ဒီမိုကရက်တစ် မြန်မာ့အသံပရိသတ်ကြီးရှင်။
အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ ထိုင်ဝမ်အမျိုးသမီးရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အကြောင်း ကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ (၁၉၃၀)ကာလတွေမှာ တရုတ်ပြည်ပကြီးမှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန်ပါတီအစိုးရနဲ့ မော်စီတုန်းဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ တို့အကြားမှာ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်မှာ အနိုင်ရ ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ ချန်ကေရှိတ်အစိုးရအဖွဲ့ဝင်များနဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့က ထိုင်ဝမ်ကို ထွက်ပြေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံအစိုးရအနေနဲ့ ဆက်လက်ရပ်တည်ပြီး မာရှယ်လောနဲ့ ထိုင်ဝမ်ကို အုပ်ချုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်အားကြီးနိုင်ငံများက ချန်ကေရှိတ် အစိုးရကို တရုတ်နိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုထားခဲ့ကြပြီး၊ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံမှာ ပါဝင်ခွင့်ပေးခဲ့ပါတယ်။ ၁၉၇၁ ရောက်မှ ဘက်ပြောင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မော်စီတုန်း အစိုးရကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလဲ ၁၉၇၉ ခုနှစ်ကျမှ တိုင်ပေကနေ ဘီဂျင်းအစိုးရကို ပြောင်းလဲ အသိအမှတ်ပြုခဲ့တာပါ။ အမြဲတမ်းပြောင်းလဲမှုဖြစ်နေတဲ့ နိုင်ငံတကာ ဇာတ်ခုံပေါ်က နိုင်ငံရေးသင်ခန်းစာ တခုအဖြစ် မှတ်ယူနိုင်ပါတယ်။
နိုင်ငံတကာဇာတ်ခုံဆိုတာ ပါဝင်ကပြတဲ့ နိုင်ငံများရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ညင်သာစွာ အားစမ်းရယူတဲ့ နေရာတခုပါ။ ဒီကနေ့အသိအမှတ်ပြုမှုဟာ၊ နောက်တနေ့မှာ ဖယ်ရှားမှုဖြစ်နိုင်ပါတယ်။ ဒီကနေ့ သူရဲကောင်းဟာ နောက်တနေ့မှာ အကြမ်းဖက်သမား ဖြစ်နိုင်ပါတယ်။ ဒီကနေ့ မဟာမိတ်ဟာ နောက်တ နေ့မှာ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာဇာတ်ခုံမှာ မှီခိုအားကိုးပြီး ပြုလုပ်ကြတဲ့ လွတ်မြောက် ရေးလှုပ်ရှားမှုတွေ၊ တိုင်းပြည်ထူထောင်အစိုးရဖွဲ့မှုတွေ၊ ပြည်တွင်းစစ်တွေမှာ မပြီးပြတ်နိုင်တဲ့ ပဋ္ဋိပက္ခတွေ၊ လမ်းလွဲမှုတွေနဲ့ သမိုင်းရဟတ်လည်နေကြတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအစိုးရအသိအမှတ်ပြုခံရမှုနဲ့ ပတ်သက်တဲ့ ချန်ကေရှိတ်အစိုးရနဲ့ မော်စီတုန်းအစိုးရကြားက အားစမ်းမှုကတော့ ပြီးပြတ်သွားခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် အင်အားကြီးနိုင်ငံများက ချန်ကေရှိတ်အစိုးရကို နိုင်ငံတကာဇာတ်ခုံပေါ်က ဖယ်ရှားပြီး မော်စီတုန်းအစိုးရကို အစားထိုးလိုက်လို့ပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ ချန်ကေရှိတ်သေဆုံးပြီးနောက်ပိုင်းမှာ ထိုင်ဝမ်မှာ မာရှယ်လောရုတ်သိမ်းတာတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာဟာ အမျိုးသမီးအခွင့်အရေးတွေ ချက်ချင်းလက်ငင်းရရှိမှုမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လွတ်လပ်စွာ စုဝေးခွင့်၊ အဖွဲ့အစည်းတည်ထောင်ခွင့်၊ ဟောပြောစည်းရုံးခွင့်ကို အားပေးပါတယ်။ ဒီလိုအားပေးမှုကို အသုံးချပြီး ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင် ကြိုးပမ်းရယူရမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်အမျိုးသမီးတွေဟာလဲ နိုင်ငံတကာ အမျိုးသမီးလှုပ်ရှားမှုများမှာလိုပဲ ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် ကြိုးပမ်းခဲ့ကြပါတယ်။
ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားမှုဟာ (၁၉၇၀) ကာလတွေမှာ အစပျိုးခဲ့ပါတယ်။ စွမ်လျန်လုဆိုတဲ့ အမျိုးသမီးတဦးဟာ အမျိုးသမီးဝါဒသစ်ကို ထုတ်ဖော်ကြေညာခဲ့ပြီး လူ့အဖွဲ့အစည်းတွင်းက အမျိုးသမီးတွေအပေါ် မတရားမှုတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ထိုင်ဝမ်လူ့အဖွဲ့အစည်းအတွင်းမှာ ပထမဆုံး ပျံ့နှံ့လာတဲ့ အတွေးအခေါ် သစ်ဖြစ်တာကြောင့် လူထုရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ ၁၉၈၂ ခုနှစ်ရောက်တော့ “အမျိုးသမီးများ နိုးထလော့“ ဆိုတဲ့ မဂ္ဂဇင်းထွက်ပေါ်လာပါတယ်။ ရမ်ချန်လီဆိုတဲ့ အမျိုးသမီးက ဦးဆောင်ထုတ်ဝေခဲ့တဲ့ ဒီမဂ္ဂဇင်းထုတ်ဝေရေးအဖွဲ့ဟာ မာရှယ်လောကာလမှာ ကျားမ တန်းတူညီမျှရေးကို အလေးပေးဆောင်ရွက်ခဲ့တဲ့ တခုတည်းသော စာပေအဖွဲ့အစည်းပါပဲ။ ဒီလိုကာလမျိုးမှာ အဖွဲ့အစည်းတရပ်တည်ထောင်ဖို့ ခဲယဉ်းတာကြောင့် စာပေအသွင်နဲ့ စတင်ဖွဲ့စည်းထားခဲ့ပြီး၊ မာရှယ်လောရုတ်သိမ်းပြီးချိန်ကျတော့ ပထမဆုံးအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားသူတွေဟာ အာဏာရှင်စနစ်ကြောင့် အဖွဲ့အစည်းဖွဲ့လို့ မရတဲ့ အခက်အခဲကို အကြောင်းပြပြီး လက်မလျှော့ခဲ့ကြပါဘူး။ စိတ်တူကိုယ်တူတွေစုစည်းပြီး အတွေးအခေါ်တိုက်ပွဲကို အရင်စခဲ့ကြတာပါ။ ဒါကြောင့်လဲ ပြောင်းလဲမှု စတင်တဲ့အခါမှာ ခိုင်မာတဲ့အမျိုးသမီး အဖွဲ့ အစည်းတရပ်ရဲ့အသွင်ကို ချက်ချင်းကူးပြောင်းသွားခဲ့ပါတယ်။
တပြိုင်နက်တည်းမှာပဲ အမျိုးသမီးအဖွဲ့များစွာလဲ ပေါ်ထွက်လာပါတယ်။ ဒါတွေဟာ အမျိုးသမီးများ နိုးထလော့ဆိုတဲ့ ဖောင်ဒေးရှင်းကနေ နှစ်များစွာ ကြိုတင်ပြီး အတွေးသစ်၊ အမြင်သစ်တွေကို လူထုအကြား မျိုးစေ့ချခဲ့တာကြောင့်ပါ။ လှုပ်ရှားမှုတခုမှာ အဖွဲ့အစည်းတွေ စုပေါင်းပြီး၊ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေ ဖွဲ့စည်းတာက အိမ်ခေါင်းမိုးတွေ ပြုလုပ်တာနဲ့ တူပါတယ်။ လူထုအကြား အတွေးအခေါ်၊ အယူအဆတွေ မျိုးစေ့ချတာက အုတ်မြစ်ချတာ၊ ကြမ်းခင်းတာနဲ့ တူပါတယ်။ အဖွဲ့အစည်းတွေအကြား ကွန်ယက်ချိတ်ဆက်မှုဆိုတာက အကာအရံဆောက်တာပါ။ ဒါတွေအားလုံးပြည့်စုံမှ အိမ်တလုံးသဏ္ဍာန်ပေါ်လာမှာဖြစ်ပါတယ်။ ဒီသဘောတရားတွေကို ထိုင်ဝမ်အမျိုးသမီးခေါင်းဆောင်တွေ သဘောပေါက်ခဲ့ကြပါတယ်။ စနစ်တကျလုပ်ဆောင်ခဲ့မှုတွေကြောင့် ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားမှုဟာ ခေါင်မိုးပဲ ရှိနေတဲ့ လှုပ်ရှားမှုတွေ၊ ကြမ်းခင်းပဲရှိတဲ့ လှုပ်ရှားမှုတွေလို မဟုတ်ခဲ့ပါဘူး။ ဘက်ပေါင်းစုံကနေ ခိုင်မာကျစ်လစ်တဲ့ လှုပ်ရှားမှုကြီးအသွင်နဲ့ အချိန်တိုအတွင်းမှာ ကြီးထွားလာခဲ့တာပါ။
ဒီလိုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုစတင်တဲ့ ၁၉၉၀ အစောပိုင်းကာလတွေမှာ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးအဖွဲ့အစည်းမျိုးစုံ ပေါ်ထွက်လာခဲ့ပါတယ်။ လူထုဆန္ဒပြပွဲများစွာကိုလဲ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြပွဲတွေထဲမှာ ၁၉၉၆ခု၊ မတ်လ အမျိုးသမီး တရာချီတက်ပွဲကတော့ အလွန်ပဲ ထင်ရှားလှပါတယ်။ အမျိုးသမီးလှုပ်ရှားသူတွေဟာ သမ္မတရုံးကို ချီတက်ပြီး ကျားမရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒ (၁၀၄) ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်ရောက်တော့ အာဏာရအစိုးရကနေ အမျိုးသမီးအခွင့်အရေးကော်မရှင်ကို တည်ထောင်ပေးရပါတော့တယ်။ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာ အစိုးရတွေထဲမှာ ကျားမရေးရာ ကော်မတီတွေ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးအခွင့်အရေး ဥပဒေတွေ ချမှတ်ကျင့်သုံးလာပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံပရိသတ်ကြီးရှင်။
တကယ်တော့ အမျိုးသားတွေကို ဦးစားပေးတဲ့ အစဉ်အလာဓလေ့ထုံးစံတွေနဲ့ အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အကြောက်တရားကင်းဝေးရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတွေ အပြည့်အ၀ရှိလာအောင် ပြုလုပ်ဖို့ ဆိုတာ အလွန်ပဲ ခဲယဉ်းလှပါတယ်။ အချိန်အတိုင်းအတာတခုယူပြီး စနစ်တကျနဲ့ စဉ်ဆက်မပြတ်ပြုလုပ်မှသာ ရာနှုန်းပြည့်အောင်မြင်မှုရလာမှာ ဖြစ်ပါတယ်။
ဒီလိုခက်ခဲကြမ်းတမ်းမှုတွေကြားကပဲ ထိုင်ဝမ်လူ့အဖွဲ့အစည်းအတွင်းမှာတော့ ရာနှုန်းပြည့်အောင်မြင်မှု မရပေမယ့် မြင်သာထင်ရှားတဲ့ အောင်မြင်မှုတွေ ရလာအောင် အမျိုးသမီး အခွင့်အရေးလှုပ်ရှား တက်ကြွသူတွေက လုပ်ဆောင်ခဲ့ကြပြီးပါပြီ။ တိုးတက်တဲ့ အောင်မြင်မှုတွေ ရရှိအောင်လဲ သူတို့တတွေ ဆက်လက်လှုပ်ရှားနေကြဦးမှာပါ။ လီဘိုင်ရေးစပ်ခဲ့တဲ့
“အနောက်ကို ပြန်လှည့်ကြည့်ရင်
တို့တွေ လျှောက်လှမ်းခဲ့တဲ့
လမ်းကြောင်းကြီးရဲ့
အရိပ်တွေကို
မြင်နေရဆဲပါ“
ဆိုတဲ့ ကဗျာတပုဒ်လိုပါပဲ။
အခွင့်အရေးလှုပ်ရှားမှုတိုင်းမှာ ပန်းတိုင်ရောက်အောင် လှမ်းတက်ခဲ့ကြတဲ့ ခြေလှမ်းတွေက အများကြီးပါ။ ဒီခြေလှမ်းတွေရဲ့ အောင်ပွဲတွေကို တန်ဖိုးထားရင်း၊ အဆုံးသတ်ပန်းတိုင်ကို ဇွဲနဘဲနဲ့ ဆက်လျှောက်ရမယ်ဆိုတဲ့ အရေးကြီးသင်ခန်းစာတရပ်ကို ထိုင်ဝမ်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက မီးမောင်းထိုးပြနေပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၂၀၀၉)