ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဓာတ်ပုံများက ပြောသော ဒီပဲယင်း

Friday, May 29, 2009

ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီးဖြစ်ပွားခဲ့တာ ခြောက်နှစ်ကာလ ပြည့်လုပါပြီ။ လုပ်ကြံသူတွေကို မဖော်ထုတ်ပဲ အလုပ်ကြံခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ်ချထားခဲ့ပြီး၊ ခြောက်နှစ်ကြာလာတဲ့အခါ အကျယ်ချုပ်ဥပဒေနဲ့ ဆက်ချုပ်ထားလို့ မရတော့တာမို့ ကမ္ဘာကျော်လိမ်ညာ အမှုဆင်ပွဲကြီး ကျင်းပပြီး ထောင်ထဲတွန်းပို့နေပြန်ပါတယ်။ တရားခံက တရားလိုဖြစ်၊ တရားလိုက တရားခံဖြစ်ရတဲ့ ဒီလို ကမ္ဘာကျော် လူသတ်ပွဲကြီးတွေ၊ ကမ္ဘာကျော်အမှုဆင် လိမ်ညာပွဲကြီးတွေ လူ့ယဉ်ကျေးတွေနေတဲ့ ဒီခေတ်ကမ္ဘာကြီးမှာ ဖြစ်ပွားနေတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမယ့် သမိုင်းမှတ်တမ်း ဓာတ်ပုံတွေကတော့ အမှန်တရားတွေကို မီးမောင်းထိုးလို့ ဖော်ကျူးပြသနေခဲ့ပါပြီ။


(၂၀၀၂) ခုနှစ်ရဲ့ တခုသော မေလ နေ့ရက်လေးတရက်မှာ စစ်အာဏာရှင်တွေရဲ့ နေအိမ်အကျယ်ချုပ်ချမှု၊ ဖိနှိပ်မှုခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။



သတင်းစာရှင်းလင်းပွဲ (၂၀၀၂- မေလ ၆ရက်)



နေအိမ်ရှေ့မှာ (၂၀၀၂၊ မေလ ၆ ရက်)


(ရွှေတိဂုံဘုရားပေါ်မှာ- ၂၀၀၂ခုနှစ်၊ မေလ ၆ ရက်)

လူထုခေါင်းဆောင်တယောက်ပီသစွာပဲ လွတ်မြောက်ပြီးတာနဲ့ လူထုရှိရာကိုသာ သူမရဲ့ ခြေလှမ်းတွေက ဦးတည်ခဲ့သလို၊ လူထုကလဲသောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်။


( ကထိန်ပွဲတော်ဆီသို့အလာ- ရန်ကုန် ၂၀၀၂)


(မန္တလေးမြို့မှာ- ၂၀၀၂ ခုနှစ်)


မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်ခရီးစဉ်များကို ဆက်တိုက်ဆိုသလို ထွက်ခဲ့တဲ့ လူထုခေါင်းဆောင် တယောက်ရဲ့ အများချစ်ခင်လေးစားခံရမှုဟာ ထင်ထင်ရှားရှား။


(ချင်းပြည်နယ်)



(ရခိုင်ပြည်နယ်)




(မကွေး)

(အင်းတော်မြို့နယ်၊ အိမ်မရွာ)

ဒီလို စိတ်သဘောထားပြည့်ဝပြီး၊ စည်းရုံးရေးစွမ်းရည်ကောင်းမွန်လှတဲ့ လူထုခေါင်းဆောင်မျိုးကို သေနတ်ပြပြီး လာခိုင်းမှသာ လူထုက ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဆေးဖော်ကြောဖက် လုပ်ခံရတဲ့ ဗိုလ်သန်းရွှေ စစ်အုပ်စုတို့ ထိတ်လန့်တကြား၊ မနာလို၊ သ၀န်တိုခဲ့ကြတာ အဆန်းတော့ မဟုတ်ပါ။



နောက်ဆုံးတော့ လူထုရဲ့ သဘောထားမှန်ကို သိသွားတဲ့ စစ်အုပ်စုတို့ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ တောင်ပြေးမြောက်ပြေး ရွ့ာဆော်ခွေး ဖြစ်ရာက ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။


(မတ္တရာမြို့ အန်အယ်ဒီရုံးရှေ့၊ ၂၀၀၃ ခုနှစ်၊ မေလ ၂၆ ရက်)


(မုံရွာ- ရေဦး လမ်းမပေါ်မှာ- ၂၀၀၃ ခုနှစ်၊ မေလ (၂၉) ရက်)

နအဖစစ်အုပ်စုတို့ဟာ လုပ်ကြံမှုတခုကို အခုလို အကွက်ကျကျ ဖန်တီးခဲ့ကြတယ်။



(လုပ်ကြံခံရသည့် နေရာ မြေပုံကြမ်း)


လုပ်ကြံမှုဖြစ်ပွားခဲ့တဲ့ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့ နံနက်ခင်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ မုံရွာအန်အယ်ဒီရုံးကို ဆိုင်းဘုတ်တင်ပြန်ဖွင့်ပေးခဲ့တယ်။ နံနက် (၁၀) နာရီမှာတော့ ဘုတလင်မြို့ကို ထွက်ခွာလာခဲ့ပြီး၊ ဇီးတောရွာအရောက်မှာ အာဏာပိုင်တွေရဲ့ ရပ်တန့်ခြင်းကို ခံခဲ့ရတယ်။ ဘုတလင်ရောက်တော့ အန်အန်ဒီလူငယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၊ ညနေ (၄) နာရီမှာ ဘုတလင်ကနေ ဒီပဲယင်းကို ဆက်ထွက်ခဲ့ကြတယ်။ စိုင်ပြင်ရွာရောက်တော့ ထောင်သွင်းအကျဉ်းကျခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ရဲ့အိမ်ကို ၀င်အားပေးပြီး၊ ဆက်ထွက်ခဲ့တာမှာ အခင်းဖြစ်ပွားရာ နေရာဖြစ်တဲ့ ကြည်ရွာကို ည (၇) နာရီခွဲနဲ့ (၈)နာရီအကြားမှာ ရောက်ရှိခဲ့တယ်။



ကြည်ရွာအလွန် ကိုက် (၁၀၀) အရောက်မှာ ရဟန်းနှစ်ပါးက ယာဉ်တန်းရဲ့ တပ်ဦးကားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ကားကို ရပ်တန့်တားဆီးခဲ့တဲ့အတွက် အန်အယ်ဒီလူငယ် ကိုထွန်းဇော်ဇော်က ကားပေါ်ကဆင်းပြီး အကျိုးအကြောင်းမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောရန် တောင်းဆိုခဲ့တဲ့အတွက် အချိန်အခက် အခဲအကြောင်းကို ကိုထွန်းဇော်ဇော်မှ ပြန်ရှင်းပြနေစဉ်မှာ ဒိုင်နာကားနှစ်စင်းအပါအ၀င် စုစုပေါင်း ကားလေးစီး ရုတ်တရက်ရောက်လာပြီး၊ ပြည်ကအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုနှုတ်ဆက်နေတဲ့ ရပ်ရွာလူထုကလဲ သူတို့ကို အလိုမရှိ ပြန်ကြွေးကြော်နေစဉ်မှာပဲ ကားပေါ်က လူတွေက သံတုတ်၊ ၀ါးရင်းတုတ်နဲ့ သစ်သားပြားများကိုင်ပြီး ရွာသားများထံ ပြေးဝင်တိုက်ခိုက်လာကြတယ်။


ဒေါ်အောင်ဆန်းစုကြည်ကားကို ချဉ်းကပ်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ လမ်းဘေးကနေ လူသုံးထောင်လောက်ပေါ်လာပြီး ယာဉ်တန်းကို ၀ိုင်းဝန်းတိုက်ခိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ၀ိုင်းဝန်းတိုက်ခိုက်တာမှာ အန်အယ်ဒီလူငယ်များက လက်ချင်းယှက်ပြီး ကားကို ၀န်းရံကာကွယ်ခဲ့ကြတယ်။





(လူသတ်ကွင်းမှ သီသီလေးလွတ်မြောက်လာသော မျက်မြင်သက်သေများ)


အဲဒီ ပထမသတ်ကွင်းက ဒီပဲယင်းဘက်ကို ထွက်ပြေးလွတ်မြောက်သွားသူများကိုလဲ လမ်းဘေးဝဲယာမှာ အသင့်စောင့်ဆိုင်းနေတဲ့ လူတထောင်ကျော်က ထပ်မံတိုက်ခိုက်တဲ့အတွက် ဒုတိယသတ်ကွင်းမှာ သေဆုံးသွားသူလဲ အများကြီးပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှစိုးညွန့်တို့ရဲ့ ကားတွေ အဲဒီဒုတိယသတ်ကွင်းကနေ သီသီလေး လွတ်မြောက်သွားပေမယ့်၊ လမ်းတလျှောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ နအဖ လက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။




(လူသတ်ကွင်းမှ သီသီလေးလွတ်မြောက်လာသော မျက်မြင်သက်သေများ)


အခုလာမယ့် ၂၀၀၉ ခုနှစ်၊ မေလ (၃၀) ရက်နေ့ဆိုရင် ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တာ ခြောက်နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ လုပ်ကြံခံရသူများက ချုပ်နှောင်ခံထားရဆဲ။ မတရားတဲ့ဥပဒေပုဒ်မများနှင့် တရားစွဲဆို ခံနေရဆဲ။ မျက်မြင်သက်သေများက ပြည်တွင်းမှ ထွက်လာကာ ပြည်ပမှာ နိုင်ငံရေး ခိုလှုံနေရဆဲ။ လုပ်ကြံမှု လုပ်ခဲ့သူ တရားခံများကတော့ ပြည်တွင်းတွင် အာဏာကို လက်ကိုင်ထားရင်း ရာဇ၀တ်မှုများ၊ နိုင်ငံတော်အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေကြဆဲ။





အခုလို လူသိရှင်ကြား တရားခံနဲ့ တရားလိုတို့ ပြောင်းပြန်ဖြစ်နေတဲ့ တရားစီရင်ရေးစနစ်ရှိတဲ့ နိုင်ငံအဖြစ်ကမ္ဘာ ကျော်နေရခြင်းမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ရှက်ဖွယ်လိလိပဲ ဖြစ်ပါတယ်။ ဒါကြောင့်
‘When injustice becomes law, resistance becomes duty’
ဆောင်ပုဒ် လေးကို နှလုံးမူရင်း မတရားမှုတွေ ဥပဒေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သမိုင်းပေးတာဝန်ဖြစ်တဲ့ တော်လှန်ပုန်ကန်မှုကို ပြုလုပ်ကြပါစို့ လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။


၂၀၀၉ ခုနှစ် ပြည်လုံးကျွတ်အထွေထွေ သပိတ်ကြီးကို စတင်ကြပါစို့



စုစည်း တင်ပြသူ- ခင်မမမျိုး (29/5/ 2009)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒီပဲယင်းကျောက်စာ (သီချင်း)




(DVB)

အပြည့်အစုံဖတ်ချင်ရင်..>>>

အနှိုင်းမဲ့မေတ္တာရှင်

အပြည့်အစုံဖတ်ချင်ရင်..>>>

မြန်မာ့တာဝန်

Thursday, May 28, 2009

မန်မာ့တာဝန်

သူငယ်ချင်းရေ-
မင်းလဲမြန်မာ၊ ငါလဲမြန်မာ
မြန်မာပြည်မှာမွေး၊ မြန်မာ့ရေကိုသောက်
မြန်မာ့မြေမှာ၊ လူလားမြောက်ခဲ့တယ်။

ဘယ်နေရာကို ရောက်ရောက်
ဘာတွေပဲ လုပ်လုပ်
ဘ၀တွေမေ့၊ ဘ၀တွေမြင့်နဲ့
ရူးသွပ်နေသူ၊ မဟုတ်ဘူးဆိုရင်
မြန်မာဆိုတာ၊ ငါတို့ရင်ထဲ
အမြဲရှိနေတဲ့အရာ။

ဒီမြန်မာဆိုတဲ့ ငါတို့အမျိုးအစဉ်အလာကို
ဒီလိုပဲ ရင်ထဲမှာ သော့ခတ်၊
လွမ်းဆွတ်တမ်းတရင်း
ဖြစ်ချင်ရာဖြစ်၊ မတတ်နိုင်ပါဘူးလေလို့
လက်ပိုက်ကြည့် နေသင့်ကြသလား။

မြန်မာပြည် အနယ်နယ်အရပ်ရပ်က
လမ်းတွေပေါ်မှာ လျှောက်သွား
တောင်းစားနေရတဲ့ ၊
ငါတို့ မြန်မာလူမျိုးတွေရဲ့
အနာဂတ်မျိုးဆက် ကလေးငယ်တွေကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်
လိမ်မယ်၊ ညာမယ်၊ လူစွာလုပ်မယ်ဆိုတဲ့
စိတ်ဓာတ်ဆိုးကြီးတွေ
ငါတို့ တိုင်းပြည်ရဲ့
အနာဂတ်ခေါင်းဆောင် လူငယ်လေးတွေဆီ
ရောက်ရှိပြန့်နှံနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

သတ်မယ်၊ ဖြတ်မယ်၊ အာဏာပြမယ်
လူကြီးဖားပြီး၊ ရာထူးတက်မယ်ဆိုတဲ့
စိတ်ဆိုး၊ ဥာဉ်ဆိုးကြီးတွေ
ငါတို့ နိုင်ငံရဲ့
နောင်တခေတ် အောင်စစ်သည်တွေဆီ
ကူးစက် ပျံ့နှံနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

လက်ဖက်ရည်ဖိုးတောင်းမယ်၊ ကြားပွဲစားသုံးမယ်
ရုံးတက်နောက်ကျပြီး၊ ရုံးပြန်စောမယ်ဆိုတဲ့
စာရိတ္တပျက်ပြားမှုတွေ
ငါတို့ မြန်မာနိုင်ငံရဲ့
အနာဂတ် တည်ဆောက်သူုတွေဆီ
ငြိတွယ် ပျံ့နှံ့လာတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ဆေးဖိုးတောင်းမယ်၊ ၀ါးခယူမယ်
အသပြာပေးမှ ဆေးကုမယ်ဆိုတဲ့
အသပြာစိတ်တွေ
ငါတို့ တိုင်းပြည်ရဲ့
ကျန်းမာရေးဝန်ထမ်းတွေဆီ
ကူးစက် ပျံ့ပွားနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

မေးခွန်းအောက်မယ်၊ အမှတ်ရောင်းမယ်
ချမ်းသာတဲ့ကလေး ဦးစားပေးမယ်ဆိုတဲ့
ဂုဏ်သိက္ခာမဲ့မှုတွေ
ငါတို့ တိုင်းပြည်ရဲ့
ပညာရေးဝန်ထမ်းတွေဆီ
ပျံနှံ့ တိုးပွားနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

စားစရာမဲ့၊ ၀တ်စရာချို့တဲ့
နေစရာစုတ်ပဲ့
ဘ၀ခယောင်းလမ်းကို
ကြုံသလို၊ ဖြစ်သလို
ရုန်းကန်နေရတဲ့
မြန်မာအမျိုးသားတွေ ဘ၀ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ရှိတာလေးတွေခေါင်းရွက်
ကလေးငယ်ကို လက်ကစွဲလို့
တောထဲတောင်ထဲ၊ လျှိုထဲချောက်ထဲ
ပုန်းအောင်း ပြေးလွှားနေရတဲ့
မြန်မာတိုင်းရင်းသားတွေအဖြစ်ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

မတရားမှုကို တော်လှန်
အမှန်တရားအတွက်
တိုက်ပွဲဝင်ရင်း
အာဏာရှင်အကျဉ်းသားဘဝ
မတရားတွန်းပို့ခံရတဲ့
မြန်မာမျိုးချစ်တွေ အဖြစ်ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ကလိန်ကျမယ်၊ ညစ်ပတ်မယ်
ယုတ်မာ ရက်စက်မယ်ဆိုတဲ့
စစ်အာဏာရူးတွေ လက်ထဲ
ငါတို့ တိုင်းပြည်ရဲ့
အနာဂတ်တခုလုံး
ဖျက်ဆီးခံနေရတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

အရာရာ ယိုယွင်းပျက်စီးပြီး
မြန်မာဆိုတဲ့
အစဉ်အလာတွေ၊
အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေ
ဇာတိသွေး၊ ဇာတိမာန်တွေ
တစတစနိမ့်ကျ၊ သိက္ခာမဲ့လာတွေကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

သူငယ်ချင်းရေ-
မင်းလဲမြန်မာ
ငါလဲမြန်မာ၊
ဘယ်သူ့တာဝန်လဲ မမေးကြနဲ့
ဘယ်သူကယ်မှာလဲ မမျှော်ကြနဲ့
မြန်မာ့အရေးဟာ၊
မြန်မာတမျိုးလုံးရဲ့ တာဝန်၊
မြန်မာကို ကယ်ရမယ့်သူဟာ
ငါတို့ မြန်မာအမျိုးသားတို့သာ
ဖြစ်လေသမို့
အမျိုးသားရေးမှာ၊ လက်မနှေးပဲ
မြန်မာ့သွေးကို ပြကြပါစို့၊
သခင်စိတ်ကို မွေးကြပါစို့၊
မြန်မာ့ လွတ်မြောက်ရေးကို
ကြိုးပမ်းကြပါစို့၊
မတရာတဲ့ အမိန့်အာဏာမှန်သမျှ
တာဝန်အရ
ဖီဆန်ကြပါစို့။

ခင်မမမျိုး (၂၈၊ ၅၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

Monday, May 25, 2009

၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်း သတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ- ပစိဖိတ်လုံခြုံရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေး သမားတွေကို အပြီးသတ်ချေမှုန်းရေးစစ်ပွဲ၊ လတ်တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန် ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာဏာရှင်လက်ပါးစေစစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေးစီမံချက်နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကို မတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ်တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှု စတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသရဲ့ မဟာဗျူဟာ အချက်အချာ အကျဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


တိတိကျကျဆိုရရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ 'String of Pearl's Strategy' အရ အဓိကကျတဲ့ မဟာဗျူဟာကျ ဆိပ်ကမ်းတည်ဆောက်မှု ကွန်ယက်တွင်းမှာ ရှိနေတဲ့ ပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းစတဲ့ ဆိပ်ကမ်းတွေရှိနေတဲ့ နိုင်ငံတွေမှာ တပြိုင်နက်တည်းလိုလို စစ်ရေး၊ နိုင်ငံရေး ချေမှုန်းရေး ထိုးစစ်တွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီဆိပ်ကမ်းတွေဟာ အရေးကြီးရသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။



တရုတ်နိုင်ငံနှင့် ကွန်မြူနစ်ပါတီသြဇာအာဏာ


(၂၀၀၀) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ဝေတဲ့ အမျိုးသားကာကွယ်ရေးအစီရင်ခံစာမှာ တရုတ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခင်းအကျင်းအသစ်ကို ရှာဖွေနေတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပပို့ကုန် အခြေပြု စီးပွားရေးစနစ်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာတာ ဖြစ်ပေမယ့်၊ ၁၉၉၀ နောက်ပိုင်းကာလတွေကစပြီး နိုင်ငံတကာရေးရာတွေမှာ တစတစနဲ့ aggressive ဖြစ်လာခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာတွေ၊ အာဏာရှင်နိုင်ငံအစိုးရတွေကို ပံ့ပိုးမှုတွေ၊ သူလျှိုပြဿနာတွေ၊ လက်နက်ကန့်သတ်ရေး သဘောတူစာချုပ်များအပေါ် ဖောက်ဖျက်မှုစတာတွေက တစတစ များပြားလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ရေးရာ ပြဿနာတွေဖြစ်တဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ရေး၊ နယူးကလီးယားလက်နက်ထိန်းချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ် ခိုင်မာတောင့်တင်းမှု စတာတွေမှာလဲ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးထွားလာခဲ့ပါတယ်။


တရုတ်နိုင်ငံအနေနဲ့ အာရှတိုက်အပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းရခြင်း အကြောင်းရင်းတခုကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာ သက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များအနေနဲ့ ၁၉၅၀ ပြည့်လွန်ကာလများကတည်းက တရုတ်ပြည်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ရွေ့လျော ကူးပြောင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ စီးပွားရေးရာမှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပြည်ပပို့ကုန်အခြေပြု စီးပွားရေးအဆောက်အအုံကို တည်ဆောက်ကျင့်သုံးနေပေမယ့် နိုင်ငံရေးရာမှာတော့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုပြီး၊ ပါတီရဲ့ သြဇာအာဏာ လျော့နည်းလာမှာကို လိုလားခြင်း မရှိပါဘူး။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာသက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့က ပြည်တွင်းထိန်းချုပ် ကန့်သတ်မှုတွေ လိုအပ်သလို၊ ပြည်ပနိုင်ငံ များအပေါ်မှာလဲ သြဇာသက်ရောက်ဖို့ လိုအပ်လှပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာဏာရှင်နိုင်ငံများရဲ့ အစိုးရတွေကို ပံ့ပိုးနေခြင်းမှာလဲ ဒီအချက်က အချက်တခုအနေနဲ့ ပါဝင်ပါတယ်။


ပြည်ပနိုင်ငံများအပေါ် သြဇာသက်ရောက်ဖို့ တရုတ်နိုင်ငံရဲ့ လက်သုံးစကားကတော့ stability တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ နိုင်ငံရေး၊ စစ်ရေးတည်ငြိမ်မှုရှိအောင်လုပ်ဖို့၊ ငြိမ်ဝပ်ပိပြားမှုရှိဖို့ကို အထူးတလည် ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးကတော့ တရုတ်နိုင်ငံဟာ တရားဥပေဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှုနှစ်မျိုးမှာ ငြိမ်ဝပ်ပိပြားမှုရှိရေးကို ဦးစားပေးတွန်းအားပေးလေ့ရှိပြီး၊ ဒီအတွက် နိုင်ငံတော်အစိုးရတွေက တရားဥပဒေကို လျစ်လျူရှုလာမှုတွေကိုပါ အားပေးအားမြှောက်လုပ်တတ်တယ်လို့ ဆိုထားခဲ့ပါတယ်။


တရုတ်နှင့် စွမ်းအင်လုံခြုံရေး


တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြည်ပက တင်သွင်းတဲ့ စီးပွားရေး အရင်းအမြစ်များအပေါ်မှာ အများကြီး မူတည်နေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ရင် လက်ရှိကာလမှာ နေ့စဉ် 4 million barrels of oil ကို တရုတ်ပြည်ထဲ တင်သွင်းဖို့ လိုအပ်နေပါတယ်။ ဒီပမာဏဟာ ၂၀၂၀ ခုနှစ်ကျရင် 6 millions ဖြစ်လာပါမယ်။ ဒီလို အခြေအနေမှာ အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် အဓိက ကျလာတာက ပြည်ပရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်နေရာဒေသတွေအပေါ် လွှမ်းမိုးချုပ်ခြယ်မှု ရှိလာနိုင်စေရေးဖြစ်ပါတယ်။ ၁၉၈၉ ခု၊ တရုတ်ကျောင်းသားများ လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ပွဲအပြီးမှာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့ဖူးတာကို တရုတ်အနေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒီလိုထပ်မဖြစ်လာနိုင်ဖို့အတွက်က တရုတ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ လည်ပတ်မှုအတွက် အရေးပါတဲ့ စီးပွားရေးအရင်းအမြစ်တွေအပေါ်မှာ ဘယ်နိုင်ငံကမှ ထိပါးနိုင်စွမ်း မရှိဖို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝါကြီးမားလာဖို့ လိုအပ်တယ်လို့ တရုတ်ခေါင်းဆောင်များက တွက်ဆကြပါတယ်။


အဲဒီမှာတင် စွမ်းအင်လုံခြုံရေးအတွက် အဓိကကျတဲ့ ဒေသ (၅) ခုနဲ့ ပတ်သက်ပြီး၊ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ Geostrategy ထွက်ပေါ်လာပါတော့တယ်။ ဒီမဟာဗျူဟာအရ တရုတ်နိုင်ငံဟာ အာရှအလယ်ပိုင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။ (၁၉၉၆) ခုနှစ်ကစပြီး ရုရှားနိုင်ငံကို တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံများရဲ့ တွေ့ဆုံပွဲတွေမှာ ဖိတ်ကြားမှုတွေ စလုပ်လာခဲ့ပြီး၊ (၂၀၀၁) ခုနှစ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Shanghai Pact ပေါ်ပေါက်လာပါတယ်။ ဒီမဟာမိတ်အဖွဲ့မှာ ရုရှား၊ တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံကြီးလေးခုက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားရဲ့ စွမ်းအင်အရင်းအမြစ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဂျပန်တို့ရဲ့ အပြိုင်အဆိုင် ရယူကြိုးပမ်းမှုပြဿနာတွေက အခုထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့အကြားက proposed pipelines မြေပုံမှာ ၂၀၁၀ မှာ သဘာဝဓာတ်ငွေ့စတင် ထုတ်လွှတ်မှုပြုလုပ်မယ့် ရုရှား- တရုတ်ပိုက်လိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။




တရုတ်နဲ့ ရုရှားတို့ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအပေါ် ထားရှိတဲ့ မဟာဗျူဟာကို နိုင်ငံရေးပညာရှင်တွေက အဆင့်နှစ်ဆင့် မဟာဗျူဟာလို့ သတ်မှတ်ပြောဆိုကြပါတယ်။ ပထမတဆင့်က နှစ်နိုင်ငံလုံးဟာ အနောက်အုပ်စုနိုင်ငံများနဲ့ ပုံမှန် ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတွေမှာ အပြန်အလှန်အကျိုးအမြတ်ရှိအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒုတိယတဆင့်ကတော့ အနောက်အုပ်စုအပေါ်မှာ နိုင်ငံရေး နည်းလမ်းတချို့ကို အသုံးပြုပြီး ဆန့်ကျင်ဖို့ဖြစ်ပါတယ်။ ဒီလိုဆန့်ကျင်ရာမှာ အာဏာရှင်နိုင်ငံများကို အကာအကွယ်ပေးမှုနဲ့ အနောက်အုပ်စုနဲ့ မဟာမိတ်ဖြစ်သွားနိုင်ချေမရှိတဲ့ နိုင်ငံတွေမှာ နယူးကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေး ပရောဂျက်တွေ ပေါ်ပေါက်လာဖို့ အကူအညီပေးရေး ဖြစ်ပါတယ်။ နယူးကလီးယား နည်းပညာမှာ reactors နဲ့ weapons ထုတ်လုပ်နိုင်မှုဟာ nuclear chain reaction ကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ regulated process နဲ့ reactor energy output ရအောင် ထုတ်လုပ်နိုင်သလို၊ uncontrolled and rapid chain reaction နဲ့ ပေါက်ကွဲအား ပြင်းထန်တဲ့ fission weapons နဲ့ thermonuclear weapons လို့ အများသိထားကြတဲ့ fusion weapons တွေကို ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပေါင်းဖို ရှိပြီးသား နိုင်ငံတွေဟာ လိုအပ်လာတဲ့ အချိန်တခုမှာ လက်နက်တွေကိုပါ ပြောင်းလဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်နဲ့ ရုရှားတို့က အနောက်အုပ်စုကို ဆန့်ကျင်တဲ့ အာဏာရှင်အစိုးရတွေကို နယူးကလီးယားနည်းပညာများ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး လောကမှာ ဘာလုပ်ချင်လိုက်တာ၊ ဘာဖြစ်ချင်လိုက်တာဆိုတဲ့ intent တွေ ထိုင်အော်နေလို့ ဘာမှ အကျိုးမရှိပါဘူး။ အချိန်မရွေးထလုပ်နိုင်တဲ့ capability ကိုပဲ ဦးစားပေးတည်ဆောက်ရပါတယ်။ capability ရှိမှ intent ကို အကောင်အထည်ဖော်နိုင်ပါတယ်။


တရုတ်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်တဲ့ Geostrategy ကို ဆက်လက်တင်ပြပါမယ်။ တရုတ်နိုင်ငံစွမ်းအင်လုံခြုံရေးရဲ့ (၈၀) ရာခိုင်နှုန်းဟာ အရှေ့အလယ်ပိုင်းဒေသပေါ်မှာ မူတည်နေပါတယ်။ သဘာဝအရင်းအမြစ်တွေ များပြားလှတဲ့ ဒီဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် ရတနာသိုက်ကြီး သဖွယ်ပဲ ဖြစ်ပါတယ်။ ဗြိတိသျှ ရေနံကော်ပရေးရှင်းက ထုတ်ဝေတဲ့ ၂၀၀၇ ခုနှစ် ကမ္ဘာ့စွမ်းအင် သုံးသပ်ချက် အစီရင်ခံစာအရ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပါတယ်။ ၁၉၉၀ ကာလတွေမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသ မဟာဗျူဟာကတော့ အီရန်နဲ့ အီရတ်တို့အကြားက tensions ကို တိုးမြှင့်ထားပြီး containment လုပ်ဖို့ဖြစ်ပါတယ်။ တရုတ်ရဲ့ ဗျူဟာကတော့ ဒီဒေသထဲမှာ အမေရိကန်က state-sponsored terrorism ရှိတယ်လို့ သတ်မှတ်ထားတဲ့ လစ်ဗျား၊ အီရန်နိုင်ငံတို့ကို မဟာမိတ်ဖွဲ့ရေး ဖြစ်ပါတယ်။


လက်တင်အမေရိက ဒေသနဲ့ ပတ်သပ်တဲ့ တရုတ်နိုင်ငံရဲ့ geostrategy ကတော့ ကျူးဘားနဲ့ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံမှု ခိုင်မြဲအောင် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရင်း တောင်ပိုင်းနယ်စပ်မှာရှိတဲ့ အာဏာရှင်နိုင်ငံများကို အကူအညီပေးပြီး အမေရိကန်ပြည်ထောင်စုကို စိတ်အနှောင့်အယှက်ပေးခြင်း ဖြစ်ပါတယ်။ ကျူးဘားနဲ့မဟာမိတ်တည်ဆောက်ထားတာ၊ ဗင်နီဇွဲလား အာဏာပိုင်တွေကို အကူုအညီပေးမှုတွေဟာ တရုတ်နိုင်ငံရဲ့ ဒီဒေသနဲ့ပတ်သက်တဲ့ စွမ်းအင်အရင်းအမြစ် ရရှိနိုင်မှုကို အာမခံချက်ပေးနိုင်တယ်လို့ တရုတ်ခေါင်းဆောင်များက ယူဆပါတယ်။


အခုဆက်လက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်နဲ့ ပင်လယ်ရေကြောင်း ထွက်ပေါက်တွေမှာ အရေးကြီးဆုံးဖြစ်တဲ့ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြီးတဲ့ ကျွန်းစုများ ကို ဆက်လက်တင်ပြပါမယ်။ ၁၉၉၂ ခုနှစ်ကစပြီး တောင်တရုတ်ပင်လယ်ဟာ တရုတ်ပိုင်ရေပိုင်နက်ဖြစ်ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။ အငြင်းပွားစရာဖြစ်တဲ့ ကျွန်းစုတွေကို သိမ်းပိုက်ပြီး ဖြေရှင်းတာကြောင့် ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်တို့နဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ အမေရိကန်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ freedom of navigation ရှိဖို့ဟာ အာရှ- ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် အရေးကြီးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။


တောင်-တရုတ်ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပထစီဝင် strategic doctrine ဖြစ်တဲ့ first island chain of defense ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ဒီ strategic doctrine ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပါသော ပင်လယ်ဒေသများကို ထိန်းချုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေး အရင်းအမြစ်များကို ကာကွယ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်သာမက တရုတ်- အိန္ဒိယဒေသမှာ အရေးကြီးတဲ့ ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်လာပါတယ်။ မြန်မာနိုင်ငံ၊ အာဏာရှင်အစိုးရကို ကျောထောက်နောက်ခံပေးပြီး၊ တရုတ်ရေတပ် အခြေစိုက်စခန်းများ ဆောက်လုပ်ထားမှုနဲ့ မဟာဗျူဟာ ဆိပ်ကမ်းများ တည်ဆောက်မှုမှာလဲ ဒီအချက်က အလွန်အရေးကြီးပါတယ်။ ဒီဒေသရဲ့ ရေကြောင်းလမ်းများ မြေပုံပေါ်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်လမ်းကြောင်းများအတွက် အရေးကြီးတဲ့ နေရာတခုဖြစ်တယ်ဆိုတာ သေချာ တွေ့မြင်နိုင်ပါတယ်။




အခုဆက်လက်ပြီး တရုတ်- အိန္ဒိယ ဒေသရဲ့ မဟာဗျူဟာ အချက်အချာကျနိုင်ငံများနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးကို ရေးသားတင်ပြပါမယ်။


တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး


တရုတ်နိုင်ငံရဲ့ အာရှဒေသကို လွှမ်းမိုးထားချင်တဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများရဲ့ အာရှဒေသတွင်းမှာ ဖြန့်ကျက်ရောက်ရှိနေတဲ့ ပါဝါကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်ပြည်တို့အကြားက မဟာဗျူဟာ ဆက်နွယ်မှုတွေက အရေးကြီးလာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြားမှာ ၂၀၀၈ ခုနှစ်အတွင်းက civil nuclear agreement ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ပြုလုပ်တဲ့ Nuclear supplier's Group အစည်းအဝေးမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ အိန္ဒိယတို့အကြားက သဘောတူစာချုပ် ပျက်ပြယ်ဖို့ အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ အာရှတိုက်ရဲ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးဟာ မဟာဗျူဟာ ပြိုင်ပွဲသဏ္ဍာန် ဖြစ်နေတာကြောင့်၊ ၀ါရှင်တန်ပေါ်လစီရေး လေ့လာသူတွေ၊ အာရှရေးရာ လေ့လာသူတွေအတွက် အထူးပဲ စိတ်ဝင်တစားစောင့်ကြည့်နေကြရတဲ့ ဆက်ဆံရေးဖြစ်နေပါတယ်။


အိန္ဒိယနိုင်ငံ မဟာဗျူဟာရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးမှာ ရေရှည်မဟာဗျူဟာနှစ်ရပ်ကို ၁၉၉၀ ကာလတွေကတည်းက စတင်အကောင်အထည်ဖော်ထားတယ်လို့ ယူဆကြပါတယ်။ ပထမတခုက ကုန်သွယ်မှုတိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် တည်ဆောက်တာဖြစ်ပြီး၊ ဒုတိယတခုကတော့ တပြိုင်နက်တည်းမှာပဲ ဒေသတွင်း မဟာဗျူဟာ အချက်အချာဒေသတွေကို လွှမ်းမိုးချုပ်ကိုင်ပြီး အိန္ဒိယနိုင်ငံကို ၀န်းရံတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းတွေဟာ တရုတ်- အိန္ဒိယနိုင်ငံတွေအတွက် အရေးပါတဲ့ မဟာဗျူဟာ ဆိပ်ကမ်းတွေ ဖြစ်လာပါတယ်။ ဒီဆိပ်ကမ်းတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးဟာ အိန္ဒိယနိုင်ငံ၊ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အတွက် အလွန်ပဲ အရေးကြီးလှတဲ့ မဟာဗျူဟာ ဂိမ်းတခုဖြစ်ပါတယ်။




တရုတ်- ပါကစ္စတန် ဆက်ဆံရေး


နိုင်ငံတကာရေးရာမှာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်တို့အကြားက ဆက်ဆံရေးကို Sino-Pakistani Relations အနေနဲ့ သုံးသပ်ပြောဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ နိုင်ငံအုပ်စုတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ပထမဆုံးသံတမန်ရေးရာ ဆက်နွယ်မှုစတင်ခဲ့ပြီးကတည်းက ဒီနိုင်ငံနှစ်နိုင်ငံအကြားက ဆက်ဆံရေးဟာ ပြေပြစ်ချောမော တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတည်ဆောက်မှုဆိုတာက တဘက်မှာ သံတမန်ရေး၊ စစ်ရေး၊ မဟာဗျူဟာရေးပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်သလို တဘက်မှာလဲ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုပိုင်းမှာ ကူးလူးဆက်နွယ်မှုတွေ လိုအပ်တယ်ဆိုတာ တရုတ်ခေါင်းဆောင်များရော၊ ပါကစ္စတန်ခေါင်းဆောင်းများပါ သဘောပေါက်ခဲ့ကြပါတယ်။


ဒါကြောင့် တရုတ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံကလဲ Exclusive Industrial Zones တွေ ဖွင့်လှစ်ပြီး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ တောင်အာရှမှာ ပါကစ္စတန်နိုင်ငံဟာ သီရိလင်္ကာတနိုင်ငံတည်းနဲ့သာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိနေတာကြောင့်၊ ဘေဂျင်း ပေါ်လစီက ပါကစ္စတန်ပို့ကုန် တထောင်နီးပါးကို tariffs လျှော့ချပေးမှုဟာ ပါကစ္စတန်နိုင်ငံအတွက် ကုန်သွယ်မှုအကျိုးအမြတ်များစွာ ရရှိလာခဲ့ပါတယ်။


စစ်ရေးပိုင်းမှာဆိုရင် တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို အဓိက လက်နက်ရောင်းချ ထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အကြားမှာ defence production pact ကော၊ defence co-operation pact တို့ပါ သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ နှစ်နိုင်ငံ စစ်ဘက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုမှာ တရုတ်နဲ့ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံကြား bilateral strategic partnership ကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်ဟာ ပါကစ္စနဲ့ တရုတ်တို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အဆုံးစွန်တိုးမြှင့်ပေးခဲ့တဲ့နှစ်ပါ။ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ ပြုလုပ်နေတာတွေ ရပ်ဖို့ ပါကစ္စတန်နိုင်ငံရေးဝန်ကြီးဌာနက သုံးကြိမ်တောင်းဆိုခဲ့ပါတယ်။ တခါ ပါကစ္စတန်နိုင်ငံတွင်းမှာ အမေရိကန်ပြည်ထောင်ရဲ့ war on terror တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက သတိပေးပြောကြားခဲ့သလို တရုတ်နိုင်ငံရဲ့ advanced state of the art navy frigate ဖြစ်တဲ့ F-22 Frigate ကို ပါကစ္စတန်ရေတပ်ကို ပံ့ပိုးပေးခဲ့ပါတယ်။


ဒီ ၂၀၀၈ ခုနှစ်ထဲမှာပဲ တရုတ်နဲ့ ပါကစ္စတို့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ Gwadar Port မှာ ပထမဆုံးသင်္ဘော ကျောက်ချခဲ့ပါတယ်။ ဒီ ဆိပ်ကမ်းဟာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အတွက် အရေးပါတဲ့ အချက်အချာ ဆိပ်ကမ်း တခုပါ။ အခုလက်ရှိမှာ တရုတ်ပြည်မှာ အသုံးပြုနေတဲ့ oil တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ မလက္ကာ ရေလက်ကြားကနေ ၀င်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီရေလက်ကြားကို တချိန်မှာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ်မှာကို စိုးရိမ်မှုရှိပါတယ်။ ဒီအတွက် String of Pearl's Strategy ဆိုတဲ့ မဟာဗျူဟာတရပ်ကို အကောင်အထည်ဖော်ပါတယ်။ ရည်ရွယ်ချက်ကို oil movement ကို အနောက်နိုင်ငံတွေက ထိန်းချုပ်လို့မရအောင် line of defense တည်ဆောက်ဖို့ပါ။ ဒီလိုတည်ဆောက်ဖို့မှာ ပါကစ္စတန် ဂျီဝါဒါ၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၊ သီရိလင်္ကာ ဟာဘမ်တိုတာ၊ မြန်မာနိုင်ငံ စစ်တွေ၊ ကျောက်ဖြူဆိပ်ကမ်းတွေဟာ အရေးကြီးတဲ့ အချက်အချာနေရာတွေ ဖြစ်လာပါတယ်။




ဒီလိုစီမံချက်တွေ အကောင်အထည်ဖော်နေစဉ်မှာပဲ ဘင်လာဒင်ဦးဆောင်တဲ့ တာလီင်္ဘန်အကြမ်းဖက် သမားတွေကို အကြောင်းပြုပြီး၊ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို တရုတ်ခေါင်းဆောင်များနဲ့ ပါကစ္စတန်ခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လာကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံးလုပ်နိုင်တဲ့ မဟာဗျူဟာ ထွက်ပေါက်ကတော့ ချေမှုန်းရေး ထိုးစစ်တွေ စတင်ပြီး၊ အနောက်အုပ်စုရဲ့ ဒေသတွင်းလွှမ်းမိုးမှု ပါဝါကို လျှော့ချခြင်းပါပဲ။


တရုတ်- သီရိလင်္ကာ ဆက်ဆံရေး


သီရိလင်္ကာ နိုင်ငံ၊ ဟာဘမ်တိုတာ ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ဆိပ်ကမ်းတည်ဆောက်မှုကွန်ယက်အတွင်းက ဆိပ်ကမ်းတခုဖြစ်ပါတယ်။ ဒီဒေသအတွင်းက Trincomalee ဆိပ်ကမ်းကို ဗြိတိသျှရေတပ်က ၁၉၅၇ အထိ စစ်အခြေစိုက်စခန်းအနေနဲ့ အသုံးပြုခဲ့ပြီး၊လက်ရှိအချိန်အထိ အနီးအနားက ကျွန်းစုတခုဖြစ်တဲ့ Diego Garcia ကျွန်းကို စစ်ရေးအချက်အချာ နေရာတခုအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့အတူ ပူးတွဲအသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒီဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ဆိပ်ကမ်းတခု ပေါ်ထွက်လာနေတာကို အနောက်အုပ်စုနဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ အတော်ပဲ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။


တရုတ်နိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံကို ၁၉၉၀ နှောင်းပိုင်းကာလက စတင်ပြီး လက်နက်ရောင်းချမှုတွေ အများအပြားပြုလုပ်လာခဲ့ပါတယ်။ သီရိလင်္ကာ စစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေအပေါ် ရက်စက်စွာ နှိမ်နင်းမှုတွေကြောင့် အနောက်အုပ်စုက ပြည်တွင်းစစ်အတွက်သုံးမယ့် လက်နက်တွေကို မရောင်းချဖို့ ကိုလန်ဘိုကို ငြင်းဆိုထားချိန်မှာ တရုတ်နိုင်ငံက ကြားဝင်လာတာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုက သီရိလင်္ကာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အကြောင်းပြုပြီး စစ်ရေးထောက်ပံ့မှုရပ်ဆိုင်းထားချိန်မှာ သိရိလင်္ကာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်နက်ရောင်းချမှုနှုန်းတွေက တစတစ တိုးတက်မြင့်မားလာပါတယ်။ ၂၀၀၇ခုနှစ်၊ အေပြီလဆန်းပိုင်းမှာတင် တရုတ်နဲ့ ကိုလန်ဘိုအစိုးရတို့အကြား ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံကိုလဲ သီရိလင်္ကာကို လက်နက်ပစ္စည်းများ ပိုမိုတိုးမြှင့်ရောင်းချပေးဖို့နဲ့ လေတပ်အရာရှိတွေကို တရုတ်တိုက်လေယာဉ်များ မောင်းနှင်တဲ့သင်တန်းများပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ F7 တိုက်လေယာဉ် ခုနစ်စီးကို ကိုလန်ဘိုအစိုးရလေတပ်ကို အခမဲ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ တမီးတိုက်ဂါးလ်တို့ရဲ့ တိုက်လေယာဉ်တွေကို တရုတ်လေတပ်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။


လက်ရှိမှာ ဖြစ်ပွားခဲ့တဲ့ တမီးတိုက်ဂါးတို့ကို အဆုံးသတ်ချေမှုန်းရေးတိုက်ပွဲမှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပွဲဇုန်အတွင်းမှာ အရပ်သားတွေ ပိတ်မိနေတာတွေ အများကြီးရှိခဲ့ပါတယ်။ တမီး လ်တို့ဘက်က အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတာတွေမှာလဲ ကိုလန်ဘိုအစိုးရက ငြင်းပယ်ခဲ့ပါတယ်။ အလုံးစုံချေမှုန်းရေးထိုးစစ်ကြီးကို အပြီးသတ် ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ နိုင်ငံများစွာမှာ တမီးလ်လူမျိုးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကြားဝင်စေ့စပ်ဖို့ တောင်းဆိုမှုတွေ များစွာ ပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်အုပ်စုအနေနဲ့ ကြေငြာချက်တွေ ထုတ်ပြန်ပေးတာက လွဲလို့ ဘာမှ ထိရောက်စွာ ကူညီနိုင်ခဲ့ခြင်း မရှိပါဘူး။


နိုင်ငံတကာမျက်နှာစာပေါ်ရောက်တဲ့ ပြဿနာတွေဖြစ်လာတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက်ဖြေရှင်းနိုင်ဖို့အတွက် အဆင့်ဆင့် ဆုံးဖြတ်ချက်ချမှတ်မှုတွေ၊ ၀င်ရောက်ဖြေရှင်းရင် ရနိုင်မယ့် အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေအတွက် တွက်ချက်ပြီး ၀င်ရောက်ဖို့ တန်သလား- မတန်သလား ရွေးချယ်ရမှုတွေ အများကြီးရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရောက်သွားခဲ့ရင်လဲ တရုတ်နဲ့ ရုရှားတို့ရဲ့ သြဇာကို ရှောင်ရှားကျော်လွှားနိုင်ဖို့က ခက်ခဲလှပါတယ်။ အထူးသဖြင့် အာရှပါဝါတည်ဆောက်နေတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ဖြစ်လာခဲ့ရင် နိုင်ငံတကာက ရှောင်လွှဲသွားလေ့ရှိပါတယ်။


အနောက်အုပ်စုအနေနဲ့ ဒီဒေသနဲ့ ပတ်သက်တဲ့ Strategic imperative က လက်ရှိအခြေအနေအထိမှာ အိန္ဒိယရဲ့ ပါဝါကို ကျားကန်ပေးပြီး၊ regional balance ကို တည်ဆောက်ဖို့နဲ့ အိန္ဒိယနဲ့ တရုတ်တို့အကြားက ဆက်ဆံရေး dynamics ကို မျက်ချေမပြတ်စောင့်ကြပ်နေဖို့ အဆင့်ပဲ ရှိပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို တိုက်ရိုက်ထိခိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်ထိဟာ နောင်ဆယ်နှစ်တာ ကာလအတွင်းဖြစ်လာဖို့တောင် ခဲယဉ်းပါလိမ့်မယ်။ နောက်တချက်က တမီးလ်တိုက်ဂါးတွေက long-term political struggles ရဲ့ frustration တွေကို သည်းမခံနိုင်ပဲ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကြားမှာ စည်းခြားထားတဲ့ ပြည်သူလူထုအသက်အိုးအိမ်ကို မထိပါးရေးဆိုတဲ့ စည်းကို ကျော်လွန်ထားပြီဖြစ်တဲ့အတွက် ၂၁ရာစုရဲ့ နိုင်ငံရေးအခြေအရ သူတို့ဘက်မှာ နိုင်ငံတကာက ၀င်ရပ်ပေးဖို့ ဆိုတာ အလွန်ပင်ခဲယဉ်းသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နယူးဒေလီအခြေစိုက် ပေါ်လစီသုတေသန ဌာနက Brahma Chellaney ဆိုထားခဲ့သလိုပဲ ကိုလန်ဘိုအစိုးရရဲ့ တမီးလ်တိုက်ဂါးများကို အဆုံးသတ်ချေမှုန်းရေးစီမံချက်မှာ အဆုံးအဖြတ်ပေးခဲ့တဲ့ အချက်ကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေး ထောက်ကူပေးမှုပဲ ဖြစ်ပါတယ်။


တရုတ်- မြန်မာ ဆက်ဆံရေး





မြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနည်းကျ တွေးခေါ်ရေးမှာ အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ မြန်မာ့ရေပိုင်နက်က ကိုးကိုးကျွန်းဟာ တရုတ်ပြည်ရဲ့ ရေတပ်အခြေစိုက်စခန်းအတွက် သင့်လျော်တဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်နေသလို၊ မြန်မာပြည်အနောက်ပိုင်း စစ်တွေ၊ ကျောက်ဖြူဒေသဟာ တရုတ်ပြည်ရဲ့ စွမ်းအင်လုံခြုံရေး မူဝါဒထဲမှာ အရေးပါနေပြန်ပါတယ်။ People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေး၊ အိန္ဒိယရေတပ် လှုပ်ရှားမှုကို မျက်ချေမပြတ်စောင့်ကြပ်နိုင်ရေးအတွက် အိန္ဒိယရေတပ်ရဲ့ ထိန်းချုပ်ထားတဲ့ အဒန်မန်ကျွန်းစုတွေနဲ့ ကီလိုမီတာ (၃၀) ပဲကွာဝေးတဲ့ မြန်မာ့ရေပိုင်နက်ထဲက ကိုးကိုးကျွန်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ (၂၀၅၀) ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ blue water navy status ကို ရောက်ရှိဖို့ မျှော်လင့်ထားတဲ့ တရုတ်ရေတပ်အတွက် ကိုးကိုးကျွန်းကို လက်လွှတ်ခံလို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လဲ တရုတ်ရေတပ်ရဲ့ ရေဒါနဲ့ electronic surveillance အခြေစိုက်စခန်း ဖြစ်အောင် မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။


နောက်ထပ်နေရာတခုကတော့ strings of Pearl's strategy မှာ ပါနေတဲ့ စစ်တွေ၊ ကျောက်ဖြူဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီဒေသကနေမြန်မာပြည်အထက်ပိုင်းကို ဖြတ်ပြီး ယူနန်နယ်ထဲကို တိုက်ရိုက်ဝင်ရောက်မယ့် ပိုက်လိုင်းတည်ဆောက်ဖို့ မြန်မာစစ်အုပ်စုတွေနဲ့ သဘောတူညီထားပြီးဖြစ်နေပါတယ်။ ဒီဒေသဟာ ပိုက်လိုင်းစီမံကိန်းအတွက်သာမကပဲ တရုတ်နိုင်ငံရဲ့ ၀င်ပေါက်ကြီးသဖွယ်ဖြစ်နေပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ မြန်မာပြည်အထက်ပိုင်းဒေသ နယ်မြေစိုးမိုးရေးကို မြန်မာစစ်အုပ်စုက ဦးစားပေးလုပ်လာတာတွေ၊ လမ်းတံတားတည်ဆောက်မှုတွေ၊ နယူးကလီးယားစီမံကိန်း ဖော်ဆောင်မှု တည်နေရာတွေ၊ မေမြို့ဝန်းကျင်ဒေသတွေမှာ အာဏာပိုင်များအတွက် အထူးလုံခြုံရေး အိမ်ခြံမြေတည်ဆောက်မှုတွေ၊ စစ်ရေးအချက်အချာကျတဲ့ ကျောက်ဂူ- အင်တော နယ်မြေအတွင်းက လှုပ်ရှားစစ်ကြောင်းတွေ၊ နောက်ဆုံး မြို့တော်ကို နေပြည်တော်ရွှေ့ပြောင်းမှုတွေဟာ တချို့အတိုက်အခံတွေ အဆိုရှိသလို မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရောက်သွားလို့ မဟုတ်ပါဘူး။ မရောက်ခင်ကတည်းက ကြိုတင်စီမံထားကြတဲ့ ကွင်းဆက်ဖြစ်စဉ်ကြီးဖြစ်ပါတယ်။


တခါက ဆောင်းပါးတပုဒ်မှာလဲ ကျွန်မရေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အနောက်အုပ်စုက စစ်ရေးအရ ၀င်ရောက်ကူညီပေးနိုင်မှုအခွင့်အလမ်း ရလာနိုင်ချေ တစ် ရာခိုင်နှုန်းလောက်သာ ရှိပေမယ့်၊ တကယ်ဝင်တော့မယ်ဆိုတဲ့ အချိန်မှာ အမေရိကန်က မြန်မာပြည်အောက်ပိုင်း၊ တရုတ်က မြန်မာပြည်အထက်ပိုင်း ၀င်လိုက်ရတဲ့ အခြေအနေမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ပါဝါရှိတာ အမေရိကန်တခုတည်း မဟုတ်ပါဘူး။ အထူးသဖြင့် ဒေသအနေအထားအရ ၀င်ရောက်ရတော့မယ်ဆိုတဲ့ အနေအထားမှာ တရုတ်က အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ချလိုက်ပြီး၊ မြန်မာပြည်အထက်ပိုင်းကို အလွယ်တကူပဲ ၀င်ရောက်ထိန်းချုပ်သွားမှာပါပဲ။ ဒါကလဲ အဆုံးစွန်အနေအထားမှာမှ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာနိုင်ငံထဲကို အနောက်အုပ်စု မ၀င်လာနိုင်အောင် တရုတ်နိုင်ငံဟာ နည်းမျိုးစုံနဲ့ ကြိုတင်ကာကွယ်တားဆီးမှာကတော့ အသေအချာပါပဲ။


မြန်မာပြည်နဲ့ပတ်သက်တဲ့ နောက်ထပ် မဟာဗျူဟာ အချက်အချာနေရာကတော့ အင်ဒိုနီးရှား ဆာဘင် ကျွန်းစုအနီး မြန်မာ့ရေပိုင်နက်ထဲက ဇာဒက်ကြီးကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာလဲ တရုတ်ရေတပ်က စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားရှိထားပါတယ်။ ဒီကိစ္စဟာ အာဆီယံနဲ့ အရှေ့တောင်အာရှနိုင်ငံများအတွက် တရုတ်ရဲ့ အနာဂတ် maritime ambitions အပေါ်မှာ စိုးရိမ်မကင်းဖြစ်နေရတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ အထိ တရုတ်- မြန်မာ စစ်ရေးဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်မှု နည်းခဲ့ပေမယ့် ၁၉၈၉ ခုနှစ်မှာ ပထမဆုံးမြန်မာစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းကို ရောက်သွားစဉ်ကတည်းက စပြီး လက်နက်အရောင်းအ၀ယ်စာချုပ်များသာမက၊ မြန်မာစစ်တပ်ကို လေ့ကျင့်ပေးဖို့ သဘောတူညီချက်တွေပါ ရှိထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ဦးစီးကောလိပ်မှာ မြန်မာအရာရှိများအတွက် နေရာပေးထားမှုများပါ ရှိခဲ့ပါတယ်။ စစ်ရေးမှာသာမက ယူနန်နယ်နဲ့ ဆက်သွယ်ရေး လွယ်ကူချောမွေ့လာဖို့အတွက် လိုအပ်တဲ့ infrastructure တည်ဆောက်ရေးမှာပါ အကူအညီပေးထားခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တရုတ်နိုင်ငံဟာ နိုင်ငံတကာ စစ်မျက်နှာမှာ သူ့ရဲ့ strategic interests ကို အကာအကွယ်ပေးနေမှာပဲ ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာအတိုက်အခံတွေအနေနဲ့ ဘယ်လို နည်းလမ်းတွေကို အသုံးပြုသင့်သလဲ။ ဘာတွေ လုပ်သင့်သလဲ။ တရုတ်ရဲ့ အားကြီးသူဘက်က ထောက်မပေးတတ်တဲ့ မူဝါဒနဲ့ အနောက်အုပ်စုရဲ့ အားနည်းသူဘက်က လိုက်ပါပေးလေ့ရှိတဲ့ မူဝါဒနှစ်ခုတို့ရဲ့ အားပြိုင်မှုကို ကနဦးတင်ပြချင်ပါတယ်/


တရုတ်၏အားကြီးသူဒေါက်တိုင် မူဝါဒနှင့် အနောက်အုပ်စု၏ အားနည်းသူမူဝါဒတို့ အားပြိုင်မှု


အာရှရေးရာမှာသာမက အာဏာရှင်နိုင်ငံအများစုမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အားပေးပြီး၊ ပါဝါမရှိတဲ့ ပြည်သူတွေ ဘက်က ရပ်တည်တဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။ တရုတ်နိုင်ငံကကျတော့ ပါဝါရှိနေပြီးသား အာဏာရှင်အစိုးရတွေကို ကူညီအားပေးတဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အာဏာရှင်အစိုးရတွေက ကျောထောက်နောက်ခံ တရုတ်နိုင်ငံရှိလာတဲ့အတွက် ပိုမိုရမ်းကားမှုတွေ လုပ်လာတာတွေ ရှိလာပါတယ်။ ဒီကိစ္စကို အနောက်နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက်အရေးယူမှုတွေ လုပ်လာတဲ့အခါကျတော့ တရုတ်နိုင်ငံက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးပဲဖြစ်ဖြစ်၊ နောက်ကနေ ကြိုးဆွဲလို့ပဲဖြစ်ဖြစ် အကူအညီပေးပါတယ်။ တစတစများလာတဲ့အခါကျတော့ ကျုံးသွင်းခံလိုက်ရပြီး၊ စီးပွားရေးအရရော၊ အတွေးအခေါ်၊ မူဝါဒရေးရာတွေမှာပါ တဖြည်းဖြည်း ၀ါးမျိုခံရတော့တာပါပဲ။


တပြိုင်နက်တည်းမှာပဲ ပါဝါမရှိတဲ့ အဖိနှိပ်ခံ တော်လှန်သူတွေကလဲ အမေရိကန်နဲ့ နိုင်ငံတကာကို အားကိုးရာက တစတစ ကယ်တင်ရှင်လို ထင်မှတ်လာတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ကြိုးပမ်းမှုမရှိတော့ပဲ နိုင်ငံတကာရဲ့ ၀င်ရောက်ကူုညီပေးမှုအပေါ်မှာပဲ အလုံးစုံပုံအပ်လာတာတွေ ဖြစ်လာတတ်ပါတယ်။ ၂၁ရာစု ကမ္ဘာ့အခြေအနေပြောင်းလဲလာမှုတွေထဲမှာ အရေးပါတဲ့ အချက်တခုဖြစ်တဲ့ အကြမ်းဖက်မှုချေမှုန်းရေးကိစ္စကလဲ အတိုက်အခံတွေကို တော်တော်ဂယက်ရိုက်စေလာပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်အဖွဲ့တွေမဟုတ်ပေမယ့် အကြမ်းဖက်အဖွဲ့ အစည်းတော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဘ၀ကနေ တိုက်ပွဲကြန့်ကြာမှု အပေါ်မှာ စိတ်မရှည်ဖြစ်မှုတွေ၊ ခံစားချက်ကို ဦးစားပေးရင်း လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုအကြားမှာ တားဆီးထားတဲ့ စည်းတခုဖြစ်တဲ့ အပြစ်မဲ့ပြည်သူအပေါ်တိုက်ခိုက်ခြင်း စည်းကျော်သွားမှုတွေ၊ တခါတရံမှာလဲ ဒီလိုစည်းကျော်မှုဖြစ်အောင် အာဏာရှင်တွေဘက်က အကောက်ကြံဥာဏ်ဆင်မှုတွေ စတဲ့အချက်တွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းသွားတာတွေ ဖြစ်လာတာကြောင့်၊ အနောက်အုပ်စုအနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို တရားဝင်အားပေးလို့ မရတာတွေ ဖြစ်လာပြီး၊ အတိုက်အခံတွေအပေါ်မှာ ထောက်ပံ့ရေးဆိုင်ရာ စည်းဘောင်ကန့်သတ်ချက်တွေ ဖြစ်လာပါတယ်။


ဒီလိုနဲ့ နှစ်ဘက်အားကိုးမှုတွေအပေါ် အခြေတည်လာတဲ့ နိုင်ငံရေးဟာ တခါတရံမှာ political deadlock ဖြစ်သွားပြီး၊ တခါတရံမှာကျတော့ စစ်ရေး၊ နိုင်ငံရေး ထိုးစစ်တွေနဲ့ ချေမှုန်းခံရတတ်တာတွေ ရှိလာပါတယ်။ အဆုံးသတ်တိုက်ပွဲကို နိုင်ငံတကာစစ်မျက်နှာပေါ်မှာပဲ တည်ဆောက်ထားတဲ့ တော်လှန်ရေးတိုင်းဟာ အချိန်ကြန့်ကြာမှုရှိသလို ရေရှည်မှာ အားပျော့လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်အရေးပေါ်ဖြစ်လာတဲ့အချိန်မျိုးမှာ တော်လှန်ရေးသမားနဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ရလာနိုင်တဲ့ ပံ့ပိုးမှုက စတိတ်မင့်တွေနဲ့၊ နိုင်ငံခေါင်းဆောင် မိန့်ခွန်းများ ဖြစ်လေ့ရှိပြီး၊ အာဏာရှင်အစိုးရတွေကို တရုတ်နိုင်ငံရဲ့ ထောက်မပေးမှုကကျတော့ အရေးပါတဲ့ အကြံဥာဏ်တွေနဲ့ သံတမန်ရေးရာ အကာအကွယ်ပေးမှုတွေ ဖြစ်နေလို့ပါပဲ။ ဒီလိုအခြေအနေမျိုးနဲ့ နိဂုံးချုပ်မခံရလေအောင် အတိုက်အခံတွေဘက်မှာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။



ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ ရှောင်သင့်သလဲ


အတိုက်အခံတွေ ပြုလုပ်နိုင်တဲ့ အဓိကနည်းတွေကတာ့ နိုင်ငံတကာ စစ်မျက်နှာကို ပြည်တွင်းစစ်မျက်နှာအဖြစ် ပြောင်းလဲနိုင်မှုနဲ့၊ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတို့အကြားက စည်းဘောင်ကို လုံးဝ မကျော်မိစေအောင် ထိန်းညှိရေးပဲ ဖြစ်ပါတယ်။ အာဏာရှင်ဘက်က ဒီစည်းဘောင်ကျော်အောင် ထောင်ချောက်ဆင်မှုရှိလာတဲ့အခါမှာလဲ အတိုက်အခံများနဲ့ လုံးဝ မဆိုင်ကြောင်း ပြန်လှန်ထုတ် ပြန်ကြေညာချက်တွေ ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ အတိုက်အခံများအတွင်းက ထုတ်ပြန်ကြေငြာချက်တွေ ထွက်ပေါ်လာခဲ့ရင်လဲ အချင်းချင်းပြန်လည်ထိန်းညှိဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ အများပြည်သူကို ထိခိုက်ခြင်း ဆိုတာနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးလိုပါတယ်။ ဒီအချက်က အကြမ်းဖက်မှုနဲ့ တော်လှန်ရေးကို စည်းခြားထားတဲ့ အရေးအကြီးဆုံး အချက်ပါ။ အများပြည်သူသွားလာကျက်စားတဲ့နေရာမှာ ဗုံးခွဲခြင်း၊ ဗုံးခွဲမည်ဟု ခြိမ်းချောက်ခြင်း၊ လူထုကို အထိတ်တလန့်ဖြစ်စေခြင်းတွေက နိုင်ငံတကာ သတ်မှတ်ချက်များအရ အကြမ်းဖက်မှု မြောက်ပါတယ်။ လူထုတိုက်ပွဲတွေမှာ အာဏာရှင်တွေဘက်က အကြမ်းဖက်တာကို ပြန်လှန်ခုခံခြင်း၊ အာဏာရှင် ဘက်တော်သားများကို ချေမှုန်းခြင်း၊ လက်နက်ကိုင်တော်လှန်ရေးစစ်မျက်နှာတွေမှာ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ရန်သူ့စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခြင်း စတာတွေကကျတော့ အကြမ်းဖက်မှု မမြောက်ပါဘူး။ ဒါက တော်လှန်ရေး လုပ်တာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုင်း ငြိမ်းချမ်းစွာနဲ့ အောင်ပွဲရချင်မှ ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစပ်မှ အောင်မြင်တာတွေလဲ ရှိပါတယ်။


အရေးကြီးဆုံးက လက်နက်ကိုင်တော်လှန်ရေးစည်းကနေ အကြမ်းဖက်မှုဆီကို ဦးမတည်သွားမိစေဖို့နဲ့ ဦးတည်အောင် အာဏာရှင်တွေဘက်က ထောင်ချောက်ဆင်မှုတွေမှာ မျောမပါသွားဖို့ပဲ ဖြစ်ပါတယ်။ အခုလတ်တလောဖြစ်ခဲ့တဲ့ တမီးလ်အရေးမှာ ဖိနှိပ်ခံရသူတွေ လူမျိုးစုတွေဘက်က ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးအသွင်နဲ့ အစပြုခဲ့တာဖြစ်ပေမယ့် ဒီစည်းဘောင်ကို ကျော်လွန်သွားတာကြောင့် အမှန်က အမှားဖြစ်ပြီး၊ အလုံးစုံ စစ်ပွဲအသွင်နဲ့ ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်များရဲ့ အမြော်အမြင်ကြီးမှုနဲ့ စိတ်ခံစားမှုကို ဦးစားမပေးပဲ သုံးသပ်ဆုံးဖြတ်ချက် မှန်ကန်မှုတွေက တော်လှန်ရေးတိုင်းရဲ့ အဓိက သော့ချက်တွေပဲဖြစ်ပါတယ်။


မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ မြန်မာ့အရေးမှာ အတိုက်အခံတွေဘက်က strategic failure တွေ ရှိနေပါတယ်။ အဆိုးဆုံးအချက်ကတော့ တစုံတရာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာတိုင်း အမေရိကန်နဲ့ အနောက်အုပ်စုကို အားကိုးတကြီး ပြေးတွယ်ပြီး၊ လုံခြုံရေးကောင်စီမှာ ပြဿနာဖြေရှင်းဖို့ လုပ်တဲ့ ဗျူဟာကိုသာ အဓိကထားလုပ်ဆောင်နေခြင်းပါပဲ။ ဒီလိုလုပ်တဲ့အခါတိုင်း အနောက်အုပ်စုက စတိတ်မင့်တွေထုတ်တာ၊ နိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အုပ်စုကို သတိပေးပြောကြားတာ၊ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်မယ်လို့ ခြိမ်းချောက်ပြီး တကယ်တမ်းကျတော့ မဟာဗျူဟာ လိုအပ်ချက်ခုအနေနဲ့သာ အရေးကြီးပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် လက်တွေ့မှာ အသုံးမ၀င်တဲ့ unilateral economic sanction ချမှတ်တာတွေလုပ်ပြပြီး ကူညီပေးပါတယ်။ တခါတရံမှာလဲ လုံခြုံရေးကောင်စီရောက်သွားလိုက်၊ တရုတ်နဲ့ ရုရှားက ကန့်ကွက်လိုက်နဲ့ လုံးချာလည်သံသရာလည်နေတတ်ပါသေးတယ်။


အင်အားနည်းသူတို့ ထုံးစံအတိုင်း အရေးကြီးလာတဲ့အခါမှာ အင်အားကြီးသူဆီ ပြေးတွယ်တတ်တာ အပြစ်မဟုတ်ပါ။ စစ်မဟာဗျူဟာလေ့လာရေးလောကမှာတော့ ဒါကို comfort blanket လို့ သုံးနှုန်းကြပါတယ်။ လူတွေ၊ အဖွဲ့တွေ အသာထားလို့ နိုင်ငံတော်အဆင့်တွေမှာတောင် အင်အားနည်း နိုင်ငံတွေက အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ရှောက်ပေးမှု၊ ဒါမှမဟုတ် အမှန်တကယ်စောင့်ရှောက်ပေးတာ မဟုတ်တောင်မှ သူတို့ umbrella အောက်ဝင်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတည်ဆောက်မှုတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လဲ တကယ့်လက်တွေ့ နိုင်ငံရေး၊ စစ်ရေးတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ်အားကိုးသူဟာ အားကိုးရလောက်ရဲ့လားဆိုတာ ပြန်လှန်သုံးသပ်မှုလဲ လုပ်ဖို့ လိုပါသေးတယ်။ နောက်တခါ နေရာတိုင်းမှာ သူများကိုပဲ အားကိုးနေလို့လဲ အကျိုးမရှိပါဘူး။ အသက်အရွယ်အရ၊ အချိန်အခါအရ ကိုယ့်ဘာသာ လုပ်နိုင်တာလေးတွေလဲ လုပ်ရပါသေးတယ်။


ဥပမာ- လမ်းပေါ်သွားရင်း ခွေးလိုက်ဆွဲခံရလို့ သုံးနှစ်အရွယ်ကလေးငယ်လေးက သူ့အမေဆီ ခြေကားရား၊ လက်ကားရားလေးနဲ့ ပြန်ပြေးလာတဲ့ ပုံက လူမြင်လို့ကောင်းပါတယ်။ မိခင်ကလဲ အားကိုးခံရသူပီပီ သားငယ်လေးကို ရင်ခွင်ထဲပွေ့ပြီး၊ ကျောလေးသပ်ပေး၊ ကြောက်စိတ်လေး ပြေအောင်လုပ်ပေး၊ လိုက်တဲ့ခွေးကို ဟန့်ပေး၊ ခွေးပိုင်ရှင်တွေကို ကိုယ့်ခွေးကိုယ် ဂရုတစိုက်ထိန်းဖို့ သွားပြောပေး လုပ်ရတာပါပဲ။ ဒါပေမယ့် အသက်သုံးဆယ်အရွယ် ယောက်ျားရင့်မာကြီးက အသက်ခုနစ်ဆယ်အရွယ် အမေအိုကြီးဆီ ခွေးလိုက်ခံရလို့ ဆိုပြီး ခြေကားရား၊ လက်ကားရား ပြေးလာပုံကြီးဆိုရင်တော့ လူမြင်လို့လဲ မကောင်းပါဘူး။ အမေများရဲ့ ထုံးစံအတိုင်း ဖြေသိမ့်မှုတော့ လုပ်ပေးရမှာအမှန်ပါပဲ။ ဒါပေမယ့်လဲ နေ့စဉ်နေ့တိုင်း မျက်နှာကြီးကိုမဲ့၊ ငိုယိုအော်ဟစ်ပြီး - အမေရေ- ကယ်ပါဦး လုပ်နေရင်- အဲဒီအမေ မပြောနဲ့။ ဘေးက လူတောင် နားငြီးလာမှာတော့ အမှန်ပါပဲ။ တခါတရံမှာ ကိုယ်ပိုင်အတွေ့အကြုံအရ၊ ရင့်ကျက်မှုအရ ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုအပ်တာတွေလဲ အများကြီး ရှိပါတယ်။ အရွယ်ရောက်နေပြီး လူတယောက်ဟာ ဒီခွေးတကောင်ရဲ့ ထိခိုက်နိုင်ရည်စွမ်းကို တွက်ချက်နိုင် စွမ်းရှိရပါမယ်။ အများကို ထိခိုက်လာပြီဆိုရင် အများကို စည်းရုံးပြီး ဘယ်လိုနှိမ်နင်းမလဲဆိုတာ စုပေါင်း တိုင်ပင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေရတော့မှာဖြစ်ပါတယ်။ ထစ်ခနဲရှိတိုင်း- အမေရယ်- ကယ်ပါဦး စိတ်ဓာတ်ဟာ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။


ဒီဥပမာလိုပါပဲ။ ကျွန်မတို့အတိုက်အခံတွေဟာလဲ နှစ်နှစ်ဆယ်ကျော်ကာလမှာ နိုင်ငံရေးရင့်ကျက်မှုနဲ့ အတွေးအခေါ်မြင့်မားမှုတွေ ရှိလာသင့်တဲ့ အချိန်တန်နေပြီဖြစ်ပါတယ်။ ရန်နိုင်ငံ၊ မိတ်နိုင်ငံတွေရဲ့ ပေါ်လစီ အသွားအလာ၊ မဟာဗျူဟာ အခင်းအကျင်းတွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မိဖို့ အတွက်ကလဲ နှစ်နှစ်ဆယ်ဆိုတဲ့အချိန်ဟာ များတောင်များနေပါသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ The Use of Force ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ပြဿနာတွေကလဲ လယ်ပြင်မှာဆင်သွားပြသလို ထင်ရှားနေပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းတွေကို ကွေ့ကွေ့ကောက်ကောက်တွေ လုပ်ပြမနေပဲ၊ မျှော်လင့်ချက်အတုတွေ ပေးမနေပဲ ရိုးရိုးသားသားနဲ့ အမှန်တရားကို ခင်းကျင်းပြပြီး၊ ပူးပေါင်းဖို့ အဆိုရှိလိုက်တာနဲ့ ဘာလုပ်ရမလဲဆိုတာ ပြောစရာ မလိုတော့တဲ့ စစ်မှန်တဲ့ အင်အားကလဲ ရှိနေပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ -ခွင့်သာတုန်းမှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ရှိသေးရဲ့လား - လို့ ဆိုရတော့ မလောက်အောင် ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ strategic failure တွေကို မပြုပြင်ရင် နောင်တချိန်မှာ နောင်တရစရာတွေ အများကြီး ကြုံလာရပါလိမ့်မယ်။ နိုင်ငံတကာဖိအားကို မထိရောက်ဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အဆုံးသတ်အောင်ပွဲရအောင် အထောက်အပံ့လုံးဝ မဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကိုပဲ ပြောနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောင်ပွဲအလံ စိုက်ထူရမယ့် နေရာဟာ နိုင်ငံတကာ စစ်မျက်နှာ မဟုတ်လို့ပါပဲ။


နောက်ထပ်အရေးကြီးတဲ့ strategic failure တခုကိုလဲ ထည့်သွင်းပြောကြားချင်ပါတယ်။ အဲဒါကတော့ ရန်သူ့မိတ်ဆွေ ကိုယ့်ရန်သူ လုပ်နေကြတဲ့ ကိစ္စပါ။ တရုတ်နိုင်ငံဟာ မြန်မာ စစ်အုပ်စုကို လူပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးလွန်းလို့ အားပေးကူညီနေတာ မဟုတ်ပါဘူး။ အခုနေများ မြန်မာအတိုက်အခံက အနိုင်ရခဲ့ပြီး၊ နိုင်ငံတကာခုံရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲခဲ့ရင် သူ့နိုင်ငံထဲ ခိုအောင်းနေတာဆိုရင်တောင် အလွယ်တကူ ထုတ်ပေးမှာပါပဲ။ မြန်မာစစ်အုပ်စုကို တရုတ်နိုင်ငံ အကာအကွယ်ပေးနေမှုက မြန်မာစစ်အာဏာရှင်တွေဘက်မှာ နိုင်ငံရေးချိန်ခွင်လျှာ အလေးသာနေလို့ ဖြစ်ပါတယ်။ ပါဝါရှိတဲ့ဘက်ကို အားပေးကူညီတာက တရုတ်ရဲ့ နိုင်ငံရေးလုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝါဆိုတာက ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး ရှိတဲ့ ပါဝါကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပါဝါကို ဆိုလိုတာ ဖြစ်ပါတယ်။


မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရယ်ကယ်ပါ- အီးယူရယ်ကယ်ပါ လုပ်နေသ၍ ကတော့ တရုတ်က ဒါကို စစ်မှန်တဲ့ လူထုပါဝါလို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါတွေမပါပဲ လူထုတိုက်ပွဲကို စနစ်တကျ အကောင်အထည်ဖော်မှုကနေ နိုင်ငံရေးချိန်ခွင်လျှာ လူထုဘက် အလေးသာလာချိန်မှာ တရုတ်ဘက်က deal တွေ အလိုအလျောက်ပေါ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ အမေရိကန်နဲ့ အနောက်အုပ်စုက စစ်ရေးအရ ၀င်ရောက်ကူညီပါ၊ ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုလုပ်ပေးပါ၊ လုံခြုံရေးကောင်စီက အရေးယူပေးပါလို့ စကားတခွန်း ဆိုလိုက်တိုင်းမှာ မြန်မာစစ်အုပ်စုကို တကယ်ဖိအားပေးနိုင်သလား၊ မပေးနိုင်ဘူးလားဆိုတာ သေချာ မသိနိုင်ပေမယ့်၊ သေချာတာကတော့ တရုတ်နိုင်ငံရဲ့ strategic interests ကို တခါခြိမ်းချောက်လိုက်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒီအခါတိုင်း တရုတ်မှာ ရွေးစရာ လမ်းမရှိတော့ပဲ မြန်မာစစ်အုပ်စုကိုသာ မျက်စိမှိတ်အကာအကွယ်ပေးဖို့ တလမ်းသာ ကျန်သလို ဖြစ်ဖြစ်သွားပါတော့တယ်။ တခါတရံ တရုတ်နိုင်ငံက မဟာဗျူဟာ လေ့လာသူတွေအတွက် မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကလဲ ပေါ်လာတတ်ပါသေးတယ်။ မြန်မာ့နိုင်ငံရေးဖိအားအတွက် ဘယ်လိုမှ အသုံးမ၀င်နိုင်တဲ့ ဘေးဂျင်းအိုလံပစ် သပိတ်မှောက်တဲ့ ကိစ္စတွေ၊ တိဘက်အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းအင်အားပြမှုတွေ၊ တမီးလ်ပျောက်ကျားတွေနဲ့ ပူးတွဲအင်အားပြမှုတွေ၊ တရုတ်ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလာပြီးရင်တောင် အင်အားကြီးတရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်ပြောဆိုနိုင်တဲ့ အဆင့်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ရန်သူ့မိတ်ဆွေ- တိုဲ့ရန်သူ၊ ရန်သူ့ရန်သူ- တို့မိတ်ဆွေဆိုတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ရပ်ကွက်ထဲမှာ လုပ်လို့ရပေမယ့် နိုင်ငံတော်အဆင့်မှာ လုပ်လို့မရပါဘူး။ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေအောင် double-edged policy တွေ သုံးသင့်တဲ့အခါမှာ သုံးကြရပါတယ်။



ဒီလို ကျွန်မဆိုတော့ မေးတတ်သူတွေ ရှိပါတယ်။ တရုတ်နိုင်ငံကိုများ ဂရုစိုက်စရာလားလို့ ဆိုလာသူတွေ ရှိပါတယ်။ မြန်မာနိုင်ငံကြီးကို မြေပုံထဲမှာ ဖြတ်တောက်လို့ရသလို ဖြတ်တောက်ခွာယူပြီး၊ အမေရိကန်နိုင်ငံ၊ အီးယူနိုင်ငံတွေဘေးမှာ သွားကပ်လို့ရရင်တော့ ဂရုစိုက်စရာ လုံးဝမလိုတာ အမှန်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာ ဒီလို မဖြစ်နိုင်တာမို့ ဒီမိုကရေစီရပြီးခဲ့ရင်တောင် အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ သင့်လျော်တဲ့ သံတမန်ဆက်သွယ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ စတာတွေမှာ မလွဲမသွေ ပတ်သက်ရမှာ ဖြစ်တဲ့အတွက် လုံးဝဂရုမစိုက်လို့ မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့် တချိန်သံတမန်ဆက်ဆံရေးမှာ ရှုပ်ထွေးနိုင်မယ့် ကိစ္စတွေကို ကြိုတင်လမ်းမခင်းထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အားမပေးရလို့ ဆိုလိုတာမဟုတ်ပါ။ လူတိုင်းလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့် ရှိပါတယ်။ အားပေးပုံ၊ အားပေးနည်းမှာကတော့ လိမ်မာပါးနပ်ရမှာ ဖြစ်ပါတယ်။


၂၀၀၈ တိဘက်အရေးမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ်ကို မီဒီယာက မေးပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်လို အရေးယူမှာလဲ ဆိုတော့ ကုန်သွယ်မှု များများလုပ်လေလေ၊ ဒီလိုချိုးဖောက်နိုင်မှုတွေ လျော့လာလေလေ ဖြစ်လာမှာပါလို့ ဆိုပါတယ်။ ဒီလိုဆိုလိုက်လို့ ဗြိတိန်နိုင်ငံဟာ တိဘက်အရေးအပါအ၀င် လူ့အခွင့်အရေးရေးရာတွေကို မထောက်ခံ တာလားဆိုတော့ မဟုတ်ပါဘူး။ မြန်မာ့ရေးရာတွေအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး တိုးမြှင့်ရေးတွေမှာ ဗြိတိန်နိုင်ငံဟာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံပါ။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကြောင့် နှစ်ဦးနှစ်ဘက် အကျိုးအမြတ်တွေ ရှိနေပါတယ်။ နောက်တချက်က ၂၀၀၃ ခုနှစ်အတွင်းမှာ သဘောတူညီခဲ့တဲ့ အီးယူနဲ့ တရုတ်နိုင်ငံတို့အကြားက strategic partnership အရ ဥရောပဟာ တရုတ်နိုင်ငံကို failed state အဖြစ်မခံဖို့ သဘောထားရှိပါတယ်။ တရုတ်နိုင်ငံရဲ့ soft power တိုးမြင့်လာမှုနဲ့ civil society အားကောင်းလာမှုတွေဟာ တရုတ်နိုင်ငံရဲ့ aggressive behavior ကို ပြန်ပြီး ထိန်းချုပ်သွားနိုင်လိမ့်မယ်လို့ အီးယူက မဟာဗျူဟာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါကြောင့်လဲ ဗြိတိန်ဝန်ကြီးချုပ်က လိမ္မာပါးနပ်စွာ စကားသုံးနှုန်းသွားတာပါ။


ဒါကြောင့် ကျွန်မတို့ အတိုက်အခံတွေလဲ တချို့သော အကြောင်းအရာတွေမှာ တရုတ်နဲ့ ထိပ်တိုက်ဖြစ်စေတာတွေ ရှိရင် ရှောင်ကွင်းပြီး၊ လိမ္မာပါးနပ်စွာ ကျင့်သုံးဖို့ အချိန်အခါရဲ့ တောင်းဆိုမှုအရ ကျွန်မတိုက်တွန်းပြောကြားနေတာ ဖြစ်ပါတယ်။



နိဂုံး


နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တရုတ်ဘက်ကနေ ရေးသားထားတာမဟုတ်သလို၊ အနောက်အုပ်စုဘက်ကနေ ရေးသားထားတာလဲ မဟုတ်ပါဘူး။ Pro-American မဟုတ်သလို Pro-Chinese လဲ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အာရှရေးရာ၊ မြန်မာ့ရေးရာတွေနဲ့ ပတ်သက်တာတွေကို မဟာဗျူဟာ ရှုထောင့်ကနေ ရှုမြင်သုံးသပ်ချက်သာဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေအနေနဲ့ ရေကြောမရှိတဲ့နေရာမှာ အချိန်ကုန်ခံပြီး၊ အမောခံပြီး အ၀ီစိတွင်းတူးနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီမို့ ကြာရင် လူပမ်းစိတ်မောနဲ့ လုံးပါးပါးပြီး၊ ရေမထွက်တဲ့ တွင်းထဲ ပြုတ်ကျသွားမှာကို စိုးရိမ်တဲ့အတွက် သတိပေးပြောကြားချက်များသာဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲမရတော့တဲ့ နိုင်ငံတော် တည်နေရာအနေအထားမှာ လိမ္မာပါးနပ်စွာနဲ့ ရှောင်သင့်တာကို ရှောင်ပြီး၊ လုပ်သင့်တာကို လုပ်ဖို့ တိုက်တွန်းရေးသားချက်များသာ ဖြစ်ပါတယ်။ နိုင်ငံတကာ စစ်မျက်နှာမှာ အလုံးစုံပုံအပ်ထားတဲ့ မဟာဗျူဟာတွေကို ပြန်လှန်သုံးသပ်ပြီး၊ ပြည်တွင်းစစ်မျက်နှာနဲ့ လူထုတိုက်ပွဲကို ဦးတည်ရတော့မယ့် အချိန်က တန်ရုံတင်မက လွန်ကို လွန်နေပြီဖြစ်ပါတယ်။ တဦးတယောက်၊ တဖွဲ့တည်းက လုပ်ဆောင်လို့ ရတာ မဟုတ်ပဲ အားလုံး မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ရတော့မယ့်အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။


တယောက်တပေါက် ဗျူဟာတွေ ချနေရမယ့် အချိန်လဲမဟုတ်တော့ပါဘူး။ တယောက်က တရုတ်နဲ့ deal လုပ်ဖို့ ကြိုးစားချိန်မှာ နောက်တယောက်က အမေရိကန်ကယ်ပါ သွားလုပ်ပြီး ယုံကြည်မှု တည်ဆောက်လို့လဲ မဖြစ်နိုင်ပါဘူး။ တယောက်က လူထုတိုက်ပွဲ ခေါ်တုန်းမှာ နောက်တယောက်က အခုပဲ ယူအင်က အရေးထယူတော့မယောင် ပြောလိုက်ပြန်ရင်လဲ လူထုရဲ့ နိုင်ငံရေး ရေချိန်က ပြန်ကျသွားတတ်ပါတယ်။ တယောက်က လိုအပ်ရင် မိမိကိုယ်ကို ခုခံကာကွယ်ရမယ်ဆိုချိန်မှာ နောက်တယောက်က ငြိမ်းချမ်းစွာပဲနေရမယ်၊ ပြန်မခုခံရဘူးဆိုပြန်ရင်လဲ လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ တယောက်က ချဟဲ့လို့ ဆိုနေချိန်မှာ နောက်တယောက်က မချနဲ့၊ တောင်းပန်ပြီး တောင်းခံလိုက် လုပ်နေလို့ကလဲ မဖြစ်ပြန်ပါဘူး။ ဟိုကွေ့၊ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ဒီတက်နဲ့ လှော်ဆိုပြီး ရှေ့က ညာကွေ့ဖို့လုပ်၊ နောက်က ဘယ်ကွေ့ဖို့လုပ်၊ အလယ်က လှေဝမ်းဗိုက်ဖောက် လုပ်နေလို့လဲ မရပါဘူး။ အကုန်လုံးစုန်းစုန်းမြှုပ်ကုန်ပါလိမ့်မယ်။


ဒါကြောင့် ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ကြ၊ ဆရာတပည့်တွေမွေးကြ၊ ခေါင်းဆောင်နောက်လိုက်တွေ ရွေးကြ၊ သူဘာလဲ၊ ငါဘာလဲတွေ လက်မထောင်ကြလုပ်နေကြမယ့်အစား၊ သွေးစည်းညီညွတ်မှုအဆင့် မဟုတ်ရင်တောင် မဟာဗျူဟာအရ ပေါင်းစည်းမှု အဆင့်ကိုတော့ အနိမ့်ဆုံးထား တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ပါတယ်။


(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်)


ရည်ညွှန်းကိုးကား-

Chang, F. (2001) 'Chinese Energy and Asian Security;, Orbis, 45 (2)

Dreyer, J. T. (2007) 'China's Power and Will: The PRC's Military Strength and Grand Strategy', Orbis, Fall 2007

Dibb, P. (1995) Towards a New Balance of Power in Asia, Adelphi Paper 295

Erickson, A. & Collins, G. (2007) 'Beijing's Energy Security Strategy', Orbis, Fall 2007

Fravel, M. (2008) 'China's Search for Military Power', Washington Quarterly, 31 (3)

Grant, R. (1994) 'China and its Asian neighbours', Washington Quarterly, 17 (1)

Hale, D. & Hale, L. (2003) 'China Takes off', Foreign Affairs, 82 (6)

International Energy Agency (2000) China's worldwide Quest for Energy security

Jaffe, A. & Lewis, S. (2002) 'Beijing's Oil Diplomacy', Survival, 44 (1)

Kim, S. (1998) 'The South China Sea in China's strategic thinking', Contemporary Southeast Asia, 19 (4)

Lei, D. (2008) 'China Multi-Faceted Maritime Strategy', Orbis, 53 (1)

Malik, J. (1997) 'Myanmar's Role in Regional Security: Pawn or Pivot', Contemporary Southeast Asia, 19 (1)

Muni, S. (2002) 'China's strategic engagement with the New ASEAN, an exploratory study of China's post-cold War Political, Strategic and Economic Relations with Myanmar, Laos, Cambodia and Vietnam, Institute of Defence and Strategic Studies, IDSS, Monograph, No. 2, Singapore

Medeiros, E. & Fravel, M (2003) 'China's New Diplomacy', Foreign Affairs, 82 (6)

Menges, C. (2003) 'China: Its Geostrategy and energy needs', Testimony presented to the US-China Economic and Security Review Commission

Manning, R. (2000) The Asian Energy Factor, New York, Polygrave

People's Republic of China, State Council, Report on National Defence, 2002

Roy, D. (1995) 'Assessing the Asia-Pacific Power Vacuum', Survival, 37 (3)

Shambaugh, D. (ed.) (2006) Power Shift: China and Asia's New Dynamics

Shambaugh, D. (2005) 'The New Strategic Triangle: US and European Relations to China's Rise', Washington Quarterly, 28 (3)

Seekins, D. (1997) 'Burma- China Relations: Playing with Fire', Asian Survey, 37 (6)

Sutter, R. (2003) 'Why does China Matter', Washington Quarterly, 27 (1)

Segal, G. (1994) 'China changes Shape: Regionalism and Foreign Policy', Adelphi paper 287
Valencia, M. (1995) 'China and the South China sea disputes, Adelphi paper 298

Yoshihara, T. & Holmes, J. (2008) 'China's Energy- Driven Soft Power', Orbis, 53 (1)



အပြည့်အစုံဖတ်ချင်ရင်..>>>

ချီနာဆာ (ဘာသာပြန်ဝတ္ထုတို)

Saturday, May 23, 2009

ဒီအဖြစ်အပျက်လေး ဖြစ်ပွားခဲ့တာ ဇန်န၀ါရီလမှာလို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြေတွေဟာ ပတ်ကြားအက်နေပြီး၊ ခြောက်သွေ့တဲ့ လေတွေကြောင့် ကျွန်မရဲ့ အရေပြားပေါ်မှာ၊ အိမ်ပေါ်မှာ၊ သစ်ပင်လေးတွေဆီမှာ အ၀ါရောင်ဖုန်မှုန့်လေးတွေ ကပ်လာခဲ့လို့ပါ။ ဒီခုနှစ်လေးဟာ ၁၉၆၈ ခုနှစ်ဆိုတာကိုတော့ ကျွန်မ စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ ဒီဇင်ဘာလ၊ ဖေဖော်ဝါရီလလေးတွေလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ စစ်ပွဲကာလ နေ့စွဲလေးတွေကို ကျွန်မသေချာ မမှတ်မိတော့ပေမယ့်၊ ဒီအဖြစ်အပျက်လေးဟာ နေသာတဲ့ နံနက်ခင်းလေး တခုမှာ ဖြစ်ပွားခဲ့တာ ဆိုတာကိုတော့ မှတ်မိသတိရနေဆဲ------။



ပေါက်ကွဲသံတွေ ထွက်ပေါ်လာချိန်မှာ ကျွန်မဟာ တခြားမိသားစုနှစ်စုနဲ့ အတူစုနေနေတဲ့ အိမ်လေးရဲ့ ၀ရန်တာမှာ ထိုင်ရင်း၊ Camara Laye ရေးသားတဲ့ The Africa Childဆိုတဲ့ စာအုပ်လေးကို ဖတ်နေချိန်မှာပါ။ ကျွန်မရဲ့ စာအုပ်ဟောင်းလေးက စုတ်ပြဲနေပြီဖြစ်ပေမယ့် ဒီစာအုပ်လေးကိုပဲ ကျွန်မထပ်ဖတ်ဖြစ်နေခဲ့ပါတယ်။ ကျွန်မနေတဲ့ အိမ်လေးရဲ့ အိမ်ရှင်က စစ်မဖြစ်ခင်ကာလတုန်းက ကျွန်မအဖေကို သိတယ်လို့ဆိုပါတယ်။ ဒါကြောင့်လဲ ကျွန်မရဲ့ မြို့လေး ကျဆုံးသွားချိန်မှာ အထုပ်ကလေးပိုက်ပြီးရောက်လာခဲ့တဲ့၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေတဲ့ ကျွန်မကို နေစရာအခန်းငယ်လေးတခု ပေးခဲ့ပါတယ်။ ကျွန်မအဖေက သူ့အပေါ် အရမ်းကောင်းခဲ့တာကြောင့်လို့ ဆိုပြီး အခန်းခတော့ မယူခဲ့ပါဘူး။

အိမ်မှာရှိတဲ့ တခြားအမျိုးသမီးတွေကတော့ ကျွန်မက ညတိုင်း၊ ညတိုင်း အိမ်ရှင်ရဲ့ အခန်းကို သွားပေးတာကြောင့် အခန်းခပေးစရာ မလိုတာဆိုပြီး၊ အတင်းပြောတတ်ကြပါတယ်။ အဲဒီနေ့မနက်က ဒီလိုကျွန်မအကြောင်း အတင်းပြောတဲ့ အမျိုးသမီးတွေထဲက အမျိုးသမီးတယောက်လဲ ကျွန်မနဲ့အတူ ၀ရန်တာမှာ ရှိနေခဲ့ပါတယ်။ သူမဟာ ကျိုးပဲ့နေတဲ့ ကျောက်တုံးလှေခါးလေးမှာထိုင်ပြီး၊ သူမရဲ့ ကလေးငယ်လေးကို ထိန်းနေခဲ့ပါတယ်။ သူမကို ကျွန်မအချိန်အနည်းငယ်ကြာကြည့်လိုက်မိပါတယ်။ သူမရဲ့ ရင်သားဟာ အရည်တွေ အကုန်လုံး စုပ်ယူခံလိုက်ရလို့ ပိန်ရှုံ့နေတဲ့ လိမ္မော်သီးလိုပဲ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ကလေးငယ်လေးကများ နို့ရည်တွေအားလုံးကို စုပ်ယူလိုက်တာလားလို့ ကျွန်မတွေးနေမိခဲ့တယ်။

ပေါက်ကွဲသံတွေလဲ ထွက်လာရော၊ သူမဟာ ကလေးငယ်ကို အမြန်ကောက်ချီလိုက်ပြီး၊ တခြားကလေးတွေကို ခေါ်ဖို့ အိမ်ထဲကို ပြေးဝင်သွားပါတယ်။

ဝုန်း-----

ပေါက်ကွဲသံကြီးဟာ မိုးကြိုးပစ်သံကြီးလိုပါပဲ။ အချိန်အနည်းငယ်ကြာတဲ့အထိ ဒါဟာ မိုးကြိုးပစ်တာပါလို့ ကျွန်မစိတ်ကူးယဉ်လိုက်မိတယ်။ ကျွန်မစိတ်ထဲမှာတော့လေ- စစ်ပွဲတွေ မဖြစ်ခင်တုန်းက ကျွန်မအဖေရဲ့ အိမ်လေးဆီကို ကျွန်မပြန်ရောက်သွားသလိုပဲ။ ခြံဝန်းကြီးထဲက သစ်ပင်ကြီးအောက်မှာ မိုးရွာလာတာကို စောင့်နေရသလိုပါပဲ။ ကျွန်မအဖေရဲ့ ခြံဝန်းထဲမှာ စားပင်၊ သီးပင်တွေက အစုံပဲ ရှိတာလေ။ သစ်ပင်ကြီးတွေပေါ်ကို တက်ရတာ ကျွန်မအရမ်းကြိုက်တာပဲ။ အဖေကတော့ ပြောတတ်တယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေ သစ်ပင်တက်တာ မကောင်းဘူးတဲ့။ သူ့ဆီကို ၀ိုင်ပုလင်းယူလာမယ့် ယောက်ျားလေးတချို့က ကျွန်မ ယောက်ျားလေးလို ပြုမူနေတာကို တွေ့ရင် စိတ်ပြောင်းသွားမှာ စိုးရတယ်တဲ့။ အဖေက စနောက်ပြီး ပြောခဲ့တာပါ။ ကျွန်မကို ဆူတာ မဟုတ်ပါဘူး။ အဖေဟာ ကျွန်မသစ်ပင်တက်တာကိုတော့ ဘယ်တုန်းကမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လဲ အဖေဟာ ကျွန်မကို ပျက်စီးအောင် အလိုလိုက်တာပါလို့ တချို့က ပြောကြပါတယ်။ အခုအချိန်ထိ တချို့အမျိုးတွေက ကျွန်မဒီအချိန်အထိ အိမ်ထောင်မပြုပဲ နေတာဟာ အဖေ့ကြောင့်ပါလို့ ပြောနေကြတုန်းပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီနေ့နံနက်ကတော့ မိုးကြိုးပစ်သံလို ပေါက်ကွဲသံကြီးတွေဟာ တစတစနဲ့ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ ကလေးလေးတွေနဲ့ တူတူ ထွက်ပြေးကြပါလေရော။ ကျွန်မလဲ သူတို့နဲ့ တူတူ ပြေးချင်နေပေမယ့်၊ ကျွန်မရဲ့ ခြေထောက်တွေက မရွေ့ဘူးဖြစ်နေခဲ့တယ်။


တကယ်တော့ ဒီအသံတွေကို ကျွန်မကြားရတာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ စစ်ဖြစ်နေတာ နှစ်နှစ်တောင်ရှိသွားခဲ့ပြီ။ ကျွန်မမိဘတွေလဲ အုကီက ဒုက္ခသည်စခန်းမှာ သေသွားခဲ့ပြီ။ ကျွန်မအဒေါ်လဲ အိုကီဂျာမှာ သေသွားခဲ့ပြီ။ ကျွန်မအဘိုးအဖွားတွေနဲ့ ၀မ်းကွဲတွေလဲ နက်ကိုဈေးကို ဗုံးချဲတုန်းက အာပါကနားမှာ သေသွားခဲ့ပြီ။ အဲဒီတုန်းကလေ၊ ဗုံးဒဏ်ကြောင့် ကျွန်မအဖေအိမ်ခေါင်မိုးကြီး ပျက်စီးသွားတာ၊ ကျွန်မတယောက်ထဲ အသက်ရှင် ကျန်ရစ်ခဲ့ရတယ်။ ဒါကြောင့် အဲဒီ့နေ့မနက်မှာ ပေါက်ကွဲသံကြီးတွေကို ကြားရတာ ပထမဆုံးမဟုတ်ခဲ့ပါဘူး။

ဝုန်း-
ဟော- ပေါက်ကွဲသံကြီး ထပ်ထွက်လာပြန်ပြီ။ ကျွန်မရပ်နေတဲ့ မြေပြင်ဟာ တုန်ဟဉ်းသွားသလိုပဲ။ ဒါပေမယ့် ကျွန်မပြေးလို့ မရသေးပြန်ဘူး။ အသံဟာ ကျယ်လောင်လွန်းလို့ ကျွန်မခေါင်းတွေ မူးနောက်သွားတယ်။ ကျွန်မစိတ်ထဲမှာ နားထဲကို အရမ်းပူုတဲ့ အရည်တွေ တစုံတယောက်က လာလောင်းထည့်နေသလိုပဲ ခံစားနေရတယ်။ နောက်တော့ ကျွန်မဘေးက မြေပြင်မှာ ပေါက်ကွဲမှုကြောင့်ဖြစ်နေတဲ့ အရမ်းကြီးတဲ့ အပေါက်ကြီးတွေကို တွေ့လိုက်ရတယ်။ မီးခိုးတွေအူနေတာ၊ သစ်သားစတွေ၊ ဖန်စတွေ၊ သံစတွေ လေထဲမှာ ၀ဲပျံနေတာကို ကျွန်မတွေ့နေရတယ်။ ဖုန်လုံးတွေ လိမ့်တက်လာတာကို မြင်နေရတယ်။ ကျွန်မအားလုံးကို မမှတ်မိတော့ဘူး။ မိနစ်အတန်ကြာလောက် ကျွန်မရင်ထဲမှာ တမျိုးကြီးဖြစ်နေတယ်။ ဒီဗုံးတွေဟာ ကျွန်မကိုပါ အဆုံးသတ်လိုက်ပါစေတော့လို့ ကျွန်မဆန္ဒရှိခဲ့တယ်။ နောက်ပိုင်း ကျွန်မဘာတွေထပ်လုပ်လဲဆိုတာ မမှတ်မိတော့ဘူး။ ထိုင်လိုက်မိသလား၊ မြေပေါ်မှာ မှောက်လိုက်မိသလား။ ကျွန်မမမှတ်မိတော့ဘူး။ ဒါပေမယ့် ဗုံးတွေ ရပ်သွားချိန်မှာတော့ ဒဏ်ရာရသူတွေနားမှာ ၀ိုင်းအုံနေတဲ့ လူအုပ်ကြီးရှိရာ လမ်းပေါ်ကို ကျွန်မလျှောက်သွားလိုက်မိတယ်။ နောက်တော့ မြေပေါ်မှာ လဲနေတဲ့ ဒဏ်ရာရသူတယောက်ကို ကျွန်မအာရုံစိုက်လိုက်မိတယ်။ ကောင်မလေး တယောက်ပါ။ အသက် ဆယ့်ငါးနှစ်လောက် ရှိပါလိမ့်မယ်။ သူမရဲ့ လက်မောင်းတွေကနေ သွေးတွေထွက်နေတယ်။ ဒီအချိန်ဟာ ဟာသလုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာနဲ့ ဒီကလေးမလေးကို မြင်ရတာ ပိုးတုန်းလုံးကောင်လေးနဲ့ တူနေတယ်။ ဒီကလေးမလေးကို ကျွန်မအိမ်ကို ဘာကြောင့် ခေါ်လာခဲ့မိလဲ။ ကျွန်မမသိပါဘူး။

ဒီအချိန်မတိုင်ခင်ကလဲ ဒီလိုပဲ ဗုံးကြဲခံရတာတွေ ဖြစ်နေခဲ့တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မရောက်နေခဲ့တဲ့နေရာက မြို့တော်ဖြစ်နေလို့ပါ။ ဒဏ်ရာရသူတွေကို ကူညီပေးတာ၊ ဆေးကြောသန့်စင်ပေးတာတွေ လုပ်ခဲ့ဖူးပေမယ့် ကျွန်မအခန်းလေးဆီကိုတော့ ဘယ်သူ့ကိုမှ မသယ်လာခဲ့ဖူးပါဘူး။ အခုကျွန်မခေါ်လာခဲ့တဲ့ ကလေးမလေး နာမည်ကတော့ ချီနာဆာ တဲ့။

ကျွန်မသူ့ကို ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရှောက်ပြုစုခဲ့ပါတယ်။ အိမ်ရှင်ကလဲ အကူအညီပေးခဲ့သလို၊ အတင်းပြောတတ်ကြတဲ့ အမျိုးသမီးတွေကတော့ လက်ဆောင်ပစ္စည်းသေးသေးလေးတွေ လာပေးတတ်ကြပါတယ်။ သူမဟာ ပိန်ပိန်လေးပါ။ အရွယ်နဲ့စာရင် တော်တော်သေးကွေးတယ်လို့လဲ ဆိုရပါမယ်။ စစ်မက်ကြားက ကလေးလေးတွေ ဘ၀ဟာ ဒီလိုပါပဲ။ ဒါပေမယ့် သူမဟာ တဘက်သားမျက်လုံးကို သေချာပြန်စိုက်ကြည့်လေ့ရှိတယ်။ မယဉ်ကျေးတဲ့ အမူအရာ မဟုတ်ပေမယ့် ဒီအမူအကျင့်ဟာ သူမအရွယ်ထက် ပိုကြီးသယောင် ဖြစ်နေတတ်တယ်။ သူမရဲ့ဒဏ်ရာလေးတွေကို အိမ်လုပ်အရက်ပျံနဲ့ ဆေးကြောပေးတဲ့အခါတိုင်း သူမဟာ မနာကျင်ဟန်ဆောင်နေတတ်ပေမယ့် မျက်ဝန်းလေးတွေထဲက မျက်ရည်စလေးတွေကိုတော့ ကျွန်မမြင်နေခဲ့ရပါတယ်။ ကျွန်မလဲ သူမရဲ့ အမျိုးသမီးတယောက်အနေနဲ့ ရင့်ကျက်လာမှုလေးတွေ၊ စစ်မက်ကာလမှာ အရမ်းမြန်လာတာကို ကြည့်ပြီး မျက်ရည်ကျမိတာပါပဲ။

ချီနာဆာက ကျွန်မကို ကျေးဇူးတင်စကားအမြဲဆိုတတ်တယ်။ ကျွန်မချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာကို ကူညီနိုင်ဖို့အချိန်တွေကို မစောင့်နိုင်တော့ဘူးလို့ သူမပြောလေ့ရှိတယ်။ ညနေခင်းအချိန်လေးတွေဆို၊ သူမကို ညစာကျွေးပြီးတိုင်း၊ သူမဘေးမှာထိုင်ပြီး၊ ကျွန်မစာဖတ်ပြလေ့ရှိတယ်။ သူမရဲ့လက်လေးတွေဟာ ပတ်တီးတွေနဲ့ ငြိမ်သက်နေပေမယ့် သူမရဲ့ မျက်နှာမှာတော့ ခံစားမှုအရိပ်အယောင်လေးတွေ ပေါ်ထွက်နေတယ်ဆိုတာ ရေနံဆီမီးအိမ်ရဲ့ မှုန်ပျပျအလင်းရောင်လေးမှာ ကျွန်မတွေ့မြင်နေရပါတယ်။ ကျွန်မစာဖတ်ပြနေတဲ့အချိန်မှာ ပြုံးနေ၊ ရယ်နေလေ့ရှိတယ်။

စစ်ပွဲကာလမှာ တမြို့နေတမြို့ပြောင်းရင်း ကျွန်မရဲ့ ပစ္စည်းတွေ အများအပြား ဆုံးရှုံးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်လေးတချို့ကိုတော့ ကျွန်မရအောင် သယ်ယူနိုင်ခဲ့တယ်။ ဒီစာအုပ်လေးတွေကို သူမကို ဖတ်ပြရတာ ကျွန်မသိပ်ဝမ်းသာတာပဲ။ ဘာလို့လဲ ဆိုတော့ ချီနာဆာရဲ့ မျက်လုံးလေးတွေကနေတဆင့် ဒီစာအုပ်လေးတွေရဲ့ သစ်လွင်တောက်ပမှုကို ကျွန်မမြင်တွေ့နေရလို့ပါ။ သူမဟာ မေးခွန်းလေးတွေ စမေးလာတယ်။ ပုံပြင်တွေထဲက ဇာတ်ကောင်လေးတွေ ပြုလုပ်ခဲ့တာတွေအပေါ်မှာ စိန်ခေါ်ဆန်းစစ်လာတယ်။ စစ်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလာတယ်။ ကျွန်မရဲ့အကြောင်းတွေ မေးလာတယ်။ ကျွန်မက ကျွန်မကို ပညာတတ်တယောက်ဖြစ်စေရမယ်လို့ စိတ်ပိုင်းခြားဆုံးဖြတ်ခဲ့တဲ့၊ ဆရာဖြစ်ကောလိပ်ကျောင်းကို ပို့ပေးခဲ့တဲ့ ကျွန်မရဲ့ မိဘတွေအကြောင်း ပြောပြတယ်။ စစ်မဖြစ်ခင်တုန်းက ဆရာမလုပ်ခဲ့ရတာလေးကို ကျွန်မဘယ်လောက် ၀မ်းသာမိတယ်ဆိုတာ၊ ကျွန်မရဲ့ ကျောင်းလေး စစ်ပြေးဒုက္ခသည်စခန်းလေး ဖြစ်သွားတဲ့အခါ ကျွန်မဘယ်လောက် ၀မ်းနည်းခဲ့ရတယ်ဆိုတာလေးတွေကို ပြောပြခဲ့တယ်။ သူမက ကျွန်မကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့တယ်။

နောက်ပိုင်းညနေပိုင်းတခုမှာ သူမက ကျွန်မကို ကစားနည်းတခုသင်ပေးပြီး၊ မြေကြီးပေါ်က သေတ္တာလေးတွေအကြားမှာ ကျောက်တုံးလေးတွေ ရွှေ့ဖို့ ပြောရင်း သူမကို စာဘယ်လိုဖတ်ရမလဲဆိုတာ သင်ပေးမလားလို့ ကျွန်မကို မေးလာခဲ့တယ်။ ကျွန်မမှင်သက်မိသွားတယ်။ သူမစာမဖတ်တတ်ဘူးဆိုတာ ကျွန်မ မသိခဲ့ဘူး။ အခုတော့ ကျွန်မစဉ်းစားရတော့မယ်။ ကျွန်မတဘက်သားအကြောင်းကို သေချာမသိပဲ ကြိုတင်သုံးသပ်ချက် လုပ်ဖို့ မသင့်ခဲ့ဘူး။ သူမရဲ့ ဘ၀လေးကတော့ ဖြစ်လေ့ဖြစ်ထ အနေအထားအတိုင်းပါပဲ။ သူမရဲ့ မိဘတွေက အဂုလာက လယ်သမားတွေ။ သားနှစ်ယောက်ကို သာသနာပြုကျောင်းကို ပို့ပေးခဲ့ပေမယ့်၊ သူမကိုတော့ အိမ်မှာပဲ ထားခဲ့ကြတယ်။ သူမဘယ်အရပ်ကလာလဲဆိုတဲ့ အဖြစ်မှန်ကို တွေးဖို့ ကျွန်မမေ့ခဲ့တာကတော့ သူမရဲ့ ဖြတ်လတ်မှု၊ ဥာဏ်ရည်ထက်မြက်မှုနဲ့ တက်ကြွမှုတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီနေ့ညမှာပဲ ကျွန်မတို့ သင်ခန်းစာတွေ စခဲ့ကြတယ်။ သူမက သင်ပုန်းကြီးကို သိပြီးသား။ ဘာလို့လဲ ဆိုတော့ သူမအစ်ကိုတွေရဲ့ စာအုပ်တွေကို ကြည့်ခဲ့ဖူးလို့ပါပဲ။ သူမလေ့လာသင်ယူတာ အရမ်းမြန်တာ၊ အရမ်းကြိုးစားတာတွေကိုတော့ ကျွန်မ မအံ့သြတော့ပါဘူး။ နောက်ပိုင်းလအတန်ငယ်ကြာမှာ ကျွန်မတို့ရဲ့ ဗိုလ်ချုပ်တွေ လက်နက်ချတော့မယ်ဆိုတဲ့ ကောလဟလ သတင်းလေးတွေ ပျံ့နှံ့လာချိန်မှာတော့ သူမဟာ The African Child ဆိုတဲ့ စာအုပ်လေးကို ကျွန်မကို ဖတ်ပြနေခဲ့ပါပြီ။

စစ်ကြီးပြီးသွားတဲ့နေ့မှာ၊ သူမနဲ့ ကျွန်မတို့တတွေ အတင်းပြောတတ်တဲ့ အမျိုးသမီးတွေ၊ အိမ်အောက်ထပ်က အိမ်နီးချင်းတွေနဲ့ အတူစုမိသွားပြီး ငိုယိုကြ၊ သီချင်းတွေ ဆိုခဲ့ကြတယ်။ ရယ်မောကခုန်ခဲ့ကြတယ်။ ငိုနေကြတဲ့ အမျိုးသမီးတွေရဲ့ မျက်လုံးတွေထဲမှာ ပင်ပန်းနွမ်းနယ်မှု၊ မသေချာမရေရာမှု၊ စိတ်ချမ်းသာရာရမှုတွေကို ကိုယ်စားပြုနေတဲ့ မျက်ရည်လေးတွေ ပြည့်လျှံနေခဲ့ကြတယ်။ ကျွန်မတို့တွေလဲ ဒီအတိုင်းပါပဲရှင်။ နောက်ပြီး ကျွန်မဆီမှာ ငိုစရာ နောက်ထပ်အကြောင်းအရာ တခုကလဲ ရှိနေခဲ့ပါတယ်။ ကျွန်မ ချီနာဆာကို ကျွန်မအိမ်လေးဆီ ခေါ်သွားချင်တယ်။ ကျွန်မဘ၀မှာ မရှိခဲ့ဖူးတဲ့ ကျွန်မရဲ့ သမီးလေး ဖြစ်စေချင်တယ်။ စစ်မက်ကြောင့် ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲသွားခဲ့ရတဲ့ ကျွန်မဘ၀နဲ့တူတူ မျှဝေခံစားစေချင်တယ်။ ဒါပေမယ့် သူမက ကျွန်မကို လှမ်းဖက်ထားရင်း၊ ငြင်းဆန်ခဲ့ပါတယ်။ သူမရဲ့ ဆွေမျိုးတွေကျန်ရစ်ဦးမလားဆိုတာကို သူမသွားရှာချင်တယ်တဲ့။

ကျွန်မရဲ့ လိပ်စာနဲ့ ကျွန်မအလုပ်ပြန်ဝင်ဖို့ မျှော်လင့်ထားတဲ့ ကျောင်းလေးရဲ့ အမည်ကို သူမကို ကျွန်မပေးလိုက်ပါတယ်။ ကျွန်မဆီမှာရှိနေတဲ့ ငွေစလေးတွေကိုလဲ သူမကို ကျွန်မပေးလိုက်တယ်။ သူမက ပြောတယ်။ မကြာခင်မှာ ကျွန်မဆီပြန်လာတွေ့မယ်တဲ့။ မျက်ရည်တွေ ပြည့်လျှံနေတဲ့ ကျေးဇူးတင် မျက်ဝန်းလေးနဲ့ သူမက ကျွန်မကို လှမ်းကြည့်တယ်။ ကျွန်မသူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမိတယ်။ နောက်ပိုင်းအချိန်ကာလတွေအတွက် ၀မ်းနည်းမှုကိုလဲ ကျွန်မရင်ထဲမှာ ခံစားနေရတယ်။ သူမရဲ့ ဆွေမျိုးတွေကို ပြန်တွေ့ပြီး၊ သူမဘ၀အတွက် ကောင်းမွန်နိုင်တဲ့ အခွင့်အလမ်းတွေရသွားမှာပါ။ သူမကျွန်မဆီကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပါဘူး။

(၂၀၀၈) ခုနှစ်ကာလရဲ့ တမြန်နေ့ မနက်ခင်းမှာပါ။

အဲဒီမနက်ခင်းလေးကတော့ ဟိုး- လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်တုန်းက နံနက်ခင်းလေးနဲ့ မတူတော့ပါဘူး။ ကျွန်မအိမ်ထဲက ဧည့်ခန်းလေးထဲမှာ ဂါဒီးယန်း သတင်းစာလေးကို ကျွန်မ စလှန်လိုက်ပါတယ်။ အဲဒီတုန်းက ကျွန်မ နေ့စဉ်လုပ်နေကျ နံနက်ခင်းလမ်းလျှောက်တာလေးကနေ ပြန်လာခါစပါ။ ကျွန်မမိတ်ဆွေတွေက ပြောပါတယ်။ ကျွန်မအရွယ် အသက်ခုနစ်ဆယ်ကျော်လို့ မထင်ရတာ ကျွန်မနေ့စဉ်လမ်းလျှောက်လို့တဲ့။ သတင်းစာထဲမှာ အစိုးရက ၀န်ကြီးအသစ်တွေ ခန့်အပ်တဲ့ သတင်းပါလာပါတယ်။ အစိုးရဦးဆောင်မှု တခုကနေ တခု ပြောင်းနေကျဖြစ်နေပြီမို့ သိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် သတင်းစာထဲမှာ အသစ်ခန့်လိုက်တဲ့ ပညာရေးဝန်ကြီးဟာ အမျိုးသမီးဆိုတာကို ကျွန်မတွေ့လိုက်ရတယ်။ သူမရဲ့ ပထမဆုံးအင်တာဗျူးတောင် ပါလာခဲ့ပြီပဲ။ ကျွန်မကျေနပ်သွားတယ်။ အစိုးရထဲမှာ ကျွန်မတို့ အမျိုးသမီးတွေလဲ လိုအပ်တယ်။ နိုက်ဂျီးရီးယားမှာတုန်းက အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာ ကျွန်မတို့ မျက်ဝါးထင်ထင် တွေ့မြင်ရပြီးပြီ။

နောက်တော့ သတင်းစာ၊ စာမျက်နှာ တ၀က်ကို နေရာယူထားတဲ့ ပညာရေးဝန်ကြီးအမျိုးသမီးရဲ့ အဖြူအမည်းဓာတ်ပုံကို ကျွန်မတွေ့လိုက်ရတယ်။ သူမရဲ့ မျက်နှာကို ကျွန်မသိပ်ရင်းနှီးနေသလိုပဲ။ ကျွန်မသူမကို စိုက်ကြည့်နေမိတယ်။ သူမနာမည်ကို မဖတ်မိခင်ကတည်းက ဒါဟာ ချီနာဆာဆိုတာ ကျွန်မသိလိုက်ရပါပြီ။ သူမရဲ့ ပါးလေးတွေက ပြည့်ဖောင်းလာပြီ။ ငယ်ရုပ်သွင်ပြင်လေး နည်းနည်းပြောင်းသွားတယ်။

သူမရဲ့ အင်တာဗျူးကို ကျွန်မအမြန်ဖတ်လိုက်မိတယ်။ ကျွန်မလက်တွေ နည်းနည်းတုန်နေတယ်။ စစ်ဖြစ်ပြီးတဲ့နောက်ပိုင်း သိပ်မကြာခင်မှာပဲ စစ်ပွဲကြောင့် ထိခိုက်ခံစားကြရတဲ့ လူငယ်တွေကို ကူညီတဲ့ နိုင်ငံတကာအေဂျင်စီတခုအကူအညီနဲ့ သူမနိုင်ငံခြားကို ရောက်သွားခဲ့တယ်။ သူမစကောလားရှစ်တွေ အများကြီးရခဲ့တယ်။ သူမအိမ်ထောင်ကျခဲ့ပြီး ကလေးသုံးယောက်ရှိတယ်။ သူမ စာပေပိုင်းဆိုင်ရာ ပါမောက္ခ ဖြစ်ခဲ့တယ်။ သူမစာအုပ်တွေကို ဘယ်လိုချစ်မြတ်နိုးခဲ့လဲဆိုတာကို ပြောကြားတာ ဖတ်ရချိန်မှာတော့ ကျွန်မလက်တွေ အရမ်းကို တုန်နေခဲ့ပါတယ်။ စစ်ပွဲအတွင်းတုန်းက သူမမှာ နတ်သမီးလို အမေ တယောက် ရှိခဲ့ပါတယ်တဲ့။ သူမဒီစကားလေးကို ပြောခဲ့ပါတယ်။

သူမမျက်နှာလေးကို ကျွန်မအချိန်တန်ကြာ ကြည့်နေမိခဲ့တယ်။ သူမကြုံတွေ့ခဲ့ရတဲ့ ဘ၀လေးကို ကျွန်မပြန်မြင်ယောင်နေမိတယ်။ ပြီးတော့ သူမနဲ့ အတူတူ ကစားခဲ့ရတဲ့ အချိန်လေးတွေ။ သတင်းစာကို ပိတ်ပြီး၊ ဘေးမှာ မချထားခင် အချိန်လေးမှာတော့ ကျွန်မဘ၀မှာ တခါမှ မခံစားဖူးခဲ့တဲ့ ဂုဏ်ယူဝမ်းမြောက်မှုတွေကို ခံစားနေခဲ့ရတယ်ဆိုတာ ကျွန်မပဲ အသိဆုံးဖြစ်မှာပါလေ။

မူရင်းစာရေးသူ- Chimamanda Ngozi Adichie

ဘာသာပြန်သူ- ခင်မမမျိုး

ရည်ညွှန်း-

Adichie, C.N. (2009) “Chinasa” in The Thing around Your neck, Fourth Estate

အပြည့်အစုံဖတ်ချင်ရင်..>>>

လူထုတိုက်ပွဲလက်စွဲ

Thursday, May 21, 2009

People Power Revolution Handbook by Free Burma Federation

အပြည့်အစုံဖတ်ချင်ရင်..>>>

ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့

Sunday, May 17, 2009

ဂလက်စဂိုမြို့သို့ ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာတော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေးချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်နေလျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံးခံရသည့် အဖြစ်အပျက်များ။ ပြည်ပရောက်မြန်မာများကို တ၀ုန်းဝုန်းလှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုးမီးတောက်လို ခဏတောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံးဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက်ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ ဦးတည်နိုင်ပေလိမ့်မည်။

ကောက်ရိုးမီးတောက်သင်ခန်းစာများ

ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန်သုံးသပ်ကြည့်ပါစို့။

ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများအာရုံကို ဆွဲယူနိုင်စွမ်းအရှိဆုံး မီးတောက်တခုဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့ အရေးယူပေးပါရန် တောင်းဆိုမှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော်အကြမ်းဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေမှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထုရွေးကောက်တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံးလှုံဆော်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုးခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှန်တကယ်စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင်တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထုထံသို့လည်း မီဒီယာများမှ တဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွားတော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာသော အခါတွင်ကား မီးတောက်က မီးညွန့်ကျိုးသွားခဲ့ပြီ။


စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ခဲ့သည်။ ပြည်ပမီဒီယာတွေအားလုံးမှာ သတင်းအချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်းထွက်လာသည်။ တကမ္ဘာလုံး ရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ပြည်သူလူထုကလဲ တော်တော်အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေးကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ်ကျသွားသည်။ ဂမ်ဘာရီဝင်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန်သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့မလိုလို သတင်းလွှင့်ကြပြန်သည်။ လူထုကလဲ တကယ်ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လိုလှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ်လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘောမပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်များပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ်တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။


နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ်သာရှိသည်။ အားလုံးဝုန်းဒိုင်းကျဲလုပ်နေသည်ကတော့ အမေရိကန်ဝင်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည်မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံရေးပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ လွှတ်ရသည်ဆိုတာကို မသိလို့တော့ ဖြစ်မည်မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့မည်ပုံကြိုဆိုရမည်များကိုပင် မြန်မာပြည်သူလူထုကို နည်းပေးလမ်းပြလုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန်ဖြစ်ကုန်ခဲ့သည်။

အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်းဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့်အစား၊ ပွဲမဖြစ်ခင်ကတည်းက မပြင်ရင် လူထုက မဲလုံးဝမပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ်လူညာများမှန်း အကြိမ်ကြိမ်သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်းခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန်လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ကြသလား၊ အကောင်းမြင် မျှော်လင့်ချက်လေးများကို ဒီလောက် ဆိုးဝါး ယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက်သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြပြန်သည်။ စောင့်ကြပ်ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လိုလုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်းသုံးရင်လဲ နိုင်ငံတကာက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင်ထားမည်နည်း။ လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံးအနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်းများစွာ ထွက်လာပါလိမ့်မည်။

ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရားအမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက်လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှုမဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ်အပျက်များတုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာဆက်လုပ်ကြမည်နည်း။

ဘာဆက်လုပ်ကြမလဲ

နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်းအကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကို အများဆုံး အကာအကွယ်ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်းဆက်ထွက်ရသည်။ နယ်မြေရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ်သဖွယ်သာ ရှိသည်။ စစ်အာဏာရှင်ခံတပ်ကို ဆက်လက်သိမ်းပိုက်ပြီး၊ အဆုံးသတ်အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ်ကြရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်းစစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည်မဟုတ်။ ဒါက ပကတိအမှန်တရားဖြစ်သည်။

နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့်ထားခဲ့ပြီး၊ ပြည်တွင်းစစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်းစစ်မျက်နှာအတွက်လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက်ပံ့ပိုးကြဖို့ လုပ်ကြရတော့မည်။ နိုင်ငံတကာ ခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ်ရန်သူများလက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့ လိုသည်။ နိုင်ငံရေးသမိုင်းတွင် အတူလျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေး လမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်းလျှောက်ရပြီဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုးမပြတ်ရင် သူ့လမ်းကြောင်းမှာ လိုက်သွားရုံသာရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေးတွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွားဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ်အကောင်အထည်ဖော်ရမည့် initial democratization လမ်းကြောင်းရှိသည်။ ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်းမပြတ်တာ အကြောင်းမဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန်သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ကတော့ လိုအပ်သည်။

အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်းဘာဖြစ်လာနိုင်သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိအခြေအနေတွင် လူထုခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှုသွားအမှုလာ အခြေအနေများအရ

(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့်ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့်ဆိုပြီး အမှုပြန်ရုတ်သိမ်းရန် ဖြစ်နိုင်ချေနည်းသည်။

(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင်လုပ်ချင်လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေူးကောက်ပွဲမှတ်ပုံတင်ရန် တွန်းအားပေးလာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင်အမှုစွဲဆိုထားသဖြင့် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာနိုင်သည်။

(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ်ဆင်နွှဲ၍ ချောက်လုံးပေးနိုင်သည်။

(၄) နာဂစ်တုန်းကကဲ့သို့ နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲလုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင်သွင်းအကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်းသွားနိုင်သည်။


ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့ တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ ရပ်မည်နည်း။ ဒီလိုအခြေအနေမျိုးဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ ထွက်လာသည်။ သောင်းနှင့်ချီသော ဦးနှောက်များ၏ စုပေါင်းတွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေးလိုက်ပြီး၊ နအဖခြေလှမ်းအကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်းမျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည်မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံတကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာဥပေဒေကို ကိုင်စွဲတောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံးလုပ်နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်းမဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်းနေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတိုအာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင်အဖြစ်အပျက်များကဲ့သို့ ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေးအတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက်စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပိုလိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။

ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိပဲ ၊ လူထုခေါင်းဆောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေူးကာက်ပွဲသည် တရားဝင်မှုမရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန်မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ်မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေးသွားနိုင်သည်ကို သတိပြုရမည်။ ယူအင်ဝင်ပါဆိုတာထက် ထိုလမ်းကြောင်းကို အရျှိန်မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည်တွင်းလူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ်လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့မရဟူသော အခြေအနေမှန်ကို တင်ပြဖို့လိုလာပြီ။ ပြည်တွင်းစစ်မျက်နှာကို ဆက်တိုက်အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လုထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူသိသည်။

ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာအာရုံစိုက်မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ်ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင်စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့်စာလျှင် ယခုစစ်အုပ်စုလက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာအာရုံစိုက်ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာရှိသည်။ အချက်အလက်အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ်ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။

နိဂုံး

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင်ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခုအဖွဲ့အစည်းများမှာ ပါဝင်နေသူများအားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေးများရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထုစစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်းညီညွတ်စွာ လိုက်လံ ပါဝင်ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများနောက်မှာ တညီတညွတ်တည်း သံပြိုင်ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လုထုကြီးပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံးခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန်လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင်ကြရသေးပါ။

သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက်အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့်အစား၊ ပြောသူထက် အချက်အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ကြပါစို့။ မြေအောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေးရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်းဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင်ဆောင်ရွက်ကြရင်း ကောက်ရိုးမီးတိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။

ခင်မမမျိုး (၁၇၊ ၅၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

Open Letter to the President of the United States of America for Free Aung San Suu Kyi

Saturday, May 16, 2009

Open Letter to the President of the United States of America for Free Aung San Suu Kyi

အပြည့်အစုံဖတ်ချင်ရင်..>>>

ပိုစတာ (အရွယ်အစားမျိုးစုံ)

Friday, May 15, 2009




(ပိုစတာများရေးဆွဲသူ- ထိုက်မင်း)

အပြည့်အစုံဖတ်ချင်ရင်..>>>

Global Action for Burma: Free Aung San Suu Kyi

On 6th of May, an American citizen was detained by Burmese military regime after secretly swimming across Inya Lake, Rangoon to gain access to the Nobel Laureate’s House. According to the official Burmese media, he was identified as 53-year old former military serviceman John William Yettaw of Falcon, Missouri, USA. On 13th of May, American diplomat was allowed to meet with him. Although his motives for the alleged lake exploits remain unclear, it caused the Nobel Peace Prize winner, Aung San Suu Kyi to serve jail terms under the anti-subversion laws.

Aung San Suu Kyi has spent most of the past 19 years detained in virtual isolation in her crumbing compound since the junta refused to recognize her party’s landslide victory in the country’s last election in 1990. Her last period of detention at her home expires at the end of May. This expiration of six years of house arrest, without trail or charge or even figleaf of legal respectability, was to have yanked away from the generals.

Now, due to the uninvited access to her compound by American citizen, the military generals no longer need to trouble themselves with legal niceties and it has given them a ready-made reason to imprison the most prominent political prisoner up for at least another five years. It would perfectly play into the hands of the junta if the United States of America and international community do not stand up with the People of Burma who have been oppressed by the junta for several years.

Therefore, we call upon the international community and overseas Burmese people around the world to the global action for Free Aung San Suu Kyi. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.

“Add your voice to a call for Free Aung San Suu Kyi”

Independence Campaign
Global Action for Burma
www.globalactionforburma.blogspot.com

www.gab-burma.weebly.com

Please contact the following persons for detailed information.

Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye (USA) , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Kyaw Than (India), Tel: +91 9810601506, Email: absl_india88@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo (Scotland), Tel: +44 1224 524 077, Email: khinmamamyo@gmail.com
Ms. Nang Thida Aye, Email: ntda.dwg@gmail.com
Mr Sai Myo Win, Tel: +66 835 823 490, Email: ida0072@gmail.com


(Independence campaign is a results-oriented coalition dedicated to Free Aung San Suu Kyi campaign to share information about the activities. Please kindly contact Mr. Sai Myo Win (ida0072@gmail.com) and Ms. Nang Thida Aye (ntda.dwg@gmail) for campaigns update and campaigns information if your country is not listed in the above list.)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP