်ပစီမံခန့်ခွဲရေးသင်တန်းတခုကို သွားတက်မိတဲ့အချိန်မှာပါ။ ဘာသာရပ်တိုင်းမှာ assignment ဆိုတာတွေ တင်ရပါတယ်။ အက်ဆေးပုံစံများ၊case studies များဖြစ်တာကြောင့် စာကြည့်တိုက်ထဲက စာအုပ်များကိုမှ မဖတ်ကြည့်ရင် ဘယ်လိုမှ အောင်ဖို့မလွယ်ပါဘူး။ သင်ရိုးစာအုပ်နဲ့လုံးဝမလုံလောက်တော့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်မလက်ထဲကို အာဂုံဆောင်ကျက်စရာမလိုပ၊ဲ ဖတ်မှတ်လေ့လာရမယ့် စာအုပ်ကြီးတအုပ်စတင်ရောက်လာခဲ့ပါတယ်။ ရော်ဘင်ရေးထားတဲ့ စီမံခန့်ခွဲရေးစာအုပ်ပါ။ ကျွန်မအတော်ကို နှစ်ခြိုက်သွားပါတယ်။ စာမျက်နှာ တထောင်နီးပါးစာအုပ်ကြီးပါ။ ဒါပေမယ့် စိတ်ဝင်စားစရာအတော်ကောင်းတာမို့ လက်ကမချနိုင်အောင်ပါပဲ။ ဖတ်ရတာ စိတ်ဝင်စားတာမို့ ညအိပ်ရင်တောင် ခေါင်းအုံးဘေးမှာထားပြီး အိပ်ဖြစ်တဲ့အထိပါ။ နံနက်မိုးလင်းတာနဲ့ ဆက်ဖတ်ရမယ့် အကြောင်းအရာတွေအတွက် ကျွန်မရင်ခုန်နေမိတယ်။ အဲဒီကနေစပြီး၊ `ကျောင်းစာဖတ်ခြင်း`ရဲ့ ချိုမြိန်သော အရသာဟာ ကျွန်မကို စွဲမက်သွားစေခဲ့ပါတယ်။ ကျောင်းစာဆိုတာကို အလွတ်ကျက်ရမယ်လို့ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အစဉ်အလာစနစ်ကြီးကို ကျွန်မမုန်းလာမိတယ်။ စာတွေကို အတင်းသွတ်သွင်းကျက်မှတ်ခဲ့ရတဲ့ ကျွန်မရဲ့ ဦးနှောက်လေးကို သနားလာမိတယ်။ ပြင်ပစာပေတွေမှာ ပျော်မွေ့တဲ့ကျွန်မတယောက် ကျောင်းစာတွေမှာလဲ ပျော်မွေ့သွားတာ ကျောင်းစာကြည့်တိုက်တွေကို အိမ်လို သဘောထားလာမိတဲ့အထိပါပဲ။ စာအုပ်တအုပ်ကိုဖတ်ပြီးတာနဲ့ သူကိုးကားထားတဲ့ စာအုပ်စာရင်းကို မိတ္တူဆွဲ၊ ထပ်ရှာဖတ်နဲ့ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို လျှောက်ရသလိုပါပဲ။ စာအုပ်တွေနဲ့ ဘ၀နဲ့က တထပ်တည်း ဖြစ်လာပါတယ်။ `ကျောင်းစာဖတ်ခြင်း`ဆိုတာက အဲဒီလောက်အထိကို ဆွဲဆောင်အားကောင်းပါတယ်။
အဲဒီလိုဆွဲဆောင်အားကောင်းတဲ့ ကျောင်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဖတ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်၊ ဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူး၊ ဖတ်ပုံဖတ်နည်း၊ စာအုပ်ရွေးချယ်ခြင်း၊ ဖတ်နေစဉ်လေ့လာမှတ်သားခြင်းနဲ့ စာဖတ်နှုန်းမြန်ဆန်အောင်လုပ်ခြင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။
ခင်မမမျိုး (၁၉၊ ၀၃၊ ၂၀၀၈)
oppose SPDC Referendum
Tuesday, March 18, 2008
ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့
Thursday, March 13, 2008
ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့
ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ။
စကားစုလေးကား ထိုမျှသာ။ သို့ပေမယ့် ထိုစကားစုလေးကြားသည်နှင့် ထိုင်မရ ထမရဖြစ်ကာ အရူးမီးဝိုင်းသကဲ့သို့ ဖြစ်နေသော လူတစု ဤကမ္ဘာပေါ်တွင် ရှိသည်ဟုပြောလျှင် စာဖတ်သူတို့ ယုံပါမည်လေစ။ ထိုလူစုကား စာရေးသူတို့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ လက်နက်အားကိုး အုပ်ချုပ်နေသော စစ်အာဏာရှင် အုပ်စုအဆက်ဆက်တို့ပင်ဖြစ်တော့သည်။
စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှကြောက်နေရသနည်း။ အဖြေကား ရှင်းပါသည်။ လူလိမ်လူညာတို့ဟူသည် အမှန်တရားပေါ်ပေါက်သွားမည်ကို အလွန်ပင် ကြောက်တတ်ကြပါသည်။နိုင်ငံတော်အာဏာကို ငန်းငန်းတက်ကာ မတရားရယူထားသော အာဏာရှင်တို့သည် “နိုင်ငံတော်ချောက်ထဲကျမည့်အရေး ကယ်တင်ရပါသည်“ ဟူ၍ မည်မျှပင် ဆိုနေစေကာမူ အမှန်တရားကိုတော့ ရင်ထဲမှသိကာ လိပ်ပြာမလုံ ဖြစ်နေကြသောကြောင့် ပင်ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံတွင် ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန်ကား အလွန်ပင် ရေးကြီးလှသည်။ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော စစ်မီးများ၊ ပဋ္ဋိပက္ခများကို ဖယ်ဒရယ်ဟူသော ငြိမ်းချမ်းရေးရေစင်ဖြင့် မငြိမ်းသတ်ပဲ ထား၍မရ။ ရှေးမြန်မာ မင်းအဆက်ဆက်ကပင် အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ အာဏာလုမှု၊ လူမျိုးကြီးဝါဒ ဆုပ်ကိုင်မှု၊ နိုင်ငံထောင်ထားခြားနားမှု စသော ချွတ်ယွင်းချက်များ ရှိနေသော နိုင်ငံသည် ကိုလိုနီစနစ်ဆိုး၏ သွေးခွဲမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရသောအခါ၌ကား တိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲသည့် အချက်ကလေးများမှာ လွတ်လပ်ရေးမရခင်ကပင် ရှိခဲ့သည်။
ယင်းကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များက အမြော်အမြင် ကြီးစွာဖြင့်လွတ်လပ်ရေးတပြိုင်နက်တည်း ရယူရန် ရည်သန်လျက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် သဘောတူ ဆောင်ရွက်ခဲ့ကြသော်လည်း၊ ကံဆိုးလှသော တိုင်းပြည်လေးခမျာ ဦးစီးပဲ့ကိုင်မည့်သူများအား လုပ်ကြံခံလိုက်ရပြီး၊ လျော့တိလျော့ရဲ၊ ကိုယ့်လှေကိုယ်ထိုး ပဲခိုးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်တတ်သူများနှင့်သာ ကြုံခဲ့ရလေတော့သည်။ အားနည်းချက်များ၊ တွေဝေမှုများ၊ မပြတ်သားမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ တော်လှန်ရေးအပြီးကာလ လက်နက်များ ပျံ့နှံ့နေမှုများ၊ ကမ္ဘာ့ဝါဒရေးရာ လွန်ဆွဲပွဲများ အားလုံးသည် တပ်မတော်ဆိုသော ကာကွယ်ရေးအဖွဲ့အစည်း တခုကို အုပ်ချုပ်ရေး၊ တိုင်းပြည်ကံကြမ္မာအဆုံးအဖြတ်ပေးရေး ကဏ္ဍထဲသို့ မဆီမဆိုင်တွန်းပို့လိုက်သကဲ့သို့ဖြစ်သွားသည်။ အရူးလက်ထဲ ရွှေခွက်ခ ထည့်ပေးလိုက်သည့်ပမာ ဖြစ်သွားသည်။
ဤသို့သော ကာလမျိုးတွင် ပင်လုံအနှစ်သာရများမှာ အကောင်အထည် ဖော်ဖို့ဝေးစွ၊ လမ်းပေါ်တွင်ပင် မရှိအောင် လွဲချော်နေပြီဆိုသည်ကို အမြော်အမြင်ရှိသော တိုင်းရင်းသားခေါင်းဆောင်များ သဘောပေါက်ခဲ့ကြပါသည်။ မဟာလူမျိုးကြီးဝါဒနှင့် ဖယ်ဒရစ်စနစ်ဆိုသည်က မိုးနှင့်မြေပမာ ကွာခြားလှသည်လေ။ ရောဂါလက္ခဏာပေါ်လာပြီမို့ အချိန်မှီကုသရန် ကြိုးစားခဲ့ကြပါသေးသည်။ သို့ပေမယ့် အကွက်ချောင်းနေသော ရန်သူ့ခြေလှမ်းများက တပန်းသာသွားသည်မို့ ဖယ်ဒရယ်ဆိုသော စနစ်တခုမှာ ခြေရာလဲပျောက်၊ ရေလဲနောက်။ စစ်အာဏာရှင်တို့၏ တရစပ် နည်းမျိုးစုံ ချေမှုန်းရေးများကြားတွင် လည်စင်းခံနေရသည့်ဘ၀။ နှစ်ပေါင်းများစွာပင် ကြာခဲ့ပါပကော။
သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့ကြသည်မှာကား ယခုဆိုလျှင် အနှစ်ခြောက်ဆယ်ရှိလေပြီ။ ပင်လုံ၏ အနှစ်သာရများမှာ ယခုထိ ပျောက်ကွယ်နေဆဲ။ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ပဲ ဒီမိုကရေစီစနစ်၊ ဖယ်ဒရယ်စနစ်ကို အသက်သွင်း၍ မရနိုင်ပါ။ ဤသည်မှာ အဓိကအချက်၊ ယင်းအချက်မှ သွေဖည်သည်နှင့် ရန်သူ့ညွှတ်ကွင်းအတွင်းသို့ ကျရောက်သွားမည်ပင်ဖြစ်သည်။ ကျရောက်သွားခဲ့ရသည့်အဖွဲ့များကလည်း နမူနာရှိနေသည်။ ကျမှန်းသိပြီးမှ ရုန်းထွက်၍ မရတော့ပဲ အံကြိတ်ရင်း ကယ်မည့်သူအလာကို စောင့်နေကြရသည့်ဘ၀သို့ ရောက်နေကြသည်။ ကျန်ရှိနေသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ကျောချင်းကပ်ထားဖို့ အချိန်တန်လေပြီ။
ချုပ်၍ဆိုရသော် ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသို့ မဆုတ်တမ်းခြေလှမ်းများဖြင့် ဆက်လက်လျှောက်လှမ်းရင်း (၅၂) သန်းသော မြန်မာ ပြည်သူလူထု၏ တန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းခွင့်ကို တည်ဆောက်ရန် ကြိုးပမ်းကြပါစို့ ဟု ရေးသားတိုက်တွန်းလိုက်ရပေသည်။
ခင်မမမျိုး (၁၀၊၂၊ ၂၀၀၇)
ထုံးတမ်းအစဉ်အလာနှင့် စနစ်ဆိုးအောက်က မြန်မာအမျိုးသမီးတို့ဘဝ
Saturday, March 8, 2008
“မယားနေစ၊ ကြောင်သေမှ“
“ကြက်မတွန်လို့ မိုးမလင်း“
“မိန်းမဆိုတာ နှာခေါင်းသာမပါလျှင် အကုန်စားလိမ့်မည်“
“အရိုးကွဲအောက်ရိုက်မှ အသည်းစွဲအောင်ချစ်သည်“
ထိုစကားလုံးများသည် မြန်မာ့လူ့ဘောင်တွင် နေ့စဉ်နှင့်အမျှ သုံးနှုန်းနေသော စကားလုံးများ ဖြစ်သည်။ အစဉ်အဆက် သုံးနှုန်းနေသော စကားလုံးများ ဖြစ်နေသဖြင့် ထိုစကားလုံးများသည် နိုင်ငံတကာ လူ့စည်းကမ်း ဥပဒေများအရ ပြစ်မှုမြောက်စေသော စကားလုံးများမှန်း သိရှိသူနည်းပါးလှသည်။ လူမှုထုံးတမ်းစဉ်လာများတွင်လည်း အမျိုးသားနှင့် အမျိုးသမီးများအားခွဲခြားထားမှုများ ရှိနေပြန်သည်။ “အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ“ စသော မယားဝတ္တရား သတ်မှတ်မှု၊ လင်ယောက်ျားအား အိမ်ကြီးအရှင်သခင် သတ်မှတ်ကာ ရိုသေကိုင်းညွတ်စေမှုများသည် အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေး၊ လူအချင်းချင်း အပြန်အလှန်လေးစားရေးများကို ထိခိုက်စေသော အချက်များပင်ဖြစ်သည်။
ယင်းထက်ပိုမိုဆိုးရွားသော အချက်မှာကား အမျိုးသမီးများအား ဥပဒေအရ ကာကွယ်ပေးမှု၊ စောင့်ရှောက်ပေးမှု နည်းပါးခြင်းပင်ဖြစ်သည်။ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးသည် ကမ္ဘာ့လူဘောင်၏ အရေးကြီးသော ကဏ္ဍတရပ်ဖြစ်သည်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးရေးအတွက် မည်သို့သော လုပ်ဆောင်ချက်များသည် အကြမ်းဖက်မှုဖြစ်သည်ကို မြန်မာအမျိုးသမီးများ သိရှိနားလည်ရန် လိုအပ်ပေသည်။ အများအားဖြင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကိုသာ အကြမ်းဖက်မှု ဟူ၍ ထင်မြင် ယူဆထားကြလေသည်။
လက်တွေ့တွင်ကား ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများအားလုံးသည် အကြမ်းဖက်မှု မြောက်ပေသည်။ မိမိအိမ်အတွင်းတွက် လင်ယောက်ျားဖြစ်သူမှ ဆူပူအော်ဟစ်ကြိမ်းမောင်းခြင်း၊ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းမှသည် ပြင်ပတွင် လူယုတ်မာများမှ စော်ကားဖျက်ဆီးမှုများအထိ အကျုံးဝင်ပေသည်။ အဆုံးစွန်ဆိုရလျှင် ချစ်သူဟောင်းများ၊ ပြတ်စဲပြီးသော လင်ယောက်ျားများမှ လိုက်လံနှောင့်ယှက်ခြင်း၊ အိမ်အ၀င်အထွက် ပြုလုပ်ရန် ကြိုးစားခြင်း၊ စာရေးသား ဆက်သွယ်ခြင်း၊ ခြိမ်းချောက်ခြင်းများ စသည်များသည်လည်း သက်ဆိုင်ရာ အမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေပါက အကြမ်းဖက်ပြစ်မှုမြောက်ပေသည်။
မြန်မာ့လူ့ဘောင်သည် ဟီရိသြတ္တပ တရားထွန်းကားသော လူ့ဘောင်ဖြစ်သည်။ အရှက်အကြောက်တရားဟူသည် ရှက်သင့်သည်ကိုရှက်ပြီါ်၊ ကြောက်သင့်သည်ကို ကြောက်ရန်သာဖြစ်သည်။ သို့ရာတွင် ထိုရှက်ခြင်း၊ ကြောက်ခြင်းသည် အမှန်တရားဖွင့်လှစ်ပြောဆိုရန် နှောင့်နှေးခြင်း၊ မိမိကံကိုသာ ရိုးမယ်ဖွဲ့ခြင်းများ မဖြစ်သင့်ပါ။ လောကတွင် အမျိုးသမီးများကို မိခင်လောင်းများဟု သဘောမထားတတ်သူ၊ နှမချင်းမစာနာတတ်သူ လူယုတ်မာများကား ဒုနှင့်ဒေး။ ဤသည်ကို ရေငုံနှုတ်ပိတ်ကာ သူတို့စိတ်ကြိုက်ဘ၀တွင် ဆက်လက်နေပါက မိမိတို့ဘ၀ပင် နစ်မွန်းမည်ဖြစ်သည်။ ပတ်ဝန်းကျင်အနေဖြင့်လည်း ထိုသို့သော အမျိုးသမီးများအား ကူညီဖေးမရန် လိုအပ်ပေသည်။
လူမိုက်အားပေးမလုပ်ရ ဆိုသော စကားရှိပေသည်။ ရှေးအခါကဆိုလျှင် လူယုတ်မာများအားဖော်ထုတ်ရန် မကြိုးစားပဲ အမျိုးသမီးများကိုသာ ပြစ်တင်မောင်းမဲခြင်း၊ နောက်ကွယ်အတင်းစကားဆိုခြင်း၊ ရွာပြင်ထွက်နေရန် ခြိမ်းချောက်ခြင်းစသည်တို့ကြောင့် မဆုံးရှုံးသင့်ပဲ အသက်ဆုံးခဲ့ရသည့် သာဓကများစွာ ရှိခဲ့သည်။ မိဘမောင်ဘွားများမှလည်း “တရှက်မှနှစ်ရှက်မဖြစ်ချင်“ဆိုကာ ရေငုံနှုတ်ပိတ်နေတတ်ကြသည်။ ဤနည်းများသည် လူယုတ်မာများအားပိုမိုအတင့်ရဲလာစေရန် အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်သည်။
အမျိုးသမီးများက အမှန်တရားကို ရင်ဆိုင်ကာ တရားဖက်ပြိုင်လျှင်လည်း “ငွေများတရားနိုင်“ဟူသော တရားရေးစနစ်နှင့် ကြုံကြရပြန်သည်။ နစ်နာရသူ အမျိုးသမီးများအတွက် နိုင်ငံတော်မှ တရားရေးစရိတ်များ ထုတ်ပေးမှုမရှိသဖြင့် တရားရုံးရောက်ပြီးမှ ကျေအေးလိုက်ရသော အမှုများစွာ ရှိပေသည်။ ရံဖန်ရံခါတွင်လည်း အမျိုးသားဘက်မှ လျော်ကြေးစသဖြင့်ပေးခြင်း၊ တရားရေးဝန်ထမ်းများအား လာဘ်ပေးခြင်းများ ပြုလုပ်ကာ တရားလိုစိတ်ဓာတ်ကျသွားစေရန် ပြုလုပ်ခြင်းဖြင့် ပြီးဆုံးလိုက်ရသည်များ ရှိပေသည်။
ထိုလူယုတ်မာများက အဆုံးသတ်တွင် ပါးစပ်အငြိမ်မနေပဲ ငွေလိုချင်၍ တရားစွဲဆို အမှုဆင်ခံရခြင်းဖြစ်ကြောင်း ပြောဆိုတတ်ကြလေသည်။ ထိုသို့သော အမျိုးသမီးများ ရှိကောင်းရှိမည်ဖြစ်သော်လည်း မြန်မာ့လူ့ဘောင်အခြေအနေအရ အရေအတွက် အချိုးကျ နည်းပါးလှပါသည်။ အမျိုးသားများဘက်တွင် ပိုမိုအလေးသာနေသော တရားရေးစနစ်အတွင်းမှနေ၍ ငွေရရန် ကြိုးပမ်းမှုသည် အလွန်ပင် ခက်ခဲလှသောကြောင့်ပင်ဖြစ်သည်။
အဆိုပါ အစဉ်အလာဓလေ့ဆိုးများ၊ ယိုယွင်းပျက်စီးနေသော တရားရေးစနစ်များတွင် အာဏာရှင်စနစ်ဆိုးက ထပ်မံပေါင်းစပ်လိုက်ပြန်သော အခါတွင်ကား၊ သားကောင်ဖြစ်ရသူ မြန်မာအမျိုးသမီးများ၏ ဘ၀များမှ ဆိုဖွယ်ရာ မရှိတော့။ ပြည်တွင်းစစ်များတွင် ဘ၀ပျက်ခဲ့ရသူများ၊ န၀တ၊ နအဖတို့၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ဗျူဟာတရပ်အဖြစ် အသုံးပြုမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၊ အာဏာရှင်စနစ်ဆိုးနှင့် အတူတွဲ၍ ရှိနေသော စီးပွားရေး ကပ်ဆိုဒ်မှုများကြောင့် လိင်လုပ်သားများဖြစ်ကာ နည်းမျိုးစုံ အကြမ်းဖက်မှုကို ခံနေကြရသူများ၊ တိုင်းတပါးတွင် အိမ်ဖော်များအဖြစ် နေထိုင်ကာ အလုပ်လုပ်ရင်း အကြမ်းဖက်ခံနေရသူများ၊ စီးပွားရေးရာ အဆင်မပြေမှုများကြောင့် စိတ်ဖိစီးမှုများလာသော လင်ယောက်ျားများမှ စိတ်ဖိစီးမှု ထွက်ပေါက်အဖြစ် သတ်မှတ်ကာ ဇနီးမယားအား အနိုင်ကျင့်နှိပ်စက်လာမှုများ စသည်ဖြင့် မြန်မာအမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံကို ခံစားနေကြရပေသည်။
ယင်းအပြင် အချောင်နာမည်ကောင်းယူကာ အမည်နာမအဖြစ်သာရှိနေသော အဖွဲ့အစည်းများကလည်း လက်ရှိမြန်မာနိုင်ငံတွင် ရှိနေပြန်သေးရာ အလွန်ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များသည် အမျိုးသမီးအဖွဲ့နာမည်များ တပ်ကာ အမျိုးသမီးအဖွဲ့ဝင်များ ထားရှိပြီး (၁၉၉၅) ဘီဂျင်းညီလာခံကဲံသို့သော အမျိုးသမီးညီလာခံများအား တက်ရောက်ပြီး ဖြစ်ပါလျက် အမျိုးသမီး အခွင့်အရေးများအတွက်လည်း လှုပ်ရှားမှုမရှိ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအားလည်း ကူညီမှုမရှိ၊ အမျိုးသားများဘက်မှ အလေးသာနေသော တရားရေး စနစ်များကိုလည်း ဝေဖန်ထောက်ပြမှု မရှိပဲ၊ အချိန်တန်လျှင် တူညီဝတ်စုံများဝတ်လျက် နအဖ၀ါဒဖြန့်ချီရေးပွဲများသို့တက်ရောက်ကာ အာဏာရှင်စနစ်တည်မြဲရေးဝါဒဖြန့်နေသည်မှာ အမြင်မတော်ဆင်တော်နှင့် ခလောက်ဆိုသကဲ့သို့ အဖွဲ့နာမည်များနှင့်ပင် မလျော်ညီပေစွတကား။
ချုပ်၍ဆိုရသော် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အပြန်အလှန်လေးစားမှု၊ လူ့အခွင့်အရေး အပြည့်အ၀ရှိမှုစသော အကြောင်းတရားများပေါ်တွင် အခြေခံပေါ်ထွက်လာမည့် တိုးတက်သော ဒီမိုကရက်တစ် လူ့ဘောင်အတွက် အမျိုးသမီးများ ဘ၀သာယာလုံခြုံရေး၊ တန်းတူညီမျှ အခွင့်အရေးရရေး၊ အကြမ်းဖက်ခံရမှုပပျောက်ရေး အချက်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ရေးသားလိုက်ရပေသည်။
ခင်မမမျိုး (၂၅၊၁၁၊ ၂၀၀၆)
Burma Human Rights Day Poster
Friday, March 7, 2008
Let's fight against the regime
Thursday, March 6, 2008
ပြတ်ပြတ်သားသားတိုက်ပွဲဝင်စို့
Friday, February 29, 2008
ပြတ်ပြတ်သားသား၊ တိုက်ပွဲဝင်စို့
စက်တင်ဘာတော်လှန်ရေး၏ တိုက်ပွဲမီးတောက်ကား ပြည်သူတို့၏ ရင်ထဲတွင် တမြည့်မြည့် ကျွမ်းလောင်နေဆဲဖြစ်ပါသည်။ အချိန်မရွေး ပြန်လည်တောက်လောက်လာမည့် အခြေအနေရှိပါသည်။ ထိုမီးညွန့်ကို ချိုးရန်၊ လူထု၏ တော်လှန်ရေးစိတ်ဓာတ်အဟုန်ကို လျှော့ချပစ်ရန်၊ နိုင်ငံတကာ၏ ဖိအားပေးမှုကို မျက်လှည့်ပြရန် နအဖတို့က ၀ှက်ဖဲတခုကို အသုံးပြုလိုက်ပါသည်။ ယခု ပြည်သူ့ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ကြေငြာချက်ကား ထိုဝှက်ဖဲပင် ဖြစ်သည်။
အလားတူဝှက်ဖဲမျိုးအား နအဖတို့ အကြိမ်ကြိမ် သုံးခဲ့ဖူးပါပြီ။ (၁၉၈၈)ကာလ၊ လူထုအရေးတော်ပုံကြီးအပြီးတွင်လည်း ရွေးကောက်ပွဲ ကျင်းပမည်၊ ပါတီများထောင်ခွင့်ပေးမည်စသည့် ၀ှက်ဖဲနှင့် လူထုရင်ထဲမှာ တိုက်ပွဲဝင်စိတ်အဟုန်ကို လျှော့ချပစ်ခဲ့ကြသည်။ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး ရည်မှန်းချက်ပန်းတိုင်နှစ်ခုတွင် စစ်အာဏာရှင် ပြုတ်ကျရေးသည် ပထမဆုံး ဦးစားပေးရမည့် အချက်သာ ဖြစ်ပါသည်။ စစ်အာဏာရှင် ရှိနေသရွေ့ ဒီမိုကရေစီ ဖော်ဆောင်ရေးသည် ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပါ။ သို့ပေမယ့် ထိုကာလက စစ်အာဏာရှင်တို့ ကစားသည့် လှည့်ကွက်ထဲတွင် အတိုက်အခံများ ပိတ်မိကုန်ခဲ့ကြသည်။ ပြည်သူများစွာကို သွေးမြေကျစေခဲ့သည့် စစ်အစိုးရကို ယုံစားမိခဲ့ကြသည်။ ”ရွေးကောက်ပွဲလို့ အနိုင်ရပါတီကို အာဏာလွှဲပေးပြီးလျှင် စစ်တန်းလျားပြန်မည်“ဆိုသည့် စကားကို အဟုတ်ထင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်ဖော်ဆောင်ရန် ရွေးကောက်ပွဲဝင်ရေးက ပထမဖြစ်သွားသည်။ စစ်အာဏာရှင် ပြုတ်ကျရေးက ဦးစားပေးအဆင့်မဟုတ်ခဲ့တော့ပါ။
ယင်းအချက်ကို န၀တတို့က ကောင်းကောင်းအသုံးချသွားခဲ့ကြသည်။ အချိန်တန်၍ သူတို့ဇာတိရုပ်ပြကာရမ်းကားလျှင် အတိုက်အခံများဘက်မှ လက်နက်ကိုင်တော်လှန်ရေးအရှိန်ယူသွားနိုင်မည်ကို ကြိုတင်တားဆီးသည့်အနေဖြင့် အသည်းအသန် စီမံချက်ချကာ တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။ ဒီမိုကရေစီ တော်လှန်ရေးကိုသာ ပစ်မှတ်အဖြစ် နောက်ဆုံးချိန်ရွယ်ထားလိုက်သည်။ (၁၉၈၈) မှ (၁၉၉၀) အတွင်း န၀တနှင့် ငြိမ်းချမ်းရေးယူလိုက်သည့် အဖွဲ့များ မနည်းခဲ့ပါ။
အတိုက်အခံများကတော့ ရွေးကောက်ပွဲတွင် ပြည်သူများ အမှန်တရားဘက်မှ ရပ်တည်နိုင်ရေး၊ ဆန္ဒမှန် ဖော်ထုတ်နိုင်ရေးကို ဦးစားပေးခဲ့ကြသည်။ အတိုက်အခံများ အောင်ပွဲရခဲ့ပါသည်။ ပြည်သူများ တာဝန်ကျေခဲ့ပါသည်။ သို့ပေမယ့် စစ်အာဏာရှင်စနစ်အောက်တွင် ပေါ်ထွန်းလာသော ရွေးကောက်ပွဲ၏ ရလာဒ်များသည် အသက်မ၀င်ခဲ့။ ရွေးကောက်ပွဲရလာဒ်များအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုကိုတော့ ခံခဲ့ရပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲဝင်ကြခြင်း၏ မူလရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့ပါသလား။ မလှမ်းနိုင်ခဲ့ပါ။ အနှစ်နှစ်ဆယ်နီးပါး ရှိလာခဲ့ပါပြီ။အဘယ်ကြောင့်နည်း။ စစ်အာဏာရှင်ပြုတ်ကျရေး လမ်းကြောင်းပေါ်မှ သွေဖည်သွား၍သာ ဖြစ်သည်။
နိုင်ငံရေး အတွေးအခေါ်ပညာရှင် စမ်တာရာနာက “Those who cannot remember the past are condemned to repeat it” ဟူ၍ ဆိုဖူးပါသည်။ ယခုအနှစ်နှစ်ဆယ်ကာလအတွင်းတွင် န၀တ၊ နအဖတို့ ကစားခဲ့ကြသည့် ကစားကွက်များကား စုံခဲ့ပြီဖြစ်သည်။ ကောက်ကျစ်စဉ်းလဲသည့် နည်းပရိယာယ်မျိုးစုံကိုလည်း အတိုက်အခံများတင်မက နိုင်ငံတကာပါ ကြုံခဲ့ကြရပြီးဖြစ်သည်။ လှည့်စားခြင်းမျိုးစုံကိုလည်း ခံစားခဲ့ကြရပြီး ဖြစ်သည်။
ယခုအကြိမ်ကတော့ ကစားပွဲကြီးပါသည်။ အကွက်မှားခြင်း လုံးဝအဖြစ်ခံ၍ မရတော့ပါ။ ပြည်သူလူထုကို မရေရာသည့် မျှော်လင့်ချက်များပေးခြင်း၊ေ၀၀ါးစေသည့် သတင်းစကားများ ပေးခြင်း လုံးဝလုပ်၍ မရပါ။ တခုတည်းသော နည်းလမ်းသာရှိပါသည်။ ပွဲဖျက်ရပါမည်။ ပြည်သူ့ဆန္ဒခံယူပွဲကို တက်ညီလက်ညီနှင့် ၀ိုင်းဝန်းကန့်ကွက်ရပါမည်။ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ မရောက်ရေးအတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါမည်။ တပ်ဦးကလဲ တပ်ဦးတာဝန်ကျေစေချင်ပါသည်။ ပြည်သူတို့ ရွေးကောက်ခဲ့သည်မှာ ရမ်းကားသော စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လိုစိတ်နှင့် ဖြစ်ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်၏ သေရေးရှင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်သင့်ပါသည်။
နအဖက အကြံကြီးကြံကာ ယုတ်မာထားသည့် လှည့်ကွက်ဖြစ်ပါသည်။ အပြုတ်တိုက်ရေး လမ်းကြောင်းပေါ်ရောက်နေသည့် လူထုတိုက်ပွဲအရှိန်ကို လမ်းလွှဲနိုင်ရုံမက၊ ၄င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံ အဆင့်တဆင့် အောင်မြင်ရေးကိုပါ ဦးတည်ထားပါသည်။ အနီးဆုံးအချိန်တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲတင်မက နောင်နှစ်နှစ်တာကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိုပါ အဘယ်ကြောင့် ပူးတွဲကြေငြာရသနည်း။ ပြည်သူ့ဆန္ဒခံယူပွဲကိုသာ တိုက်ရိုက်ပစ်ခတ်လာမည့် မြားချက်များကို ဖြာထွက်အောင် လုပ်နေခြင်းဖြစ်သည်။ ပြည်သူများေ၀၀ါးအောင်၊ အတိုက်အခံများအတွင်း အငြင်းအခုံများဖြစ်အောင်၊ နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် မသမာနည်းဖြင့် ကြံနေခြင်းဖြစ်သည်။ ယခုပင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရခြင်း၊ မ၀င်ရခြင်းနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးမှုများက ဆန္ဒခံယူပွဲ ဆန့်ကျင်ရေးထက် ပိုမိုများပြားနေသည်မဟုတ်ပါလော။
ရွေးကောက်ပွဲကိစ္စသည် ယခုလိုအခြေအနေမျိုးတွင် ရေးကြီးခွင်ကျယ် လုပ်နေရမည့် ကိစ္စမဟုတ်ပါ။ နအဖလွှဲလိုက်သည့် လမ်းပေါ်သို့ မတက်ကြမိစေရန် အရေးကြီးပါသည်။ နိုင်ငံတော်၏ အရေးပါသော အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေးဆိုသော အချက်များသာ အဓိကပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အတည်ပြုပြီးမှ ပေါ်ထွက်လာမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အနိုင်ရပါတီ အစိုးရအဖွဲ့သည် နအဖကြိုးကိုင်ကြံ့ဖွတ်ပဲဖြစ်ဖြစ်၊ အင်အယ်လ်ဒီပဲဖြစ်ဖြစ်၊ မည်သည့်အဖွဲ့ပင် ဖြစ်ဖြစ် ဒီမိုကရေစီ အနှစ်သာရရှိသော၊ တိုင်းရင်းသားလူမျိုးများ တန်းတူရည်တူအခွင့်အရေးရှိသော နိုင်ငံတခုကို တည်ဆောက်နိုင်တော့မည် မဟုတ်ပါ။ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဖော်ဆောင်ရေးတွင် လက်နက်ကိုင်စစ်တပ်၏ အခန်းကဏ္ဍမကြီးထွားရေးသည် အဓိက သော့ချက်ပင် ဖြစ်သဖြင့် စစ်တပ်ကဏ္ဍကြီးထွားနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ၏ ရန်သူပင်ဖြစ်သည်။
သို့ပါ၍ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဟူသော လမ်းစဉ်နှစ်ခုကိုသာ စွဲစွဲနစ်နစ် ဆုပ်ကိုင်၍၊ စစ်အာဏာရှင်စနစ်ကို အမြစ်တွယ်စေမည့်၊ ရွှေရည်စိမ်ဒီမိုကရေစီစနစ်သာ ပေါ်ထွက်စေမည့် ပြည်သူ့ဆန္ဒခံယူပွဲကို ၀ိုင်းဝန်းကန့်ကွက်ကြရင်း၊ လူထုတိုက်ပွဲနည်းဖြင့် စစ်အစိုးရဖြုတ်ချရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် ------ပထမ
ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးသည် -----ဒုတိယ။
ပြည်သူ့ဆန္ဒခံယူပွဲ ကန့်ကွက်ရေး- ဒို့အရေး
စစ်အစိုးရပြုတ်ကျရေး- ဒို့အရေး
လူထုတိုက်ပွဲဖော်ဆောင်ရေး-ဒို့အရေး။
ထပ်၍ဆိုပါမည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် ------ပထမ
ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးသည် -----ဒုတိယ။
ပြည်သူ့ဆန္ဒခံယူပွဲ ကန့်ကွက်ရေး- ဒို့အရေး
စစ်အစိုးရပြုတ်ကျရေး- ဒို့အရေး
လူထုတိုက်ပွဲဖော်ဆောင်ရေး-ဒို့အရေး။
ခင်မမမျိုး (၂၉၊ ၂၊ ၂၀၀၈)
နိုင်ငံရေးဆိုတာ (အပိုင်း - ၇)
Sunday, February 24, 2008
နိုင်ငံရေးဆိုတာ (အပိုင်း-၇)
သို့ဆိုလျှင် ဥပဒေစိုးမိုးရေးဟူသည် မည်သို့ မည်ပုံ ပေါ်ပေါက်၍ မည်သို့ ထိန်းသိမ်းရမည်နည်း။ အဆိုပါမေးခွန်းများနှင့် ပတ်သက်၍ အဖြစ်အပျက်အားလုံးကို ခြုံငုံဖြေဆိုနိုင်သော တိကျသည့် အဖြေမရှိပါ။ ဖြေဆိုရန် လွယ်ကူသော မေးခွန်းများလည်း မဟုတ်ပါ။ သို့ရာတွင် ရှေးယခင်ကာလများ၌ကား ရိုးရှင်းသော လူ့ဘောင်အဖွဲ့အစည်းများတွင် အသိဥာဏ်၊ ဥပဒေစိုးမိုးရေးနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို တပုံစံတည်းဟု ယူဆခဲ့ကြပုံပေါ်ပါသည်။
လူသားများသည် လူအများစု ပြုမူဆောင်ရွက်သည့်အတိုင်း ပြုမူရှင်သန်ခဲ့ကြပြီး၊ ထိုလူအများသည်လည်း သူတို့၏ မိဘများ၊ ဘိုးဘွားအစဉ်အဆက်က ပြုမူနေထိုင်ခဲ့ကြသည့်အတိုင်း ရှင်သန် ရပ်တည်နေကြခြင်း ဖြစ်ရာ၊ အဆိုပါ ဘိုးဘွားအစဉ်အလာဆိုသည်များမှာလဲ ယင်းတို့ယုံကြည်ရာ၊ ဘုရား၊ နတ်ဘုရား၊ ရိုးရာနတ်များမှ လူသားတို့အား ပြုမူဆောင်ရွက်စေလိုသည့် အနေအထိုင်၊ အပြုအမူများမှ ဆင်းသက်လာခြင်းပင်ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါဓလေ့ထုံးတမ်းစဉ်လာများကို ဆန့်ကျင်သူများ၊ သွေဖည်နေထိုင်သူများသည် ပြစ်ဒဏ်ခံရခြင်း၊ အသတ်ခံရခြင်း၊ ထွက်ပြေးနေရခြင်း၊ ရူးသွပ်သူများဟု သတ်မှတ်ခံရခြင်း၊ စုန်းကဝေ၊ မှော်ဆရာများဟု ထင်ယောင်ထင်မှားခံရခြင်း စသည်များနှင့် ကြုံကြရလေသည်။ ထိုသူများအပေါ် မည်သို့ ဆက်ဆံပြုမူသည်ဖြစ်စေ၊ အကျိုးဆက်မှာကား ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟု ယူဆခဲ့ကြလေသည်။
မည်သို့ပင် ဖြစ်စေ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလ လူ့ဘောင်ရပ်တည်မှုသည်ကား ဓလေ့ထုံးတမ်းစဉ်လာများတွင် အခြေမပြုတော့ပါ။ တခါတရံတွင် ဓလေ့ထုံးတမ်းစဉ်လာများသည် လူအများ မသိစိတ်တွင် ပိုမို၍ အင်အားကြီးမားသယောင် ထင်ရသော်လည်း လူအဖွဲ့အစည်းများ၏ ပြုမူနေထိုင်မှုသည်ကား ဓလေ့ထုံးတမ်းများတွင် အခြေမပြုတော့ပဲ တရားဥပဒေတွင် ပိုမို၍ အခြေပြုလာပါသည်။
စိုစွတ်သော မြေပေါ်မှ ခြောက်သွေ့သော မြေပေါ်သို့ နွားများကို ကျောင်းသော နူရာလူမျိုးတယောက်အတွက် သူ၏ အပြုအမူမှာ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး၊ တခြားနူရာလူမျိုးများအား ထည့်သွင်းစဉ်းစားရန် လုံးဝမလိုအပ်ပါ။ သို့ရာတွင် အဝေးပြေးကားလမ်းမကြီးတွင် မောင်းနှင်နေသော ယနေ့ခေတ် ယာဉ်မောင်းသူတယောက်အတွက်ကား သူ၏အပြုအမူအတွက် ဆင်ခြင်တုံတရား ရှိရမှုသည် နွားကျောင်းနေသော နူရာတယောက်ထက် ပိုမိုသာလွန်ပါသည်။ ခေတ်သစ်ယာဉ်မောင်းတယောက်သည် ၄င်း၏ အပြုအမူလုပ်ရပ်အတွက် စဉ်းစားတွေးခေါ်လုပ်ကိုင်ရခြင်းမှာ သူ၏ဘိုးဘွားများချမှတ်ခဲ့သော ထုံးတမ်းစဉ်လာ များကြောင့် မဟုတ်ပါ။ ဥပဒေပြုအဖွဲ့အစည်းတခုမှ ချမှတ်ထားသော၊ အစိုးရမှ ခန့်အပ်ထားသည့် ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု ရှိသော အဝေးပြေးလမ်းမ ကားမောင်းခြင်းဆိုင်ရာ ဥပဒေတရပ်ကို လိုက်နာကာ ယာဉ်မောင်းရခြင်းသာ ဖြစ်ပါသည်။
သို့ရာတွင် ယာဉ်မောင်းအများစု ယာဉ်ကို ဆင်ဆင်ခြင်ခြင် မောင်းနှင်ခြင်းမှာ လိုက်နာရမည့် ဥပဒေတခုတည်းကြောင့်ပင်မဟုတ်ပါ။ ၄င်းတို့ကြောင့် အခြားသူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မဖြစ်စေလိုသောကြာင့်၊ ပိုမို တိကျစွာ ဆိုရပါလျှင် ၄င်းတို့၏ မော်တော်ယာဉ်အား မပျက်စီးစေလိုသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ ယာဉ်မတော်တဆဖြစ်မှု ဖြစ်ပွားပါက ထိုမတော်တဆဖြစ်မှုအား ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် ဟု သတ်မှတ်ခြင်း၊ ပြစ်မှုကျူးလွန်သူအတွက် ဆုံးရှုံးနစ်နာမှုအများအပြား ဖြစ်စေခြင်းဖြင့် ဥပဒေသည် ယာဉ်မောင်းများ၏ မိမိကိုယ်ကျိုးအတွက် လိုက်နာစောင့်ထိန်းမှုကို အားပေးသည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၃၊၁၊ ၂၀၀၈)
Roadmap
Roadmap
အာဏာရှင်စနစ်ဆိုးကို
အသက်ဆက်မယ့်
Roadmap။
စစ်ကျွန်ဘ၀ကို
သက်တမ်းရှည်စေမယ့်
Roadmap။
တိုင်းရင်းသား
အခွင့်အရေးတွေ
ဆုံးရှုံးစေမယ့်
Roadmap။
အာဏာရူးတွေကို
မြေတောင်မြှောက်ပေးမယ့်
Roadmap။
အစိမ်းသရဲ
ဗိုလ်ရှုပ်တွေကို
ဘီလူးသဘက်
ဖြစ်စေမယ့်
Roadmap။
တိရစ္ဆာန်မျိုး
ကြံ့ဖွတ်တွေကို
ပိုရိုင်းစိုင်းစေမယ့်
Roadmap။
ပြည်သူတို့ရဲ့
ဘ၀တွေကို
ငရဲပြည်
ပို့ပေးမယ့်
Roadmap။
ရှည်ရှည်ဝေးဝေး
တွေးမနေနဲ့
အဆင့်တိုင်းမှာတိုက်ဖျက်။
ခင်မမမျိုး (၂၃၊၂၊၂၀၀၈)
နိုင်ငံရေးဆိုတာ (အပိုင်း -၆)
နိုင်ငံရေးဆိုတာ (အပိုင်း -၆)
အခန်း (၂)
နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး
ရိုးရှင်း၍ ရှေးကျသော လူ့အဖွဲ့အစည်းငယ်များမှသည် ကြီးမားဆန်းကျယ် ရှုပ်ထွေးလှသော လူ့အဖွဲ့အစည်းများအထိ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို တ၇ားဥပဒေစိုးမိုးရေးသည် အရေးကြီးပါသည်။ တရားဥပဒေစိုးမိုးခြင်း ဆိုရာတွင် လူတဦးချင်းအလိုက်၊ လူအုပ်စုချင်းအလိုက် တဦးကို တဦး ထိခိုက်နစ်နာစေခြင်း ကင်းစွာဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊ ပြုမူပြောဆိုခြင်း ပါဝင်လေသည်။
ယင်းသို့ဥပဒေများ ချမှတ်ခြင်းနှင့် လူတဦးချင်းစီ၏ လေးစားလိုက်နာခြင်း မည်မျှအရေးကြီးပုံကို မော်တော်ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဥပဒေစည်းကမ်းများအား ဥပမာ ထား၍ လေ့လာကြည့်ကြပါစို့။
သန်းပေါင်းများစွာသော လူအများသည် မော်တော်ယာဉ်များကို မောင်းနှင်ကြသည်။ မော်တော်ယာဉ်အား မောင်းနှင်လိုက်ခြင်းဖြင့် ထိုသူ၏ ပါဝါသည် ပင်ကိုယ်စွမ်းရည်ထက် ပို၍ ကြီးမားသွားပါသည်။ ကားမောင်းသူတိုင်းသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ လူအများကိုသော်လည်းကောင်း၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် တန်ဆာပလာကို ကိုင်ဆောင်ထားသူများ ဖြစ်ပါသည်။
သို့ရာတွင် သန်းပေါင်းများစွာသော လူအများသည် သူတပါး၏ အသက်အန္တရာယ်ကိုလည်း မထိခိုက်၊ မိမိ၏ အသက်အန္တရာယ်ကိုလဲ ရန်မရှာပဲ မော်တော်ယာဉ်များကိုလဲ ကြီးမားလှသော ပျက်စီးမှုများ မဖြစ်စေပဲ မောင်းနှင်နေကြပါသည်။ တနာရီလျှင် မိုင် (၄၀)နှုန်းဖြင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ကားနှစ်စီး ထိပ်တိုက်ဆုံမိပါက မလွဲမသွေ ယာဉ်မောင်းနှစ်ဦးစလုံး အသက်ဆုံးရှုံးမည် ဖြစ်လေသည်။ သို့ပေမယ့် ထိုသို့သော မတော်တဆ ထိခိုက်မှုများကား ဖြစ်ခဲလှပါသည်။
အဘယ်ကြောင့်နည်း။
ယာဉ်မောင်းနှစ်ဦးလုံးသည် အလွန်ပင်ကောင်းမွန်၍ ကြင်နာတတ်သော နှလုံးသား ပိုင်ရှင်များ ဖြစ်၍လား။ လူအချင်းချင်း မသတ်ဖြတ်ပါဟု သစ္စာဆိုထားသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် အလွန်ပင် သွက်လက်မြန်ဆန်၍ အန္တရာယ်ကို ချက်ချင်းရှောင်နိုင်သူများဖြစ်၍လား။ သို့မဟုတ်က ထိုသူတို့သည် အလွန်တရာ ကံကောင်းသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် သေခြင်းတရားကို လွန်မင်းစွာ ကြောက်နေသူများ ဖြစ်၍လား။
မဟုတ်ပါ။ တခုမှ မဟုတ်ပါ။
လက်တွေ့တွင်ကား ထိုသူတို့သည် တဦးနှင့်တဦး ရှိနေသည်ကိုပင် ထည့်သွင်းစရာမလိုပဲ ကြောက်ရွံ့ခြင်းကင်းစွာ ဖြတ်သွားနိုင် ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာနိုင်ငံအလိုက် ချမှတ်ထားသော ယာဉ်စည်းကမ်း ဥပဒေမျညးကို လိုက်နာရ၍ ဖြစ်လေသည်။ ဥပဒေများ၊ လုပ်ထုံးများကို လိုက်နာခြင်းဖြင့် အသက်အန္တရာယ်ပင် ဖြစ်စေလောက်သည့် မော်တော်ယာဉ်မောင်းနှင်ခြင်းသည် သူတို့အတွက် ထမင်းစား၊ ရေသောက်သကဲ့သို့ ကြောက်ရွံ့ခြင်းကင်းစွာပင် သဘာဝအတိုင်း လုပ်ကိုင်နိုင်နေခြင်းဖြစ်သည်။
မော်တော်ယာဉ်ဖြင့် ခရီးသွားပါက ခြေကျင်လျှောက်ခြင်းထက် အဆပေါင်းများစွာ ပို၍ ခရီးရောက်စေပါသည်။ ယင်းမှာ မော်တော်ကား ပိုင်ဆိုင်နိုင်ရုံတခုတည်းဖြင့် ရရှိနိုင်သည့် အခွင့်အရေး မဟုတ်ပါ။ မော်တော်ယာဉ်အား မည်သို့ဘေးအန္တရာယ်ကင်းအောင် မောင်းနှင်ရမည်လဲဆိုသည့် ဥပဒေစည်းကမ်းအား လိုက်နာနိုင်မှုပေါ်တွင် များစွာ မူတည်ပါသည်။
စည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများသည် မြို့ကြီးများတွင် နေထိုင်သည့် မော်တော်ယာဉ်မောင်းနှင်သူများတွင်သာ တီထွင်ထားသည့်အရာမဟုတ်ပါ။ ဥပမာအားဖြင့် နူရာခေါ် ယူဂန်ဒါနိုင်ငံနှင့် ဆူဒန်နိုင်ငံနယ်စပ်တလျှောက် နိုင်းမြစ်ဝှမ်းအနီး နေထိုင်သူ လူမျိုးစုများကို လေ့လာကြည့်ပါ။ (၂၀)ရာစု အစောပိုင်းကာလတွင်မှာမှ ထိုလူမျိုးစုများကို မနုဿဗေဒပညာရှင်များက သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ခန့်မှန်းလူဦးရေ နှစ်သန်းခန့်ရှိသည်ဟု ဆိုထားပါသည်။ ထိုသူတို့သည် အလွန်ရိုးရှင်းအေးချမ်းစွာ နေထိုင်သူများ ဖြစ်ကြသည်။ ယနေ့ခေတ်အမြင်နှင့်ဆိုလျှင် အလွန်ရှေးကျသော လူများဟု ဆိုရပေမည်။
သူတို့သည် ကျွဲ၊နွားကျောင်းခြင်းနှင့် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းတွင်သာ ဘ၀ကို နစ်မြှုပ်ထားကြပြီး၊ သူတို့အား အုပ်ချုပ်သည့် ထင်သာမြင်သာသော အစိုးရ ဟူ၍မရှိပါ။ သို့ပေမယ့် ထိုသူတို့တွင် ဥပဒေများ၊ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများ ရှိပါသည်။ တဦးနှင့်တဦး အငြင်းပွားမှုများ ရှိသော်လည်း ထိုဥပဒေစည်းကမ်းများသည် နူရာလူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးကို အထောက်အကူုပြုလေသည်။ ပမာဆိုရသော် နူရာလူမျိုးတဦးသည် အခြားနူရာတဦးအား သတ်မိကောင်း သတ်မိပေလိမ့်မည်။ သို့ရာတွင် ထိုသို့သော ကြီးမားလှသည့် အမှုအခင်းများ ဖြစ်ပွားပါက ဖြစ်ပွားသည့် မိသားစုအချင်းချင်း (သို့မဟုတ်) မိသားစုအုပ်စုအချင်းချင်း စစ်ပွဲများ ဖြစ်ပွားလေ့ရှိသဖြင့် နူရာအချင်းချင်း အမှုကြီး မဖြစ်အောင် ရှောင်ကြဉ်ကြလေသည်။
သို့ဖြစ်ရာ သမိုင်းပညာရှင်များနှင့် မနုဿဗေဒပညာရှင်များက မည်သည့်အချိန်၊ မည်သည့်နေရာတွင်ပင် ဖြစ်လေင့်စေကာမူ တရားဥပဒေ၊ စည်းကမ်းနည်းလမ်းများ မရှိသော လူ့အဖွဲ့အစည်းသည် မတည်ရှိနိုင်ကြောင်း၊ လူအဖွဲ့အစည်းတိုင်းတွင် အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးဆိုင်ရာ အပြုအမူများနှင့် လုပ်ထုံးများရှိကြောင်း အဆိုရှိကြလေသည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၈၊၉၊ ၂၀၀၇)
အနာဂတ်အတွက်
Saturday, February 23, 2008
အနာဂတ်အတွက်
ခံယူချက်လွဲလို့
ရပ်တည်ချက်မှားတဲ့
စစ်အာဏာရူးတွေရဲ့
အုပ်ချုပ်မှုအောက်မှာ
သက်ဆိုးရှည်ဖို့
“ငါတို့တွေ
လူဖြစ်လာတာမဟုတ်ဘူး“
ဝတ်စရာအပုံ
စားစရာအစုံနဲ့
လူ့ဘောင်လောကကြီးထဲမှာ
ဝတ်စရာမဲ့
ငတ်သေကြဖို့
“ငါတို့တွေ
လူဖြစ်လာတာမဟုတ်ဘူး“
လူကိုလူချင်း
တန်ဖိုးထားတဲ့
ခေတ်သစ်ကမ္ဘာကြီးထဲမှာ
အဖိနှိပ်ခံ
စစ်ကျွန်ဖြစ်ဖို့
“ငါတို့တွေ
လူဖြစ်လာတာမဟုတ်ဘူး“
မိတ်ဆွေတို့ရေ-
သံသရာတကွေ့က
ရတောင့်ရခဲ
လူ့ဘ၀တွေရဲ့
အနာဂတ်တွေကို
စစ်ကျွန်ဘ၀နဲ့
အဆုံးမသတ်စေဖို့
အာဏာရှင်ကို
တော်လှန်မှဖြစ်တော့မယ်။
အာဏာရှင်စနစ်ကို
မြေလှန်ကြရမယ်။
ခင်မမမျိုး (၂၃၊၂၊၂၀၀၈)
Valentine’s Day သံစဉ်များ
Sunday, February 17, 2008
Valentine’s Day သံစဉ်များ
သံစဉ်(၁)
အချစ်ဆိုတဲ့အရာကို
ရူးမိုက်စွာခံစားမိတဲ့
မောင့်နှလုံးသားကို
အေးစာနာပါကွာ။
သံစဉ်(၂)
သေဆိုရင်သေပါ့မယ်
နာဆိုရင်နာပါ့မယ်
ကျော့်အသည်းကိုတော့မခွဲပါနဲ့
ဆန်းဆန်းပြားပြားချစ်ရသူလေးရယ်။
သံစဉ် (၃)
အချစ်ဆိုတဲ့အရာဟာ
ယုတ်ညံ့တဲ့အရာမဟုတ်သလို
တမာလိုခါးတဲ့အရာလဲမဟုတ်ပါဘူး။
မှူးသခင်ရယ်-
ကြီးမြတ်လှတဲ့အချစ်ဟာ
သန်းကြွယ်သူဌေးတွေရဲ့
ရွှေပုံတွေထက်သာပါတယ်။
ခင်မမမျိုး (14.2.2008)
စစ်အုပ်စု ယုတ်မာနေပြီ။ တော်လှန်ရေး သတိရှိကြ
Saturday, February 16, 2008
စစ်အုပ်စု ယုတ်မာနေပြီ။ တော်လှန်ရေး သတိရှိကြ
ကရင်တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ နိုင်ငံရေးအံတုမှု ကော်မတီ၏ ဥက္ကဌ ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရသည်။ စစ်အုပ်စုအား ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲ၏ အရေးကြီးသော အချိန်မှာ ဖြစ်သည်။
အကြောင်းအရာတချို့က တိုက်ဆိုင်မှုများ ရှိနေသည်။ မကြာသေးခင်အချိန်က ကရင်တိုင်းရင်းသားများအား စစ်အုပ်စုမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ရာဇ၀တ်မှုများကို အခြေခံသည့် ရမ်ဘိုကား ရုံတင်ပြသခဲ့သည်။ စစ်အုပ်စု ဘလော့တခုမှ ရမ်ဘိုအား ၉မမကျည်ဆံ လက်ဆောင်ပေးချင်တယ်ဟု တုံ့ပြန်ရေးသားခဲ့သည်။ စစ်အုပ်စုသည် နိုင်ငံရေးပြဿနာကို ယုတ်မာအောက်တန်းကျသော နည်းလမ်းများဖြင့် ဖြေရှင်းလိုသည့် ဆန္ဒသဘောထားကို တွေ့လိုက်ရသည်။ ယခု ဆရာမန်းရှာကို လုပ်ကြံမှုတွင် သုံးသွားသည်က ၉မမကျည်ဆံဖြစ်သည်။
လုပ်ကြံမှုကို အကောင်အထည်ဖော်သူများမှာ ကရင်တိုင်းရင်းသားများဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ စီစဉ်ညွန်ကြားသူများကား မည်သူနည်း။ စစ်အုပ်စုပါဝင်ပတ်သက်သည် မဟုတ်ဟု မည်သူဆိုနိုင်သနည်း။
နောက်ဆုံး လေးလပတ်အစည်းအဝေးတွင် ဗိုလ်သန်းရွှေမှ လက်နက်ကိုင်အဖွဲ့များ (ကေအင်ယူနှင့် ရွက်ဆစ်အဖွဲ့)ကို အမြစ်ဖြုတ်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းကြားရသည်။ ယခု ဆရာမန်းရှာ လုပ်ကြခံရခြင်းသည် ခွဲထွက် ကရင်အဖွဲ့များအား နအဖကနောက်ကွယ်မှ လူအား၊ လက်နက်အား ပံ့ပိုးပေးကာ ကရင်လူမျိုးအချင်းချင်း ထိပ်တိုက်တွေ့၊ ရင်ဆိုင်သတ်ဖြတ်ကြစေရန် အကွက်ချစီမံခြင်း ဖြစ်နိုင်သည်။ ယခုလို အခြေအနေကာလမျိုးတွင် စစ်ရေးသာမက နိုင်ငံရေးအရပါ အမြတ်ထုတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ပါသည်။ တိုင်းရင်းသားအချင်းချင်းပင် တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်မှ ၀င်ရောက်ထိန်းသိမ်းဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊ ကင်ညာလို လူမျိုးရေးအရေးအခင်းများကို ပမာထား၍၊ နိုင်ငံတကာကို လှည့်စားရန် ယုတ်မာစွာ ကြံစည်နေခြင်း ဖြစ်နိုင်သည်။
နောက်တချက် သတိပြုမိသည်က ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်းမှ ပျောက်ဆုံးသွားသော ဗုံးများ ကိစ္စဖြစ်သည်။ ကေအင်ယူထံမှ သိမ်းဆည်းရမိသော ဗုံးများ ပျောက်သွားခြင်း ဆိုသည်မှာ သွေးရိုးသားရိုး ကိစ္စမဟုတ်ပါ။ အန်တီစုအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များအတွက်ပါ စိုးရိမ်စိတ်ဝင်မိသည်။ ငြိမ်းအဖွဲ့များ စစ်အုပ်စုကို ဆက်လက်ယုံကြည်နေလျှင် မှားလိမ့်မည်။
မည်သို့ဆိုစေစစ်အုပ်စုယုတ်မာသည်ကတော့ ထင်ရှားနေပါပြီ။ အဆုံးသတ်တိုက်ပွဲတွင် တော်လှန်ရေးသတိရှိရှိနှင့် အားသစ်လောင်းကာ လက်ဦးမှု ယူကြပါစို့။
ခင်မမမျိုး (၁၅၊၂၊ ၂၀၀၈)
အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း)
အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း)
အက်ဆေးများရေးသားရာမှာ နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းတွေအပြင် တခြား အရေးကြီးတဲ့ အပိုင်းကတော့ ရည်ညွန်းကိုးကားအပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းက ဘာနဲ့တူသလဲဆိုရင် ကားတစီးရဲ့ နံပါတ်ပြားလိုပဲပေါ့။ နံပါတ်ပြားမပါပဲ ကားမောင်းလို့ ရတာမှန်ပေမယ့် သက်ဆိုင်ရာက အရေးယူခံရနိုင်သလိုပဲ၊ ရည်ညွန်းမပါပဲ တင်တဲ့ အက်ဆေးဆိုရင်လဲ အမှတ်တမှတ်အနည်းဆုံးကို တရားဝင် အလျှော့ခံရနိုင်ပါတယ်။
ဘာလို့ ရည်ညွန်းကိုးကားဟာ ဒီလောက်အရေးကြီးရလဲဆိုတော့-
(၁) တခြားရေးသားသူတွေရဲ့ အချက်အလက်များရယူခြင်းကို ကျေးဇူးပြုဖို့လိုအပ်တာကြောင့်ရယ်
(၂)ကိုယ်ရေးသားတဲ့ အကြောင်းအရာအခြေခံဟာ ဘာလဲဆိုတာကို ပြဆိုဖို့ရယ်
(၃) စာဖတ်သူတွေ ကိယ့်အက်ဆေးဖတ်ပြီးတဲ့နောက်ပိုင်း ဒီအကြောင်းအရာကို အသေးစိတ်လေ့လာတဲ့အခါ sources တွေကို အလွယ်တကူ ရှာနိုင်ဖို့ အတွက်ရယ် ဖြစ်ပါတယ်။
အက်ဆေးတပုဒ်အတွက် ရည်ညွန်းကိုးကားရာမှာ အပိုင်း (၂)ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကိုယ်ကိုးကားထားတဲ့ အချက်အလက်ရဲ့ ဘေးမှာ မူရင်းရေးသားသူကို ဖော်ပြခြင်း ဖြစ်ပြီး၊ နောက်တပိုင်းကတော့ အက်ဆေးတပုဒ်လုံး ပြီးသွားတဲ့အခါကျမှ အနောက်မှာ References ကဏ္ဍကို သီးသန့်ကဏ္ဍတခုအနေနဲ့ ထည့်သွင်းခြင်းပါ။
ဒီလို ရည်ညွန်းကိုးကားများ ထည့်သွင်းခြင်းနဲ့ ပတ်သက်ရာမှာ အသုံးများတဲ့ စနစ်နှစ်မျိုး ရှိပါတယ်။ ပထမစနစ်က Harvard system ဖြစ်ပြီး၊ နောက်တခုကတော့ Numeric system ပါ။
Harvard System
ဟားဗတ်စနစ်ကို အရင်ကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ အက်ဆေးရဲ့ စာကိုယ်အတွင်းက မိမိကိုးကားထားတဲ့အချက်ရဲ့ဘေးမှာ ထည့်တဲ့ ပုံစံတွေကို ဖော်ပြမယ်ဆိုရင်
It has been argued (Ray, 1998) that the essential ------------
The work of Sen (1983) and Bruton (1998) concluded
ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အသေးစိတ် စာအုပ်နာမည်တွေ၊ ထုတ်ဝေသူတွေကို ဒီနေရာမှာ မဖော်ပြရပါဘူး။
နောက်ပိုင်း References ကဏ္ဍရောက်မှ ကိုယ်ရှေ့ပိုင်းမှာ ရည်ညွန်းကိုးကားထားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို အသေးစိတ်ဖော်ပြရပါမယ်။
စာအုပ်ကို ဖော်ပြမယ်ဆိုရင် ရေးသူရဲ့ surname, first name, ထုတ်ဝေတဲ့နှစ်၊ စာအုပ်နာမည်၊ ထုတ်ဝေသူနဲ့ ထုတ်ဝေတဲ့နေရာကို အောက်မှာ ပြထားသလိုဖော်ပြရပါတယ်။
Ray, Debraj (1998) Development Economics,
ဂျာနယ် articleကို ဖော်ပြမယ်ဆိုရင် surname, first name, ထုတ်ဝေနှစ်၊ article ခေါင်းစဉ်၊ ဂျာနယ်ခေါင်းစဉ်၊ ဂျာနယ်ရဲ့ volume၊ နံပါတ်နဲ့ စာမျက်နှာနံပါတ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဥပမာများအတိုင်း ဖော်ပြပေးရပါတယ်။
Sen, Amartya (1983) Development: Which way now?, Economic Journal, vol.93, No.372, pp.745-762
Bruton, H. (1998) A reconsideration of income substitution, Journal of Economic Literature, pp.903-936
Conference paper ဆိုရင် အယ်ဒီတာနာမည်၊ ထုတ်ဝေနှစ်၊ ကွန်ဖရင့် အမည်၊ ကျင်းပခဲ့တဲ့နေရာ၊ ကျင်းပတဲ့နေ့ရက်၊ ကွန်ဖရင့်မှာ တင်သွင်းတဲ့ စာတမ်းတွေကို ပြန်လည်စုစည်းထုတ်ဝေတဲ့နေရာနဲ့ အဖွဲ့ကို အခုလို ဖော်ပြပေးရပါမယ်။
Peepcke, A.,ed. (1992) OOPSLA ’92 conference on object-oriented programming systems, languages, and applications, Vancouver, 18-22 October, 1992, New York: The Association for Computing Machinery
တခြားအသေးစိတ်ပုံစံတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် အခြေခံ ပုံစံကို ကျွမ်းဝင်သွားနိုင်ပြီ ထင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ Numeric system အကြောင်း ပြောကြရအောင်ပါ။
Numeric system
နံပါတ်စနစ်ဖြစ်တဲ့အတိုင်း နံပါတ်တွေကို အခြေခံပါတယ်။ အက်ဆေးထဲက ရည်ညွန်းကိုးကားထားတဲ့ အချက်ရဲ့ဘေးမှာ နံပါတ်များ အစဉ်လိုက် ထည့်သွင်းသွားရတာပါ။
ဥပမာ-
Ray 3 mentioned that
It can be argued 4 that
ဆိုတာမျိုးတွေပါ။ uppercase နဲ့မဖော်ပြပဲ လက်သည်းကွင်းနဲ့ (3) ဖော်ပြတာမျိုးလဲ လုပ်လို့ရပါတယ်။
နောက်ပိုင်း ရည်ညွန်းကိုးကားကဏ္ဍရောက်တဲ့အခါကျတော့
3. Ray, Debraj, Development Economics,
ဆိုပြီး ဖော်ပြရပါတယ်။ သိပ်တော့ မကွာလှပါ။ ရှေ့မှာ နံပါတ်စဉ်ပါလာတာရယ်၊ ခုနှစ်ကို နောက်မှာ ထည့်ရတာတွေရယ်ပါ။
ဂျာနယ်ကျတော့
4. Sen, Amartya, Development: Which way now?, Economic Journal, 1983, 93(372), 745-762
ဆိုပြီး ဖော်ပြရပါတယ်။
ဒီစနစ်နှစ်မျိုးများဟားဗတ်စနစ်ကို တက္ကသိုလ်တွေမှာ ပိုအသုံးများပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ညွန်ကြားချက်ပုံစံအတိုင်း လိုက်နာဖို့ အကြံပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ ကျောင်းစာများဖတ်ရှူလေ့လာခြင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး (၁၁၊ ၂၊၂၀၀၈)
အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ
အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ
နအဖက ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး အားလုံးကို စိန်ခေါ်လိုက်ပါပြီ။ သူတို့ လမ်းပြမြေပုံအတိုင်း ဆက်လျှောက်မယ်၊ လူထုကိုဂရုမစိုက်ဘူး။ ကမ္ဘာကို ဂရုမစိုက်ဘူးဆိုတဲ့ လမ်းစဉ်ကို ပြတ်ပြတ်သားသား ကြေငြာလိုက်တာပါ။ ဒီလိုအချိန်မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်ပါတို့၊ လွှတ်တော်ခေါ်ပေးပါတို့ ဆိုပြီး တောင်းဆိုနေရမယ့် အချိန်မျိုး မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့် အခြေအနေမျိုးပါ။
ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်ကစပြီး တိုက်ပွဲဝင်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေသာမက လက်ကိုင်တုတ်တွေရဲ့ လုပ်ငန်းတွေကိုပါ boycott လုပ်ကြပါ။ ရပ်ကွက်တိုင်းမှာ ရပ်ကွက်အေးချမ်းသာယာရေးရုံး (ရအဖ)က ဥက္ကဌ၊ အဖွဲ့ဝင်တွေ ရှိပါတယ်။ ပြီးတော့ ကြံ့ဖွတ်အဖွဲ့ဝင် ရပ်ကွက်စည်းရုံးရေးမှူးနဲ့ အဖွဲ့ဝင်နှစ်ယောက် ရှိပါတယ်။ ဒီလူတွေဟာ ရပ်ကွက်ထဲက တေလေနေသူတွေ၊ အလုပ်မရှိသူတွေ၊ ဆိုးသွားရမ်းကားသူတွေကို စွမ်းအားရှင်အဖြစ်သွတ်သွင်းစည်းရုံးနေတဲ့ နအဖလက်ကိုင်တုတ်တွေ ဖြစ်ပါတယ်။ ဒီလူတွေကို ၀ိုင်းဝန်းရှောင်ကြဉ်ကြပါ။ သူတို့ရဲ့ မိသားစုတွေကိုပါ လမ်းမှာတွေ့ရင် အဖက်မလုပ်ပါနဲ့။ သူတို့ဖွင့်ထားတဲ့ ဆိုင်တွေမှာ ဈေးမ၀ယ်ပါနဲ့။ ဆိုက်ကားသမား၊ တက္ကစီသမားတွေ ဖြစ်နေရင် ငှားမစီးပါနဲ့။ လူထုစည်းဝေးပွဲတွေသွားဖို့ အကြောင်းအမျိုးမျိုးပြလာခေါ်ရင် ခြိမ်းချောက်သည်ဖြစ်စေ၊ ချော့မြူသည်ဖြစ်စေ လိုက်မသွားပါနဲ့။
မြို့နယ်တိုင်းမှာလဲ မအဖတွေအဖွဲ့ဝင်တွေနဲ့ ကြံ့ဖွတ်တွေ ရှိပါတယ်။ မြို့နယ်တိုင်းမှာ ကြံ့ဖွတ်အတွင်းရေးမှူးတယောက်နဲ့ အမှုဆောင် အနဲဆုံး (၇)ယောက်ရှိပြီး၊ ထလရနဲ့ အက်စ်ဘီကို ပြည်သူလူထုရဲ့ သတင်းများပေးနေသူတွေ ဖြစ်ပါတယ်။ နအဖအခမ်းအနားများနဲ့ လူထုတိုက်ပွဲနှိမ်နင်းရေးများမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေကြတဲ့ လူထုသစ္စာဖောက်များ ဖြစ်ပါတယ်။ တချို့မြို့နယ်များမှာ ဒီလူတွေကို စကားပြောစက်များပေးပြီး လုံခြုံရေးတာဝန် ယူခိုင်းထားပါတယ်။ ဒီလူတွေကို အမြန်ဆုံးဖော်ထုတ်ကြပါ။ တော်လှန်ရေးအသိရှိကြပါ။
ခင်မမမျိုး (၁၂၊၂၊၂၀၀၈)
Economic Debate
Tuesday, February 12, 2008
ကျွန်မရဲ့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးမအောင်မြင်ရတာလဲ ဆောင်းပါးနဲ့ ပတ်သက်ပြီး၊ ဘားမားကင် ဆိုသူက ကိုမိုးသီးဇွန် ဘလော့မှာ ကျွန်မရေးသားထားတဲ့အချက်များ မှားယွင်းနေပါတယ်ဆိုပြီး ဆိုလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ ကျွန်မဘက်က ပြန် argue လုပ်ထားတဲ့ အချက်များကို အောက်မှာ ဖော်ပြထားပါတယ်။
These are my arguments for Burmakin’s statements.
(1)As the government has no capacity to do the competitive market, the market economy is not successful. (Khin Ma Ma Myo)
Burmakin: The State should have the minimal intervention in the market economy(Conservative market theory).The efficiency of a market is more operational when the State keeps away from it rather than the State tries to do something for it.
Khin Ma Ma Myo: For this point, I did not mention the government has no capacity to do the competitive market. The point I mentioned was about the market-facilitating legal and economic practices in
(2)Bribery makes the market economy difficult to operate. (Khin Ma Ma Myo)
Burmakin: Bribery can promote the economics by greasing (smoothing) the bureaucratic transactions. Even in
Khin Ma Ma Myo: I did not mention that the countries must not have substantial corruption. I agreed the point that even East Asian countries have a substantial level of corruption. However, the control of corruption is one of the governance matters for developing a market economy. According to the recent World Bank Research, the control of corruption grade for
Moreover, the fact you mentioned about the relationship between bribery and bureaucratic transactions have two conflicting results and you pointed only one dimension. According to the empirical results, the failure of bureaucrat 1 to internalize the bribe externality under decentralization, in effect colluding with the investor to hold back price against the interests of bureaucrat 2, is beneficial to the domestic economy. At the same time, the failure of each bureaucrat to internalize the price externality under decentralization has a positive effect on price, and this is damaging to the domestic economy. So the net result of these two conflicting effects is that either centralization or decentralization may yield the higher domestic welfare. So it cannot be totally assumed that bribery can promote the economies.
Regarding to the rent behavior, if you want to argue that government employee may have this behavior that lead to competition and innovation, please look at the following excerpt related to Nepalese society by development economist.
“Corruption is a rule in government offices and every government employee is rent seeker in
Even for the
So it is obvious that bribery can have a negative impact for economic growth and efficient operations of the market economy.
(3)Monopolistic control of the market by the military and military relatives make the market economy a complete moribund (Khin Ma Ma Myo)
Burmakin: There are two economic models still debating in the world since long time ago. The first one is the East Asian model like Singapore and China who try to legitimize the autocratic control of the market.(Learn Lee thesis please)In this East Asian model, the State will decide first who will control the market and they think when the first tier firms are performing well, the second,third tiers will follow.
Another model is the capability model that
Khin Ma Ma Myo: They are a lot of economic models still debating in the world related to welfare, environment, trade and so on, not only these two models.
Regarding to East Asian Development model, a large part of debates center on the role of the state on economic development of
For capability model, the focus is on competitive market. In fact, the essence of market economy is competitiveness, not autocratic control. Although you claimed that the efficiency of market is related to autocratic control, market efficiency does not merely mean high economic growth rates.
Furthermore, the monopolistic control of market by military and military relatives in
(4)Inflation makes the market economy worse (Khin Ma Ma Myo)
Burmakin: Inflation is an index for improvement in the rate of employment. It also makes the investors an incentive to add more investments. The debtors also need to pay back less because of inflation and more inclination to get a loan for new investments.( A good book for learning about inflation is "Stability and Growth" of Joseph Stiglitz)
Khin Ma Ma Myo: Actually, the rate of inflation measures the annual percentage increase in prices. Inflation tends to cause uncertainty among the business community. If it is difficult for firms to predict their costs and revenues, they will be discouraged from investing and it will reduce economic growth rate. Inflation also worsens the balance of payments. If one country suffers high inflation, its exports will become less competitive in the world markets. Imports will become cheaper than home-produced goods and balance of payments will be deteriorated.
Moreover, if inflation develops into hyperinflation, firms raise prices in attempt to cover rocketing costs, workers demand huge pay increases to cover high costs of living and prices and wages chase each other in an inflationary-spiral. As a result, the whole market economy will be undermined.
Concluding remark:
Burmakin: The main problem of the delay in economic development(you can't say economic failure here)is because there is minimal foreign investment that is the most important booster for progressing the country. For minimizing the disparity, the government has to do the fair distributive resource allocation from the tax revenues. Also he needs to invest in health and education for producing vigorous human resources. The main economic problems of
Khin Ma Ma Myo:
I agree the role of Foreign Direct Investment as an important booster for the progress the country. However, it depends on the condition of the host country government’s policy objectives. If the government is only interested in arms racing rather than economic development, the benefits of FDI will definitely increase the military balances but not the economy.
For minimizing disparities, fair redistributive strategies must be adopted. The size distribution at the upper levels must be reduced through progressive income and wealth taxes and the size distribution at the lower levels must be increased through direct transfer payments and public provision of goods and services. Does the SPDC have a suitable tax system for this?
For human capital investment, health and education sectors must be emphasized as you mentioned.
However, the major economic problems arise in











