ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

စနေသင်တန်းလေး

Saturday, February 9, 2008

အပတ်စဉ်တိုင်း စနေနေ့ဆိုရင် ကျွန်မတို့ဆီက college လေးတခုမှာ ဖွင့်ထားတဲ့ Freelance Journalism ဒီပလိုမာသင်တန်းလေး တခုကို သွားသွားတက်ဖြစ်တယ်။ ကလေးအမေတွေ ပညာရေးတခုခုလုပ်ဖြစ်အောင် စနေ၊ တနင်္ဂနွေဆို ဒီလိုသင်တန်းလေးတွေ ရှိတတ်တယ်။ တချို့ကလဲ ပန်းအလှပြင်တာတို့၊ မုန့်လုပ်တာတို့ပေါ့။ ကွန်ပျူတာသင်တန်းတွေလဲ ရှိတယ်။ အစုံပဲ။ ကလေးလေးတွေကို ကျောင်းက ထိန်းပေးတယ်။ အားလုံးသူလိုကိုယ်လို ကလေးအမေတွေချည်းပဲဆိုတော့ ကိုယ့်ကလေးအကြောင်း၊ သူ့ကလေးအကြောင်းတွေလဲ အားချိန်ဆို ပြောဖြစ်၊ ဖလှယ်ဖြစ်တာပေါ့။ ပညာလဲရ၊ မိတ်ဆွေလဲရတယ်လေ။

ဒီနေ့တော့ ကျောင်းမှာ စာရေးသားခြင်းစတိုင်နဲ့ပတ်သက်တာလေးတွေ သင်ပြီး၊ နေ့လည်ပိုင်းမှာ စာကြည့်တိုက်ထဲက ကြိုက်တဲ့ ဆောင်းပါးတိုလေးတခုကို ဖတ်ပြီး၊ အဲဒီစတိုင်အတိုင်း၊ theme တူတဲ့ ကိုယ်ရေးချင်တဲ့အကြောင်းအရာဆောင်းပါးတိုလေးကို ပြန်ရေးရတယ်။ ဘာလိုလိုနဲ့ နောက်နှစ်လဆို ဒီသင်တန်းလေးလဲ ပြီးတော့မယ်။ အားအားယားယား ကုန်ဖူးတဲ့ စနေနေ့လေးတွေကို ပြန်နှမျောမိတယ်။ အမှတ်ကောင်းရင် အဆင့်မြင့် ဒီပလိုမာ ဆက်တက်လို့ရတယ်တဲ့။ အဲဒီကျရင် specialization ရွေးရမယ်ဆိုပဲ။ Fiction writing ရွေးမယ်လို့ စိတ်ကူးတာပဲ။

ဒီနေ့ရေးဖြစ်တဲ့ ဆောင်းပါးတိုလေးက


Does Democracy matter for Development?

Malaysia is the star economy in South East Asia, with an average annual growth rate of over 8 per cent. It is the leading exporter of palm oil, a major exporter of tropical hardwoods and a major producer of rubber. It successfully came out of the global recession and the collapse of international tin markets. Due to the rapid structural changes, it has transformed from a primary producing country to a next-tier newly industrializing economy and attracted the largest share of foreign direct investment (FDI) within the region. It praised the international community with a stable parliamentary democracy and political developments.

Political developments in Malaysia were primarily driven by ethnic tensions and compromises. Even this is a country that practices too many state interventions in economic policies and maintenances of racial harmony. For the outside world, being a democratic country and gaining economic stability make the country a successful story.

In contrast, most of the multi-ethnic countries in the region -Burma, Nepal, Bangladesh, Sri Lanka are still in conflicts, civil wars, arms struggle are regarded as the least developed countries by the United Nations Development Programme (UNDP). No wonder Malaysia trumpets its democracy and economic development as high as the Petronas Twin Towers.

However, in the context of neo-classical political economy, the expanded role of the state in its development plan is a recipe for disaster as it distorts the price signals. Also, its intervention policies become a fertile ground for rent-seeking and directly unproductive activities by Malay ethnic community. A recent research on Governance matters by the World Bank reveals high rates of corruption and personal interests of public-sector management. Political power readily becomes associated with economic power, and there is no question that corruption and cronyism are major forces in Malaysia.

Moreover, although it has a political system based on regular election, there is no form of bringing the adversarial democracy of most Western countries. It can also be traced the manner in which there has been a steady creep of authoritarianism within Malaysia's democracy, although without creating unresponsiveness to the wishes of groups who have a voice in the political system. The combination of highly centralized political and economic power, the absence of effective political opposition, and a concentration of interest groups in the capital cities and other large urban regions of both countries means that environmental conservation and minority-group interests in the periphery rank low in terms of both awareness and priority.

These flaws explain why, despite its democracy, Malaysia has still a poverty gap and inequality concerns. Degradation of resources and declining welfare for the majority are going hand in hand increasingly. The government Vision 2020 to alleviate poverty and inequality is still far away to achieve.

The biggest success of Malaysia democracy lies in political, economic and social stability. The national development policy formulation was made necessary by the economic needs of the nation as much as politico-social needs.

On the other hand, its biggest failure lies in the combination of highly centralized political and economic power and the absence of obvious political opposition. There has a heavily dependent on Washington DC for the policies of international financial institutions so that pressures for changes come from foreign power.

In conclusion, there is no question that Malaysia has developed with democracy and political stability, but it needs to deepen this democracy through political decentralization and market mechanisms.

References

Democracy counts by Subhash Agrawal( Developments, Issue 39, 2007)


Khin Ma Ma Myo (9/2/2008)

အပြည့်အစုံဖတ်ချင်ရင်..>>>

ရေးမိရေးရာ

Friday, February 8, 2008

ရေးမိရေးရာ

အခုတလော ကျွန်မအလုပ်တွေ အရမ်းများတာပဲ။ လုပ်ကို လုပ်ရမယ့် ကိစ္စတွေကတမျိုး၊ လုပ်သင့်တဲ့ကိစ္စတွေကတမျိုး၊ လုပ်ဖို့လိုအပ်တယ်ထင်တဲ့ ကိစ္စတွေကတမျိုး၊ လုပ်ချင်တဲ့ ကိစ္စတွေက တမျိုးနဲ့ အချိန်ဆိုတာများ ငှားလို့ရရင် ငှားသုံးချင်မိတယ်။ တကယ်ပဲ။

အလုပ်ရယ်၊ ကျောင်းရယ်၊ ကလေးရယ်၊ နိုင်ငံရေးရယ်၊ စာရေးတဲ့ ၀ါသနာရယ်ကို မျှမျှတတဖြစ်အောင် ခွဲသုံးနေရတာဆိုတော့ ဟိုနားလစ်ဟင်း၊ ဒီနားလစ်ဟင်းတာလေးတွေ ရှိနေရတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့်လဲ မတတ်နိုင်တော့ဘူး။ အခုတောင် တနေ့အိပ်ချိန် (၆)နာရီကို မနည်းရအောင် လုပ်နေရတယ်။

နံနက် (၅)နာရီဆို အိပ်ယာထ၊ တရားထိုင်၊စာလေးနဲနဲဖတ်၊ (၆)နာရီခွဲတာနဲ့ နံနက်စာစား၊ (၇)နာရီဆို သားလေးကို နံနက်စာကျွေး၊ အ၀တ်လဲပေးပြီးတာနဲ့ (၇)နာရီခွဲဆို ကားပေါ်ရောက်၊သားကို nursery ပို့၊ အလုပ်ထဲရောက်ရင် (၉)နာရီနီးပါးဖြစ်နေပြီ။ Traffic တွေကလဲ ရုံးချိန်၊ ကျောင်းချိန်တွေဆို သိပ်ဆိုးမဟုတ်လား။ ဒါတောင် တော်သေးတယ်။ ကျောင်းရော၊ အလုပ်ရောက တနေရာထဲမှာ ဖြစ်နေလို့။ မဟုတ်ရင်။ တနေရာနဲ့တနေရာ ကူးနေရတာနဲ့ပဲ လမ်းမှာ အသက်ထွက်နိုင်တယ်။အဲလိုနဲ့ အိမ်ပြန်ရောက်ချိန်က (၇)နာရီ။ သားကို ညစာကျွေး၊ ကိုယ်တိုင်လဲ စားပြီးချိန်က (၈)နာရီကျော်။ ဒါတောင် ချက်စားတာမဟုတ်ပဲ ရှိတဲ့ဟာ oven ထဲ ပစ်ထည့်စားနေလို့။ ချက်များစားနေရရင် မိုးတောင် လင်းကုန်မလားပဲ။ ပြီးရင် သားကို သိပ်ရပြန်တာနဲ့ ကွန်ပျူတာရှေ့ထိုင်မိချိန်ဟာ ကိုးနာရီ အစောဆုံး။ အဲလိုအချိန်မှာ ဖုန်းလာလိုက်လို့ သားပြန်နိုးသွားရင်တော့ ကမ္ဘာကို ပျက်ကုန်ရော။ ဒီလိုနဲ့ပဲ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေလုပ်၊ ဖတ်ရမှာတွေ ဖတ်ရင်းနဲ့ ပြီးရင် အချိန်က (၁၁)နာရီနား ရောက်ရောက်သွားရော။ အိပ်ချင်ချင်၊ မအိပ်ချင်ချင်၊ စိပ်ပုတီးစိပ်ပြီးတာနဲ့ အတင်းထိုးအိပ်ရတော့တာပဲ။ တကယ်တော့လဲ ခန္ဓာက နားချင်နေပါပြီ၊ စိတ်ဆောင်လို့သာ။ အိပ်ချလိုက်တော့လဲ ပျော်သွားတာပါပဲ။

စနေ၊ တနင်္ဂနွေကျတော့လဲ၊ ဒီလိုပါပဲ၊ လုပ်စရာတွေ က တန်းစီနေပြန်ရော။ ဘယ်တော့မှ မပြီးနိုင်တဲ့ အိမ်အလုပ်ဆိုတာက ရှိသေးတယ်မဟုတ်လား။ သားကလဲ တနှစ်နီးပြီဆိုတော့ ဆော့လိုက်တာဆိုတာ။ ဆရာ၊ ဆရာမများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ ၀ိုင်းဝန်းပေးထားကြတဲ့ ခြင်း(၃)ခြင်းအပြည့် အရုပ်များစွာဟာ ကျွန်မရဲ့ ဧည့်ခန်းတခန်း၊ အိပ်ခန်း (၂)ခန်းသာ ရှိတဲ့ တိုက်ခန်းလေးကို ခြေချစရာနေရာမရှိအောင် နေရာယူကြပါတော့တယ်။ ဒါတောင် လေးဘက်တွားမို့လို့။ လမ်းနည်းနည်းစ လျှောက်နေပြီဆိုတော့ မကြာခင် လမ်းလျှောက်လိုက်၊ ပြေးလိုက်စလုပ်တဲ့အခါ ကျွန်မအိမ်ပေါ်က ဆင်းပြေးရတော့မယ် ထင်ပါရဲ့။ မိဘကျေးဇူးဆိုတာ ကိုယ်တိုင်မိဘဖြစ်တော့မှ သိတယ်တဲ့။ ဟုတ်လိုက်လေနော်။ ကျွန်မတော့ လုံးချာလည်လိုက်နေတော့တာပဲ။

အလုပ်ရှုပ်ပါတယ်ဆိုမှ စိတ်အခန့်မသင့်စရာတွေကလဲ ရှိရသေး။ ကျွန်မလုပ်နေတဲ့ သုတေသနတခုက result တွေက ကျွန်မကို အတော်စိတ်အနှောင့်အယှက်ပေးနေပြန်ရော။ Military Expenditures ရဲ့ Economic Growth အပေါ် သက်ရောက်မှုတွေကို cross-sectional countries analysis လုပ်နေတဲ့ အပိုင်းမှာပေါ့။ Estimation results တွေက positive impact ဖြစ်နေတယ်။ တကယ်တော့ positive impact များတာကို literature review မှာကတည်းက သိပြီးသားပါ။ ဒါကို argue လုပ်ချင်လို့ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တမင်ရွေးပြီး၊ simulation လုပ်ကြည့်တာပေါ့။ results တွေကိုင်ပြီး၊ မကျေမနပ်ဖြစ်နေတဲ့ ကျွန်မကို ပါမောက္ခက ပြောတယ်။ positive လား၊ negative လား သိချင်လို့ model ဆွဲပြီး၊ econometric estimation လုပ်တာပဲ။ အခုအဖြေသိရပြီ။ ဘာကို မကျေနပ်နေတာလဲ။ သုတေသနနယ်ပယ်ရောက်ရင် biased မရှိရဘူးလေတဲ့။ ထားပါတော့လေ။ အားလုံးက growth rate ကိုပဲ မူတည်တွက်နေတာကိုး။ Economic Growth variables တွေတင်မကပဲ Human Development variables တွေနဲ့ တခါထပ်ပြီး လုပ်ကြည့်ဦးမယ်။

အရေးထဲ Departmental seminar တခုမှာ which comes first, Democracy or Economic Development? : Comparative analysis of India and China ခေါင်းစဉ်နဲ့ ပြောတဲ့တယောက်က သူ့ဟာသူ တရုတ်အကြောင်း၊ ကုလားအကြောင်း ပြောတာတင်မဟုတ်ပဲ နှစ်ခုကြားက မြန်မာအကြောင်းလေးပါ ထည့်ပြောရင်း၊ မြန်မာတွေ ဒီမိုကရေစီအရေး လုပ်နေတာကပဲ မှားနေသလိုလို ထည့်ပြောသွားသေးတယ်။ မကြာခင်လေးတင်ကပဲ ကျောင်းထဲမှာ campaign လုပ်၊ ဟောပြောပွဲလုပ်ထားတဲ့ ကျွန်မမျက်နှာကို လှမ်းလှမ်းကြည့်ပြီး၊ ပြောသွားတာပါရှင်။ ဘယ်ရမလဲ။ကျွန်မလဲ India Democracy ထဲက flaws ဖြစ်နေတာတွေထောက်ပြ၊ တရုတ်ရဲ့ Economic Liberalization လေးတွေ ပြန်ထပြန်မေးလုပ်ပြီးပြောရတာပေါ့။ ဒါပေမယ့် အချိန်က သိပ်မရလိုက်ဘူး။ seminar ဆိုတော့လဲ အမေး၊ အဖြေအချိန်မှာ ကိုယ်ပြောချင်တာတွေချည်း သွားပြောနေလို့မှ မရတာ။

နောက်ဆုံးတော့ စိတ်ထဲမှာ ဘယ်လိုမှ နေလို့မရတာနဲ့ တညနေမှာ သူငယ်ချင်းတယောက်ကို ကလေးလာထိန်းခိုင်းပြီး၊ သူ့ကို စပိန်စားသောက်ဆိုင်တခုမှာ ချိန်းပြီးတော့ကို ပိုက်ဆံအကုန်ခံပြီး၊ ပြန်argue လုပ်ရတော့တယ်။ ဒီမိုကရေစီနိုင်ငံဆိုတာကလဲ ဒီမိုကရေစီနိုင်ငံလို့ ကြေငြာထားရုံနဲ့မှ မပြီးတာ။ ဒီမိုကရေစီ ကျင့်စဉ်တွေ အများကြီး ကျင့်သုံးရတာလေ။ အဲဒီမှာ အားနည်းချက်တွေ ရှိတာပဲ။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံကောင်းမွန်တဲ့နိုင်ငံရေး စနစ်ဆိုတာတော့ လုံးဝမပေါ်ပေါက်သေးဘူး။ ဒါပေမယ့် အားလုံးထဲမှာမှ ဒီမိုကရေစီက အကောင်းဆုံးပဲ ဖြစ်နေတယ်ဆိုတာ လက်တွေ့မို့ တကမ္ဘာလုံးက တိုင်းပြည်တွေ ဒီစနစ်ကို အကောင်အထည်ဖော်ကြရတာ။ ပြီးတော့ ဈေးကွက်စီးပွားရေးအပိုင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးပညာရှင်တွေက ဈေးကွက်စီးပွားရေးစနစ်အောင်မြင်စွာ ကျင့်သုံးဖို့လိုအပ်မယ့် pre-conditions တွေ ကို ဖော်ထုတ်ခဲ့ကြတယ်။ တရုတ်ပြည်မှာက အဲဒီအချက်တွေကိုရှိတယ်။ မြန်မာပြည်မှာက မရှိဘူး။ ပြီးတော့ တရုတ်ခေါင်းဆောင်တွေနဲ့ မြန်မာအုပ်ချုပ်သူတွေ ကွာတာက အများကြီး၊ တရုတ်ခေါင်းဆောင်တွေက ဘာပဲပြောပြော political ideology တခုကို အခြေခံကြတာ။ တိုင်းပြည်ကို တိုးတက်ချင်စိတ်တော့ ရှိတယ်။ မြန်မာအုပ်ချုပ်သူတွေက ငါ့သား၊ ငါ့မယား၊ ငါ့ဆွေမျိုးအတွက် ခိုးဖို့ကလွဲရင် ဘာစိတ်ဓာတ်မှ ရှိတာမဟုတ်ဘူး။ မတူတဲ့အချက်တွေကို သေချာကို ပြောပြလိုက်ရတယ်။ နောက်ဆုံးတော့လဲ သူကသူပြောလိုက်မိတာကို တောင်းပန်ပါတယ်။ ရှင်းလိုက်တော့လဲ ပြီးသွားတာပေါ့။ ကျွန်မက အတင်းသွားပြောတာမျိုး မဟုတ်ပါဘူး။ သူလဲပဲ ပညာရှင် တယောက်ပဲဥစ္စာ။ ငါနဲ့မတူ၊ ငါ့ရန်သူစိတ်မထားပါဘူး။ သူလဲမြန်မာပြည်ရဲ့ အခြေအနေတစေ့တစောင်း သိသွားတယ်။ စာတမ်းတခုခု တူတူရေးရအောင်တဲ့။ မဆိုးပါဘူး။“ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့နေတာမှားတယ်။ စီးပွားရေးဖွံ့ဖြိုးအောင် အရင်လုပ်ရမယ်။ ပြီးရင် အလိုလိုနေရင်း နိုင်ငံရေးစနစ်က ပြောင်းသွားမှာပဲ”လို့ ဆိုနေသူတွေ ရှိနေတာဆိုတော့ စာတမ်းလေးတခုရေးပြီး ပြန် argue လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။

အင်း။ Debate တွေကတော့ အမျိုးမျိုး ဖြစ်မှာပါပဲလေ။ ပညာရပ်တခုထဲမှာတောင် mainstream economistတွေ၊ political economist တွေ၊ Development economist တွေအမြင်တမျိုးစီတွေနဲ့ ရေးကြ၊ ဆွေးနွေးကြဖြစ်နေတာ။ Background တမျိုးစီကဆို ပိုဆိုးတော့မှာပေါ့။ နိုင်ငံရေး ဌာနဘက်မှာလဲ Human Rightsသမားတွေနဲ့ national security ဘက်တွေနဲ့ နောင်ဂျိန်ချနေလေရဲ့။ ဘယ်ဟာက ပို အရေးကြီးလဲ ဆိုပြီးတော့။ ဘာပဲဖြစ်ဖြစ်၊ မတူတဲ့ အမြင်တွေကို ဒီလိုစကားတွေ၊ စာတွေနဲ့ ညှိနှိုင်းကြ၊ ဆွေးနွေးကြ၊ ပြောဆိုကြတာက လူ့ယဉ်ကျေးတွေရဲ့ အလုပ်ပဲ မဟုတ်လား။ တဘက်ကဆွေးနွေးလာရင် ဘာပြန်ပြောရမှန်းမသိလို့ သေနတ်ကြီးတွေပြပြီး အတင်းပါးစပ်ပိတ်တာတွေကသာ လူရိုင်းတွေရဲ့ အလုပ်။ ဟုတ်တယ်ဟုတ်။

ခင်မမမျိုး (၈၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

From Exiled to Interim government

Friday, February 1, 2008

စင်ပြိုင်အစိုးရမှသည် ကြားဖြတ်အစိုးရဆီသို့

မြန်မာပြည်အား ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေစစ်အုပ်စုတို့မှ ပြည်သူက မပေးအပ်သော အာဏာကို အတင်းရယူ၍ စစ်အစိုးရအဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ထိုသောအခါ (၉၀) ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံထားရသော ပြည်ပရောက် လွှတ်တော်အမတ်များက စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့ကြသည်။ ယခုအနှစ်နှစ်ဆယ်ဝန်းကျင် ရောက်သောအခါကား ပြည်တွင်းတွင် စစ်အုပ်စုမှ ကြိုးသေးကြိုးဆွဲ အရပ်သားအစိုးရတခုကို ဖွဲ့စည်းရန် ကြိုးပမ်းနေကြသည်။ ပြည်ပရောက် မြန်မာအတိုက်အခံများကလည်း စင်ပြိုင်အစိုးရသစ်တခု ထပ်မံဖွဲ့စည်းရန် လုံးပမ်းနေကြသည်။

အစိုးရသစ်ဖွဲ့စည်းရေးကိစ္စများသည် တပြိုင်တည်းတွင် ဖြစ်နေသည်မှန်သော်လည်း ရည်ရွယ်ချက်ကတော့ ကွာခြားပါသည်။ စစ်အုပ်စုလုပ်နေသည်က အာဏာရှင်စနစ်အပေါ်တွင် အခြေခံပြီး၊ အတိုက်အခံများလုပ်နေသည်က ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် အားဖြည့်ဆောင်ရွက်ရန်ဖြစ်သည်။ နောက်တချက်ကွာခြားမှုက စစ်အုပ်စုဖွဲ့မည့်အစိုးရသည် ယခုလက်ရှိနအဖကို အစားထိုး၍၊ ဗိုလ်များက ဦးဖြစ်လာကာ၊ ကြံ့ဖွတ်များ၊ စီးပွားရေးအချောင်သမားများနှင့်အတူ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရန်ဖြစ်ပြီး၊ အသစ်တဖန်ပေါ်လာမည့် စင်ပြိုင်အစိုးရကမူ စင်ပြိုင်အစိုးရဟောင်းကို အစားမထိုးပဲ စင်ပြိုင်အစိုးရသစ် အနေဖြင့် ပေါ်ပေါက်လာမည့် အခြေအနေမျိုးဖြစ်သည်။ ထိုသောအခါ မြန်မာပြည်နှင့်ပတ်သက်သည့် အစိုးရအဖွဲ့သည် သုံးဖွဲ့ဖြစ်လာမည်ဖြစ်သည်။

ဒီမိုကရေစီကျင့်စဉ်အရ အဖွဲ့အစည်း မည်မျှဖွဲ့ဖွဲ့၊ တယောက်တည်း တသီးပုဂ္ဂလဖြစ်ဖြစ် အကြောင်းမဟုတ်သော်လည်း၊ စင်ပြိုင်အစိုးရနှစ်ဖွဲ့ဖြစ်နေခြင်းကတော့ အတွေးအခေါ် ရှုပ်ထွေးမှုများ ဖြစ်လာစေနိုင်ပါသည်။ နအဖသည် အာဆီယံအပါအ၀င် နိုင်ငံခြား သံတမန်ရေးရာများတွင် နိုင်ငံတော်ကြီး ပြိုကွဲမည်ဖြစ်၍ စစ်တပ်မှ ထိန်းသိမ်းထားရကြောင်းဆိုသည့်အချက်ကို အကြိမ်ကြိမ်အခါခါ ဖွဲ့ဆိုပြလေ့ရှိသည်။ ယခုစင်ပြိုင်အစိုးရနှစ်ခုဖြစ်လာပါက နအဖအတွက် ထိုအချက်သည် ဥပမာပေးစရာအဖြစ် ဖော်ပြခံရပြီး၊ နိုင်ငံတကာရေးရာတွင် အတိုက်အခံများဘက်မှ အားနည်းချက်ဖြစ်လာနိုင်ပါသည်။

လက်ရှိရပ်တည်နေသော စင်ပြိုင်အစိုးရဘက်မှ ဘက်လိုက်ပြောဆိုနေခြင်းမဟုတ်ပါ။ လက်ရှိအစိုးရအဖွဲ့တွင် အားနည်းချက်များ ရှိနေမည်မလွဲပါ။ ထိုအားနည်းချက်များကို ညှိနှိုင်း၍၊ တိုးချဲ့စင်ပြိုင်အစိုးရအဖွဲ့သစ်တခုကို ဖွဲ့စည်းရန် တိုက်တွန်းလိုပါသည်။ ဂိမ်းသီအိုရီအရ zero sum game ကို မကစားမိရန် အရေးကြီးပါသည်။ ယခုအချိန်သည် နိုင်ငံတနိုင်ငံ၏ ကံကြမ္မာအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပါသည်။ ရလာသည့်အခွင့်အရေးကို လက်လွတ်မခံသင့်ပါ။

တချိန်ကလည်း ဖြစ်ခဲ့ဖူးပါပြီ။ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့လျက်၊ ကြားဖြတ်အစိုးရအချိန်မှီ မဖွဲ့နိုင်ခဲ့ခြင်းကြောင့် ပေးဆပ်လိုက်ရသည့် တန်ဖိုးတွေ အလွန်ပင် ကြီးမားခဲ့ပါသည်။ ယခုလူထုတိုက်ပွဲနည်းလမ်းဖြင့် စစ်အစိုးရကို ဖြုတ်ချရန် တာစူနေပါပြီ။ အကယ်၍ တိုက်ပွဲအရှိန်မြင့်ချိန်တွင်လည်းကောင်း၊ ဖြုတ်ချပြီးသောအချိန်တွင်လည်းကောင်း ကြားဖြတ်အစိုးရ အစားမထိုးနိုင်ပါက ဒီမိုကရေစီတိုက်ပွဲသည် အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ပင် ဖြစ်နေပါလိမ့်မည်။ ထို့အတွက် ပြည်တွင်းပြည်ပ ဟန်ချက်ညီနေရပါမည်။ ပြည်တွင်းအင်အားစုအခြေအနေက အားနည်းပါသည်။ ကြားဖြတ်အစိုးရသစ်တခု အရေးပေါ် လိုအပ်ချိန်တွင် ချက်ချင်းထလုပ်ဖို့ခက်ပါသည်။ ရှစ်လေးလုံးကို သင်ခန်းစာယူကြည့်ပါ။ တိုက်ပွဲများအရှိန်မြင့်သည်နှင့် နအဖက အခြေအနေ မဟန်လျှင် ကြံ့ဖွတ်ကို လူထုထဲ ရောသွင်းပြီး၊ ပွဲလန့်ဖျာခင်း လူထုအစိုးရသစ်တခု လုပ်သွားပါက ရှုပ်ထွေးကုန်ပေလိမ့်မည်။

ယင်းအခြေအနေများအတွက် ရွေးကောက်ပွဲရွေးချယ်ခံအမတ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်သော စင်ပြိုင်အစိုးရအဖွဲ့တခု ပြည်ပတွင် လိုအပ်သည်ကား အမှန်ပင်ဖြစ်ပါသည်။ သို့မှသာ လိုအပ်ချိန်တွင် ပြည်တွင်းအင်အားစုများနှင့် ချိတ်ဆက်၍၊ ကြားဖြတ်အစိုးရတခုအနေဖြင့် ရပ်တည်နိုင်ပါလိမ့်မည်။ ထိုကြားဖြတ်အစိုးရအဖွဲ့သည် တလခံချင်ခံပေလိမ့်မည်၊ တနှစ်ခံချင်ခံပေလိမ့်မည်။ စင်ပြိုင်သည် စင်ပြိုင်သာဖြစ်ပါသည်။ ကြားဖြတ်သည် ကြားဖြတ်သာ ဖြစ်ပါသည်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံထားရသူများမှသာ တရားဝင်အစိုးရအဖွဲ့ဖွဲ့နိုင်ပါသည်။ စင်ပြိုင်အစိုးရဟူသည် ပြည်ပတွင် မည်မျှ အစိုးရအဖွဲ့အနေဖြင့် ရပ်တည်သည်ဖြစ်စေ၊ ပြည်တွင်းသို့ပြန်ဝင်၍ အာဏာမရယူနိုင်မချင်း၊ တရားဝင်အစိုးရအဖြစ် legitimacy မရှိပါ။ ကြားဖြတ်အစိုးရတွင် ရှိသည့် legitimacy ကလည်း ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီများမှ အစိုးရ မဖွဲ့နိုင်သေးသော အချိန်ကာလများအထိသာဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ မည်သည့်ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်၌မဆို ကြားဖြတ်အစိုးရသည် crucial to the outcome of democratic transitions ဖြစ်ပါသည်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ (opposition-led provisional government) သည် ပေါ်တူဂီ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်၏ သော့ချက်ဖြစ်ခဲ့ပါသည်။ စစ်အုပ်စုနှင့် ဒီမိုကရေစီအုပ်စု နှစ်ဘက်စလုံးမှ ပါဝင်သော power sharing interim government တရပ် မြန်မာပြည်တွင် ပေါ်ပေါက်လာနိုင်မည့် အခွင့်အလမ်းကတော့ အလွန်ပင် နည်းပါးပါသည်။ အာဏာရှင်ဘက်မှ ဒီမိုကရေစီပြောင်းလဲမှု စတင်ရန် ဖွဲ့စည်းလာမည့် incumbent-led caretaker government တရပ်မှာလဲ တပ်မတော်တွင်းတွင် အမြော်အမြင်ရှိသည့် ခေါင်းဆောင်သစ်တယောက်မပေါ်လာမချင်း မဖြစ်နိုင်ပါ။ ယူအင်မှ ဖွဲ့ပေးနိုင်သည့် international interim government တရပ် ပေါ်ပေါက်လာဖို့ဆိုသည်မှာလဲ၊ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြားတွင် ညပ်သွားနိုင်ပါသည်။ အရေးကြီးဆုံးမှာ opposition-led interim government သာ ဖြစ်သည်မို့ အဆိုပါကိစ္စကို စင်ပြိုင်အစိုးရနှစ်ခုဖွဲ့စည်းရေးထက် ပိုမိုဇောင်းပေးသင့်ပေသည်။ လက်ရှိရှိနေသော စင်ပြိုင်အစိုးရကို တိုးချဲ့၍ ပိုမိုအင်အားကြီးမားကာ၊ ပိုမိုစည်းလုံးသော ဦးဆောင်အစိုးရတရပ်ကို စနစ်တကျဖွဲ့စည်းသင့်ပါသည်။ အစိုးရအဖွဲ့နယ်ပယ်များတွင်ကျွမ်းကျင်သူများဖြစ်လာစေရန် အစိုးရပိုင်းဆိုင်ရာ သင်တန်းကျောင်းတခု ဖွင့်လှစ်ကာ မျိုးဆက်သစ်များအား လေ့ကျင့်ပေးသင့်ပါသည်။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ သက်ဆိုင်ရာနယ်ပယ်များတွင် အလုပ်သင်များအဖြစ် လေ့လာသင်ယူနိုင်ရေး ဆောင်ရွက်သင့်ပါသည်။ အစိုးရဌာနများတွင် တပင်တိုင်မင်းသားကြီးများတင်မကပဲ ရုံးအဖွဲ့များ၊ Think tank များတွဲထားသင့်ပါသည်။

မည်သို့ဆိုစေ အမိမြန်မာပြည်၏ အရေးပေါ်အခြေအနေတွင် အချိန်မှီ တာဝန်ယူနိုင်မည့်၊ ပြည်ပအခြေစိုက်စင်ပြိုင်အစိုးရတာဝန်များကိုလည်း efficiency ရှိစွာ၊ effective ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိမည့် တခုတည်းသော စင်ပြိုင်အစိုးရတရပ်ကိုတော့ မြန်မာ့သမိုင်းက တောင်းဆိုနေပါကြောင်း။

ခင်မမမျိုး (၁၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

For the Future of children

Monday, January 28, 2008

ကလေးတို့ဘ၀၊ လှစေဖို့

“မြန်မာပြည်မှာ

ငါးနှစ်အောက်

ကလေးငယ်လေးတွေ

တနေ့ပျမ်းမျှ

လေးရာကျော်အထိ

သေဆုံးနေတယ်တဲ့“

ယူနီဆက်ရဲ့ အစီရင်ခံစာ

ငါ့ရင်ကို

လာရိုက်ခတ်၊

အိပ်စက်ချိန်တွေကို

ခိုးယူနေပါပကော။

တကယ်ဆိုရင်

တနေ့တာ

နှစ်ဆယ့်လေးနာရီရဲ့

ကုန်ဆုံးချိန်ကို

အမှတ်တမဲ့ပင်

နေတတ်ခဲ့တဲ့ငါ၊

အခုများမှာတော့

ငါ့မြေ၊ ငါ့ရေ

ငါ့တိုင်းပြည်မှာ

ကလေးငယ်လေးရာကျော်

သေဆုံးခဲ့ပြန်ပြီ

အတွေးတွေနဲ့

ညအိပ်ယာဝင်တိုင်း

သောကဝေမိ။

“မလွန်ဆန်နိုင်သော

သေခြင်းတရားပါ“လို့

ငါ့ကိုလာမပြောကြနဲ့၊

နိုင်ငံပေါင်းတရာကျော်မှာ

ကလေးသေနှုန်း

စတုတ္ထအများဆုံး

ဖြစ်နေရတာ

သေခြင်းတရားကြောင့်

မဟုတ်ဘူး၊

အာဏာရှင်

လူသတ်သမားတွေကြောင့်။

သူခိုးဓားပြ၊ လူသတ်သမား

အာဏာရူးစစ်ဗိုလ်ချုပ်တွေ

ခိုးထားတဲ့

ပိုက်ဆံတွေအတွက်၊

ဝတ်နေတဲ့

စိန်ရွှေရတနာတွေအတွက်၊

စီးနေတဲ့

အဖိုးတန်ကားတွေအတွက်

ငါတို့ကလေးငယ်တွေရဲ့

အသက်တွေ၊

အနာဂတ်ဘ၀တွေ

ပေးဆပ်နေကြရတာပါ။

မိတ်ဆွေတို့ရေ-

ငါတို့လူဘောင်အနာဂတ်အတွက်

ကလေးငယ်တွေရဲ့

ဘ၀တွေလှစေဖို့

အာဏာရှင်ကို

စုပေါင်းတော်လှန်ကြစို့။

ခင်မမမျိုး (၂၈၊၁၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Three things to avoid

ရှောင်သုံးရှောင်

“ဒီခေတ်ကြီးမှာ

ရိုးသားလို့မရဘူး၊

ကြိုးစားလို့

မရဘူး၊

သူရဲကောင်းလုပ်လို့

မရဘူး။

ရိုးသားရင်

ငတ်မယ်၊

ကြိုးစားရင်

နေရာမရဖြစ်မယ်၊

သူရဲကောင်းလုပ်ရင်

ထောင်ကျမယ်“တဲ့၊

ငါ့မိတ်ဆွေ

ဆိုတဲ့စကား၊

နာကြည်းစွာ

ကြားခဲ့ရဖူးတယ်။

သြော်-

စစ်အာဏာရှင်

သူခိုးတွေနဲ့

ယူနီဖောင်းဝတ်

အချောင်သမားတွေ

အမှန်တရားဘက်က

ရပ်သူတွေကို

ဖိနှိပ်နေတဲ့

နအဖခေတ်မှာ

မြန်မာ့လူ့ဘောင်ရဲ့

စံနှုန်းတွေ၊

တန်ဖိုးတွေတောင်

ပြောင်းလဲခဲ့ပါပကောလား---

တောက်-

ရင်နာလိုက်တာကွာ။

ခင်မမမျိုး (၂၈၊၁၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

son

Saturday, January 26, 2008

သား

(၁)

အချိန်ကား ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော် ကွန်မြူနစ်ချေမှုန်းရေးကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည် အိမ်စောင့်အစိုးရ၏ (ပ) ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး ကြီးငယ်များက မြန်မာပြည်၏ နေရာအနှံ့တွင် ရှိနေသည်။

နေရာကား ရှမ်းပြည်နယ် နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့် ပေါင်းလောင်း နန့်ဖာဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက်ထားသည်။ ပေါင်းလောင်းနန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး (PHQ) ရှိနေသော ပဲခိုးရိုးမနှင့် ဆက်သွယ်ရေးကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊ အင်တော၊ ကျောက်ကူ၊ မိုးကုတ်၊ မိုးမိတ် ဒေသများမှတဆင့် တရုတ်ပြည်နယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက် တပ်မမင်းဗိုလ်မှူးကြီးသိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေသည့် နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲ ဖြစ်နေသည့် အချိန်လည်းဖြစ်သည်။

“မွေးပြီတော့။မွေးပြီ။ ယောက်ျားလေး “

ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး မြောက်တက်သွားသလို ခံစားရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။ အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ၀င်ရောက်လာခဲ့သည်။ ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လား မသိ။ မျိုးဆက်သစ်ဆိုသော အသိက ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊ တိုက်ပွဲများ ကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေး မျိုးဆက်။ ပါတီ၏ မျိုးဆက်။

လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့် မနီးမဝေးတွင် ရဲဘော်တချို့နှင့်အတူ လုံခြုံရေး ကင်းစောင့်နေသည့် ခင်ပွန်းသည်ကို သတိရလာသည်။ သူသိလျှင် မည်မျှ ၀မ်းသာမည်မသိ။

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့် တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနား စစ်မျက်နှာတွင် ဆုံတွေ့ခဲ့ကြသည်။ (၁၉၅၀)၊ စက်တင်ဘာ (၁)ရက်တွင် ဖွဲ့စည်းသော ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး ဒီရေအတက်အကျ တလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင် ဆင်နွှဲခဲ့ကြသည်။ နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင် အခြေခံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

“ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“

မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ် လုံခြုံရေးကိုက ပိုဦးစားပေးရသည်။ ရန်သူ့ စစ်ကြောင်းရှောင်ရင်း တောထဲတွင် ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ ၀င်၍ ကလေးမီးဖွားရခြင်းဖြစ်သည်။ ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က ရွာပြင်တွင် ကျန်ခဲ့ပြီး၊ သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က ရွာတွင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

(၂)

တဲထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို စတင်ကြားရသည်မို့ သူမတို့နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။ ရွာပြင်မှာ တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲ ရောက်လာသည့် ကလေးငယ်လေး ရှိနေသည်။ ဘာလုပ်ရမည်နည်း။

အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို တွေ့ရသည်။

”ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ ရွာထဲမရောက်ခင် အမြန်ပြေးပြီး၊ ------ရွာမှာ စောင့်နေပါတဲ့။ အချိန်မရှိဘူး။ ကျွန်တော်တို့ ရွာထဲက ချက်ချင်းထွက်မှဖြစ်မယ်“

ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊ စောဒက မတက်မိတော့။ သူမ၏ ခင်ပွန်းသည်သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့် တပ်မှူးကောင်းတယောက်။ စစ်မြေပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။ ချိန်းထားသည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့ ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာမကျန် ရွာဖုန်းဆိုးများကိုပါ ပိုက်စိပ်တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ ပူးပေါင်းရန်လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူမိသားစုထံတွင် သားလေးအားခဏအပ်နှံ၍ ရှေ့ခရီးဆက်ရသည်။

သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။ အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်းရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ လက်နက်ချခိုင်းသည့်ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံးအချိန်ထိ လက်နက်ကို စွဲကိုင်ကာ တိုက်ပွဲဝင်သွားခဲ့ကြသည်။ တိုက်ရဲ၊ သေရဲခဲ့ကြသည်။

လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့် ----ရွာသို့ သူမပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော တော်လှန်ရေးသားကောင်းတယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။

မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ရောက်စဉ်မှာပင် အလာကောင်းပေမယ့် အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေ၀င်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်။ မည်သူမျှဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော နေရာတွင်ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေးအရှိန်ကို ရိုက်ချိုးနိုင်မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို နာကျည်းဖွယ် တွေ့မြင်ရသည်။

ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို စိတ်မချသည်နှင့် သူမကလေးအား စောင့်ရှောက်ထားသော မိသားစုသည် ပင်းတယဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။ ကြေးစားတပ်အန္တရာယ်ကိုကြောက်၍ ရွာအမည်အား ပြောမထားခဲ့။ ကလေးအား လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင် သူမထံသို့ ဖြစ်သည့်နည်းဖြင့် ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ ကြားလိုက်ရတော့ သူမရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင် မိတ်ဆွေများ၏ စေတနာကိုလဲ သူမသဘောပေါက်ပါသည်။ သို့ပေမယ့် ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏ မေတ္တာပင် မဟုတ်ပါလား။ နို့အုံတွေ တင်းလာသည့် အခါတိုင်း မိခင်နို့ချို တစက်မှ မစို့လိုက်ရသည့် သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။

(၃)

အချိန်ကား (၁၉၈၂)။

နေရာကား ပွေးလှမြို့။

ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု နေထိုင်သည့် မြို့ဖြစ်သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊ (၅)ရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ (၁၉၇၉) ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော အလယ်ပိုင်းဗဟိုဌာနခွဲ နယ်မြေတွင် ပါဝင်သည်။

ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရေရှည်ပူဆွေးဖို့ သူမမှာ အချိန်မရခဲ့။ နေ၀င်းကြေးစားတပ်၏ စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲခဲ့ရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်သန်းတင်၏ မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠန်စစ်ဆင်ရေးများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရသည်။ ( ၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ၏ လူထုစည်းရုံးရေးများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သည်။ ထိုမှတဖန် (၁၀၈)စစ်ဒေသနှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့် ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင်လည်း ပါတီမှ ပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍ နာကျင်ခဲ့ရသော ရင်ထဲမှ ဒဏ်ရာများက အကင်းသေစ ပြုနေခဲ့ပါပြီ။ ထိုဒဏ်ရာများကို အသစ်တဖန်တူးဆွစေခဲ့သည်ကား---။

ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့် စည်ကားလို့နေသည်။ ငါးရက်တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့် ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။ ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသောသူကို သူမတွေ့လိုက်ရသည်။

“ဦးခွန်သိန်း။ ဦးခွန်သိန်း။ ဟုတ်ပါတယ်နော်“

ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။

“ကျွန်မမမြကြည်ပါ။ ဟို-ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့ စောင့်ရှောက်ပေးတာ“

ထိုသူကဘေးဘီဝဲယာကိုကြည့်သည်။

“ဒီမှာပြောလို့မကောင်းဘူး။ အိမ်ခဏလိုက်ခဲ့ပါလား“

သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့ တကောက်ကောက် လိုက်ဖြစ်သွားသည်။

“သား။ သားလေးကောဟင်“

အိမ်သို့ရောက်ရောက်ချင်း အမောတကောမေးမိသည်။ အခုဆိုသားလေးလဲ အသက်နှစ်ဆယ်ကျော်ရှိနေလောက်ပြီ။ အိမ်ထောင်ရက်သားများ ကျနေပြီလား။ ကလေးငယ်လေးသာ ရှိနေရင်တော့ မြေးလေးကိုပါ တွေ့ရချည်ရဲ့ဟုပင် စိတ်ကူးယဉ်လိုက်မိသည်။ တချိန်က အမာခံဖြစ်ခဲ့သူတယောက်လက်တွင် ကြီးပြင်းလာသော သူမ၏သားထံတွင် တော်လှန်ရေးအသိနှင့် စိတ်ဓာတ်တို့ ရှိနေမည်မလွဲ။ သားကို အခြေစိုက်ဒေသသို့ ခေါ်သွားရမည်။ တော်လှန်ရေး၏ မျိုးဆက်သစ်တယောက်အဖြစ် လမ်းညွှန်ပျိုးထောင်ပေးရမည်။

သူမ၏ လတ်တလောစိတ်ကူးယဉ် အိပ်မက်တို့သည် ခေါင်းကိုတွင်တွင် ငုံ့ထားသော ထိုသူ၏ အပြုအမူတို့ကြောင့် ရုတ်ချည်းပျောက်ကွယ်သွားရသည်။

“သားလေး၊ သားလေး ဘာဖြစ်လို့လဲဟင်။ သက်ဆိုးမရှည်ဘူးလား“

ဦးခွန်သိန်းက ခေါင်းကို ရမ်းသည်။

“ဦးခွန်သိန်း။ ကျွန်မကို အဖြစ်မှန်ပြောပြပါ။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မရင်ဆိုင်နိုင်ပါတယ်။ တော်လှန်ရေးသမားတယောက်ရဲ့ ဘ၀ဟာ ခါးသီးနာကျည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေစမြဲ ဆိုတာကို ကျွန်မနားလည်တယ်“

“သက်ဆိုးမရှည်ရင်တောင် ကောင်းဦးမယ်ဗျာ။ အခုတော့---“

ဦးခွန်သိန်း၏ တောက်ခေါက်သံကို ကျယ်လောင်စွာ ကြားရသည်။ ဘာမှန်းမသိ၍ သူမမှာ အသက်ပင် မရှူမိ။

“နေဦး။ ကျုပ်ပြမယ်“

ဦးခွန်သိန်းက အိပ်ခန်းထဲသို့ဝင်၍ ပတ်စ်ပို့ဒ်ဓာတ်ပုံလေးတပုံအား ယူလာပြသည်။ ဓာတ်ပုံထဲမှ ကြေးစားစစ်ယူဖောင်း၊ ပခုံးတွင် ကြယ်နှစ်ပွင့်နှင့် လူငယ်သည် ၀င့်ထည်စွာ ပြုံးနေလေသည်။ အရာရာကို ရင်ဆိုင်ရဲသည်ဟု မှတ်ယူထားသော သူမသည် ထိုပုံကို တွေ့လိုက်ရသော အခါတွင်တော့ ရင်ထဲတွင် နင့်ကနဲနေအောင် ခံစားလိုက်ရသည်။ ဖအေတူသား။ သို့ပေမယ့် ဖအေလျှောက်ခဲ့သည့် သစ္စာတရားလမ်းမပေါ်တွင် ရောက်နေသူမဟုတ်ပဲ ဖအေကိုသတ်ခဲ့သည့် ကြေးစားစစ်တပ်၏ အမိုက်မှောင်လမ်းပေါ်တွင် ရောက်နေလေပြီ။

“ကျုပ်အပြစ်ပါဗျာ။ ကျုပ်ကို ကြိုက်တဲ့ အပြစ်ပေးပါ“

ဦးခွန်သိန်း၏ ဆို့နင့်နေသော စကားသံကို ကြားရတော့မှ ဓာတ်ပုံကို စိုက်ကြည့်ပြီး အသေကောင်တယောက်လို ငြိမ်နေသော သူမ သတိဝင်လာသည်။

“ဘယ်လိုဖြစ်ရတာလဲရှင်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးပါ“

“ဖက်ဆစ်နေ၀င်းတပ်တွေ ရွာထဲဝင်လာတော့ ကျုပ်တို့ ကလေးကို လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့တယ်။ ဒီကောင်တွေသိပ်ယုတ်မာတယ်။ တရွာလုံးကို ရိုက်နှက်၊ မီးတင်ရှို့ပြီး ပြန်မထွက်ခင်မှာ ကြိမ်းသွားတာက သူပုန့်သွေးကို အရှင်မထားဘူး။ တွေ့တာနဲ့ မီးပုံထဲ ပစ်ချမယ်တဲ့။ ကျုပ်တို့လဲ လန့်ပြီး ပြေးခဲ့ကြတာ။ ကလေးလေးကို မသေစေချင်ဘူးလေ။ ကံဆိုးချင်တော့ ဒီနယ်ရောက်ပြီး မကြာခင်မှာပင် ကျုပ်မိန်းမက ကောက်ခါငင်ခါဆုံးတယ်။ ကျုပ်က ပန်းနာရင်ကြပ်ဖြစ်တယ်။ နောက်ဆုံးပင်းတယဆေးရုံကို ရောက်လာတဲ့ ဆရာလေး ဒေါက်တာခင်မောင်အေးက ကလေးကိုမွေးစားမယ်ဆိုတာနဲ့ ကလေးအနာဂတ်အတွက် သူနဲ့ ထည့်ပေးလိုက်တာ။ သူတောင်ကြီးပြောင်းတော့ တပါတည်းပါသွားတယ်။ ကျုပ်ပြန်တွေ့ရတဲ့ အခါကျတော့ သူက စစ်ကျောင်းဆင်းပြီးနေပြီ။ ကျုပ်ကို လာကန်တော့သွားတယ်။ ကျုပ်လေ-ကျုပ် အားလုံးကောင်းဖို့ စေတနာနဲ့ လုပ်ခဲ့တာပါ။ အခုတော့ ကျုပ်စေတနာက အဆိပ်ပင်ကို ရေလောင်းလိုက်သလို ဖြစ်သွားပြီ“

ယောက်ျားရင့်မာကြီးတယောက်၏ ယူကြုံးမရ ငိုကြွေးနေသံကို စိတ်မကောင်းစွာ ကြားရသည်။ သူမစိတ်တို့သည်လည်း ချုံးချုံးကျသွားသလို ခံစားလိုက်ရသည်။ တိုင်းပြည်အတွက် အဖိုးတန်သော လူငယ်လေးတွေသည် ကြေးစားစစ်တပ်၏ အစေအပါး၊ လူသတ်သမားများ ဘ၀သို့ သက်ဆင်းနေရသည်ကို တွေးမိတိုင်း နှမျောတသဖြစ်ခဲ့ရသူ၊ သူမသည် ယခုတော့ ၀မ်းနှင့်လွယ်မွေးခဲ့ရသော ကြေးစားစစ်ဗိုလ်လေး၏ မိခင်ဘ၀ရောက်နေရပါပကောလား။

“သူ့နာမည်ဘယ်လိုခေါ်လဲ“

“စစ်အောင်။ ဗိုလ်စစ်အောင်တဲ့“

“ကျွန်မဒီဓာတ်ပုံလေး ယူသွားမယ်နော်။ ခွင့်ပြုပေးပါ“

“ယူသွားပါ။ ကျုပ်ဒါပေးပေးလိုက်နိုင်တော့တာကို စိတ်မကောင်းဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ“

“ရပါတယ်။ ခေတ်စနစ်ဆိုးရဲ့အောက်မှာ ဒီလိုတွေ ဖြစ်တတ်တာ အများကြီးပါ။ ကျွန်မသွားမယ်“

ခံစားချက်ကို တာဝန်ဆိုသော အသိနှင့် ထိန်းရင်း သူမဆက်လျှောက်ရမည့် လမ်းပေါ်သို့ ပြန်ခဲ့ရလေသည်။

(၄)

အချိန်ကား (၁၉၈၃)ခု။

နေရာကား နန့်လန်နယ်။

အလုပ်ကိစ္စတခုဖြင့် နန့်လန်နယ်အတွင်းမှ ရွာငယ်တခုသို့ ရောက်ရှိနေသည်။ နန့်လန်မြို့အခြေစိုက်စစ်တပ်၏ စစ်ကြောင်းများ နယ်မြေတွင်းရှိနေပေမယ့် အနီးအနားမှ ရွာတရွာတွင် မိမိတို့ တပ်စုတစုရှိနေသည်မို့ စိတ်ချလက်ချပင် တယောက်တည်းထွက်လာဖြစ်ခဲ့သည်။ ပြန်ခါနီး ရွာလူကြီး မိသားစုမှ ထမင်းစားအတင်းခေါ်နေသဖြင့် ခေတ္တ၀င်ထိုင်ဖြစ်သည်။ ပြောက်ကျားစစ်ဒေသ၊လှုပ်ရှား နယ်မြေတွင် လူထုများနှင့် ရင်းနှီးခင်မင်မှုသည် တော်လှန်ရေးအတွက် အရေးပါလှသည်။

အချိန်အားဖြင့် သိပ်မကြာလိုက်။ အိမ်ဝိုင်းထဲမှ မသင်္ကာဖွယ်ရာ အသံတချို့ကြားရသည်မို့ ပါလာသည့်သေနတ်ကို ဆွဲထုတ်ရသည်။ အခြေအနေကို လေ့လာကြည့်တော့ ရန်သူများ ၀ိုင်းထားသည်ကို တွေ့ရသည်။ ခုခံပြီး ခုန်ချထွက်ပြေးလျှင်တော့ လွတ်ချင်လွတ်နိုင်မည်။ သေနတ်သံကြားသည်နှင့် ----ရွာအနီး တောင်ယာတဲများတွင် အခြေစိုက်ထားသော တပ်စုက ချက်ချင်းလိုက်လာလိမ့်မည်။

ထိုရည်ရွယ်ချက်ဖြင့် သေနတ်ကို မောင်းတင်စဉ်ခဏ။

အလို---ဘာသံပါလိမ့်။ ငိုသံ။ ကလေးငယ်တယောက်၏ ငိုရှိုက်သံ။ ရွာလူကြီး ဇနီးက ကလေးငယ်၏ ပါးစပ်ကို အတင်းပိတ်ထားသည်မို့ ၀ူးဝူးဝါးဝါး ဖြစ်နေသည်။သူမ သေနတ်ပြောင်းက အောက်သို့ ငိုက်သွားသည်။ ကြေးစားစစ်တပ်သည် လူစိတ်ကင်းမဲ့နေသော တပ်ဖြစ်သည်။ အိမ်ပေါ်တွင် ကလေးငယ်တယောက်ရှိနေသည်ကို ဂရုစိုက်မည်မဟုတ်။ သူမစပစ်သည်နှင့် ကျည်ဆံများက တဲထဲသို့ တရဟော ၀င်လာလိမ့်မည်။ သူမလွတ်အောင် ရှောင်နိုင်ပေမယ့် သနားစဖွယ် ကလေးငယ်နှင့် မိသားစုတခု အသက်ဆုံးရလိမ့်မည်။ ထိုရွာလူကြီး မိသားစုသည် တော်လှန်ရေးကာလတလျှောက်တွင် သူမတို့အား ကူညီအားပေးခဲ့သည့် သူရဲကောင်း ပြည်သူများဖြစ်သည်။

သေနတ်တချက်မှ မဖောက်ပဲ အသာတကြည်ပင် သူမအဖမ်းခံလိုက်ပါသည်။ ရွာတွင်းတွင် စစ်တပ်သတင်းပေးတယောက်ယောက်ရှိနိုင်သည်ဆိုသော အချက်ကို သူမပေါ့လျော့စွာ သတိမပြုခဲ့မိခြင်းသာဖြစ်သည်။

အဖမ်းခံခြင်းသာဖြစ်သည်။ လက်နက်ချခြင်းမဟုတ်။ ဒါကို သူတို့သိအောင် သူမပြောရသည်။ ရွာသားများရှေ့တွင် လူမဆန်အောင် ၀ိုင်းဝန်းရိုက်နှက် ကန်ကျောက်ခြင်းကို ခံရသည်။ အသားနာသည်ထက် ရင်ထဲတွင် ပိုနာရသည်က သူမအား ဖမ်းဆီးနှိပ်စက်ကာ ခွဲရုံးအခြေစိုက်နေရာကို မေးနေသော စစ်ကြောင်းမှ အရာရှိသည် လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်ကျောက်က သူမမွေးဖွားထားခဲ့သော သူမ၏ သားရတနာ ဖြစ်နေခဲ့ခြင်းပင်။

”ဗိုလ်ကြီး။ ကွန်မြူနစ်တွေ အလုံးအရင်းနဲ့ ဒီဘက်ကို ဆင်းလာတယ် သတင်းရတယ်“

“ရွာထဲမှာ ကြာလို့မဖြစ်ဘူး။ ဒါသူတို့နယ်မြေ။ နန့်လန်တပ်ကို ချက်ချင်းသတင်းပို့။ စစ်ကူတောင်း။ ဆုတ်ဖို့ပြင်တော့“

“သူ့ကို ဘယ်လိုလုပ်မလဲ“

“ကွန်မြူနစ်မ။ ခေါင်းသိပ်မာတယ်။ ရှင်းပစ်လိုက်။ နေဦး။ ငါပစ်မယ်“

သွေးအိုင်များကြားတွင် လဲနေသော သူမရှိသမျှအားကို စုစည်း၍ ခေါင်းထောင်ရသည်။ သားလေးမည်မျှ ရက်စက် ယုတ်မာနေသည်ပဲဖြစ်ဖြစ်၊ အမေသတ်သော သားအဖြစ် ဘ၀သံသရာအဆက်ဆက် ငရဲခံရမည်ကို သူမမလိုလား။

“သားမပစ်နဲ့။ မှားမယ်၊ ပပစ်နဲ့“

သားလေး၏ ပြောင်းဝကို ရှောင်ရင်း အနီးမှ စစ်သည်တယောက်၏ ပြောင်းဝသို့ ပြေးအ၀င်။ ထိုစစ်သည်ကလဲ အလန့်တကြား သေနတ်မောင်းခလုတ်ကို ဆွဲအဖြုတ်။

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ သူမခွေကျသွားသည်။ အမှောင်အတိ ဖုံးသွားသည်က သူမနောက်ဆုံး အသိ။

နောက်ဆက်တွဲ

အကယ်၍များ သူ့ကိုသားဟုခေါ်ကာ နီးရာသေနတ်ပြောင်းဝသို့ တိုးဝင်အသေခံသွားသော၊ သူ့အခေါ် ကွန်မြူနစ်မတယောက်၏ အတွင်းခံ အင်္ကျီထဲမှ ဓာတ်ပုံတပုံကိုသာ ဗိုလ်စစ်အောင် တွေ့မြင်ခဲ့မည် ဆိုပါက----------။

ခင်မမမျိုး (၂၆၊ ၁၊ ၂၀၀၈)

(မှတ်ချက်။ သမိုင်းနောက်ခံအချက်အလက်များအား ရဲဘော်ခင်ညို၏ “၄၉-တော်လှန်ရေး မျိုးဆက်တဦး၏ ဘ၀ဒိုင်ယာရီ “နှင့် ဗိုလ်သန်းတင်၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေး“ စာအုပ်များအား ရည်ညွန်းကိုးကားပါသည်။ မွေးရပ်ဌာနေ၊ ရှမ်းမောမြေမှ၊ ယမ်းငွေ့ကျည်ဆံ၊ သေနတ်သံများကြားတွင် သူရဲကောင်းပီသစွာ ကျဆုံးသွားကြသော တော်လှန်ရေးသမားများအားလုံးအား ဂုဏ်ယူစွာ ဦးညွှတ်ပါ၏။)

အပြည့်အစုံဖတ်ချင်ရင်..>>>

Poverty Reduction

Tuesday, January 22, 2008

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

No society can surely be flourishing and happy, of which by far the greater part of the numbers are poor and miserable.

-Adam Smith

ပြည်သူ့ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဆိုရာဝယ

ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။ အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။

ဘယ်လိုပဲကွဲပြားပေမယ့်Below the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ

ဆင်းရဲနွမ်းပါးမှုကို ၀င်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းလေးသွယ်

ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်

(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်

ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့ လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။

နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့် capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။ ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။

ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင် inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က နှောင့်နှေးလေ့ရှိကြပါတယ်။

(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့ တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့ ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့ redistributive polices များလို့ သုံးနှုန်းပါတယ်။

အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက် အကျိုးရှိစေပါတယ်။

နောက်တချက်လုပ်နိုင်တာကတော့ Annual savings and investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။ ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။

(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်

ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့ လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား regressive taxes တွေဖြစ်ကုန်ပါတော့တယ်။

(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်

ဆင်းရဲနွမ်းပါးသူများကို public-consumption goods and services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့ မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့ essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။

အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

ခင်မမမမျိုး (၂၁၊၁၊၂၀၀၈)

ရည်ညွန်းကိုးကား

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

Todaro, C.M & Stephen C. S (2006) Economic Development, 6th edition, Pearson Education, Harlow

Bardham, P. & Udry, C. (1999) Development Microeconomics, Oxford University Press, Oxford


အပြည့်အစုံဖတ်ချင်ရင်..>>>

Writing essays (part-3)

Monday, January 21, 2008

အက်ဆေးများရေးသားခြင်း (အပိုင်း-၃)

လိုအပ်သော အချက်အလက်များစုဆောင်းခြင်း

အက်ဆေးများရေးသားတဲ့ အခါမှာ အချက်အလက်များ စုံလင်စွာ စုဆောင်းနိုင်မှုဟာ အဓိက ကျပါတယ်။ စာကြည့်တိုက်ကနေ အသုံးဝင်မယ်ထင်တဲ့ စာအုပ်တွေ အကုန်မပြီး လှန်လှောကြည့်ရတာကတော့ အလွန်လွယ်ကူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တချို့အကြောင်းအရာတွေကို လေ့လာနိုင်တာမှန်ပေမယ့် အက်ဆေးကောင်းကောင်း ရေးသားနိုင်ဖို့အတွက်တော့ ဒီနည်းဟာ အသုံးမ၀င်ပါဘူး။

ပထမဆုံး လုပ်သင့်တဲ့အချက်က မေးခွန်းကို သေသေချာချာ ဖတ်ခြင်းပဲဖြစ်ပါတယ်။ အက်ဆေးခေါင်းစဉ်ကို ဖတ်ပြီးတာနဲ့ ဆက်စပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချကြည့်ပြီး၊ ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ စဉ်းစားသင့်ပါတယ်။

တက္ကသိုလ်တွေမှာ အက်ဆေးခေါင်းစဉ်တွေကို (၃)ပတ်ခန့် ကြိုပေးတတ်ပါတယ်။ ခေါင်းစဉ်သိပြီးတာနဲ့ ချက်ချင်းစတာ အကောင်းဆုံးပါပဲ။ ကျောင်းသားအများစု ဖြစ်တတ်တာက အချိန်လိုပါသေးတယ်ဆိုပြီး၊ ရွှေ့နေရင်းနဲ့ (၃)၊ (၄)ရက်အလိုကျမှ တောင်မင်းမြောက်မင်း မကယ်နိုင် ပျာယာခတ်ကြတဲ့ ကိစ္စပါ။ ကျွန်မတို့ တက္ကသိုလ်မှာတော့ တရက်နောက်ကျရင် တမှတ်လျှော့တဲ့ စနစ်ရှိပါတယ်။ စောစောစခြင်းဟာ စာကြည့်တိုက်က စာအုပ်တွေ၊ ဂျာနယ်တွေကိုလဲ စုံစုံလင်လင် ရစေနိုင်တာမို့ အကျိုးရှိပါတယ်။ အတွေးအခေါ်အသစ်တွေလဲ တိုးစေနိုင်ပါတယ်။

ကျွန်မလုပ်လေ့လုပ်ထရှိတာကတော့ ခေါင်းစဉ်ရတဲ့နေ့မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချပြီး၊ နောက်တနေ့ ရောက်တာနဲ့ ဒီမေးခွန်းတွေနဲ့ ဆက်စပ်မယ့် စာအုပ် (၅)အုပ်ခန့်နဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် article (3) ခုခန့်ကို သွားရှာပါတယ်။ စာအုပ်နဲ့ စာရွက်စာတမ်းစုချိန်ကို (၁)ရက်ခန့် သေချာပေးသင့်ပါတယ်။ scanned reading ပုံစံနဲ့ သေချာရွေးပြီးတဲ့ အခါကျမှ နောက်ရက်တွေမှာ တပတ်ခန့်ကို သေချာအသေးစိတ် နားလည်အောင် ဖတ်ပါတယ်။ ဒီကြားထဲမှာ လိုအပ်မယ်ထင်ရင် စာရွက်စာတမ်း အသစ်တွေ ထပ်စုပါတယ်။

ဥပမာ- ဆိုပါစို့။ rural- urban migration နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခုကို အက်ဆေးရေးရမယ်ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တာက ဒီအကြောင်းအရာနဲ့ ပတ်သက်မယ့် မေးခွန်းလေးတွေပါ။ အပိုင်းက နှစ်ပိုင်းပါပါတယ်။ rural sector နဲ့ urban sector ပါ။ ဦးဆုံး urban sector ကို လေ့လာကြည့်ရအောင်။ urban sector မှာ ဘယ်လိုပုံစံမျိုးရှိတဲ့ economy တွေ ရှိမလဲ။ urbanization ကို ဘယ်အချက်တွေက ဖြစ်စေသလဲ။ ပြီးတဲ့အခါကျမှ urbanization ဖြစ်စေတဲ့အထဲမှာ rural migration ပါတယ်ဆိုတဲ့ အချက်ကို ဆွဲယူပြီးတဲ့အခါ rural sector အကြောင်း ဆက်ပြောသင့်ပါတယ်။ ကျေးလက်ဒေသရဲ့ အဓိက economy ကတော့ agriculture ပါပဲ။ ဒီအကြောင်း အနည်းငယ် ဆိုပြီးတာနဲ့ ကျေးလက်ကလူတွေ မြို့ပြကို migrate ဘာကြောင့်လုပ်သလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေက influence လုပ်သလဲဆိုတာ ဆက်လေ့လာသင့်ပါတယ်။ ပြီးတော့မှ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ economic model တွေ (Harris-Todaro, Stark model) ကို ဆက်လေ့လာရေးသားမယ်ဆိုရင် အက်ဆေးကောင်း တပုဒ် ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရပ်ထဲက အက်ဆေးတခုပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပုံစံအမျိုးမျိုး ရှိပါလိမ့်မယ်။ ကျွန်မက basic framework အနေနဲ့ ဥပမာပေးတာပါ။

အက်ဆေးတပုဒ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရနိုင်တဲ့ sources တွေ အများကြီးပါ။ course guide တွေထဲမှာ လေ့လာသင့်တဲ့ references စာအုပ်တွေ၊ သုတေသနစာတမ်းတွေ ပါပါတယ်။ lecture တွေမှာ ဆရာတွေသင်ရင်း ပေးသွားတဲ့ sources တွေ ရှိပါတယ်။ တခါ website တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေထဲမှာလဲ တချို့သော အကြောင်းအရာတွေ ရှိပါတယ်။

အက်ဆေးအတွက် စပြင်ဆင်တာနဲ့ မှတ်စုစာအုပ်အသစ်တခု ထုတ်ဖို့ အကြံပေးလိုပါတယ်။ ဒီအထဲမှာ idea တွေ၊ quotation တွေ၊ ဥပမာပုံစံတွေကို ရေးသားထားခြင်းအား ဖြင့် အက်ဆေးစရေးတဲ့အခါမှာ အချက်အလက်တွေ အစီအစဉ်တကျဖြစ်ဖို့ အလွန်ပဲ အသုံးဝင်ပါတယ်။ source တခုရတိုင်း စာရေးဆရာ၊ စာအုပ်နာမည်၊ ထုတ်ဝေတဲ့ခုနှစ်၊ ထုတ်ဝေတဲ့စာအုပ်ကုမ္ပဏီ စတာတွေကို မှတ်ထားဖို့ မမေ့ပါနဲ့။ References list မှာ ဒါတွေကို ထည့်သွင်းရမှာပါ။ အက်ဆေးများ အဆုံးမှာ ရည်ညွန်းကိုးကားများ ထည့်ပုံထည့်နည်းနဲ့ ပတ်သက်လို့ကိုတော့ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးပါဦးမယ်။

အက်ဆေး outline ချခြင်း

အက်ဆေးတပုဒ်ရေးသားတဲ့နေရာမှာ Basic structure ဟာ အရေးကြီးပါတယ်။ ကြိုတင် plan ချပြီးမှ ရေးသားရင် ရေးသားရတာ လွယ်ကူသလို စာလုံးအရေးအတွက် လိုနေတာ ပိုနေတာမျိုးစတဲ့ ပြဿနာတွေကိုလဲ ရှောင်ရှားနိုင်ပါတယ်။

ယေဘုယျအားဖြင့် အက်ဆေးတပုဒ်မှာ နိဒါန်း၊ စာကိုယ်၊ နိဂုံး (၃)မျိုးပါတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ နိဒါန်းကဏ္ဍဟာ ဖတ်သူကို ပထမဆုံးစတင် ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ခေါင်းစဉ်ရဲ့ ဘယ်လို aspects တွေကို ရေးသားဖော်ပြမယ်ဆိုတဲ့ clear idea ကို စာဖတ်သူကို ပေးဖို့ လိုအပ်ပါတယ်။

စာကိုယ်ပိုင်းကတော့ အဓိက အချက်အလက်တွေကို ဥပမာတွေ၊ ပုံတွေနဲ့ ရှင်းလင်းရတာပါ။ paragraph တခုဆီတိုင်းမှာ main point နဲ့ supporting evidences တွေ ရှင်းရှင်းလင်းလင်း ပါဝင်နေဖို့ လိုပါတယ်။ အချိန်ရမယ်ဆိုရင် အက်ဆေးစာအုပ်များကို ဖတ်မှတ်လေ့လာကြည့်ပါ။ main idea နဲ့ supporting evidences များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။

နိဂုံးပိုင်းကတော့ main ideas များကို summarize လုပ်ရတာပါ။ ပြတ်သားတဲ့ အဖြေတခုကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ မေးခွန်းက agree လား၊ disagree လားဆိုရင် ထင်မြင်ချက် တခုခုကိုပေါ့။ တခါတရံမှာ မေးခွန်းက နောက်ဆက်တွဲ implications တွေ၊ future trends တွေကို suggest လုပ်စေလိုတဲ့ သဘောပါဝင်တတ်တယ်။ အဲဒီအခါမှာလဲ ဒီအချက်တွေကို နိဂုံးမှာ ထည့်သွင်းရပါမယ်။

အက်ဆေးစာလုံးအရေအတွက်နဲ့ ပတ်သက်လို့ကတော့ များသောအားဖြင့် စာလုံးရေ (၁၅၀၀)မှ (၃၀၀၀) ဖြစ်တတ်ပါတယ်။

နိဒါန်းမှာ 7-8% of total length ၊ နိဂုံးမှာ 12-15% of total length ကို သုံးပြီး ကျန်တာကိုတော့ စာကိုယ်မှာ သုံးမယ်ဆိုရင် structure ကောင်းတဲ့ အက်ဆေးတပုဒ် ဖြစ်လာနိုင်ပါတယ်။

အက်ဆေးစတင်ရေးသားခြင်း

အက်ဆေးစတင်ရေးသားတဲ့အခါမှာတော့ style ဟာ အရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် စတိုင်ကိုပဲ သုံးဖို့ လိုအပ်ပါတယ်။ စကားပြောအသုံးအနှုန်းနဲ့ စာရေးသားခြင်း အသုံးအနှုန်းနှစ်ခုကို ခွဲခြားရေးဖို့ လိုပါတယ်။ အတိုကောက်စာလုံးတွေ သုံးမယ်ဆိုရင် ပထမဦးဆုံး စာလုံးရှည်သုံးပြီးဘေးမှာ ကွင်းနဲ့ အတိုစာလုံးကို အရင်ရေးပါ။ ပြီးမှ အတိုကောက်စာလုံးများကို ဆက်သုံးပါ။ တခါတရံမှာ စာကြောင်းရှည်အနည်းငယ် သုံးဖို့လိုပေမယ့် များသောအားဖြင့်တော့ short sentences များပဲသုံးပါ။ ရှင်းလေလေ၊ စာဖတ်သူနှစ်သက်လေလေပါပဲ။

Layout နဲ့ ပတ်သက်လို့ကတော့ ပုံတွေ၊ model တွေ ထည့်ဖို့လိုမလို၊ subheading တွေ ပါဖို့ လိုမလိုဆိုတာ အက်ဆေးခေါင်းစဉ်ပေါ်ကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်စေလိုပါတယ်။

Paragraph များခွဲတဲ့အခါမှာ စာပိုဒ်ရဲ့ပထမဆုံးစာကြောင်းဟာ main point ဖြစ်သင့်ပါတယ်။ တခါတရံမှာလဲ main theme ရဲ့ positive, negative aspects များကို ဖော်ပြရတာမို့ theme တခုတည်းကိုတင် နှစ်ပိုဒ်၊ သုံးပိုဒ်ဖြစ်တတ်ပါတယ်။

စာပိုဒ်တခုနဲ့တခုအကူးမှာ ဒုံးတိကြီးမဖြစ်နေအောင် တခုနဲ့တခု အဆက်အစပ်စကားလုံးလေးတွေ ထည့်ပေးဖို့လဲ လိုအပ်ပါတယ်။ အသုံးများတဲ့ Transition စကားလုံးများကို ဖော်ပြရရင်

(1) Contrast ဖြစ်တာကို ဆိုချင်တဲ့အခါ but, however, on the other hand, yet

(2) Illustrations များပြချင်ရင် for example, that is

(3) Extension လုပ်ရင် similarly, moreover, furthermore, in addition

(4) အချက်အလက်ကို conclude လုပ်ချင်ရင် Therefore, consequently, as a result, thus

(5) နောက်ထပ် step တခုကို ကူးချင်ရင် then, after that, ultimately

စတာတွေပဲ ဖြစ်ပါတယ်။

အားလုံးရေးပြီးသွားတဲ့အခါကျရင်တော့ စာလုံးပေါင်းများကို သေချာပြန်စစ်သင့်ပါတယ်။ မတော်တဆအမှားသေးလေးတွေကြောင့် အမှတ်လျော့မခံပါနဲ့။ နှမျောစရာကောင်းပါတယ်။ ဘယ်နေရာမဆို၊ ဘာတွေပဲလုပ်လုပ် First impressions အရေးကြီးတယ်ဆိုတာကလဲ အမြဲမှန်နေတဲ့ အမှန်တရားဖြစ်တာကြောင့် Appearance လှနေဖို့အတွက်ကိုလဲ အထူးဂရုစိုက်ပါ။ ကျောင်းက သုံးခိုင်းတဲ့ font ကိုပဲ သုံးပါ။ page format နဲ့ ပတ်သက်တဲ့ စည်းကမ်းများကိုလဲ အတိအကျ လိုက်နာပါ။ စာမျက်နှာ နံပါတ်များကို သေချာတပ်ပါ။ အမည်နဲ့ ကျောင်းသားနံပါတ်များကိုလဲ သေချာထည့်သွင်းပါ။

အရေးပါတဲ့ နောက်အချက်တခုဖြစ်တဲ့ ရည်ညွန်းကိုးကားများ ထည့်သွင်းရေးသားမှုအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမယ်။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP