ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဟင်းတခွက်

Sunday, June 12, 2011

ကျွန်မ ဒီနေ့ ဟင်းတခွက် ချက်ဖြစ်ပါတယ်။ ဟင်းတခွက်ချက်တယ်ဆိုတာ အမြဲချက်နေသူတွေ အဖို့တော့ အဆန်းတကြယ် မဟုတ်ပေမယ့် ကျွန်မလို တလနေမှ တခါလောက်တောင် ဟင်းမချက်သူတွေ အတွက်တော့ ထူးထူးခြားခြား အလုပ်တခုပါ။ ကျွန်မရဲ့ ဟင်းချက်ပျင်းမှုကို ထောက်ကူပေးနေတာတွေကတော့ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်မှာ တကမ္ဘာလုံး ပျံ့နှံ့နေတဲ့ နိုင်ငံစုံ အစားအစာတွေရနိုင်တဲ့ စားသောက်ဆိုင်မျိုးစုံပဲ ဖြစ်ပါတော့တယ်။



ကျွန်မနေတဲ့ မြို့လေးက ပင်လယ်ကမ်းခြေမြို့လေးဖြစ်ပြီး၊ စားသောက်ဆိုင်တွေ အလွန်များတဲ့ မြို့ပါ။ ကျွန်မအိမ်ကနေ ငါးမိနစ်လောက်လျှောက်ပြီး လမ်းမပေါ် ထွက်လိုက်တာနဲ့ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ Scottish စားသောက်ဆိုင်၊ သီရိလင်္ကာဆိုင်၊ ဗီယက်နမ်ဆိုင် စတဲ့ ဆိုင်တွေအားလုံးပေါင်းလိုက်ရင် ဆယ်ဆိုင်ကျော် ရှိပါတယ်။ ဒီဆိုင်တွေကလဲ ကိုယ်တိုင်သွားစရာတောင်မလိုပဲ ဖုန်းလေးဆက်လိုက်တာနဲ့ အခမဲ့ အိမ်တိုင် ယာရောက် လာပို့ပေးတဲ့ ၀န်ဆောင်မှုတွေ ရှိပါတယ်။ ဒီဆိုင်လေးတွေက အစားအစာတွေကို ရိုးအီသွားရင်လဲ တမြို့လုံးမှာ ပျံ့နှံ့နေတဲ့ ဆိုင်တွေကနေ အိမ်တိုင်ယာရောက် လာပို့ခ အနည်းငယ် ပေးပြီး ဖုန်းဆက် မှာယူလို့ ရပါတယ်။

အိမ်ကို မှာမစားပဲ စားသောက်ဆိုင်မှာ စားချင်တယ်ဆိုရင်လဲ မိနစ်အစိတ်လောက် လမ်းလျှောက်ထွက်လိုက်ရင် ပင်လယ်ကမ်းခြေက တသီတတန်း ဆိုင်ပေါင်းများစွာကို ရောက်သွားနိုင်ပြီး၊ အစားအစာမျိုးစုံကို စိတ်တိုင်းကျ စားနိုင်ပါတော့တယ်။ ဒီလိုနဲ့ အစကတည်းက ဟင်းချက်ပျင်းတဲ့ ကျွန်မတယောက် ဓားတချက်မ၀င့်ရပဲ၊ ဖုန်းတချက်နှိပ်ရခြင်းနဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ နေသားကျလိုက်ပုံများ သားပေါက်စလေးတောင် ကျောင်းက ပြန်ရောက်ပြီဆိုတာနဲ့ စားသောက်ဆိုင် menu တွေ အပုံလိုက်ထဲက တခုကို ရွေးထုတ်ခြင်း၊ တယ်လီဖုန်း ယူလာပေးပြီး မှာဖို့ ပြောခြင်း စတဲ့ အတတ်ပညာတွေကို ကျွမ်းကျင်လာ ပါပကောလား။

တခါတလေ ဆိုင်အစားအစာတွေကို မစားချင်တဲ့အခါလေးတွေ ဆိုရင်တော့ freezer ထဲ ထည့်ထားတဲ့ အသင့်ပြင်ဆင်ပြီးသား အစားအစာတွေကို မီးဖိုထဲ ပစ်ထည့်ပြီး၊ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက် စောင့်လိုက်ရင် စားစရာတွေက ရလာပါရော။ ရံဖန်ရံခါလေးတွေမှာတော့ ဟင်းချက်နည်း စာအုပ်လေးတွေကို ဘေးမှာ ချပြီး ဟင်းလေးတွေ ချက်စားကြည့်မိပါရဲ့။ ဒါပေမယ့်လဲ အတော်ပဲ လက်ဝင်လှသကိုး။

ဒီလို ဟင်းမချက်စားသူ ကျွန်မတယောက် ဒီကနေ့တော့ ဟင်းတခွက် ချက်ရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဖြစ်က ဒီလိုပါ။ သားအမိနှစ်ယောက် လမ်းလျှောက်ထွက်ပြီး အပြန်မှာ ထုံးစံအတိုင်း လမ်းထိပ်က ကုန်စုံဆိုင်လေးဆီမှာ ရေခဲမုန့်နဲ့ ချောကလက် ၀ယ်ကြပါတယ်။ အဲဒီမှာ ကျွန်မက baby wipes လေးကုန်နေတာ သတိရပြီး၊ သွားယူပါတယ်။ သားလေးကို ပြန်တွေ့တော့ ကြက်သားရင်ပုံ ပက်ကင်ထုတ်လေးကို ကိုင်ရက်သား။ ကျွန်မက ပြန်ထားဖို့ ပြောတော့လဲ မရဘူး။ မရမက ယူမယ်ပြောတာကြောင့် ၀ယ်ခဲ့ရပါတော့တယ်။ ကြက်သွန်နီပါ ထပ်ဝယ်ရပါသေးတယ်။ တော်ကြာ အိမ်ရောက်မှ တူတူဟင်းချက်မယ်လို့ ကျေးဇူးရှင်လေးက ပြောလာရင် မခက်ရအောင်ပါ။ ဘယ်နဲ့ သားလေး တယောက်မွေးထားမိပါတယ်။ သူက အမေတောင် ပြန်ပြီး ဟိုဟာခိုင်း၊ ဒီဟာခိုင်းနဲ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ထင်တဲ့အတိုင်းပဲ တူတူဟင်းချက်ရအောင်လို့ ခေါ်ပြီး၊ စွေ့ကနဲ မီးဖိုထဲ ရောက်နေတာကြောင့် ကျွန်မမှာ စိတ်မပါတပါနဲ့ ကြက်သွန်နီကိုလှီးပြီး၊ ဘီဒိုတွေထဲက ဟင်းချက်စရာ အမှုန့်မျိုးစုံကို ထုတ်ရပါတော့တယ်။ expiry date ကိုလဲ ကြည့်ရသေးရဲ့။ နောက်တော့ ကြက်ရင်ပုံသားလေးတွေကို အတုံးသေးသေးလေးဖြစ်အောင် ဓားကိုင်ပြီး လှီးဖြတ်ရပါတော့တယ်။ ကြက်သွန်နီ၊ ဂျင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်သီးမှုန့်တွေကို မီးအပူနဲ့ ဆီသတ်ပြီး လှီးဖြတ်ထားတဲ့ အသားတွေကို ထပ်ထည့်ရပါတယ်။ ဆီပူလှိမ့်ပြီးမှ နောက်တော့ ရေနွေး အနည်းငယ်ရောပြီး မီးအေးအေးနဲ့ ကျက်အောင် ပြန်တည်ရပါတယ်။ ဒီလိုတွေ လုပ်နေရင်း ကျွန်မ အတွေးထဲကို တောင်အာဖရိက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်က အမှတ်တမဲ့နဲ့ ၀င်ရောက်လာပါတယ်။

တောင်အာဖရိက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်မှာတုန်းက ၁၉၅၀ ကနဦးကာလတွေမှာ အကြမ်းမဖက် ဥပဒေဘောင်တွင်း လှုပ်ရှားမှုအနေနဲ့ လူမျိုးပေါင်းစုံ တန်းတူညီမျှရေးကို တောင်းဆိုပြီး၊ ထောင်ထဲဝင်ကြတဲ့ နိုင်ငံရေး အန်တုမှု ကင်ပိန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်းမှာ တောင်အာဖရိက အမျိုးသားကွန်ဂရက် (အေအင်စီ)နဲ့ အခြား မဟာမိတ်တွေက လူမျိုးပေါင်းစုံတန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ပါဝင်တဲ့ Freedom Charter ကို တောင်အာဖရိကအစိုးရဆီ တင်သွင်းခဲ့ပါတယ်။ အစိုးရက ငြင်းဆန်ပြီး၊ မင်ဒဲလားအပါအ၀င် ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

၁၉၆၀ ခုနှစ်ရောက်တော့ ဒီလို normative leverage လုပ်နေရုံနဲ့ပဲ အောင်ပွဲရမှာ မဟုတ်ဘူးဆိုတာကို အေအင်စီခေါင်းဆောင်တွေ သဘောပေါက်လာကြပါတယ်။ နှစ်ပေါင်း (၅၀) ကြာအောင် ပြုလုပ်ခဲ့တဲ့ တောင်းဆိုချက်တွေ၊ လက်မှတ်ထိုးတောင်းဆိုမှုတွေဟာ Apartheid အစိုးရ ရပ်တည်မှုကို ရွေ့လျားအောင် မလုပ်နိုင်ခဲ့ဖူးဆိုတာကို သိမြင်လာကြပါတယ်။ ဒါနဲ့ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြပွဲတွေကို အေအင်စီခေါင်းဆောင်တွေနဲ့ မဟာမိတ်တွေ စုပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီလိုနဲ့ (၁၉၆၀) The Sharpeville Massacreမှာ ဆန္ဒပြသူ (၆၉) ဦးကျဆုံးပြီး၊ (၁၈၀) ကျော် ဒဏ်ရာရခဲ့ပါတယ်။ တိုင်းပြည်တ၀ှမ်းက နိုင်ငံရေးလှုပ်ရှားသူ လူနှစ်ထောင်ကျော်ကိုလဲ အစိုးရက လိုက်လံဖမ်းဆီးပါတော့တယ်။

ဒီအခါမှာ ခေါင်းဆောင်တွေအနေနဲ့က ရွေးစရာလမ်း သိပ်မကျန်တော့ပါဘူး။ လူထုတိုက်ပွဲတခုတည်းနဲ့ မရ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ပါ ပေါင်းစပ်ရမယ်လို့ အမြင်ရှိလာတာကြောင့် မင်ဒဲလားနဲ့ အေအင်စီဟာ ဇူးလူးဘာသာစကားနဲ့ “Spear of the Nation.” လို့ အမည်ရတဲ့ military wing ကို တည်ထောင်ပါတော့တယ်။ စစ်ရေးနဲ့ တောင်အာဖရိက စစ်တပ်ကို ယှဉ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်ခြင်းအားဖြင့် တွေ့ဆုံညှိနှိုင်းရေး စားပွဲပေါ်ကို အစိုးရဆီ တွန်းပို့နိုင်လာမယ်လို့ ယူဆခဲ့ကြပါတယ်။

(၁၉၆၂) ခုနှစ်မှာတော့ မင်ဒဲလားနဲ့ ခေါင်းဆောင်အချို့ကို တောင်အာဖရိက လုံခြုံရေးတပ်တွေက ဖမ်းဆီးမိသွားပါတယ်။ ခေါင်းဆောင်တွေ အဖမ်းခံရပြီးနောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးအရှိန်က နှေးကျသွားခဲ့ ပါတယ်။ နိုင်ငံတွင်းလှုပ်ရှားမှုတွေ အားလျော့ပြီး၊ နိုင်ငံပြင်ပက မင်ဒဲလားလွတ်မြောက်ရေး လှုပ်ရှားမှု၊ နိုင်ငံတကာကင်ပိန်းတွေရဲ့ အရှိန်ကသာ ကြီးထွားလာခဲ့ပါတယ်။ အစိုးရထဲကို ၀င်ပူးပြီး (change from within) လုပ်မှပဲ ရတော့မယ်ဆိုတဲ့ နိုင်ငံရေးသဘောတရားတွေက ပျံ့နှံ့နေရာယူလာပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုရှိသမျှ ထကြွပုန်ကန်မှု၊ နိုင်ငံရေးအန်တုမှု ဆိုတာ ရှိနေမှာပဲဆိုတဲ့ တော်လှန်ရေးဥပဒေသတွေဟာ တောင်အာဖရိကမှာလဲ မှန်ကန်ခဲ့ပါတယ်။ မျိုးဆက်သစ် ခေါင်းဆောင်တွေ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ ၁၉၆၀ နှောင်းပိုင်းတွေမှာ The Black Consciousness Movement (BCM) စတာတွေ ပေါ်ပေါက်လာပါတယ်။

၁၉၇၆ ခုနှစ်မှာတော့ The Soweto uprising ပေါ်ထွက်လာပါတယ်။ ဒီလူထုအရေးတော်ပုံကြီးကို လူငယ်ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတာပါ။ အရေးတော်ပုံကြီးဖြစ်ပွားခဲ့တဲ့ ပထမ နှစ်လအတွင်းမှာ လူငယ် နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီလူထု အရေးတော်ပုံကြီးကို ပြည်ပမှာ ရှိနေတဲ့ မျိုးဆက်ဟောင်းတွေက အချိန်ကိုက် တိုင်မင်ပေးပြီး လှုပ်ရှားစေခဲ့တာလဲ မဟုတ်သလို၊ ပြည်တွင်းမှာ ရှိနေတဲ့ မျိုးဆက်ဟောင်း ခေါင်းဆောင်တွေက တိုက်ပွဲခေါ်ယူခဲ့တာလဲ မဟုတ်ပါဘူး။

မတရား အဖိနှိပ်ခံထားရတဲ့ လူထုလူတန်းစား အဖွဲ့အစည်းဆိုတာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ယမ်းအိုးကြီးတခုလိုပါပဲ။ တခါတရံမှာ သာမန်အချိန်ဆို ရေးကြီးခွင်ကျယ် လုပ်စရာ မဟုတ်တဲ့ ဖြစ်ရပ်လေးတခုကလဲ triggering event ကြီးတခု ဖြစ်သွားတတ်ပါတယ်။ အရေးကြီးတာက ဒီလိုအချိန်တွေအတွက် လူထုလူတန်းစား အလွှာအသီးသီးအကြားမှာ အမာခံ တည်ဆောက်ထားနိုင်မှု၊ တိုက်ပွဲဖြစ်လာခဲ့ရင် နိုင်ငံရေး ရေချိန်ကို ရေရှည်ထိန်းထားနိုင်မှု၊ အပြောင်းအလဲကာလမှာ စီမံအုပ်ချုပ်ရေး၊ အာဏာလွှဲပြောင်းရယူနိုင်ရေး၊ နိုင်ငံရေး လက်ဦးမှု ရယူရေးတို့အတွက် ညှိနှိုင်းထားမှု၊ ချိတ်ဆက်ထားမှု စတာတွေပဲ ဖြစ်ပါတယ်။ လူထုအရေးတော်ပုံဆိုတာက တိုက်ပွဲခေါ်တိုင်းလဲ ဖြစ်ချင်မှ ဖြစ်တာပါ။ တိုက်ပွဲမခေါ်ပဲလဲ အချိန်မရွေး ထဖြစ်သွားနိုင်ပါတယ်။

၁၉၇၆ ခုနှစ်၊ တောင်အာဖရိက လူထုအရေးတော်ပုံကြီးကလဲ ဒီလိုပဲ ရုတ်ခြည်း ထဖြစ်သွားခဲ့တာပါ။ အစိုးရက လူမည်းကျောင်းသားတွေကို လူဖြူ Boers တွေရဲ့ ဘာသာစကားကို အတင်းအကြပ် သင်ခိုင်းပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေက ဆန္ဒပြကြပါတယ်။ လုံခြုံရေးတပ်တွေကြောင့် ကျောင်းသားလေးတယောက် သေသွားပါတယ်။ ဒါကို မကျေနပ်တဲ့အတွက် Soweto မှာ အဓိကရုဏ်းဖြစ်ပြီး၊ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ နှစ်နှစ်ကျော်ကြာအောင် ဖြစ်ပွားခဲ့တဲ့ ဒီလူထုအရေးတော်ပုံကြီးမှာ လူပေါင်း တစ်သောင်းကျော်ခန့် သေဆုံးခဲ့ပါတယ်။

ဒီလူထု အရေးတော်ပုံကြီးဟာ တောင်အာဖရိက နိုင်ငံရေးသမိုင်းမှာတော့ သမိုင်းတကွေ့ကို ချိုးပစ်လိုက်ပါတော့တယ်။ နိုင်ငံရေးဆိုတာ အတွင်းက ပူးပြီးမှ ပြောင်းလဲမှု လုပ်ဆောင်ရမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပါးစပ်တွေကို ပိတ်ပစ်လိုက်ပါတယ်။ သူတို့ရဲ့ စကားတွေကို လူထုက အယုံအကြည် မရှိတော့ပါဘူး။ ထောင်ထဲကို ရောက်သွားတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ မျိုးဆက်ဟောင်းခေါင်းဆောင်တွေ ထောင်ထဲမှာ ပေါင်းစည်းမိသွားကြပါတယ်။ ထောင်ပေါင်းများစွာသော လူတွေက ထွက်ပြေးတိမ်းရှောင်ပြီး အေအင်စီနဲ့ ပီအေစီအဖွဲ့တို့ရဲ့ military wing တွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်တွေ ထပ်ပြီး ပေါ်ထွက်လာ ပါတယ်။

(၁၉၈၃) မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲပြဌာန်းပြီး၊ လူထုရဲ့ တိုက်ပွဲရေချိန်ကို လျှော့ချဖို့နဲ့ တော်လှန်ဆန့်ကျင်သူတွေကို ဖြိုခွဲဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တော်လှန်ရေးသမားတွေထဲမှာ အာဏာနဲ့ အခွင့်အရေးကို အချောင်လိုချင်သူတွေက နည်းနေခဲ့ပါတယ်။ ရွေးကောက်ပွဲကို ညီညီညာညာ ဆန့်ကျင်ခဲ့ကြတာကြောင့် အစိုးရစိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ အထိနာစေခဲ့ပါတယ်။ (၁၉၈၅) ခုနှစ်မှာ The Sharpeville Massacre နှစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်ကို လူထုလှုပ်ရှားမှု အသွင်နဲ့ ကျင်းပကြတာကြောင့် အစိုးရက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေငြာ လိုက်ရပါတော့တယ်။

ဒီအခါမှာ လူပေါင်း နှစ်သန်းကျော်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ခုနစ်ထောင်ကျော်က နိုင်ငံရေးအန်တုမှု လှုပ်ရှားမှုကြီးကို စတင်ကြပါတော့တယ်။ လှုပ်ရှားမှုတခုမှာ အဖွဲ့အစည်းများတာက အကြောင်းမဟုတ်ပါ။ ဒီအဖွဲ့အစည်းတွေအားလုံးဆီမှာ ခိုင်မာတဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ရှိနေဖို့ကသာ အရေးကြီးတာပါ။ ဒီစိတ်ဓာတ်ရှိရင် အရေးကြုံလာချိန်မှာ အလိုအလျောက် ပေါင်းစည်းအား ထွက်သွားစမြဲပါပဲ။ ဒီအဖွဲ့အစည်း ခုနစ်ထောင်ကျော်ဟာ Mass Democratic Movement (MDM) ခေါင်းစီးအောက်မှာ လှုပ်ရှားခဲ့ကြပါတယ်။

တိုက်ပွဲမရှိပဲ တပ်ပေါင်းစုတွေ ဖွဲ့လိုက်၊ ကွဲလိုက်၊ ပြဲလိုက်၊ ပြန်တည်ထောင်လိုက်နဲ့ သံသရာ လည်နေတာထက်စာရင် ဒီလို တိုက်ပွဲရှိချိန်မှာ ကိုယ့်အဖွဲ့အစည်း၊ သူ့အဖွဲ့အစည်းစတာတွေကို ခေါင်းစီးမတင်ပဲ တပ်ပေါင်းစု လှုပ်ရှားမှုသဏ္ဍာန် ခေါင်းစီးကြီးတခု အောက်မှာ ညီညွတ်ရေး ဖြစ်တည်လာတာက ပိုပြီး ထိရောက်မှု ရှိတယ်ဆိုတာ တောင်အာဖရိကရဲ့ MDM လှုပ်ရှားမှုကြီးက သက်သေပြခဲ့ပါတယ်။

ဒီလို လှုပ်ရှားမှုကြီး အရှိန်ကောင်းလာတာနဲ့အမျှ အစိုးရဆီမှာ အာဏာရှိတာနဲ့ စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရုံက လွဲလို့ ဘာမှ မကျန်တော့ပါဘူး။ ပြည်တွင်းပြည်ပ legitimacy မရှိပါဘူး။ အစိုးရဆန့်ကျင်သူတွေဘက်မှာတော့ အများပြည်သူရဲ့ ထောက်ခံအားပေးမှု၊ နိုင်ငံတကာ အသိအမှတ် ပြုမှု၊ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပေမယ့် အရှိန်တခုရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး၊ အစိုးရဘက်က နှိမ်နင်းသမျှ ဖိလေကြွလေ ဖြစ်လာတဲ့ ရေရှည် ရပ်တည်နိုင်သော တပ်ပေါင်းစု လှုပ်ရှားမှုကြီး၊ ငွေကြေးတွေ၊ အာဏာတွေနဲ့ သွေးဆောင်ဖြားယောင်းလို့ မရနိုင်တဲ့ ခေါင်းဆောင်များရဲ့ တော်လှန်စိတ် ခိုင်မာမှု စတာတွေရဲ့ အားတွေကို ရရှိနေပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအရှိန်ကို နှောင့်နှေးစေခဲ့တဲ့ အတွင်းမှ ပူးသတ်မည်ဆိုသူများလဲ အခြေအနေမှန်ကို နားလည်သွားပြီး ပါးစပ်ပိတ်သွားသွားကြပါပြီ။ နှစ်ဘက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်နေပြီး၊ ပါဝါချိန်ခွင်လျှာ ညီလာတဲ့ အခြေအနေဖြစ်လာပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရဘက်က မင်ဒဲလားရဲ့ တွေ့ဆုံဆွေးနွေးလိုသော ဆန္ဒရှိမရှိကို ကနဦး အတည်ပြုပါတယ်။ (၁၉၉၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ မင်ဒဲလားကို လွှတ်ပေးမည် ဖြစ်ကြောင်းနဲ့ အေအင်စီနှင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများကို ban လုပ်ထားခြင်းကို ရုတ်သိမ်းမည်ဖြစ်ကြောင်း အစိုးရဘက်က စတင်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ မင်ဒဲလားက ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ လွတ်မြောက်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ခြေလှမ်းကို အစိုးရဘက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စတင်ခဲ့ရခြင်းကလဲ ပါဝါချိန်ခွင်လျှာ ညီမျှလာခြင်းကြောင့်သာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံ လိုအပ်ချက်တွေကို နှစ်ဘက်စလုံးက အပေးအယူ လုပ်လာခဲ့ကြပါတယ်။ အေအင်စီဘက်က လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး၊ အစိုးရဘက်က အရေးပေါ် အခြေအနေ ရုတ်သိမ်းမှု၊ ဥပဒေများ ပြုပြင်ပြောင်းလဲမှု၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ ပြည်တွင်းကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်မှု၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု စတာတွေ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးနေဆဲကာလမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေး အမြင်ပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းတွင်းမှာ တိုက်ခိုက်မှုများ ရှိခြင်း၊ ဂိုဏ်းဂဏများ ပေါ်ပေါက်လာခြင်း စတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလို အခြေအနေကို ထိန်းနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေ ပူးပေါင်းပြီး National Peace Accord (NPA) ကို အကောင်အထည်ဖော် ခဲ့ကြပါတယ်။ နိုင်ငံအလိုက်၊ ဒေသအလိုက်၊ မြို့နယ်အလိုက် ငြိမ်းချမ်းရေး ကောင်စီတွေ ဖွဲ့စည်းပြီး သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကို အကောင်အထည် ဖော်ဆောင်ခဲ့ကြပါတယ်။ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အမည်ခံ အရှုံးပေးရေး၊ အညံ့ခံရေး တွေက မတူညီပါဘူး။

အမည်ခံ အရှုံးပေးရေး၊ အညံ့ခံရေး လမ်းစဉ် မဟုတ်တဲ့ မှန်ကန်သော ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး လှုပ်ရှားမှုတွေ ဆိုတာက နှစ်ဘက်ခေါင်းဆောင်တွေအားလုံး တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် ရောက်ရှိနေပြီးမှ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် မလိုအပ်တော့တာကြောင့် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ကောင်စီတွေကို လူ့အဖွဲ့အစည်းတွင်းမှာ ဖွဲ့စည်းလှုပ်ရှားလာခြင်း ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် မရောက်ခင်မှာတုန်းကတော့ နိုင်ငံရေး အန်တုရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်တွေကိုပဲ တောင်အာဖရိက ဒိုင်ယာလော့ဖြစ်စဉ်မှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှာ Convention for a Democratic South Africa (CODESA) ကျင်းပနိုင်ခဲ့ပြီး၊ ၁၉၉၄ ခုနှစ် ရောက်မှ တောင်အာဖရိကရဲ့ ပထမဦးဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ထွက်လာခဲ့ပါတယ်။ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ်ကာလတွေမှာလဲ လူထုလှုပ်ရှားမှုတွေက မရပ်သွားပါဘူး။ တွေ့ဆုံဆွေးနွေးပွဲ စတင်လိုက်တာဟာ လူထုအတွက် အကျိုးရှိစေမယ့် ရလဒ်တွေ ဖြစ်လာဖို့ guaranteed မရှိပါဘူး။ တဘက်က အာဏာကို ရယူထားပြီး၊ စစ်တပ်ကို ကြိုးကိုင်ထားနိုင်တဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာမှာ လူထုခေါင်းဆောင်တွေ ဘက်မှာကလဲ ပါဝါချိန်ခွင်လျှာအနေနဲ့ လူထုလှုပ်ရှားမှု အင်အား၊ နိုင်ငံတကာ ထောက်ခံမှုတွေ ရှိနေဖို့ လိုပါတယ်။ ဒီလိုပါဝါချိန်ခွင်လျှာ မညီမျှမှာ စိုးရိမ်တဲ့အတွက် နိုင်ငံတကာကလဲ ပိတ်ဆို့အရေးယူမှုကို ချက်ချင်း ပြန်ရုတ်သိမ်းခြင်း မရှိခဲ့ပါဘူး။ ဒါမှလဲ အာဏာရယူထားသူများဘက်မှ တဘက်သတ် နိုင်ထက်စီးနင်း မဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

တောင်အာဖရိက တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်မှာ အေအင်စီနဲ့ အခြားနိုင်ငံရေးအဖွဲ့များဟာ လူထုဆန္ဒပြပွဲများ၊ သပိတ်များနဲ့ အလုပ်မသွားသော နေ့ရက်များ စတဲ့ လှုပ်ရှားမှုတွေကို အသုံးပြုပြီး တွေ့ဆုံဆွေးနွေးပွဲစားပွဲအတွက် coercive leverage တွေ သုံးခဲ့ကြပါတယ်။ အစိုးရထဲက တွေ့ဆုံဆွေးနွေးပွဲကို မလိုလားသူများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ပြီး အေအင်စီ အဖွဲ့ဝင်များကို သတ်ဖြတ်ခိုင်းမှုတွေလဲ ရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် အေအင်စီ ထောက်ခံသူ (၃၉) ယောက်ကို Soweto uprising နှစ်ပတ်လည် အခမ်းအနားတခုမှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်တဲ့ မင်ဒဲလားက အစိုးရကိုယ်တိုင် ပါဝင်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်ကို စုံစမ်း အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုပါတော့တယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂက မစ်ရှင် ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတော့တယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့တာကြောင့် အစိုးရရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လျှော့ချနိုင်လာပါတော့တယ်။

ဒီလို တောင်အာဖရိက ဒိုင်ယာလော့ခ်ဖြစ်စဉ်ကို ဟင်းချက်နေရင်းနဲ့ ပြန်ပြီး သတိရနေမိစဉ်မှာပဲ ဟင်းကျက်သွားတာကြောင့် အိုးထဲကနေ ပန်းကန်လေးထဲ ထည့်ပြီး ထမင်းစားပွဲဝိုင်းပေါ် တင်လိုက်မိပါတယ်။ သားပေါက်စကတော့ chicken curry ဆိုပြီး အော်မြူးနေလေရဲ့။ သူလဲ တခါတလေ အမေချက်တဲ့ ဟင်းလေး စားချင်ရှာတယ် ထင်ပါရဲ့။ ကျွန်မရဲ့ ဟင်းခွက်လေးကို ကြည့်ရင်း တောင်အာဖရိက ဒိုင်ယာလော့ခ် အောင်ပွဲလို့ ကြီးကြီးကျယ်ကျယ် သွားတွေးလိုက်မိသေးတယ်။ ဟင်းတခွက်ဖြစ်လာဖို့ အသားစိမ်းတွေကို ဓားနဲ့ ခုတ်ထစ် လှီးဖြတ်ရတာက လက်နက်ကိုင်တော်လှန်ရေး၊ မီးပြင်းပြင်းနဲ့ ဆီပူလှိမ့်ရတာက Mass Democratic Movement ၊ မီးအေးအေးလေးနဲ့ ကျက်အောင်ထားရတာက တွေ့ဆုံဆွေးနွေးနေစဉ်ကာလ၊ ပြီးတော့မှ ဟင်းလေးတခွက် ရလာရတာ မဟုတ်ပါလား။ ဒီဟင်းလေးမှာ အရသာ အစပ်အဟပ် မညီတာတွေ ရှိချင်လဲ ရှိနေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အသားစိမ်းကြီးကို ဒီအတိုင်း ရေခဲသေတ္တာထဲ အအေးခံပြီး ပုပ်သိုးနံစော်သွားစေတာထက်စာရင် ဓားနဲ့ လှီးဖြတ်လိုက်၊ မီးပြင်းမှာ ဆီပူလှိမ့်လိုက်၊ မီးအေးနဲ့ ကျက်အောင်ထားလိုက်လုပ်ပြီး ဟင်းတခွက်အဖြစ် အသွင်ပြောင်းလိုက်တာကတော့ အကျိုးနည်းနည်းပိုရှိမယ် ထင်ပါရဲ့။

ခင်မမမျိုး (၁၂၊ ၆၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ

Thursday, June 9, 2011



ကောင်းကျိုး၊ ဆိုးကျိုးစတဲ့ အကျိုးတရားတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်ရှာဖွေပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှုတွေကို ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့ ဘက်ပေါင်းစုံက ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တဘက်ထဲက ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုရုံနဲ့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ကနဦး ရှာဖွေဖော်ထုတ်နိုင်မှသာ ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးကျေးဇူး ရှိလာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ ရာသီဥတု အခြေအနေ၊ ပထ၀ီဝင် အနေအထား စတာတွေန့ ဆက်စပ်သလို ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) အရည်အသွေး မပြည့်မှီမှုကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာအလွဲ သုံးစားပြုမှုတွေ၊ ဈေးကွက်ကို အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ နီးစပ်သူများကသာ ထိန်းချုပ်ထားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အုပ်ချုပ်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေက ဆန္ဒမရှိမှုတွေဟာ ကောင်းမွန်သော အုပ်ချုပ်ရေး အားနည်းနေတဲ့ လက္ခဏာတွေပါပဲ။

ဒီလို ဆိုးရွားသော အုပ်ချုပ်ရေး (bad governance) လက္ခဏာရပ်တွေဟာ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အတားအဆီးတွေ ဖြစ်လာတတ်ပါတယ်။ ကျားမခွဲခြားမှု၊ လူဦးရေအဆမတန် တိုးပွားမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်သလို၊ လူငယ်လူရွယ်တွေနဲ့ ကလေးသူငယ်တွေမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါဆိုး ပျံ့ပွားခံစားရခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အပါအ၀င် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသူပညာရှင်များက ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်း အဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများဆိုပြီး၊ အကြောင်းရင်း (၃) မျိုး ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ တိုင်းပြည်အဆင့်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ရောက်မှု ရှိစေတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရာသီဦတု ဆိုးရွားမှု၊ မိုးခေါင်ရေရှားမှု၊ မြစ်ချောင်းအင်းအိုင်ရှားပါးမှု၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးထွန်ယက်ခြင်းများ ဖြစ်ထွန်းအောင်မြင်နိုင်မည့် မြေယာရှားပါးမှု စတဲ့ သဘာဝ အကြောင်းတရားတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်သူများဟာ သူတို့ရဲ့ ထွက်ကုန်တွေ ဈေးပေါပေါနဲ့ တန်ဖိုးဖြတ်ခံရပေမယ့် လူသုံးကုန်၊ စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူတဲ့ အခါမှာတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးကြီးကြီးပေးပြီး ၀ယ်ယူကြရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုများ အားနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးခြင်းနဲ့ ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း စတဲ့ အကြောင်းတရားတွေဟာ လူအများကို ဆင်းရဲတွင်းထဲ ပို့ဆောင်ပေးပါတယ်။

အခြားအရေးကြီးတဲ့ တိုင်းပြည်အဆင့် အကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒများ ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ခြင်း မရှိမှု၊ စီးပွားရေးမတည်ငြိမ်မှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ဈေးကွက် မတည်ငြိမ်မှု၊ ပညာရှင်များရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်တားဆီးခံရမှု၊ စစ်မက်ဖြစ်ပွားမှု၊ လူသားလုံခြုံရေး (Human security) အားနည်းမှု၊ တရားစီရင်ရေးဆိုင်ရာ မမျှတမှု စတာတွေပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ domestic institutions တွေနဲ့ social welfare system မရှိပဲ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှုတွေဟာလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ထဲမှာ ပါဝင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ကျားမ ခွဲခြားမှုတွေကြောင့် တန်းတူညီမျှမှု မရှိတာကလဲ poverty gap တွေ ဖြစ်ပွားစေပါတယ်။

တိုင်းပြည်အဆင့် ဆင်းရဲနွမ်းပါးမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေတာကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူအများ သေကြေပျက်စီးမှု၊ ရွာများ ဖျက်ဆီးမီးရှို့ခံရမှု၊ ရွှေ့ပြောင်းနေရာ ချထားခြင်း ခံရမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ကုန်စီးဆင်းမှု မချောမွေ့မှု၊ အလုပ်လုပ်နိုင်သော လူငယ်လူရွယ်များ စစ်မြေပြင်မှာ ရောက်ရှိနေမှု၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှု၊ စစ်အသုံးစရိတ်များ ကြီးမားမှု စတာတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။

လူ့အဖွဲ့အစည်းအဆင့် (community-level) မှာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းကတော့ infrastructure နဲ့ သက်ဆိုင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး လမ်းမကြီးများနှင့် ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ဒေသတွင်းမှာ ကျောင်းများနဲ့ ဆေးရုံ၊ ဆေးခန်းများ ရှိခြင်း၊ မြေယာခွဲဝေမှု စနစ်တကျရှိခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များပြားခြင်း၊ လူမှုကိုယ်စားပြုမှု ရှိခြင်း စတာတွေဟာ Infrastructure Development ရဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသွင်ပြင်လက္ခဏာတွေ ချို့တဲ့မှုဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအဆင့်မှာ နောက်ထပ် အရေးပါတဲ့ အကြောင်းရင်းကတော့ ၂၁ ရာစုကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ လူမှုကွန်ယက်များ (social networks) နဲ့ လူမှုအရင်းအနှီး (social capital) ပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လူမှုအင်စတီကျူးရှင်းများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကွန်ယက်များ တည်ထောက်ခြင်းဖြင့် လူမှုအရင်းအနှီး တိုးပွားလာစေပြီး၊ ဆင်းရဲနွမ်းပါးသူများရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူမှုကွန်ယက်များနဲ့ လူမှုရေးအဖွဲ့အစည်းများဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပေးနိုင်တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုပါတယ်။

အိမ်ထောင်စု အဆင့်မှာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ အိမ်ထောင်စုအရွယ်အစား၊ အိမ်ထောင်စု ဖွဲ့စည်းမှုသဏ္ဍာန်၊ ၀င်ငွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေစတာတွေနဲ့ သက်ဆိုင်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ငယ်ရွယ်သူ ကလေးသူငယ်များ အများစု ပါဝင်တဲ့ အိမ်ထောင်စုတွေဟာ အလုပ်လုပ်နိုင်သော အသက်အရွယ် လူအများစုပါဝင်တဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးတတ်ပါတယ်။ လူငယ်များ အိမ်ထောင်ဦးစီးပြုတဲ့ အိမ်ထောင်စုတွေဟာ လူလတ်ပိုင်းများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ မှီခိုသူများတဲ့ အိမ်ထောင်စုတွေဟာ အိမ်ရှိလူကုန် အလုပ်လုပ်ကြတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။

အမျိုးသမီးများ ဦးစီးတဲ့ အိမ်ထောင်စုတွေဟာလဲ အမျိုးသားများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ အလုပ်တာဝန် ထမ်းဆောင်မှုတွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်တတ်လေ့ရှိပေမယ့် ကျားမတန်းတူ ညီမျှမှု မရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘ၀ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခွင့် အခွင့်အလမ်းတွေ ရှားပါးကြပါတယ်။ ပညာအရည်အချင်း ကွာဟမှု၊ အိမ်ထောင်ဘက်အမျိုးသားများက အလုပ်လုပ်ခွင့် မပေးမှု၊ လုပ်ခလစာ လျော့နည်း ရမှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း နည်းပါးမှု စတာတွေကြောင့် ဆင်းရဲတွင်းထဲ ရောက်နေကြရတဲ့ အမျိုးသမီးတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိပါတယ်။

အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ အိမ်ထောင်စုဝင်များရဲ့ ကျန်းမာရေး ဆိုးရွားမှု အခြေအနေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဆိုရင် ဆေးရုံ၊ ဆေးခန်းများနဲ့ ကွာဝေးမှု (ဥပမာ- နယ်များမှ မြို့သို့တက်၍ ဆေးကုရခြင်း)၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ် မရှိမှု စတာတွေကြောင့် ဆေးကုသစရိတ်ကုန်ကျမှုနဲ့ အိမ်ထောင်စုဝင်ငွေဟာ အချိုးမညီနိုင်ပဲ ဆင်းရဲတွင်းထဲ ကျဆင်းသွားကြ ရပါတယ်။

ပညာရေးစနစ် အားနည်းချက်ကြောင့် မလိုအပ်ပဲ ကုန်ကျရတဲ့ ကျောင်းလခ၊ ဆရာ-ဆရာမများကို ပူဇော်ခ၊ ကျူရှင်လခ၊ မေးခွန်းလိုက်ခ၊ စာမေးပွဲအောင်ကြေး၊ ကျောင်းခန်း ရေအိုးဖိုး၊ တံမြက်စည်းဖိုး စတာတွေကလဲ အိမ်ထောင်စုရဲ့ စားဝတ်နေရေး အခြေအနေကို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ကုန်ကျစရိတ်များကြောင့် မိဘများက ကျောင်းမထားနိုင်ပဲ အလုပ်ကြမ်းများ လုပ်ခိုင်းရတဲ့ အခါမှာလဲ ကလေးသူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပြန်ပါတယ်။ တခါ ပညာမတတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှု သံသရာထဲကနေ သားစဉ်မြေးဆက် ရုန်းမထွက်နိုင်တဲ့ အိမ်ထောင်စုတွေ အများအပြား ရှိပါတယ်။

အိမ်ထောင်စုဝင်တွေရဲ့ အရက်သေစာ သောက်စားမှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစား ပြုလုပ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (မိန်းမလိုက်စားမှု) စတာတွေကလဲ အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့်ဖြစ်စေ၊ ရာဇ၀တ်မှုခင်းများကြောင့် ဖြစ်စေ၊ ထောင်သွင်းအကျဉ်းချခံထားရသူများ အိမ်ထောင်စုထဲမှာ ရှိနေရင်လဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေပါတယ်။ တရားမ မှုခင်းများကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရမှုများလဲ အချိန်နဲ့ အမှုအခင်းကုန်ကျစရိတ်များကြောင့် ဆင်းရဲနွမ်းပါးမှု ဖြစ်စေတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို ခွဲခြားစိတ်ဖြာပြီး၊ ပြင်ဆင်မှုများ၊ ရှောင်ကြဉ်မှုများ၊ ပြုပင်ပြောင်းလဲမှုများ၊ ဖြည့်ဆည်းမှုများကို စနစ်တကျပြုလုပ်နိုင်မှသာ ထိရောက်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်းအဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ၊ လူမှုကွန်ယက်ချိတ်ဆက်ရေး လှုပ်ရှားမှုများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Haughton, J. & Khandker, S. (2009) Handbook on Poverty and Inequality, World Bank, Washington DC.
UNESCO (2002) Social Capital and Poverty Reduction: Which role for the Civil Society Organizations and the state?, Paris

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း

Wednesday, June 8, 2011





တိုင်းပြည်တခုရဲ့ ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို သိရှိဖို့ သင့်လျော်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာ (Measures of poverty) များနဲ့ တိုင်းတာသတ်မှတ်ဖို့ လိုပါတယ်။ ဒါမှလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခြေအနေမှန်နဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို လေ့လာသူပညာရှင်တွေက အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြပေးခဲ့ကြပါတယ်။ ပထမအကျိုးကျေးဇူးကတော့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ တိုင်းတာသတ်မှတ်ချက်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အာဂျင်ဒါမှာ ဆင်းရဲနွမ်းပါးမှုအရေးကို ထည့်သွင်းစဉ်းစားစေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလေ့လာသူ ပညာရှင် Ravallion က ဆင်းရဲနွမ်းပါးမှုကို တိုင်းတာသတ်မှတ်ထားခြင်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ ချမှတ်သူတွေအနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လျစ်လျူရှုထားလို့ မရနိုင်ပဲ၊ ဆင်းရဲနွမ်းပါးမှု အရေးဟာ မူဝါဒရေးရာမှာ အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမယ့် အချက်တချက် ဖြစ်လာတယ်လို့ ဆိုထားခဲ့ပါတယ်။

ဒုတိယအကျိုးကျေးဇူးကတော့ အစိုးရတာဝန်ရှိသူများနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဆင်းရဲနွမ်းပါးသူများကို ၀င်ရောက်အကူအညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ဘယ်လိုဘယ်ပုံ ကြုံတွေ့နေရတယ်ဆိုတာကို အတိုင်းအတာ၊ ကိန်းဂဏာန်းတွေ တိတိကျကျ မပါပဲ အကူအညီပေးနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ပထ၀ီဝင် အနေအထား (ပြည်နယ်၊ တိုင်း၊ ဒေသ၊ တောင်ပေါ် မြေပြန့် စသည်များ) နဲ့ အိမ်ထောင်စု သွင်ပြင်လက္ခဏာများ (ပညာရေး၊ အိမ်ထောင်စုဝင် အရေအတွက် စသည်များ) တွေပေါ် မူတည်ပြီး၊ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို လေ့လာခွဲခြားနိုင်မှသာ လိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုများ (households headed by women) တွေရဲ့ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းဟာ အမျိုးသားဦးဆောင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး များပြားနေတယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒတွေမှာ ကျားမကွဲပြားမှုပေါ် အခြေခံတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုပါတယ်။ အထက်တန်းပြီးသူများပါဝင်တဲ့ အိမ်ထောင်စုတွေက မူလတန်းပြီးဆုံးသူများသာ ပါဝင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းတယ်ဆိုရင် သက်ဆိုင်ရာဒေသမှာ ပညာရေးအခွင့်အလမ်း တိုးမြှင့်ပေးတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို တိုင်းတာသတ်မှတ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လဲ နိုင်ငံရဲ့ ဘယ်ဒေသမှာ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်း ပိုများတယ်၊ ဘယ်လို အိမ်ထောင်စုတွေက ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) ထက်လျော့နည်းတဲ့ ၀င်ငွေတွေကို ရရှိနေကြတယ်၊ ဆင်းရဲချမ်းသာကွာဟမှုနှုန်းက မည်၍မည်မျှ ဖြစ်နေတယ်ဆိုတာကို သိရှိမှသာ သက်ဆိုင်ရာနိုင်ငံအလိုက် အကူအညီပေးမှု၊ ၀င်ရောက်စွက်ဖက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိစေနိုင်တဲ့ တတိယ အကျိုးကျေးဇူးကတော့ ချမှတ် အကောင်အထည်ဖော်နေတဲ့ ပရောဂျက်များနဲ့ မူဝါဒများဟာ ဆင်းရဲနွမ်းပါးမှုကို အမှန်တကယ် လျှော့ချနိုင်ခြင်း ရှိမရှိ လေ့လာဆန်းစစ်နိုင်တာပဲ ဖြစ်ပါတယ်။ စာရွက်ပေါ်က မူဝါဒတွေဟာ လက်တွေ့မှာ အမှန်တကယ် ထိရောက်ချင်မှ ထိရောက်နိုင်မှာပါ။ ဒီလိုဆန်းစစ်ခြင်းအားဖြင့် မူဝါဒတွေရဲ့ ထိရောက်နိုင်မှုရှိမရှိ အကျိုးဆက်တွေကို သိရှိနိုင်သလို၊ အရင်းအမြစ်များကို အကူအညီပေးမှုဟာ ဆင်းရဲနွမ်းပါးသူများကို အမှန်တကယ် အကျိုးရှိမရှိ၊ ကြားဖြတ်အလွဲသုံးစားပြုမှုများ ရှိမရှိ စတာတွေကိုလဲ သုံးသပ်နိုင်ပါတယ်။

စတုတ္ထအကျိုးကျေးဇူးကတော့ အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်ခြင်း ရှိမရှိဆိုတဲ့ အင်စတီကျူးရှင်းများရဲ့ ထိရောက်မှု အခြေအနေကို ဆန်းစစ်နိုင်ပါတယ်။ ထိရောက်နိုင်မှု ကိန်းဂဏာန်း တိုင်းတာ သတ်မှတ်ချက်တွေ တိတိကျကျမရှိပဲ အစိုးရတရပ်ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေ ပါတယ်လို့ ဘယ်သူမှ ရေရေရာရာ ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒီလို အကျိုးကျေးဇူးတွေကြောင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာများစွာကို အသုံးပြုပြီး တိုင်းတာသတ်မှတ်မှုတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြုလုပ်ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာတွေမှာ headcount index (P0)၊ poverty gap index (P1)၊ squared poverty gap (“poverty severity”) index (P2)၊ Sen-Shorrocks-Thon index၊ Watts Index စသည်ဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။

ဒီလို တိုင်းတာသတ်မှတ်ချက်တွေဟာ တိုင်းပြည်ရဲ့ ပထ၀ီဝင်အနေအထားကွဲပြားမှု၊ လူ့အဖွဲ့အစည်း သွင်ပြင်လက္ခဏာ ကွဲပြားမှု၊ အိမ်ထောင်စု သွင်ပြင်လက္ခဏာ ကွဲပြားမှုတွေပေါ်မှာ အခြေခံတဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် အမျိုးမျိုးကို လေ့လာဆန်းစစ်တဲ့ country poverty profile အတွက် အထောက်အကူပြုပါတယ်။ ပြည်နယ် (အေ)နဲ့ ပြည်နယ် (ဘီ) တို့အကြား၊ စာသင်ကျောင်းရှိတဲ့ရွာနဲ့ စာသင်ကျောင်းမရှိတဲ့ ရွာတို့အကြား၊ အိမ်ထောင်စု (စီ) နဲ့ အိမ်ထောင်စု (ဒီ) တို့အကြားတွေမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေက တူညီမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုတွေ၊ ကွဲပြားမှုတွေကို မူဝါဒချမှတ်သူများက ကွဲကွဲပြားပြား သိရှိဖို့ လိုအပ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်စွဲစာအုပ်ထဲမှာ တိုင်းပြည်တခုချင်းစီအလိုက် poverty profile ပြင်ဆင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဒီအချက်တွေကတော့
(၁) တိုင်းပြည်ရဲ့ ဒေသအသီးသီးမှာ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် ကွဲပြားမှု ရှိပါသလား။
(၂) လူဦးရေထူထပ်တဲ့ ဒေသများဟာ ဆင်းရဲနွမ်းပါးသူများ အများဆုံး နေထိုင်ရာ ဒေသများ ဖြစ်ပါသလား။
(၃) ၀င်ငွေနည်းပါးမှုဟာ ကျားမ၊ အသက်အရွယ်၊ မြို့ပြကျေးလက်၊ လူမျိုး၊ လူမျိုးစု သွင်ပြင်လက္ခဏာများနဲ့ ဆက်စပ်မှု ရှိနေပါသလား။
(၄) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိနိုင်တဲ့ main sources တွေက ဘာတွေလဲ။
(၅) ဆင်းရဲနွမ်းပါးသူတွေက သူတို့ရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် မှီခိုအားထားပြုနေတဲ့ စီးပွားရေးကဏ္ဍတွေက ဘာတွေလဲ။
(၆) ဘယ်လို ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကား နေသလဲ။ ကမ္ဘာ့ဈေးကွက်ရဲ့ ဈေးနှုန်း အပြောင်းအလဲနဲ့ ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့က ရိုက်ခိုက်စေနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်တွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကားနေသလား။
(၇) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ လယ်ယာစိုက်ပျိုးရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာတွေ ရှိသလဲ။
(၈) အလုပ်အကိုင်ရှားပါးမှုက ဘယ်လောက်ဆိုးရွားနေသလဲ။
(၉) ဆင်းရဲနွမ်းပါးသူတွေ အဓိက စားသုံးနေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေက ဘာတွေလဲ။
(၁၀) ၀င်ငွေနည်းပါးခြင်းနဲ့ အာဟာရမပြည့်ဝမှု၊ ပညာရေးအခြေအနေတွေက ဘယ်လို ဆက်စပ်နေသလဲ။
(၁၁) ဆင်းရဲနွမ်းပါးသူတွေရဲ့ မျိုးဆက်ပြန့်ပွားမှု သွင်ပြင်လက္ခဏာတွေက ဘယ်လိုရှိသလဲ။
(၁၂) ဆင်းရဲနွမ်းပါးသူတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ ပြည်သူ့ဝန်ဆောင်မှု (လမ်းပန်းဆက်သွယ်ရေး၊ မီးသတ်၊ ရဲ၊ စည်ပင်သာယာ စသည်များ) အရည်အသွေးက မည်မျှရှိသလဲ။
(၁၃) ဆင်းရဲနွမ်းပါးသူများရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေက ဘယ်လောက် အရေးပါသလဲ။
(၁၄) ဆင်းရဲနွမ်းပါးသူများရဲ့ ချေးငွေ ရရှိနိုင်မှု အခြေအနေက ဘယ်လိုရှိသလဲ။
(၁၅) ဆင်းရဲနွမ်းပါးသူများရဲ့ မြေယာ၊ အဆောက်အအုံ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ။ ပိုင်ဆိုင်မှု အခွင့်အရေးများ ရှိသလား။
(၁၆) သဘာဝအရင်းအမြစ်တွေကို အသုံးပြုနိုင်မှုဟာ ဘယ်လောက်အထိ လုံခြုံစိတ်ချရသလဲ။
(၁၇) သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်မှုရှိနေသလား။
(၁၈) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိမှာ အတက်အကျ၊ အပြောင်းအလဲဖြစ်နိုင်တာတွေက ဘာတွေလဲ။
(၁၉) လူ့အဖွဲ့အစည်းမှာရှိတဲ့ ဘယ်လို အစုအဖွဲ့တွေဟာ တခြားအစုအဖွဲ့တွေထက် ပိုပြီး ဆင်းရဲနွမ်းပါးနိုင်တဲ့ risk တွေ ပိုများနေသလဲ။
စတာတွေပဲ ဖြစ်ပါတယ်။

ဒီလိုအချက်တွေပါဝင်တဲ့ poverty profile ဟာ သက်ဆိုင်ရာ ဒေသအလိုက်၊ အစုအဖွဲ့အလိုက်၊ အိမ်ထောင်စုအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အရေးကြီးဆုံး တိုင်းတာမှုကိန်းဂဏန်းတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး အခြေပြ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေမှန်ကို သိသာထင်ရှားတဲ့ တိုင်းတာသတ်မှတ်မှုတွေ ပြုလုပ်မှသာ သက်ဆိုင်ရာ အစိုးရတွေရဲ့ မူဝါဒရေးရာတွေဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အလေးပေးဆောင်ရွက်ခြင်း ရှိမရှိ၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေဟာ ထိရောက်ခြင်း ရှိမရှိ စတာတွေကို လေ့လာဆန်းစစ်နိုင်ပြီး၊ တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ပကတိ အခြေအနေမှန်ကို သိရှိမှသာ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကလဲ ထိရောက်တဲ့ အကူအညီပေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၇၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Ravallion, M. & Chen, S. (2001) Measuring Pro-Poor Growth, Development Research Group, World Bank
Ray, D. (1998) Development Economics, Princeton University Press, Princeton
World Bank. (1992) Poverty Reduction Handbook. Washington DC.
World Bank Institute (2005) Introduction to poverty analysis, Washington DC.

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး

Monday, June 6, 2011




ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှုထောင့်တွေနဲ့ ကျားမကွဲပြားမှု (gender)၊ သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည် (economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမှု-ယဉ်ကျေးမှုစွမ်းရည် (socio-cultural capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြားသတ်မှတ်ကြပါတယ်။



စီးပွားရေးစွမ်းရည် ဆိုတာ ၀င်ငွေရရှိမှု၊ စားသုံးမှုနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ သက်ဆိုင်ပါတယ်။ လူသားတွေဆီမှာ စီးပွားရေးစွမ်းရည်တွေရှိခြင်းဟာ အစားအစာ ဖူလုံရေး၊ ရုပ်ဝတ္ထုပစ္စည်း တိုးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် အဓိကကျပါတယ်။ ဆင်းရဲနွမ်းပါးသူတွေဟာ ဘဏ္ဍာရေးအရင်းအမြစ် (ချေးငွေရရှိသုံးစွဲနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်များ) နဲ့ သဘာဝသယံဇာတ အရင်းအမြစ် (မြေယာ၊ သစ်တော၊ ရေချိုရေငန် ငါးဖမ်းမှု စသည်များ) ကို အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှသာ ဆင်းရဲတွင်းကနေ လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။

လူသားစွမ်းရည် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသော ရေနဲ့ အမိုးအကာ ရရှိရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီအရာတွေဟာ လူသားတွေရဲ့ ဘ၀ တိုးတက်မြင့်မားရေးအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရောဂါဘယနဲ့ စာတတ်မြောက်မှု မရှိခြင်းဟာ ထုတ်လုပ်မှု လုပ်အားကို ကျဆင်းစေနိုင်ပြီး၊ စီးပွားရေးစွမ်းရည်နဲ့ အခြားစွမ်းရည်များကို ထိခိုက်စေနိုင်ပါတယ်။ လူသားတွေဆီမှာ စာအရေးအဖတ်စွမ်းရည်တွေ ရှိခြင်းအားဖြင့် အများနဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး၊ လူမှုရေးပါဝင်ပတ်သက်မှုနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ပါတယ်။ ပညာရေး (အထူးသဖြင့် အမျိုးသမီးများရဲ့ ပညာရေး) အဆင့်အတန်း မြင့်မားလာမှုဟာ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး၊ သားဆက်ခြားရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေ ထိရောက်ရေးကို အထောက်အကူပြုတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အသုံးဝင်လှပါတယ်။

နိုင်ငံရေးစွမ်းရည် ဆိုတာမှာတော့ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို နိုင်ငံတော်အစိုးရက ချိုးဖောက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း တခုပဲ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မတရားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခြင်းဟာ အများပြည်သူတွေရဲ့ အကြောက်တရားကို တိုးမြင့်စေပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကို ထိခိုက်ကျဆင်းစေပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုဟာ အခြားလူမှုရေး စွမ်းရည်၊ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည်တွေ အပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

လူမှု-ယဉ်ကျေးမှုစွမ်းရည်တွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်နိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေမှာ လူမှုအဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် တန်ဖိုးထားတဲ့ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ပထ၀ီဝင်အနေအထား အားနည်းချက်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေကတော့ စီးပွားရေးနဲ့ အခြား external shocks များကို လူသားတွေက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေဟာ ဆင်းရဲနွမ်းပါးမှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ လုံခြုံမှုမရှိခြင်းဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးကို အတားအဆီးဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ငတ်မွတ်ခေါင်းပါးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ မှုခင်းထူပြောမှု၊ စစ်မက်ဖြစ်ပွားမှု စတာတွေဟာ စိုးရိမ်ပူပန်စရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားပျက်ကပ်တွေနဲ့ ပဋိပက္ခတွေကြောင့် လူအများက ဆင်းရဲတွင်းထဲကို ကျသွားလိုက်၊ ပြန်တက်ရန် ကြိုးစားလိုက်နဲ့ သံသရာလည်ရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ကွဲပြားခြားနားတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်တွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေ ကြသလို ကျားမကွဲပြားမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နဲ့လဲ ဆက်နွယ်နေပါတယ်။ ကျားမတန်းတူညီမျှရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေနိုင်ပြီး၊ သဘောဝပတ်ဝန်းကျင်ရေးရာ အချက်တွေကလဲ ကျားမဆက်ဆံရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ကျားမတန်းတူညီမျှရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ရည်မှန်းချက်ပန်းတိုင်တွေလဲ ဖြစ်ပါတယ်။

ကျားမ တန်းတူညီမျှခြင်းမရှိမှု (Gender inequality) ဟာ ဆင်းရဲနွမ်းပါးမှု ရှုထောင့်မျိုးစုံနဲ့ သက်ဆိုင် ပါတယ်။ အချို့သော လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေမှာ အမျိုးသားတွေကို ပိုပြီး ဦးစားပေးမှုနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေ တတ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကွဲပြားစွာ သက်ရောက်မှု ရှိစေပြီး၊ အမျိုးသမီးတွေ အပေါ်မှာ ပိုမို ထိခိုက်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရဲ့ စားသောက်ကုန်၊ လူသုံးကုန်သုံးစွဲနိုင်မှု အချိုးအစားဟာ အမျိုးသမီးတွေ အတွက် ပိုမိုလျော့နည်းပါတယ်။ ဓလေ့ထုံးစံအရ စားသောက်ဖွယ်ရာတွေကို အမျိုးသားကို ပိုမိုဦးစားပေးတာ၊ သမီးမိန်းကလေးကို ကျောင်းနှုတ်ပြီး သားယောက်ျားလေးကို ကျောင်းဆက်ထား တာတွေလဲ ရှိတတ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်အမျိုးသားတွေ၊ ဖခင်တွေ၊ အစ်ကို-မောင်တွေရဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဘ၀ကိုလဲ အလွယ်တကူ ကျရောက်တတ် ပါသေးတယ်။ အချို့လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်းက အမျိုးသားတွေထက် ပိုမိုနည်းပါးပြီး၊ နိုင်ငံရေးအရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံ ခံရတာတွေလဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ကျော်လွှားနိုင်သော စွမ်းရည်တွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးလေ့ရှိတာကြောင့် ဆင်းရဲနွမ်းပါးမှုရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေက ပိုမိုခံရလေ့ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေရဲ့ အသက်ရှင်ရပ်တည် နေထိုင်ရေးနဲ့ အခြေခံ လူသားစွမ်းရည် တိုးမြင့်လာရေးတို့အတွက် အရေးပါသူများ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိနိုင်မှု အခွင့်အလမ်းတွေ နည်းပါးခြင်းဟာ မိသားစုဝင်ငွေကို နည်းပါးစေသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကိုလဲ ထိခိုက်စေနိုင်ပါတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားတွေကို အပြည့်အ၀ အသုံးချနိုင်မှု လျော့ကျစေပါတယ်။ ဒါကြောင့် ကျားမ တန်းတူညီမျှခြင်း မရှိမှုဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုအပြင်၊ တိုင်းပြည်တခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းတရားတခုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာတွေကလဲ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်နေပါတယ်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများရဲ့ အသက်ရှင် ရပ်တည်ရေးကို သက်ရောက်မှုရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကလဲ လူသားတွေအပေါ် ကျရောက်စေတတ်ပါတယ်။ ကျေးလက်ဒေသတွေမှာ မြေဆီလွှာ ခြောက်ခန်းမှု၊ သစ်တောပြုန်းတီးမှုနဲ့ သားငါးရှားပါးမှုတွေဟာ လူသားတွေရဲ့ အသက်ရှင် ရပ်တည်ရေးကို တစထက်တစ ခြိမ်းချောက်လာပါတယ်။

သန့်ရှင်းသောရေ မရရှိမှုကြောင့်လဲ ၀မ်းပျက်ဝမ်းလျှောရောဂါဆိုးတွေ ကျရောက်စေနိုင်ပါတယ်။ စိုက်ပျိုးထွန်ယက်ရေး အတွက် ကောင်းမွန်တဲ့ လယ်ယာမြေနဲ့ သန့်ရှင်းသောရေ ရရှိရေးဟာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် သဘာဝ အရင်းအမြစ်တွေကို ရေရှည်ခံအောင် စနစ်တကျ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို အမျိုးသားရေး လုပ်ငန်းဆောင်တာတွေအနေနဲ့ ပညာပေးဖြန့်ဖြူးဖို့ လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုးတွေဖြစ်တဲ့ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း စတာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဒီလိုသဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပွားလာခဲ့ ပိုပြီး ဆုံးရှုံးမှု များတတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းဆောင်တာများကို မကျွမ်းကျင်မှု၊ ကယ်ဆယ်ရေး ထောက်ကူကိရိယာများနဲ့ လူ့စွမ်းအား မလုံလောက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှု၊ အလွဲသုံးစားပြုမှု စတာတွေဟာ လူအများကို ဆင်းရဲတွင်းထဲကို နက်သထက်နက်အောင် တွန်းပို့ပေးတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ စီမံကိန်းတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ချမှတ် အကောင်အထည် ဖော်ဆောင်ရုံနဲ့တင် တိုက်ဖျက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုကို အန်တုနိုင်ဖို့အတွက် စီးပွားရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှု-ယဉ်ကျေးမှုစွမ်းရည်၊ လူသားစွမ်းရည်နဲ့ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည် စတဲ့ ရှုထောင့်စုံ စွမ်းရည်တွေ လူ့အဖွဲ့အစည်းမှာ ရှင်သန်ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ကျားမ တန်းတူညီမျှမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုနိုင်မှုဟာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၆၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Allen, T. & Thomas, A. (eds.) (2000) Poverty and Development into the 21st century, Oxford University Press, Oxford
OECD (1998) DAC Source Book on Concepts and Approaches Linked to Gender Equality, OECD publications, Paris
OECD (2001) Poverty reduction: International Development, OECD publications, Paris

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်



ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။


ပထမ cluster ကတော့ ၀င်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ၀င်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ၀င်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။

ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ၀င်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။

တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။

ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။

ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။

ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ၀င်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အ၀ရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

ရည်ညွန်းကိုးကား။ ။

Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.

အပြည့်အစုံဖတ်ချင်ရင်..>>>

ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရခြင်း

Sunday, June 5, 2011

စစ်မြေပြင်မှာ စစ်ကြောင်းတွေကို ကြားဖြတ်ပြီး ခြုံခိုတိုက်ခိုက်ခံရတာတွေ ရှိတတ်ပါတယ်။ ဒါကို စစ်သုံးစကားအနေနဲ့ ambush လုပ်တယ်လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စစ်မြေပြင်မှာ ခြုံခိုတိုက်ခိုက် ခံရသလိုပဲ နိုင်ငံရေးမှာလဲ အရေးပါပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်ခံရတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို ကြားဖြတ်တိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူတွေ အဓိကသုံးတဲ့ လက်နက်ကတော့ Surprise ပါပဲ။ မထင်မှတ်ထားတဲ့ အချိန်၊ မထင်မှတ်ထားတဲ့ နေရာမှာ ပေါ်ထွက်လာတတ်တဲ့ ရန်သူတွေက လက်တကမ်းမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရန်သူတွေထက် ပိုပြီး အန္တရာယ်ကြီးပါတယ်။ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ သဏ္ဍာန်နှစ်မျိုးရှိပါတယ်။ Static ambush နဲ့ mobile ambush တို့ ဖြစ်ပါတယ်။



Static ambush

အရေးပါ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်း ရပ်တန့်သွားအောင် လမ်းမပေါ်မှာ တစုံတရာနဲ့ ပိတ်ဆို့တားဆီးပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ပိတ်ဆို့တားဆီးလေ့ရှိတဲ့ နည်းလမ်းတွေကတော့ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းရှေ့မှာ မောင်းနှင်နေသောကားမှ ရုတ်တရက် ဘရိတ်အုပ် ရပ်တန့်ခြင်း၊ ကျောက်တုံးနှင့် သစ်ကိုင်းကျိုးများ လမ်းမပေါ်တွင် ရှိနေခြင်း၊ မိုင်းထောင်ထားခြင်း စတာတွေ ဖြစ်ပါတယ်။

Static ambush နဲ့ တိုက်ခိုက်ခံရချိန်မှာ ယာဉ်မောင်းသူတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းမှာ follow-up car ပါလာခဲ့ရင် ဒီကားက principal vehicle ကို ကျော်သွားပြီး၊ ကြားဖြတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားရာနေရာနဲ့ မီတာ (၂၀)အကွာမှာ defence position ယူဖို့လိုအပ်ပါတယ်။ escort ကားကတော့ လမ်းရဲ့ အခြားတဘက် မီတာ (၂၀) အကွာမှာ ရပ်ပြီး cover ယူရပါမယ်။ ဒီအချိန်မှာ principal vehicle ယာဉ်မောင်းက မောင်းထွက်ဖို့ ကြိုးစားရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် reverse gear နဲ့ ကားကို ၁၈၀ ဒီဂရီ လှည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ လမ်းကြောင်း အနည်းငယ်ရှင်းရင်တော့ U turn (သို့မဟုတ်) Y turn လုပ်နိုင်ပါတယ်။ အရေးကြီးဆုံးက ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာကနေ အမြန်ဆုံး ခွာနိုင်ဖို့ပါပဲ။

ယာဉ်တန်းမှာ ပါဝင်တဲ့ ကားတွေရဲ့ ယာဉ်မောင်းသူတွေဟာ ရှေ့ကကားရဲ့ ရှည်လျားမှုအတိုင်းအတာ တ၀က်ခန့်ရှိတဲ့ အကွာအဝေးကို ချိန်ဆပြီးမှ ကားကို ရပ်နားသင့်ပါတယ်။ ခရီးစဉ်တလျှောက်က escape routes တွေကို ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ထားသင့်ပါတယ်။

Mobile ambush

Mobile ambush မှာ တိုက်ခိုက်နည်းမျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။ ပထမနည်းကတော့ Pincer attack ဖြစ်ပါတယ်။ pincer attack မှာ ကားတစီးက အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါလာတဲ့ ကားကို ဘေးကနေ ယှဉ်မောင်းရင်း ကားရှေ့မှာ ပိတ်ရပ်လိုက်ပြီး၊ နောက်ထပ်ကားတစီးကတော့ နောက်ကနေ ပိတ်ရပ်လိုက်တာ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Side street attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ လမ်းဘေးမှာ ရပ်နားထားတဲ့ကားက အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါလာတဲ့ ကားရှေ့ကို ရုတ်ခြည်းဖြတ်ဝင်လိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်ကားတစီးကလဲ နောက်ကနေ ၀င်ရပ်လိုက်ပြီး ကားကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

နောက်တနည်းကတော့ Side attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရမှာ ယာဉ်တန်း (သို့မဟုတ်) အရေးပါပုဂ္ဂိုလ် လိုက်ပါစီးနင်းလာတဲ့ ကားကို နောက်ကနေ ၀င်ရောက်တိုက်ခိုက်တာ၊ ဘေးတဘက် တချက်ကနေ တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Motorbike attack ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်သမားတွေက ယာဉ်တန်းဘေးမှာ ကပ်လိုက်လာပြီး မီးပွိုင့် (သို့မဟုတ်) ယာဉ်တန်းရပ်တန့်ချိန်မှာ အရေးပါပုဂ္ဂိုလ်ရဲ့ အသက်ကို ရန်ရှာတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ Pincer attack နဲ့ တိုက်ခိုက်ခံရတဲ့အခါ ဘရိတ်ဆောင့်ဆွဲပြီး၊ မောင်းထွက်နိုင်ဖို့ ကြိုးစားရပါမယ်။ Side street attack နဲ့ တိုက်ခိုက်ခံရတဲ့အခါ ရှေ့က ကားကို တိုက်ချပြီးဖြစ်စေ၊ နောက်ဆုတ်ဖို့ အကျယ်အ၀န်းရှိရင် နောက်ဆုတ်ပြီးဖြစ်စေ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်သွားနိုင်ဖို့ ကြိုးစားရပါမယ်။Side attack နဲ့ တိုက်ခိုက်ခံရရင် ဘရိတ်ဆွဲရပ်တန့်ပြီး ဂငယ်ကွေ့ ကွေ့ထွက်နိုင်ဖို့ ကြိုးစားရပါမယ်။

အရေးကြီးဆုံးကတော့ visual contact ကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ စဉ်ဆက်မပြတ် သတိရှိနေဖို့နဲ့ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ escort vehicle တွေဟာ မော်တော်ဆိုင်ကယ်တွေ principal vehicle နားမကပ်နိုင်အောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လမ်းကြောင်း ကြိုတင်ပြင်ဆင်ခြင်း

အရေးပါပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်ထွက်ချိန်တွေနဲ့ မြို့တွင်းသွားလာချိန် လမ်းခရီးမှာ ကြားဖြတ် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ဖို့ လုံခြုံရေးအဖွဲ့က သင့်လျော်ရာ လမ်းကြောင်းကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ဟာ နေရာနှစ်ခုအကြား (ဥပမာ- ရုံးနဲ့ အိမ်) မှာ ပုံမှန်သွားလာတတ်လို့ ရှိရင် လုံခြုံရေးအဖွဲ့အနေနဲ့ သွားလို့ရနိုင်မယ့် လမ်းကြောင်းမျိုးစုံကို ကြိုတင်ပြင်ဆင်ရပါမယ်။ နေ့စဉ် လမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ကြိုတင် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ပါတယ်။ ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်တွေကိုလဲ ပုံသေသတ်မှတ်ချက် မရှိတာကောင်းပါတယ်။

အထူးသဖြင့် ယာဉ်ပေါ် အတက်အဆင်း လုပ်ရမယ့် နေရာတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခရီးတိုမှာဖြစ်စေ၊ ခရီးရှည်မှာဖြစ်စေ black spots နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထားရပါမယ်။ အမြဲတမ်း အဆိုးဆုံး အတွက် ပြင်ဆင်ထားပြီး အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

နိဂုံး

မော်တော်ယာဉ်တန်းတွေကို ambush လုပ်ပြီး၊ အရေးပါ ပုဂ္ဂိုလ်တွေရဲ့ အသက်အန္တရာယ်ကို ရန်ရှာမှုတွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မြို့တွင်းခရီးနဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေမှာ မော်တော်ယာဉ်တန်းလုံခြုံရေးနဲ့ ambush ကြိုတင်ကာကွယ်ရေး၊ ambush ဖြစ်လာခဲ့ရင် ရင်ဆိုင်ကျော်လွှားနိုင်ရေး စတာတွေကို လုံခြုံရေး တာဝန်ယူထားသူများက ကျွမ်းကျင်စွာ စီမံထားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

မော်တော်ယာဉ်တန်း လုံခြုံရေး ဆိုင်ရာ သိကောင်းစရာ

Thursday, June 2, 2011

အရေးပါတဲ့ ခေါင်းဆောင်တွေရဲ့ ပြည်တွင်းစည်းရုံးရေး ခရီးစဉ်၊ နိုင်ငံခြား သံတမန်ရေးရာ ခရီးစဉ်တွေနဲ့ မြို့တွင်း သွားလာရေးတွေမှာ မော်တော်ယာဉ်တန်းလုံခြုံရေး (motorcade protection) ဟာ အလွန်အရေးကြီးပါတယ်။ မော်တော်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာ ခေါင်းဆောင်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။



မော်တော်ယာဉ်တန်း လုံခြုံရေးဆိုင်ရာ အခြေခံစည်းမျဉ်းများ

မော်တော်ယာဉ်တန်းလုံခြုံရေး အခြေခံစည်းမျဉ်းအရ အရေးပါပုဂ္ဂိုလ်များ လိုက်နာစီးနင်းမယ့် principal vehicle တွေနဲ့ escort vehicle တွေကို မောင်းနှင်သူများဟာ ယာဉ်မောင်းကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ယာဉ်တွေကို အသုံးမပြုချိန်မှာ သော့ပိတ်ထားပြီး၊ ခေတ္တရပ်နားချိန်တွေမှာ အစောင့်ထားရှိဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းမထွက်ခင်မှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေ၊ ခိုးယူနားထောင်တဲ့ ကိရိယာတွေနဲ့ စက်ချို့ယွင်းမှုတွေ ရှိမရှိ စစ်ဆေးဖို့ လိုအပ်သလို မော်တော်ယာဉ်တန်း သွားလာလှုပ်ရှားနေချိန်မှာ ဆက်သွယ်ရေး ကိရိယာများကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။

လေ၊ ရေနဲ့ တာယာဖိအားတွေကို ဂရုတစိုက် စစ်ဆေးဖို့ လိုအပ်သလို၊ ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီ တိုင်ကီတွေကို တ၀က်ထက်လျော့လာတာနဲ့ ပြန်ဖြည့်ရပါမယ်။ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ဆီတိုင်ကီမှာ ဆီအလုံအလောက်ရှိနေဖို့ လိုပါတယ်။

ပြင်ပကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ ကားတံခါးကို ဆွဲဖွင့်တာတွေ မရှိအောင် ကားတံခါးနဲ့ ကားမှန်တွေကို မော်တော်ယာဉ်တန်းသွားလာနေစဉ်မှာ ပိတ်ထားရပါမယ်။ ယာဉ်မောင်းသူ အပါအ၀င် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူများအားလုံးဟာ ခါးပတ်ပတ်ထားဖို့ လိုပါတယ်။ ယာဉ်ရပ်နား နေချိန်မှာတောင် ကားတစီးကနေ ရုတ်ခြည်းဝင်ရောက် တိုက်လိုက်တာမျိုး ရှိလာတတ်တဲ့အတွက် ကားပေါ်မှာ ထိုင်နေချိန်မှာပါ သတိရှိဖို့ လိုအပ်ပါတယ်။

သတ်မှတ်နေရာကို ရောက်ချိန်မှာ မော်တော်ယာဉ်တန်းရပ်နားတဲ့အခါ ကားစက်ကို မသပ်ရပါဘူး။ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်က debus လုပ်ဖို့ အမိန့်ပေးချိန်ကျမှ main bodyguard က အရေးပါခေါင်းဆောင်ရဲ့ ကားတံခါးကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်နေရာကနေ မော်တော်ယာဉ်တန်းဆီကို အရေးပါခေါင်းဆောင် ပြန်လာချိန်မှာလဲ ဒီလိုပါပဲ။ ကားစက်ကို ကြိုတင်နှိုးထားဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းလုံခြုံရေးသဏ္ဍာန်

ပထမဦးစွာ သတ်မှတ်နေရာကို ပထမဦးဆုံးသွားရမယ့် ယာဉ်က advanced vehicle ဖြစ်ပါတယ်။ သတ်မှတ်နေရာရဲ့ လုံခြုံရေးအတွက် တာဝန်ရှိသူများကို ကြိုတင်ပို့ဆောင်ရေး၊ သတ်မှတ်နေရာကို ယာယီ အော်ပရေးရှင်စင်တာအဖြစ် အသွင်ယူရေးတို့အတွက် တာဝန်ရှိတဲ့ ယာဉ်ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ လမ်းကြောင်းရှင်းဖို့အတွက် Reconnaissance vehicle က သတ်မှတ်နေရာကို မရောက်ခင် လမ်းကြောင်းအခြေအနေကို လေ့လာဖို့အတွက် သွားဖို့ လိုအပ်ပါတယ်။ Reconnaissance vehicle နဲ့ လိုက်ပါသွားသူတွေဟာ လမ်းကြောင်းတလျှောက်က အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို စနစ်တကျ လေ့လာဖို့ လိုအပ်သလို၊ အဓိကယာဉ်တန်းက လုံခြုံရေးခေါင်းဆောင်တွေဆီကို ဆက်သွယ်ရေးကိရိယာ အသုံးပြုပြီး၊ ပြန်လည်တင်ပြဖို့ လိုပါတယ်။ အချိန်ကာလ မည်မျှကြာအောင် အဆက်အသွယ် ပြတ်သွားခဲ့ရင် အန္တရာယ်တစုံတရာ ရှိနေပြီဆိုတဲ့ signal ပေးနိုင်အောင် သတ်မှတ်ချိန်တခု ရှိထားရပါမယ်။

တတိယအနေနဲ့ အရေးပါပုဂ္ဂိုလ် လိုက်ပါစီးနင်းမယ့် ယာဉ် (principal vehicle) ရဲ့ ရှေ့မှာ Lead escort vehicleထားရှိရပါမယ်။ ဒီကားဟာ principal vehicles တွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူရမှာ ဖြစ်ပြီး၊ အရေးကြုံလာချိန်မှာ principal vehicles တွေ ပျက်စီးသွားခဲ့ရင် အစားထိုး အသုံးပြုတာတွေ လုပ်လို့ ရနိုင်ပါတယ်။ escort vehicles တွေဟာ အော်တိုဂီယာသုံး rear-wheel drive တွေ ဆိုရင် ပိုကောင်းပါတယ်။

စတုတ္ထအနေနဲ့ principal vehicle ဟာလဲ အော်တိုဂီယာသုံး rear-wheel drive (သို့မဟုတ်) four-wheel drive တွေ ဖြစ်သင့်ပါတယ်။ run-flat tyre system ဆိုရင် ပိုကောင်းပါတယ်။ principal vehicle နောက်မှာတော့ ပဉ္စမ အနေနဲ့ follow-up escort vehicle လိုက်ရမှာဖြစ်ပြီး၊ အားလုံးရဲ့နောက်မှာ tail vehicle လိုက်ရမှာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တန်းတွင် လိုအပ်သော ပစ္စည်းကိရိယာများ
ရှေးဦးသူနာပြုသေတ္တာ
မီးသတ်ဆေးဗူး
multi-channel two-way radio;
မြေပုံများ
ရေဗူး
ကားအပိုပစ္စည်းများ
spotlights and flashlights;
လက်နှိပ်ဓာတ်မီး

မော်တော်ယာဉ်တန်း လှုပ်ရှားမှု

မော်တော်ယာဉ်တန်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး Phases ငါးခု ခွဲခြားနိုင်ပါတယ်။ ပထမဆုံးက ယာဉ်တန်း မထွက်ခွာမီ pre-departure phase ဖြစ်ပါတယ်။ မော်တော်ယာဉ်တန်း မထွက်ခွာချိန်မှာ ယာဉ်နဲ့ စက်တွေကို စနစ်တကျ စစ်ဆေးရပါမယ်။ အရေးပါ ပုဂ္ဂိုလ်ကို ကြိုဆိုရမယ့် အချိန်နီးမှ သတ်မှတ်နေရာမှာ ရပ်ထားသင့်ပါတယ်။ အရေးပါပုဂ္ဂိုလ် ကားပေါ်တက်တဲ့ နေရာဟာ လုံခြုံစိတ်ချရတဲ့ ဧရိယာအတွင်းမှာ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကားစက်ကို ကြိုနှိုးထားရပါမယ်။ ကားမောင်းသမားက ကားထဲမှာ အဆင်သင့် ရှိနေရပါမယ်။ ကားတံခါးတွေအားလုံးကို ကြိုပြီး မဖွင့်ထားရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ပွိုင့်ကသာ ကားတံခါးကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒုတိယ phase ဖြစ်တဲ့ ယာဉ်တန်းထွက်ခွာချိန် (Departure phase) ကတော့ အရေးကြီးဆုံးပါပဲ။ ဒီအဆင့်က risk အကြီးဆုံးလဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရီဂင် နဲ့ နိုင်ငံခေါင်းဆောင်အများအပြား တိုက်ခိုက်ခံရတာက Departure phase မှာ ဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ် ကားထဲမှာ စထိုင်လိုက်တာနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက သတ်မှတ်ထိုင်ခုံတွေမှာ ၀င်ရောက်နေရာယူပြီး၊ အချိန်မဆိုင်းပဲ မော်တော်ယာဉ်တန်းက ချက်ချင်း ထွက်ခွာဖို့ လိုအပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ကားထဲကို လူအားလုံး ၀င်ထိုင်ပြီးတာနဲ့ ကားတံခါးတွေကို ချက်ချင်း ပိတ်ရပါမယ်။

တတိယ phase ဖြစ်တဲ့ ယာဉ်တန်းသွားလာချိန် (Transit phase) မှာတော့ ယာဉ်တန်းထဲက လုံခြုံရေး အဖွဲ့ရဲ့ ဆက်သွယ်ရေးစနစ်က အလွန်အရေးကြီးပါတယ်။ အတားအဆီး၊ အနှောင့်အယှက်၊ အခက်အခဲများ မဖြစ်အောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာရပါမယ်။ မီးပွိုင့်ရပ်နားချိန်တွေ၊ လမ်းကျဉ်းတွင်းမှာ သွားလာရချိန်တွေ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေချိန်တွေမှာ အရေးပါပုဂ္ဂိုလ်အပါအ၀င် လုံခြုံရေးအဖွဲ့တဖွဲ့လုံး သတိရှိဖို့ လိုအပ်ပါတယ်။ ရပ်နားနေချိန်၊ နှေးကွေးစွာ သွားလာနေချိန်တွေမှာ တဘက်ရန်သူအတွက် အခွင့်အရေးတွေ ရသွားတတ်ပါတယ်။

ယာဉ်တန်းသွားလာချိန်မှာ သတိပြုသင့်တဲ့ အရာများကတော့ တံတားများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊၊ လမ်းဆုံလမ်းခွများ၊ ရပ်နားထားသော ကားများ၊ နှေးကွေးစွာ သွားလာနေသော ကားများ၊ မော်တော်ယာဉ်တန်းကို ကျော်ရန်ကြိုးစားနေသော ကားများ၊ ယာဉ်တန်းအနီးတွင် ရုတ်တရက်ရပ်တန့်နှေးကွေးသွားသော ကားများ၊ ကားလမ်းမပေါ်မှ ယာဉ်တန်းကို လှမ်းတားနေမှုများ၊ ယာဉ်တိုက်မှုများ၊ လူအများ လျှောက်လေ့လျှောက်ထ မရှိသော နေရာများတွင် လမ်းလျှောက်နေသူများ၊ သတ်ကွင်းဖြစ်တတ်သော နေရာများ စတာတွေမှာ ဖြစ်ပါတယ်။ ယာဉ်တန်းသွားလာနေတုန်းမှာ တတ်နိုင်သမျှ အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မလိုအပ်ပဲ စကားပြောနေတာတွေကိုလဲ လျှော့သင့်ပါတယ်။ ဒါတွေဟာ တုန့်ပြန်မှုနှုန်းနဲ့ အာရုံစိုက်မှုကို လျော့ကျစေနိုင်ပါတယ်။

ဆိုက်ရောက်ချိန် (arrival phase) မှာ လုံခြုံရေးအဖွဲ့တဖွဲ့လုံးက အဆင်သင့်အနေအထား ရှိဖို့ လိုအပ်ပါတယ်။ ယာဉ်ကို မရပ်နားခင်မှာ ပတ်ဝန်းကျင်အခြေအနေကို စနစ်တကျ လေ့လာဖို့ လိုအပ်ပါတယ်။ ရှေ့ပြေးလွှတ်ထားရင် ဆက်သွယ်ရေးစက်နဲ့ အခြေအနေကို ကြိုတင်မေးမြန်းထား ရပါမယ်။ ကားမောင်းသမားတွေက ယာဉ်မောင်းထိုင်ခုံတွေမှာ အဆင်သင့်ရှိနေပြီး၊ ကားစက်ကိုလဲ မသပ်ရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ကားတံခါးက ပိတ်ထားရပါမယ်။ လုံခြုံရေးအဖွဲ့ နေရာယူပြီးမှ အရေးပါပုဂ္ဂိုလ်ရဲ့ ကိုယ်ရံတော်က ကားထဲက ထွက်ပြီး၊ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြည့်ပြီးမှ ကာားတံခါးကို ဖွင့်ပေးရပါမယ်။ လုံခြုံရေးအဖွဲ့ဟာ ဒီအချိန်မှာ အရေးပါပုဂ္ဂိုလ်ကို ၀န်းရံစောင့်ရှောက်ဖို့ လိုပါတယ်။ ဒါပေမယ့် အရေးပါပုဂ္ဂိုလ်ဆီမှာ မျက်လုံးတွေကို ထားရမှာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်နဲ့ ပရိသတ်ကို ကြည့်ရမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ပြီးအချိန် (post-arrival phase) ကလဲ လုံခြုံရေးအတွက် အရေးကြီးပါတယ်။ သတ်မှတ်နေရာမှာ အရေးပါပုဂ္ဂိုလ်ရောက်ပြီးတာနဲ့ လုံခြုံတဲ့ နေရာမှာ ကားကို သွားရပ်ရမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေဟာ ကားနဲ့အတူ ရှိနေရမှာ ဖြစ်ပြီး၊ ကားကနေ ခေတ္တခွာမယ်ဆိုရင် အခြားလုံခြုံရေး အဖွဲ့ဝင်ကို လူစားထိုးပြီးမှ ခွာသွားရမှာ ဖြစ်ပါတယ်။ ကားအင်ဂျင်နဲ့ တာယာတွေကို စစ်ဆေးဖို့ လိုအပ်ပြီး၊ အချိန်မရွေးပြန်လည်ထွက်ခွာဖို့ အဆင်သင့် ရှိနေရန် လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်း ယာဉ်မောင်းအရည်အချင်းများ
တာဝန်ယူမှု
ဆုံးဖြတ်နိုင်စွမ်းရှိမှု
သွေးအေးမှု
မတွေဝေမှု
ဖြတ်ထိုးဥာဏ်ရှိမှု
စတီယာရင် နိုင်နင်းမှု
လမ်းကျွမ်းကျင်မှု
လုံခြုံရေး အတွေ့အကြုံရှိမှု
အရေးပေါ်အချိန်တွင် မိမိရည်ရွယ်ချက်ကို အခြားအဖွဲ့ဝင်များထံ အချက်ပြဆက်သွယ် ပေးနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု
DEFENSIVE, OFFENSIVE, EVASIVE DRIVING Skills များကို ကျွမ်းကျင်ပိုင်နိုင်မှု

နိဂုံး

မော်တော်ယာဉ်တန်း လုံခြုံရေးဟာ အရေးပါပုဂ္ဂိုလ်တွေရဲ့ မြို့တွင်းအသွားအလာ၊ ပြည်တွင်းစည်းရုံးရေး ခရီးစဉ် စတာတွေမှာ အလွန်အရေးကြီးပါတယ်။ အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားတွေ ဘယ်လောက်ပဲ ရှိပေမယ့်၊ သတိတချက် လွတ်သွားတာကြောင့် အသက်ပေးလိုက်ရတဲ့ ဖြစ်ရပ်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။ ဒါကြောင့် မော်တော်ယာဉ်တန်းလုံခြုံရေးကို အရေးပါပုဂ္ဂိုလ်များအပါအ၀င်၊ လုံခြုံရေး တာဝန်ရှိသူများမှ အသိရှိရှိ၊ သတိရှိရှိနဲ့ အာရုံထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

နောက်ဆက်တွဲ

မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရသည့် static ambush, mobile ambush များနှင့် မည်သို့မည်ပုံ ကာကွယ်ရမည့် အချက်များကို မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဆောင်းပါးတွင် ဆက်လက်ရေးသားဖော်ပြမည် ဖြစ်ပါသည်။

ခင်မမမျိုး (၁၊ ၆၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

တော်လှန်စစ်

Sunday, May 22, 2011

နိဒါန်း

တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှုမရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ် ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာအခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။



တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း

နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေးပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးနဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေးအဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆိုတတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲတော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန်ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာသိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နားမှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။


အတွေးအခေါ်နှင့် ယုံကြည်ချက်

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေးသမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေးသမားတွေဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက်ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေးသမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ်တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။


ပြည်သူသာ အခရာ

တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိတတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထုထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်

တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အား ဖြစ်နိုင် ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက်ကို ကြိုတင်သဘောတူ ညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲကာလ နိုင်ငံရေးဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဍာန်

နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဍာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအများစုမှာတော့ တော်လှန်စစ်သဏ္ဍာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက်ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက်လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ အုတ်မြစ်ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ်မရှိ၊ အကာအရံမရှိပဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာတခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်းရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

songs

Thursday, May 19, 2011






(www.youtube.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

နောက်ဆုံးထွက်သက် (ကဗျာ)

Sunday, May 15, 2011

နောက်ဆုံးထွက်သက်

အပြည့်အစုံဖတ်ချင်ရင်..>>>

တစစီ ပြန့်ကျဲလို့

Sunday, May 8, 2011

ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊ တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။ ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။



ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော် စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက် ၀ယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊ တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။

ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့် အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။

ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့ သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။

သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarcho-capitalism စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international communism, national socialism, international socialism, social democratism, social republicanism, capital democratism, capital republicanism, Progressive Neoliberalism, Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။

ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government ဖြစ်ဖို့အတွက် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့ လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့် နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။

ပရော်ဖက်ဆာ သင်ကြားပို့ချပေးခဲ့တဲ့ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း (သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။ အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊ အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့ မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ လားရာမတူတဲ့ ပန်းတိုင်တွေနဲ့ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။

အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့် (individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies တွေပေါ်မှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့ ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို မဟာမိတ်တပ်ပေါင်းစုအသွင် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့ ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခဲ့ပါတယ်။

သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊ တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ မရှိတော့ပါဘူး။

သားက ဘာပုံလိုချင်တာလဲလို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။

"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတွေကို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။

သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစစီ ပြန့်ကျဲလို့.......................။


ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

အကျင့်ဆိုး (တေးရေး- ရွှေတိုင်ညွှန့်)

Thursday, May 5, 2011

ရေး- ရွှေတိုင်ညွှန့်


ဆို- သန်းမြတ်စိုး



အလုပ်လုပ်ရာဝယ် အစက သာရယ်


အဆုံးထိအောင်ပင် မကြံချင်တယ်


အာလျှော့တာရယ် ပေါ့ရော့တာရယ်


အဲ့ဒါ အကျင့်ဆိုးတဲ့။


တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို


အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်


နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်


ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်


မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်


ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်


Cho:

(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်


ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်


သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ်


ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်


သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်


အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်


ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် )


အလိုက်မသိတာတွေရယ်


ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်


ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်


ဆရာ့ကိုလည်း ပစ်ခါပယ်၊


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။


ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊


မြန်မာနိုင်ငံကြီးကို တကယ်၊


ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ


ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။


Cho:

......

......


သီချင်းနားထောင်ရန်-




Ah Kyint Sho- Than Myat Soe by KoMyoe ဒီဇိုင်း ကိုမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

" ဟော- ဟိုမှာ "

Tuesday, May 3, 2011

ဟော- ဟိုမှာ

ကလေးငယ်လေးတစ်ယောက်၊

မန္တလေးမြစ်ဆိပ်က

ကျူးကျော်ရပ်ကွက်လေးမှာ

သူနေတယ်။


သူ့အလုပ်က

"ညဘက်ဆိုရင်

ကုန်စိမ်းဒိုင်ကိုလာတဲ့

ကုန်ကားတွေပေါ်က

ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို

အလစ်သွားသုပ်တယ်၊

နံနက်ဘက်ကျတော့

အမှိုက်ကောက်တယ်၊

နေ့လည်ကျတော့

တောင်းစားတယ်" တဲ့လေ။


ပညာသင်ပေးချင်တဲ့

စေတနာဆရာမလေးကို

သူပြောလိုက်တဲ့စကားက

"စားဖို့တောင် အနိုင်နိုင်

စာဘယ်လိုသင်နိုင်မှာလဲ

အစ်မရယ်" တဲ့။


ဘ၀အမောတွေနဲ့

နွမ်းလျနေတဲ့

ဒီကလေးငယ်လေးကို

အချိုရည်လေး တခွက်နဲ့

အမောဖြေစေတော့

"အဖွားကို တိုက်ချင်လို့

အိတ်နဲ့ထည့်ပေးလို့ ရလား" တဲ့။


သြော်- ခေတ်စနစ်ဆိုးရဲ့

အရိပ်မည်းတွေအောက်မှာ

ကလေးငယ်လေးတွေရဲ့

အနာဂတ်တွေလဲ

ပျောက်ဆုံးလို့။


ခင်မမမျိုး (၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

မရေရာမှုများစွာ

Sunday, May 1, 2011

ဖြစ်ရပ် (၁)


စာသင်ခန်း တခုမှာပါ။
ဖြန်းခနဲ အသံနဲ့အတူ သူမ လက်ဝါးတခုလုံး ပူထူသွားပါတယ်။ နာကျင်မှုကြောင့် လက်ကို ရုတ်လိုက်ချင်ပေမယ့်လဲ မရုတ်ရဲ။ ကိုယ့်အပြစ်ကိုယ် သိနေတာကြောင့် ကြိမ်ချက်များကို အံကြိတ်ခံနေ လိုက်ရပါတယ်။

ဆရာမ ကျက်ခိုင်းလိုက်တဲ့ စာကို သူမသေချာ မကျက်ထားမိပါ။ တခေါက်၊ နှစ်ခေါက်သာ ဖတ်ထားခဲ့ပါတယ်။ အချက်အလက်တချို့ကို မှတ်မိနေပေမယ့် စိတ်ထဲမှာတော့ ၀ိုးတ၀ါးပါပဲ။ ဒါပေမယ့် စာမရတဲ့လူတွေ မတ်တပ်ရပ်ဆိုတော့လဲ သူမ မရပ်မိ။ ရပ်လိုက်မိရင်တော့ မတ်တပ်ရပ်ရ ရုံလောက်နဲ့ပဲ ပြီးသွားခဲ့မှာပါ။



အခုတော့ ဒီလိုမဟုတ်။ ဆရာတွေဆိုတာကလဲ တပည့်ရဲ့ မျက်နှာနဲ့ မူဟန်တွေကို မြင်ရုံနဲ့ ဖတ်တတ်သည်လားမသိ။ ခါတိုင်း မေးနေကျမဟုတ်ပဲ ကောက်ခါငင်ခါ ထမေးတော့ သူမမှာ မရေမရာ။ နောက်ဆုံးတော့ တုတ်နဲ့ လက်ဝါးတွေ့ကုန်ကြပါတော့တယ်။

ဒီလိုနဲ့ နောက်တနေ့ နံနက် ကျောင်းအ၀င် ဂိတ်ဝမှာ ဆရာမစောင့်တာမို့ ထပ်ဆုံတော့၊ ဆရာမ စိတ်ဆိုးပြေသည်လား၊ မပြေသေးဘူးလား မသိတာကြောင့် မရဲတရဲနဲ့ပဲ နှုတ်ဆက်လိုက်မိပါတယ်။ ဆရာမက ခပ်တည်တည်ပါပဲ။ ဒီနေ့စာကျက်လာလားလို့ မေးပါတယ်။ ကျက်လာပါတယ်လို့ သူမကလဲ အမြန်ဖြေရပါတော့တယ်။ ဒီတော့မှ ဆရာမက သူမ ပုခုံးကို လှမ်းပုတ်လိုက်ရင်း

"ကိုယ့်ကိုကိုယ် ဘယ်တော့မှ မလိမ်နဲ့ သမီး။ ကျက်ထားတဲ့ စာတွေကို ၀ိုးတ၀ါးဖြစ်နေရင် revision ပြန်ပြီး သေချာရအောင်လုပ်၊ အချိန်အတိုင်းအတာတခုမှာ မရနိုင်သေးဘူးဆိုရင်လဲ မရဘူးပေါ့။ ပြတ်ပြတ် သားသား ၀န်ခံရဲရမယ်။ ရသလိုလို၊ မရသလိုလိုနဲ့ ကိုယ့်ဘာသာကိုယ် လိမ်နေတဲ့လူဟာ သူများတွေကိုလဲ လိမ်နေမိတတ်တယ်၊ အများရှေ့မှာ ဟန်ဆောင်နေမိတတ်တယ်။ အဲဒါဟာ သူတပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ မနေ့ကဆိုရင်ပဲကြည့်။ ဆရာမက မတ်တပ်ရပ် ခိုင်းတော့ သမီး မရပ်ဘူးနော်။ တကယ်မေးတော့ ဘာမှ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဖြစ်သလို၊ ဆရာမကိုလဲ လိမ်တာပဲ။ ထိုင်နေသူတွေ စာရလိမ့်မယ်ဆိုတဲ့ ဆရာမရဲ့ မျှော်လင့်ချက်နဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာပဲ။ သမီးကို ဆရာမရိုက်တာ စာမရလို့ ရိုက်တာ မဟုတ်ဘူး။ ၀ိုးတ၀ါးလုပ်နေလို့ ရိုက်တာ။ ရေလယ်မှာ လှေမှောက်ရင် ကမ်းတခုခုကို ရောက်အောင် ကူးရမှာပဲ သမီး။ အဲဒီကမ်းဟာ ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ထွက်လာတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်းတခုခုပေါ်ရောက်သွားဖို့ကသာ အဓိကကျတယ်။ ဒီလိုအချိန်မှာ ရေထဲမှာ တ၀ဲလည်လည် လုပ်နေလို့ မရဘူး။ ဆရာမပြောတာကို သမီး နားလည်လား"

ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စကားလုံးတွေပါ။

ဖြစ်ရပ် (၂)

"သမီးဘာဖြစ်နေတာလဲ။ ဖုန်းနားက ခွာတယ်ကို မရှိဘူး၊ ညသန်းခေါင်ရောက်နေပြီ။ အိပ်တော့လေ။ နက်ဖြန် စာသွားသင်ရဦးမှာ မဟုတ်လား"
"မအိပ်နိုင်သေးပါဘူး မေမေရယ်၊ စပေါ့တွေ စောင့်နေတာ"
"ဟေ"

မေမေက ပြူးတူးပြဲတဲနဲ့ သူမကို ပြန်ကြည့်ပါတယ်။

"မေမေကြည့်မယ်ဆိုလဲ ကြည့်လောက်ပါရဲ့။ ကိုယ်တိုင်စာမေးပွဲ ဖြေတုန်းကတောင် စပေါ့တွေကို စိတ်သိပ်မ၀င်စားတဲ့ သူမတယောက်၊ စာသင်မိတော့မှပဲ တပည့်တွေစာမေးပွဲဖြေခါနီးညမှာ စပေါ့ စောင့်နေရတဲ့ အဖြစ်ပေကိုး"

မေမေက သူမဘေးမှာ ၀င်ထိုင်ပါတယ်။ ပြီးတော့ ခပ်တိုးတိုးမေးတယ်။
"အဲဒီစပေါ့တွေကို သမီးယုံလား" တဲ့။

ဒီတခါ ပြူးတူးပြဲတဲ ဖြစ်သွားတာကတော့ သူမကိုယ်တိုင်ပါ။ တပည့်လေးတွေက "မမ စပေါ့ရရင် သမီးတို့ဆီ ဖုန်းဆက်နော်၊ စောင့်နေမယ်"လို့ ပြောကြလွန်းလို့၊ စပေါ့ထိုင်စောင့်ပေးနေမိတာပါ။ ဒီစပေါ့တွေကို ယုံသလားလို့ ကိုယ့်ဘာသာကိုယ်တောင် ပြန်မမေးမိ။

"သေချာတပ်အပ်ကြီးတော့ ပြောလို့ မရဘူးမေမေ။ အမျိုးမျိုးတော့ ထွက်နေတာပဲ။ ပါတာလဲရှိ၊ မပါတာလဲ ရှိမှာပေါ့"
"မေမေမေးနေတာက အဲဒါတွေ ပါလာမယ်လို့ သမီးယုံသလားလို့"
"ယုံတယ်လဲ မဟုတ်ဘူးမေမေ၊ မယုံဘူးလဲ မဟုတ်ဘူး။ ဒါပေမယ့် စာမေးပွဲဖြေခါးနီးညမှာ စပေါ့လိုက်တာတွေကတော့ ထုံးစံလို ဖြစ်နေတာမို့ သမီးလဲ လိုက်လုပ်နေတာပါ"
"ဒါဆို သမီးစိတ်ထဲမှာ မရေမရာ ဖြစ်နေတယ်ပေါ့"
"အဲလိုပဲ ပြောရမယ်ထင်တယ်"

"ကိုယ်တိုင် မရေမရာ ဖြစ်နေတဲ့ ကိစ္စတွေကို သူများတွေကို ဘာလို့ ချပြချင်ရတာလဲ သမီးရယ်"
"ကလေးတွေက စောင့်နေကြတယ် မေမေ။ သူတို့က လိုချင်နေတာကို သမီးက မပေးရင်၊ သူတို့ ဘယ်ကျေနပ်မလဲ"
"သမီးရဲ့ အလုပ်က သူတို့ကျေနပ်အောင် လိုက်လုပ်ပြဖို့လား"
"မေမေဘာကို ဆိုလိုတာလဲ"

"သမီးအလုပ်က Guide လေ။ သူတို့ စာတွေကို ကြေညက်အောင်၊ စာမေးပွဲအောင်အောင် လမ်းညွှန်ပြင်ဆင်ပေးရတာ။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူး။ သူတို့ လိုအပ်တာကို လမ်းညွန်ပေးရမှာ။ သမီး တတ်နိုင်သလောက် တနှစ်ပတ်လုံး ဒါတွေ လုပ်ပေးခဲ့တယ်ဆိုတာ မေမေယုံကြည်တယ်။ ခုလို စာမေးပွဲ မဖြေခင်ညမှာ သမီးတို့အကြားမှာ ရှိနေရမှာကလဲ ဒီလိုယုံကြည်ချက်ပဲ။ သမီးဆီမှာ ငါ့ကလေးတွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ပြီးပြီဆိုတဲ့ ယုံကြည်ချက်၊ သမီးရဲ့ တပည့်လေးတွေဆီမှာလဲ ငါတို့ စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီဆိုတဲ့ ယုံကြည်ချက်။ ခုကျတော့ သမီးတို့က ဒီလိုမဟုတ်ဘူး။ တပည့်တွေကလဲ ငါတို့ ကျက်ပြီးသလောက်နဲ့ ဖြစ်ပါ့မလား၊ အသစ်ထပ်ကျက်ထားဖို့တွေများ လိုမလား၊ မကျက်ထားတာတွေ ပါလာမလားလို့ တွေဝေနေတယ်။ သမီးကိုယ်တိုင်ကလဲ အဲဒီတွေဝေမှုတွေကို ထိန်းကျောင်းပေးပြီး၊ သူတို့ယုံကြည်ချက်တွေ ရှိလာအောင် မလုပ်ပေးပဲ၊ စပေါ့လိုက်ပေးနေတယ်။ သမီးကိုယ်တိုင်တောင် ဇဝေဇ၀ါ မရေမရာဖြစ်နေတာတွေကို တပည့်တွေကို လိုက်လုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီစပေါ့တွေ ရလာရင် သမီးတို့ ဘာလုပ်ကြမလဲ။ ငါတို့ပြင်ဆင်ထားတာတွေ ဟုတ်မဟုတ် ပြန်ကြည့်ကြမယ်၊ မပြင်ထားတာတွေ ဖြစ်နေရင် သမီးက လိုက်အဖြေရှာမယ်၊ ဖုန်းနဲ့ အဖြေတွေ၊ မှတ်စုတွေ ပေးမယ်။ ဟိုက ကလေးတွေက လိုက်ကျက်ကြမယ်။ ခု ဘယ်နှစ်နာရီ ထိုးနေပြီလဲ။ သန်းခေါင်ဖြစ်နေပြီ။ ဒါတွေကို တညလုံး မအိပ်မနေ လုပ်ကြမယ်ဆိုရင် သမီးတပည့်လေးတွေ စာမေးပွဲခန်းထဲမှာ ဘာဖြစ်သွားမယ် ထင်သလဲ။ စပေါ့တွေ တိုးတာ၊ မတိုးတာတော့ မသိဘူး။ လူတွေတော့ အိပ်ချင်မူးတူးနဲ့ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်လိမ့်မယ်။ တနှစ်လုံး ပြင်ဆင်ထားတာတွေ ပါလာရင်တောင် သေသေချာချာ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ မရေမရာ အလုပ်တွေဟာ ရှေ့ပိုင်းမှာ ပြင်ဆင်ထားခဲ့တာတွေအားလုံးကို အလဟဿ ဖြစ်သွားစေနိုင်တယ်နော် သမီး"

"မေမေ ပြောတာကို သမီး နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေက သမီးကို အားကိုးနေကြတယ်"
"ဒီလို ဆိုရင်တော့ သမီးကို ညံ့တယ်လို့ပဲ မေမေ သတ်မှတ်ရလိမ့်မယ်"

"ရှင်"

"သူတို့တွေက အားကိုးခံရတာကို ဂုဏ်ယူစရာလို့ သမီးထင်နေလား။ သူတို့တွေက သမီးကို အားကိုးတယ် ဆိုကတည်းက သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် သမီးက လမ်းညွှန်မပေးခဲ့လို့ပေါ့။ ခုဆိုကြည့်- စပေါ့လိုက်ပေးဖို့ ဂိုက်ကို အားကိုးတယ်။ ဂိုက်က အားကိုးခံရတယ် ဆိုပြီး၊ ကိုယ်တိုင်တောင် မရေမရာ မသေမချာဖြစ်နေတဲ့ အရာတွေကို သူတို့ကို ပြန်ချပေးတယ်။ ကိုယ့်ကို အားကိုးခံရတယ်ဆိုပြီး၊ မရေမရာကိစ္စတွေကို မသိနားမလည်သူတွေကို လိုက်လုပ်ခိုင်းတာ သိပ်အန္တရာယ်ကြီးတယ်နော်သမီး။ ကလေးတွေ ရှေ့ရေးထိခိုက် သွားလိမ့်မယ်။ သမီးအလုပ်က စာမေးပွဲအောင်အောင် လမ်းညွှန်ပြရမယ့်အလုပ်၊ ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပေး ရမယ့်အလုပ်၊ သူတို့လမ်းမှားလိုက်နေရင် လမ်းမှန်ပြပေးရမယ့်အလုပ်။ မဖြစ်နိုင်မှန်း သိနေရက်နဲ့ သူတို့ကျေနပ်အောင် လိုက်လုပ်ပေးနေရမယ့် အလုပ်မဟုတ်ဘူး။ မရေမရာကိစ္စတွေကြောင့် သမီးတို့ ရှေ့မှာ ပြင်ဆင်ထားတာတွေ အားလုံးအလဟဿဖြစ်သွားမှာကို မေမေ သိပ်စိုးရိပ်တာပဲ"

ဘ၀မှာ အတွေးအခေါ်သစ်လေးတချို့ကို ၀င်သွားစေခဲ့တဲ့ ညတညပါ။

ဖြစ်ရပ် (၃)

"တနေ့က မျိုးမျိုးပြောတဲ့ လုပ်ငန်းကိစ္စကို မမကြီး စိတ်ဝင်စားတယ်။ အသေးစိတ် ပြန်ပြောပါဦး"
မမကြီးမေးလာတာမို့ လုပ်ငန်းတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို အားပါးတရ ပြောပြမိပါတယ်။ အခွင့်အလမ်းတွေ၊ အလားအလာတွေကို ပြောပြနေတာကို မမကြီးက စိတ်ဝင်တစားနဲ့ နားထောင်ပေးပါတယ်။

"ဒါပဲလား ငါ့ညီမ"

အားလုံးပြောပြီးချိန်မှာ မမကြီးက အဲလိုပြောလိုက်တော့ သူမစိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘာများကျန်ခဲ့ပါလိမ့်ဆိုပြီး၊ အပြေးအလွှားဆန်းစစ်နေမိတယ်။ မမကြီး ဘာကို သိချင်တာပါလိမ့်လို့လဲ တွေးမိတယ်။
"အလုပ်တခုမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် risks တွေကိုကော ဆန်းစစ်ပြီးပြီလား"
"ဒါကတော့ မမကြီးရယ်။ အလုပ်လုပ်ရင်တော့ risks ဆိုတာ ရှိမှာပဲ။ risks ကို ကြောက်နေလို့မှ မရတာ။ အချိန်ကုန်ခံ ဆန်းစစ်ဖို့ လိုလို့လား"

"မျိုးမျိုး ပြောသလိုပါပဲ။ risks ကို ကြောက်လို့ မရဘူး။ risks ဆိုတာ အလုပ်တိုင်းမှာ ရှိမှာပဲ။ risks ဆိုတာကိုက မသေချာ၊ မရေရာမှု (uncertainty) က ထွက်ပေါ်လာတဲ့ အရာတွေပဲ။ ဒါပေမယ့် risks ဆိုတာမှာ ထိန်းချုပ်လို့ ရတာ ရှိတယ်၊ ထိန်းချုပ်လို့ မရတာလဲ ရှိတယ်။ လက်ခံလို့ရမယ့် အတိုင်းအတာ ဆိုတာ ရှိသလို၊ ရှောင်ကြဉ်ရမယ့် အတိုင်းအတာလဲ ရှိတယ်။ အခု မမကြီးတို့ စီးပွားရေး လုပ်နေတယ်။ လုပ်ပြီဆိုကတည်းက ဈေးကွက်နဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ၊ ငွေဈေးအတက်အကျနဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ ကြုံနေရတာပဲ။ ဒီအထဲမှာမှ ဘာတွေက ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်၊ ဘာတွေက နည်းနည်းလေးပဲ ထိခိုက်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြား သိထားရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ စီမံထားလို့ရတာပေါ့။ ခရီးထွက်တဲ့အခါ ဖြစ်ချင်ရာဖြစ် သဘောထားပြီး ထွက်တာထက်စာရင် လမ်းမှာ ကားပျက်နိုင်တယ်၊ ကားဘီးပေါက်နိုင်တယ်၊ လုယက်ခံရနိုင်တယ် စတဲ့ risks တွေ ရှိနိုင်မယ်လို့ ကြိုတင်တွက်ဆထားတာက မကောင်းဘူးလား"

"ဒါပေမယ့် ဒီလို risks တွေကို ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်လာနိုင်ဘူးလား။ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပေါ့"

"တစ္ဆေကြောက်စရာ မလိုပေမယ့် ချော်လဲနိုင်တဲ့ အခွင့်အရေးပိုများတယ်ဆိုတာကိုတော့ ငါ့ညီမ လက်ခံ တယ်မလား"
ငြင်းလို့ မရတာကြောင့် သူမ ခေါင်းညိတ်လိုက်မိပါတယ်။

"ကဲပါ။ မမကြီးတို့က စကားပုံတွေနဲ့ စကားနိုင်လုနေကြရမယ့် အရွယ်တွေမှ မဟုတ်တာ။ စကားပုံကိစ္စအသာထား။ ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်နိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပဲ မမကြီး ပြောချင်တယ်။ risks ကို သိတာနဲ့ ကြောက်တာက မဆိုင်ဘူး မျိုးမျိုး။ risks ကို သိလာတဲ့အခါ ဒါဟာ ဘယ်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ ပြင်ဆင်မှု လုပ်လို့ရမလဲဆိုတာကို သိလာနိုင်တယ်။ ဥပမာ- ကားပျက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစားထားရင်၊ မသွားခင်ကတည်းက ကားစစ်ဆေးမှု လုပ်သွားနိုင်တယ်၊ မတော်တဆ ပျက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အရေးပေါ် လုပ်နည်းလုပ်ဟန်တွေကို ကြိုတွေးထားနိုင်တယ်။ ကားဘီးပေါက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစား ထားရင် အပိုဘီး ဆောင်ထားတာတွေ၊ ကားဘီးလဲတတ်အောင် သင်ယူထားတာတွေ လုပ်နိုင်တယ်။ ဒါကတော့ ထိန်းချုပ်လို့ရတဲ့ controllable risks တွေပေါ့။ ဒါပေမယ့် uncontrollable risks တွေလဲ ရှိတယ်။ ဥပမာ- ဓားပြတိုက်ခံရတာမျိုးပေါ့။ ဒါမျိုးကျတော့ ဖြစ်နိုင်ချေ (probabilities) တွေ ထည့်စဉ်းစားဖို့ လိုလာပြီ။ လမ်းခရီးအခြေအနေတွေကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒီမှာမှ high risk ရှိနေတယ်ဆိုရင်တော့ သွားမယ့် ခရီးစဉ်ရဲ့ လိုအပ်မှု၊ အသုံးဝင်မှုနဲ့ risk ကြောင့် သက်ရောက်လာမယ့် ဆိုးကျိုးတွေကို ချိန်ဆဖို့ လိုလာပြီ။ ဒီတော့မှ သွားမယ်၊ မသွားဖူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရလိမ့်မယ်။ ဒါကြောင့် မမကြီးက risks ကို ထည့်စဉ်းစားပြီးပြီလားလို့ မျိုးမျိုးကို မေးနေတာ"

ဒီတုန်းက မမကြီးစကားတွေဟာ စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ပြောခဲ့ပေမယ့်၊ တခြားနေရာ တွေမှာလဲ အသုံးဝင်တယ်ဆိုတာ သူမနောက်မှ သိခဲ့ရပါတယ်။

ဖြစ်ရပ် (၄)

"စစ်ပွဲတခုရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး သွင်ပြင်လက္ခဏာ တရပ်က ဘာလဲ"
ဆရာ့စကားအဆုံးမှာ သူမတို့တွေ ကိုယ်စီအတွေးတွေနဲ့ လက်ထောင်မိကြတယ်။ စစ်ဗျူဟာ အခင်းအကျင်း၊ ထောက်လှမ်းရေးသတင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ တာဝန်ကျေပြွန်မှု၊ ကျွမ်းကျင်မှု စသဖြင့် အတွေးအမြင်တွေကို ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဆရာလိုချင်တဲ့ အဖြေကိုတော့ သူမတို့အားလုံး ဘယ်သူက မဖြေနိုင်ခဲ့ကြဘူး။ ဆရာ့အဖြေက uncertainty ဆိုတဲ့ မရေရာ၊ မသေချာမှုပါပဲ။ စစ်စကားအရဆိုရင်တော့ Fog of War ပါ။ ဒီလို မရေရာမှုတွေကြောင့်၊ စစ်ပွဲတွေမှာ အနိုင်ရရေးနဲ့ ပတ်သက်ပြီး စီမံချက်မျိုးစုံကို ချမှတ်လို့ ရပါတယ်။ ဒီစီမံချက်တွေအားလုံးဟာ၊ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ရှုထောင့်နဲ့ ဘယ်စီမံချက် မှန်ကန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို လုပ်ငန်းတွေကို စီမံချက်တခုအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် စစ်ပွဲကို ထိထိရောက်ရောက် အောင်မြင်စေမလဲဆိုတာကသာ တပ်မှုးတွေ ဆုံးဖြတ်ချက်ချရမယ့် အရေးကြီးဆုံး အရာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ရေးစီမံချက်ဆိုင်ရာ အဆင့်ဆင့်ဖြစ်စဉ်တွေ၊ ပြဿနာတွေ၊ war gaming နဲ့ decision-theoretic planning တွေကို ဆရာက အကျယ်တ၀င့် ဆက်ရှင်းပြခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတဲ့ Operations Research (OR) Planning ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပြီး၊ Markov Decision Process (MDP) မှာ အခြေခံတဲ့ စီမံချက်ရေးဆွဲမှုတွေကိုလဲ သင်ကြားပေးခဲ့ပါတယ်။ မရေရာမှုတွေဟာ double edged sword လိုပဲ အခွင့်အလမ်းတွေကိုလဲ ဖန်တီးပေးနိုင်သလို၊ အရာရာကိုလဲ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာကို သင်ခန်းစာများစွာနဲ့ သင်ကြားပြပေးခဲ့ပါတယ်။

“Effects Based Operations (EBO) ဆိုတာ မျက်မှောက်ခေတ် စစ်ဆင်ရေးစီမံချက်တွေမှာ အသုံးဝင်လာတဲ့ ရလဒ်အခြေပြု (outcome-centric) သဘောတရားဖြစ်တယ်။ သူ့ရဲ့ အခြေခံသဘောတရားက ဘာလုပ်ရမယ်ဆိုတာက မစပဲ၊ ပန်းတိုင်ကနေ စပြီး စဉ်းစားရတယ်။ ဥပမာ- စစ်ပွဲမှာ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲ။ ခံစစ်စွမ်းရည်၊ တိုက်စစ်စွမ်းရည်နဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားဖို့ လိုအပ်မယ်။ တခုချင်း ပြန်ပြီး စဉ်းစားကြည့်ရအောင်။ တိုက်စစ်စွမ်းရည်ကျဖို့ ဘာတွေ လုပ်နိုင်ဖို့ လိုမလဲ။ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ Airfield တွေကို ဖျက်ဆီးရမယ်။ ထောက်ပို့စွမ်းရည် ကျဆင်းအောင် လုပ်ရမယ်။ ခြေလျင်တပ်တွေကို ရွေ့လျားသွားလာနိုင်မှု နှေးကွေးအောင် လုပ်ရမယ်။ ဒီအတွက် တခုချင်းဆီမှာ သီးခြားလုပ်ဆောင်ရမယ့် စီမံချက်လေးတွေရှိတယ်။ ခံစစ်စွမ်းရည်ကျဖို့ကို ဆက်စဉ်းစားကြည့်ရအောင်။ ရန်သူရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရေဒါတွေ ပျက်စီးသွားအောင် လုပ်ရမယ်။ ရန်သူ့တပ်တွေကို ချေမှုန်းရမယ်။ တပြိုင်တည်းမှာပဲ စိတ်ဓာတ်စစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်။ ဘယ်လိုအခြေအနေတွေမှာ စိတ်ဓာတ်ကျဆင်းအောင် လုပ်လို့ ရနိုင်မလဲ။ ခေါင်းဆောင်မှု အားနည်းချက်နဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေမှုတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အဓိက လက်နက်တွေ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ commander capability လျော့သွားအောင် လုပ်ဖို့နဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကို အသုံးပြုပြီး အတွေးအခေါ် ရှုပ်ထွေးစေမှုတွေကို ဟန်ချက်ညီလုပ်နိုင်ရင် ရန်သူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ယူလို့ ရနိုင်မယ်"

ဆရာက ဒီစကားတွေကို နှုတ်ကလဲပြော၊ slide show နဲ့ နမူနာပုံတွေကို ပြသခဲ့သလို၊ ကွန်ပျူတာလက်တွေ့သင်ခန်းစာ အချိန်မှာလဲ Probabilistic Graphic Models တွေကို အသုံးပြုပြီး၊ စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။

ဘ၀ ရပ်တည်မှု အလုပ်အကိုင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။

နိဂုံး

ဘ၀မှာ မရေရာ၊ မသေချာမှု (uncertainty) နဲ့ ပတ်သက်ပြီး၊ လူအမျိုးမျိုးဆီက အတွေးအမြင်များစွာကို ရခဲ့ဖူးပါတယ်။ အယူအဆတွေကတော့ အမျိုးမျိုးပါပဲ။ အမှန်တရားဆိုတာကလဲ ရှာဖွေလေ၊ ခက်ခဲလေ။ဘယ်လိုပဲဖြစ်ဖြစ် မသေချာ၊ မရေရာတဲ့ လောကကြီးမှာ ဘယ်သူ့အမြင်၊ ဘယ်သူ့အတွေး၊ ဘယ်သူ့အလုပ်ကက မှန်ကန်တယ်ဆိုတာ သေချာပေါက်မပြောနိုင်ပေမယ့်၊ လက်တွေ့မှာ အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေကို အသုံးပြုရင်းနဲ့ မရေရာ၊ မသေချာမှုတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ် ဆိုရင်ဖြင့်---------------------။


ခင်မမမျိုး (၁၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP