ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Felicitation letter for Karen Revolution Anniversary by Free Burma Federation

Friday, January 30, 2009

အပြည့်အစုံဖတ်ချင်ရင်..>>>

For Karen Revolution (music)

အပြည့်အစုံဖတ်ချင်ရင်..>>>

Memories and Lies

Wednesday, January 28, 2009

အပြည့်အစုံဖတ်ချင်ရင်..>>>

ကုလားထိုင်

Sunday, January 25, 2009

ကုလားထိုင်


အခုတလော ငယ်ငယ်တုန်းက ကုလားထိုင်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို သွားသတိရနေမိတတ်တယ်။ အဖြစ်က ဒီလိုပါ။


ကျွန်မတို့အိမ်မှာ ကြီးမားခန့်ထည်လှတဲ့ လှုပ်ကုလားထိုင်ကြီး တခုရှိတယ်ရှင့်။ ကျွန်းသားနဲ့ လုပ်ထားတာမို့ လှပ၀င့်ထည်လိုက်တာလဲ မပြောပါနဲ့တော့။ အဲဒီကုလားထိုင်ကြီးမှာ ထိုင်လေ့ရှိတာကတော့ အိမ်ရဲ့အကြီးအကဲ ကျွန်မအဖိုးပါ။ အဲဒီကုလားထိုင်ကြီးပေါ်ထိုင်နေတဲ့ ဖိုးဖိုးကို မြင်ရတာလဲ ခန့်ခန့်ထည်ထည်ကြီး။ ဒါနဲ့ ကျွန်မလဲ ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ကလေးဆိုတော့ တိုက်ရိုက်တော့ ဘယ်ပြောပါ့မလဲ။


အဲ- တနေ့တော့ ကျွန်မစိတ်ထဲ တိတ်တိတ်လေးပေါ်နေတဲ့ အတွေးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာတယ်။ အိမ်နားက ကျွန်မသူငယ်ချင်းကို အိမ်ခေါ်ကစားနေတုန်း ဖိုးဖိုးက အပြင်ထွက်သွားပါလေရော။ အဖော်လဲကောင်းတာမို့ ဖိုးဖိုးမရှိတုန်း ကုလားထိုင်ကြီးပေါ် တက်ထိုင်မယ်ပေါ့။ လမ်းလျှောက်ထွက်ရင်း ကျွန်မတို့အတွက် ပေါက်စီလဲ ၀ယ်ခဲ့မယ်ဆိုတော့ ဖိုးဖိုးက အပြင်မှာ အနည်းဆုံး တနာရီလောက်တော့ ကြာမှာပဲလို့ တွက်လိုက်မိတယ်။


အဲလိုနဲ့ ထိုင်ခါနီးတော့ သူငယ်ချင်းက ပြောတယ်။ သူ့ကို အရင်ပေးထိုင်တဲ့။ သူက ဆယ်မိနစ်ပဲ ထိုင်မယ်တဲ့။ ထိုင်ကြည့်ချင်လို့ပါတဲ့။ ကုလားထိုင်သဘောသဘာဝကို မသိသေးတော့ ကျွန်မကလဲ ပေးထိုင်တာပေါ့။ အမယ်လေး- လှုပ်ကုလားထိုင်ကြီးဆိုတော့ လှုပ်တောင်လှုပ်ပေးလိုက်သေးတယ်။ ပိုဇိမ်ကျအောင်လို့။


ဒါပေမယ့် အဲဒီတော့မှ ခက်တော့တာပဲရှင့်။ ဆယ်မိနစ်လောက်ကြာလို့ သူ့ကိုဆင်းဖို့ပြောတော့ သူကပြောတယ်။ နင်က အမြဲထိုင်လို့ရတာပဲ။ ငါက ခဏလေးထိုင်ရတာတဲ့။ ဘယ်လိုပြောပြောကလဲမရ။ အဲဒါနဲ့ ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်ငြင်းခုံကြပါလေရော။ သူကပြောတယ်။ “နင်နဲ့ တသက်လုံးတူတူ မကစားတော့ဘူးတဲ့”။ ကျွန်မကလဲပြောတယ်။ “ဆယ်မိနစ်ပဲ ထိုင်မယ်ဆိုပြီး သဘောတူပြီးမှ ကတိမတည်တဲ့ နင့်လိုလူမျိုးကို သူငယ်ချင်းမတော်ဘူး။ ခြံရိပ်တောင် လာမနင်းနဲ့”လို့။ ဒီတုန်းက ကလေးတွေဆိုတော့ အပြောအဆိုကလဲ မတတ်ကြဘူးလေနော်။ စိတ်ထားတွေကလဲ မရင့်ကျက်သေးဘူး။ အရွယ်ရောက်လာတော့ အဲလိုတွေမဖြစ်အောင် တတ်နိုင်သမျှ သတိထားရတော့တယ်။ တော်ကြာသူများတွေက သူငယ်နာမစင်သေးဘူးတို့၊ သူငယ်ပြန်နေပြီလား မသိဘူးတို့ ထင်ကုန်ကြမှာစိုးလို့။ ဒီလိုနဲ့ ကုလားထိုင်တလုံးမှာ ခဏထိုင်ရဖို့အရေး အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကွဲပါလေရော။


ဖိုးဖိုးပြန်ရောက်လာတော့ အာပြဲနဲ့ ငိုနေတဲ့ ကျွန်မကို တော်တော်ချော့လိုက်ရတယ်ရှင့်။ ကျွန်မစိတ်ဆိုးနေရင် ဖိုးဖိုးကလွဲလို့ ဘယ်သူမှ အနားကပ်ရဲတာ မဟုတ်ဘူး။ ဖိုးဖိုးကိုကျတော့ အကပ်ခံတယ်။ ဒီလိုနဲ့ ဖိုးဖိုးရဲ့ အစွမ်းအစရယ်၊ ပေါက်စီတွေရဲ့ ဆွဲဆောင်အားတွေရယ်ကြောင့် (ဆက်ပြီး မူနေရင် ပေါက်စီတွေ အေးသွားမှာစိုးလို့) ကျွန်မတယောက် အငိုတိတ်ပါတော့တယ်။


အငိုတွေတိတ်ပြီး နောက်နှစ်ရက်လောက်နေတော့ ဖိုးဖိုးက သူ့ကုလားထိုင်ကြီးပေါ်မှာ ကျွန်မကိုတင်ထားပြီး၊ လှုပ်ပေးရင်းစကားတွေ အများကြီးပြောတယ်။


ဒီကုလားထိုင်မှာက အိမ်ရဲ့အကြီးအကဲတွေ ထိုင်ကြတာ မြေးလေးရဲ့။ ဟော- အခု၊ ငါ့မြေးထိုင်နေပြီ။ အဲလိုထိုင်လိုက်တာနဲ့ မြေးလေးက အိမ်ရဲ့အကြီးအကဲ တကယ်ပဲ ဖြစ်သွားလား။ အိမ်မှာရှိတဲ့ လူတွေကကော အိမ်ရဲ့အကြီးအကဲပါလို့ မြေးလေးကို အသိအမှတ်ပြုသလားတဲ့။


ဘယ်ဖြစ်မှာလဲ ဖိုးဖိုးရဲ့။ သမီးက ကလေးပဲ” လို့ပြန်ပြောတော့


ကလေးဆိုတာထက် မြေးလေးမှာ ဒီကုလားထိုင်မှာ ထိုင်ပြီး၊ သူတို့ကို သြဇာပေးနိုင်မယ့် အရည်အချင်း မရှိသေးတာက ပိုအရေးကြီးတယ်။ မြေးလေးဘ၀တလျှောက်မှာ ကုလားထိုင်ပေါင်းများစွာကို တွေ့ရလိမ့်မယ်။ အဲဒီအခါကျရင် ပိုင်ရှင်မရှိတုန်း ခိုးကြောင်ခိုးဝှက် ထိုင်ဖို့စိတ်ကူးတာထက်၊ ကုလားထိုင်တလုံးကို မထိုင်ခင် ထိုင်ဖို့အရည်အချင်း ကိုယ့်မှာရှိပြီလား၊ ကိုယ်နဲ့တန်ပြီလားဆိုတာ အရင်တွေး။ ကိုယ့်မှာအဲလို အရည်အချင်းရှိတယ်ထင်ရင်၊ ဒီကုလားထိုင်နဲ့ တန်တယ်ထင်ရင်လဲ အဲဒီကုလားထိုင်ကို ထိုင်လို့မရရအောင် ကြိုးစားလုပ်။ တကယ်အရည်အချင်းရှိတဲ့လူကို ဘယ်သူကမှ ဆွဲမချဘူး။ အခုဟိုနေ့က မြေးလေးတို့ ဖြစ်သွားတာကြည့်စမ်း။ ပိုင်ရှင်က အဝေးရောက်နေတုန်းမှာ သူ့ကုလားထိုင်ကိုလဲ ကိုယ်နဲ့မဆိုင်ပဲထိုင်ဖို့ လုပ်ကြသေးတယ်။ သူထိုင်မယ်၊ ငါထိုင်မယ်နဲ့လဲ ငြင်းကြ၊ ရန်ဖြစ်ကြသေးတယ်။ အဲဒါမျိုးဟာ အရည်အချင်းရှိတဲ့လူတွေရဲ့ အလုပ်မဟုတ်ဘူး။ ဒီကုလားထိုင်မှာ ထိုင်ချင်ရင် ဒီကုလားထိုင်နဲ့ တန်အောင်၊ မြေးလေးထိုင်တာကို အိမ်ကလူတွေက လက်ခံလာနိုင်အောင် အရင်ကြိုးစားရမယ်မြေးလေး။ မဟုတ်ရင် ပလ္လင်ပေါ်မျောက်တက်သလိုပဲ လူတွေထင်တာ ခံရလိမ့်မယ်”တဲ့။


ဖိုးဖိုးစကားတွေဟာ ကလေးတယောက်အတွက် အရမ်းမြင့်တဲ့ စကားလုံးလေးတွေ ဖြစ်မှာပါပဲ။ ဒါပေမယ့် ကျွန်မက ဖိုးဖိုးလက်ပေါ်မှာ ကြီးပြီး၊ ဖိုးဖိုးစကားလုံးတွေကို စိတ်ထဲစွဲနေအောင် လိုက်မှတ်နေ တတ်တာကြောင့် တချို့စကားတွေကို အလွတ်ရ မှတ်မိနေတတ်ပါတယ်။ မမှတ်မိမှတ်မိအောင်လဲ တချို့စကားတွေကို ချရေးပြီး အလွတ်ပြန်ကျက်ထားတတ်တယ်။ ဖိုးဖိုးစကားတွေဟာ ကျွန်မရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အရာများစွာမှာ အကျိုးရှိခဲ့တာချည်းပဲ။ ဖိုးဖိုးဟာ ကျွန်မအတွက်တော့ ကောင်းကင်ကြီး တခုပါ။ ဖိုးဖိုးနဲ့ ပတ်သက်တဲ့ အရာရာဟာ ကျွန်မအတွက် အမှတ်တရတွေချည်းပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ကတော့ ပိုဆိုးတာပေါ့ရှင်။ ရင်ထဲမှာ စူးနစ်စေခဲ့တဲ့ အဖြစ်အပျက်တခုပါ။အိမ်နီးချင်းသူငယ်ချင်းတယောက် ဆုံးရှုံးခဲ့တဲ့ အဖြစ်အပျက်တခုလဲ ဖြစ်နေတာကိုးနော်။ ဖိုးဖိုးဆုံးသွားပြီး နောက်ပိုင်းမှာလဲ အဲဒီကုလားထိုင်ကြီး မြင်တိုင်း ကျွန်မဒါတွေကို သတိရနေမိတတ်တယ်။


ဘ၀မှာ ကျွန်မထိုင်ခဲ့တဲ့ ကုလားထိုင်များစွာ ရှိခဲ့ဖူးပါပြီ။ ဒါပေမယ့် ဖိုးဖိုးဆိုခဲ့တဲ့အတိုင်း ကုလားထိုင်နဲ့ တန်တဲ့ အရည်အချင်းကိုရပြီးမှ ကျွန်မဒီကုလားထိုင်တွေကို ထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ထိုင်ပြီးရင်လဲ အဲဒီကုလားထိုင်မှာ ထိုင်နေလို့ လုပ်ရမယ့် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ကျွန်မနဲ့ မတန်တဲ့ ကုလားထိုင်ဆိုရင်လဲ ဘယ်တော့မှ ထိုင်ဖို့ကြိုးစားမှာ မဟုတ်သလို၊ ထိုင်ပြီးသားကုလားထိုင်ရဲ့ အလုပ်တွေကို မလုပ်နိုင်တော့တဲ့ အခါမှာလဲ ကုလားထိုင်ပေါ်ကနေ အမြန်ဆုံး ပြေးဆင်းမှာပဲ။ တကယ်တော့ ကုလားထိုင်ဆိုတာ ဒီကုလားထိုင်ပေါ်မှာ ထိုင်ဖို့ တန်တဲ့လူတွေအတွက်ပဲ ဖြစ်သင့်ပါတယ်။


ခင်မမမျိုး (၂၅၊ ၁၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

သားသမီးများနှင့် ဆက်ဆံရာဝယ်

Saturday, January 24, 2009

သားသမီးများနှင့် ဆက်ဆံရာဝယ်


ဒီနေ့ညနေသွားတက်ဖြစ်တဲ့ Parenting skills workshop လေးထဲက သားသမီးများနဲ့ ဆက်ဆံရာမှာ အရေးကြီးတဲ့ အချက်အလက်များနဲ့ ဥပမာပြမေးခွန်းလေးတွေဟာ အဖိုးတန်လွန်းလို့၊ ကိုယ့်လိုပဲ သားသမီးရှိတဲ့ မိဘများအတွက် မျှဝေပေးပါတယ်။


သင်တန်းနည်းပြက ကလေးငယ်လေးတွေနဲ့ ဆက်ဆံရာမှာ sensitivity, give and take, reassurance ဆိုတဲ့ အချက်သုံးချက်ကို ဂရုစိုက်ရမယ် ဆိုပါတယ်။


() sensitivity ဆိုတာက ကလေးငယ်လေးတွေရဲ့ လိုအပ်ချက်လေးကို သတိထားမိနေတာ၊ အတူတူပျော်ရွှင်ဖွယ် လုပ်ငန်းဆောင်တာတွေလုပ်တာနဲ့ တယောက်နဲ့တယောက်ရဲ့ ဘ၀ကမ္ဘာလေးတွေကို မျှဝေတာ ဖြစ်ပါတယ်။ ကျွန်မတို့ လူကြီးတွေက တခါတလေ ကလေးငယ်လေးတွေ ဘယ်လိုတွေးတယ်ဆိုတာကို ထည့်မစဉ်းစားတတ်ကြပါဘူး။ ကိုယ်ဖြစ်စေ ချင်တာတွေ၊ ကိုယ်လုပ်စေချင်တာတွေကိုသာ အတင်းအကြပ် တွန်းအား ပေးတတ်ကြပါတယ်။ ကလေးငယ်လေးတွေက မေးလာတဲ့ မေးခွန်းတွေကိုလဲ ဂရုတစိုက် ပြန်ဖြေဖို့ အားနည်းတတ်ကြသလို သူတို့ပြောတာလေးတွေကိုလဲ ကိုယ့်ရဲ့ စိတ်နဲ့နှိုင်းပြီး ပြန်ပြောတတ်ကြပါတယ်။


အောက်က မေးခွန်းလေး တချို့ကို ဖြေကြည့်ပါနော်။ သင်တန်းမှာ ဖြေခဲ့ရတဲ့ မေးခွန်းလေးကို ဘာသာပြန်ပေးတာပါ။


() တကယ်လို့ သင့်ကလေးက သူ့ကုတင်အောက်မှာ monster ရှိတယ်လို့ ပြောရင် သင်ဘယ်လို ပြန်ပြောမှာလဲ။

(က) ကုတင်အောက်က monster ကို ဘာမှစိတ်ပူစရာမရှိဘူး။ တကယ်စိတ်ပူရမှာက အိမ်ထဲကို သူခိုးရောက်လာမှာပဲ စိတ်ပူရမှာ။

() ဘာတွေလျှောက်ပြောနေတာလဲ။ အသုံးမကျတာတွေ တွေးမနေနဲ့။ ရှိစရာလား။

() ဟုတ်လား။ ဒါဆို မေမေတို့ monster လိုက်ရှာရအောင်။


မိဘတယောက် အရွေးချယ်သင့်ဆုံးအဖြေကတော့ () ဖြစ်ပါတယ်။ နှစ်ယောက်စလုံးအတွက် ပျော်စရာ ဂိမ်းလေးတခုဖြစ်လာနိုင်ပါတယ်။


() သင်အပြင်မှာ ကလေးနဲ့တူတူ လမ်းလျှောက်နေတုန်း ကလေးက ကောင်းကင်ကို ထိုးပြပြီး၊ spaceship ကြီးရှိတယ်လို့ ပြောလာရင် သင်ဘာပြန်ပြောမှာလဲ။


(က) ဟယ်ဟုတ်လား။ ကမ္ဘာတွေအချင်းချင်းတိုက်တဲ့ စစ်ကြီး ဖြစ်နေပြီလားမသိဘူး။

() လျှောက်ပြောမနေနဲ့။ အဲဒါတွေက တီဗွီထဲမှာပဲရှိတာ။ အပြင်မှာ တကယ်မရှိဘူး။

() (သူနဲ့ ဆက်ကစားဖို့ ကြိုးစားမယ်) ဟုတ်လား။ ဘယ်ကရောက်လာတာလဲ။


မိဘတွေ ဖြေသင့်တဲ့ အဖြေကတော့ () ဖြစ်ပါတယ်။ ကလေးလေးတွေက ပုံပြင်ပြောတာ ၀ါသနာပါပါတယ်။ တချို့ မိဘတွေက လုပ်ကြံပြောတတ်သွားမှာကို စိုးရိမ်ပြီး၊ ဟန့်တားတတ်ကြတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အလိုလိုနားလည်သွားမှာစိုးလို့ ပူပင်စရာမလိုပါဘူး။ သူတို့ရဲ့ ဥာဏ်ရည် တိုးတက်မှုအတွက်၊ တီထွင်စဉ်းစားဥာဏ် ပေါ်လာအောင် အကူအညီပေးသင့်ပါတယ်။


အဓိကကတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို သတိပြုမိနေရပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက်လေး တခုရှိပါတယ်။ ကျွန်မအမေက အရာတော်တော်များများမှာ ကျွန်မလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပေမယ့်၊ ကျွန်မလိုချင်တာတခုနဲ့က မကိုက်ညီဖူး ဖြစ်နေခဲ့ဘူးတယ်။ မေမေက ထမင်း၊ ဟင်းကို တခါမှ ချက်ဖူးတာမဟုတ်ဖူး။ ဒီတော့ ကျွန်မက အိမ်က အဖွားတို့ရဲ့လက်ရာတွေ၊ အိမ်ဖော်လက်ရာတွေပဲ စားရတယ်။ ငယ်ငယ်တုန်းကတော့ လိုချင်ရင်တဇွတ်ထိုး ဖြစ်တတ်တဲ့ ကျွန်မဟာ ဒီကိစ္စအပေါ်မှာလဲ ဇွတ်တရွတ်ဖြစ်နေခဲ့တယ်။ မေမေ့လက်ရာစားချင်တယ်။ ဒါပေမယ့် ကျွန်မကလဲ တိုက်ရိုက်ဖွင့်မပြောဘူး။ ဒါတွေစားရတာ ရိုးနေပြီလို့ပဲ မသိမသာပြောတယ်။ သူငယ်ချင်းတွေကို သူတို့အမေတွေက ဘာတွေချက်ကျွေးတယ်ဆိုပြီး ပြောတယ်။ ဒီတော့ မေမေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ခေါ်သွားပါလေရော။ ကျွန်မပြောတဲ့ ဟင်းမျိုးတွေပါပဲ။ မရရအောင်ကို ရှာဖွေကျွေးမွေးတယ်။ ဆေးရုံက နမ့်စ်တွေကိုတောင် ချက်ခိုင်းလိုက်သေးတယ်။ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်တိုင်းကိုမကျဘူး။ ကျွန်မကလဲ မပွင့်လင်းဘူး။ မေမေကလဲ သဘောမပေါက်ဘူး။ ဒါကို ကျွန်မကလဲ နည်းမျိုးစုံနဲ့ ဂျီတိုက်တယ်။ စားသောက်ဆိုင်တွေမှာ ဟင်းဆယ်မျိုးလောက်မှာပြီး တို့ကနန်း၊ ဆိတ်ကနန်း စားတာမျိုးလဲလုပ်ရဲ့။ ကိစ္စမရှိဘူး။ မေမေ့နာမည်နဲ့ ထားထားပစ်ခဲ့တာဆိုတော့ ဒီလောက်ဖြုန်းရလားဆိုပြီး ပြောများပြောမလားပေါ့။ အဲလိုပြောလာရင်တော့ “မဖြုန်းစေချင်ရင် မေမေချက်ကျွေး” ဆိုပြီး ပြန်ချွဲမယ်ပေါ့။ ဒါကို မေမေက မေးလဲတခါမှ မမေးဘူး။ သိပ်ခက်တာပဲ။


အဲဒီပြဿနာက ဘယ်တော့မှ ပြီးသွားလဲဆို ကျွန်မဆေးကျောင်း ဒုတိယနှစ်မှာ တနေ့မေမေ မန္တလေးရောက်လာတယ်။ အဲဒီတုန်းက ကျွန်မက ကျောင်းနားက မင်္ဂလာဈေးအပေါ်ထပ် ကွန်ဒိုတိုက်ခန်းမှာ နေတယ်။ ညနေဘက်ဆိုရင် တပည့်တွေအိမ်သွား စာသင်ပေးနေတော့ ကျွန်မစားရေးသောက်ရေးက မပူရတာမို့ အိမ်မှာအဖော်မခေါ်ထားဘူး။ တယောက်တည်း အေးအေးဆေးဆေးနေချင်လို့ကို အိပ်ခန်းသုံးခန်းရှိပေမယ့် သူငယ်ချင်းတွေနဲ့တောင် ရှယ်ယာ လုပ်မနေဘူး။ မေမေခဏလာလည်တော့ သားအမိနှစ်ယောက် တူတူစားရအောင်ဆိုပြီး တပည့်တွေဆီမှာ မစားတော့ဘူး။ ကျွန်မပြန်မလာခင် မေမေက အနီးတ၀ိုက်ဆိုင်တွေဆီက သွားဝယ်ထားပေးတယ်။ အဲဒီနေ့ညနေကတော့ ကျွန်မဘာဖြစ်တယ်မသိဘူး။ မေမေ့အတွက်ပေးထားတဲ့ တိုက်ခန်းသော့အပိုကိုပါ ယောင်နနနဲ့ ကောက်ထည့်သွားခဲ့မိတယ်။ မေမေကလဲ ထွက်လို့မရတော့ ကျွန်မပြန်လာရင် ဆာနေမှာပဲဆိုပြီး၊ အဆင်သင့်အိမ်မှာရှိတာလေးကို သူတတ်သလို စီမံထားလေရဲ့။ အိမ်ပြန်ရောက်တော့မှ မေမေအခန်းထဲ ပိတ်မိနေတာ သိတော့တယ်။ ကျွန်မဆိုတာကလဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတောင် ပေးထားခဲ့တဲ့သူ မဟုတ်ဘူး။ အဲလိုနဲ့ အိမ်ပြန်ရောက်တော့ စားစရာ ကြက်ဥပြုတ်လေးကတော့ အဆင်သင့်ပဲ။ (အဲဒီကြက်ဥလဲ ကြက်ဥကို ဟင်းချက်တတ်လို့၊ ကြော်တတ်လို့ အိမ်မှာရှိနေတယ် မထင်ကြပါနဲ့။ ခေါက်ဆွဲပြုတ်ထဲ ထည့်ဖောက်သောက်ဖို့ ၀ယ်ထားတာလေးပါ)။ ဘာပဲပြောပြော အဲဒီနေ့က ကျွန်မတော်တော်ပျော်သွားတယ်။ ကြက်ဥပြုတ်အခွံကို တူတူထိုင်ခွာနေကြရင်း ကျွန်မတို့ သားအမိကြားက တံတိုင်းတခု ပြိုကျသွားသလိုပဲ။


တခါတလေ မိဘနဲ့သားသမီးကြားမှာ ဘာမဟုတ်တာလေးတွေနဲ့ အဲလိုလေးတွေ ရှိတတ်တယ်။ ခရီးသွားချင်တယ်ဆိုတိုင်း ပိုက်ဆံအုပ်တွေပဲ ပေးနေတဲ့ မိဘကို စိတ်ကောက်တဲ့ သူငယ်ချင်းတယောက်လဲ ရှိဖူးတယ်။ အမှန်တော့ သူသွားချင်တာက ရန်ကုန်ကနေ သန်လျင်လောက်ပဲဖြစ်ဖြစ် မိဘတွေနဲ့ တူတူသွားဖူးချင်တာ။ သူပြောလိုက်တိုင်း သူငယ်ချင်းတွေနဲ့ပဲသွား၊ ဘယ်ကားယူသွားဆိုပြီး၊ ငွေစက္ကူတွေပဲ အုပ်လိုက်ထုတ်ပေးနေတဲ့ မိဘကို သူအရမ်းပေါက်ကွဲနေခဲ့တယ်။ ဒီနေ့ ညနေသင်တန်းမှာ ဆွေးနွေးကြတော့ သားသမီးတွေရဲ့ လိုအင်ဆန္ဒလေးတွေကို သတိမူမိတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပေါ်မှာ ဒီကိစ္စလေးတွေကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၂။ Give and Take ဆိုတာကကျတော့ မိဘနဲ့ ကလေးနဲ့အကြား အလဲအလှယ်တခု၊ ညှိနှိုင်းမှုတခု လုပ်ကြတာမျိုးပါ။ လူကြီးတွေက ကလေးငယ်တွေကို တဘက်သတ်အနိုင်ကျင့်တတ်ကြပါတယ်။ “စာကျက်ရမယ်” လို့ ခြိမ်းချောက်ပြောဆိုတတ်ကြတယ်။ စာရရင် ဘာလုပ်ပေးမယ် ဆိုတာမျိုးကို ကျတော့ ပြောလေ့မရှိတတ်ကြဘူး။ ချီးမွမ်းပြောဆိုဖို့ကျတော့လဲ မေ့နေတတ်ကြတယ်။ အမှန်တော့ “တော်လိုက်တာ” ဆိုတဲ့ ချီးမွမ်းစကားလုံးလေးတခုဟာ ကလေးငယ်လေးတွေသာမက လူကြီးတွေအတွက်ပါ လိုအပ်တဲ့ အသုံးအနှုံးတခုပါ။ လူတွေရဲ့ ဘ၀များစွာကို ပြောင်းလဲသွားစေနိုင်ပါတယ်။


အောက်က ဥပမာလေးကို ဖြေကြည့်ရအောင်ပါ။

() သင့်ကလေးက တီဗွီက သူကြိုက်တဲ့ အစီအစဉ်လေးကို ကြည့်ချင်တယ်လို့ ပြောလာရင် ဘာပြန်ပြောမလဲ။

(က) ညနေစာကို ကောင်းကောင်းစားရင်၊ သားကြည့်ချင်တာ ကြည့်ရမှာပေါ့။

() သားအခန်းကို သန့်သန့်ရှင်းရှင်းလေး တပတ်ထားရင်တော့ ဒီအခွင့်အရေးရနိုင်မှာပါ။

() တနေ့လုံးသားကိစ္စနဲ့ချည်းပဲ၊ မေမေအလုပ်ရှုပ်နေတာ။ မေမေကြိုက်တာလေး ကြည့်ပါရစေဦး။ မေမေ့အလှည့်ရောက်ပြီ။


မိဘတွေအနေနဲ့ ရွေးသင့်တာက အဖြေ (က) ကို ဖြစ်ပါတယ်။ ဒီဥပမာလေးနဲ့ ဆိုရင်တော့ လွယ်တယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ ကလေးတွေနဲ့ ပြိုင်လုနေတတ်တဲ့ မိဘတွေအများကြီး ရှိပါတယ်။ တကယ်ကိုပါ။ ကလေးတွေနဲ့ တီဗွီချယ်နယ်ထိုင်လုနေတဲ့ လူကြီးတွေအများကြီးကို တွေ့ဖူးပါတယ်။ အရေးကြီးဆုံးကတော့ ကလေးတွေရဲ့ စိတ်ကို နားလည်ပြီး အပေးအယူလုပ်တတ်ဖို့ပါပဲ။


မြန်မာပြည်တုန်းက ကျွန်မက စာသင်တော့ တပည့်ပေါင်းများစွာနဲ့ သူတို့ရဲ့ မိဘပေါင်းများစွာကို တွေ့ဖူးပါတယ်။ ကလေးတွေကို အပေးအယူ မလုပ်တတ်ကြပါဘူး။ နံနက် ခုနစ်နာရီကနေ ညဆယ့်နှစ်နာရီအထိ စာဖတ်၊ စာသင်နေရတဲ့ ကလေးတယောက်ရဲ့ ဘ၀ကို မစာနာတတ်ကြပါဘူး။ မြန်မာပြည်မှာက ဆေးနဲ့ စက်မှုဆိုတာကို ကလေးတွေထက် မိဘတွေက ပိုရူးသွပ်နေကြပါတယ်။ ဆေးကျောင်းနဲ့ စက်မှုကို မရောက်ရင်ပဲ လူတယောက်ရဲ့ ဘ၀တခုလုံး မြောင်းထဲရောက်သွားမတတ် ပြောဆိုပြုမူနေကြပါတယ်။ ကလေးတွေကို အမှတ်များအောင် အတင်းဖိအား ပေးနေကြပါတော့တယ်။ ကလေးဆိုတာက သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့ဥာဏ်ရည်နဲ့သူပါ။ တကယ်တော့ ကမ္ဘာလောကကြိးမှာ ဆရာဝန်နဲ့ အင်ဂျင်နီယာတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ ဒီလိုရူးသွပ်မှုရဲ့ ရလာဒ်ကတော့ ဆရာဝန်မလုပ်သော ဆရာဝန်ဘွဲ့ရများနဲ့ အင်ဂျင်နီယာမလုပ်သော အင်ဂျင်နီယာပေါင်းများစွာ ပေါ်ထွက်နေခြင်းပါပဲ။ သူတို့ဘ၀ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းပစ်ရုံသာမက၊ တကယ် အရည်အချင်းရှိပြီး အမှတ်အနည်းငယ် ကပ်လွဲသွားတဲ့ ဆရာဝန်ဘ၀ကို တကယ်လိုချင်သူတွေရဲ့ အခွင့်အလမ်းတွေကိုပါ လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးဆိုးတာက ဒီလို ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာမလုပ်တဲ့ အင်ဂျင်နီယာတွေဟာ တခြားဘာသာရပ်တွေမှာသာ စိတ်ဝင်စားရာ လုပ်ခွင့်ရခဲ့ရင်၊ ရလာနိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေကိုပါ ဆုံးရှုံးသွားနိုင်တာပါပဲ။ ပညာရပ် တွေကို သင်ယူပြီး၊ အသုံးမပြုတာဟာ ပတ္တမြားကျောက်လေးတွေကို မြေကြီးတွင်းတူးပြီး မြှုပ်ပစ်နေတာနဲ့ အတူတူပါပဲ။


ဒါပေမယ့် ကျွန်မမိဘများအပါအ၀င် မြန်မာပြည်က မိဘအများစုကတော့ ဒီဆရာဝန်၊ အင်ဂျင်နီယာဆိုတာကြီးကို အတော်ပဲ ရူးသွပ်ခုံမင်ကြပါတယ်။ ကလေးတွေနဲ့ အပေးအယူ မရှိတော့ပါဘူး။ မိဘတွန်းအားတွေများလွန်းလို့ မိဘနဲ့ သားသမီးကြား ဘယ်လိုမှ ညှိယူလို့ မရနိုင်တော့တဲ့ ပဋ္ဋိပက္ခလေးတွေ အများကြီးကို ဆရာမတယောက်အနေနဲ့ တွေ့မြင်ခဲ့ရဖူးပါတယ်။ ကြားကနေ ညှိနှိုင်းဖို့ ကြိုးစားပေးခဲ့ရတာလဲ အများကြီးပါပဲ။ အောင်မြင်တာလဲရှိ၊ မအောင်မြင်တာလဲ ရှိပါတယ်။ ကလေးမလေး တယောက်ဆိုရင် ၀ါသနာပါတာက ပန်းချီပါ။ ပန်းချီပုံလေးတွေ တခါတလေ ဆွဲလေ့ရှိတယ်။ ဒါကို လုပ်ငန်းရှင်မိဘက လုံးဝအသိအမှတ် မပြုပါဘူး။ သူတို့မိတ်ဆွေ သားသမီးတွေ အားလုံးက ဆေးကျောင်းမှာမို့ ဆေးကျောင်းပဲ ၀င်စေချင်တယ်တဲ့။ စာသင်တဲ့ အတွေ့အကြုံများအရ ဒီကလေးမ ဆေးကျောင်းဝင်မယ့် အမှတ်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဒါပေမယ့် သူ့မိဘတွေကျေနပ်အောင် စက်မှုတော့ဝင်အောင် ကြိုးစားပေးပါမယ်ဆိုပြီး ကျွန်မတာဝန်ယူ စာပြပေးတယ်။ ဆယ်တန်းဖြေပြီးရင် ပန်းချီပြပွဲတွေ လိုက်ပို့ပေးမယ်ဆိုပြီး စည်းရုံးတယ်။ အချိန်ဇယားတွေ ဆွဲပေးထားတာမှာ တပတ်တခါလောက် အေးအေးဆေးဆေး သူဆွဲချင်တာလေးတွေ ဆွဲနိုင်အောင် ကိုယ်ပိုင် အချိန်တချို့ လျှော့ထားပေးတယ်။ သူဆွဲထားတဲ့ ပုံလေးတွေကို ချီးကျူးပေးတယ်။ လောကမှာ ဆရာဝန်စာရေးဆရာမ၊ အင်ဂျင်နီယာ ကဗျာဆရာ၊ စီးပွားရေးလုပ်ငန်းရှင် အနုပညာသည်တွေလဲ အများကြီးရှိနေတာ၊ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်းတွေကို တွဲစပ်လုပ်လို့ရတာတွေကို ပြောပြပေးတယ်။ အားလုံး ချောချောမွေ့မွေ့ပါပဲ။ ပြဿနာကတော့ သူ့အဖေကြီးကြောင့် ဖြစ်ရတာ။ စာမေးပွဲဖြေခါနီး တရက် သူဆွဲထားတဲ့ ပန်းချီပုံလေးတွေ တွေ့သွားပြီး၊ ဖြဲဆုတ်လွှင့်ပစ် သောင်းကျန်းပါရောတဲ့။ နောက်ဆုံးဘာဖြစ်လဲ။ ကလေးမက နောက်ဆုံးနေ့ဘာသာကို တမင်ကိုခြစ်ချခဲ့တယ်။ မိဘကို အရွဲ့တိုက်ပစ်လိုက်တာလေ။ ကျွန်မကိုလာပြောတဲ့ ကလေးကိုကြည့်ပြီး ကျွန်မသူ့ကိုဆူရမလား၊ သူ့အဖေကို သွားဆူရမလား မစဉ်းစားတတ်နိုင်ခဲ့အောင်ပဲ။ သိပ်တင်းကြပ်လွန်းတဲ့ အိမ်မှာမနေနိုင်ပဲ အဲဒီညီမလေး စောစောစီးစီး အိမ်ထောင်ကျသွားတယ်။ ယောက်ျားနောက်ကို လိုက်ပြေးသွားတာ။ တချိန်မှာ ပန်းချီဆရာမလေး ဖြစ်မဖြစ်မသိတော့ဘူး။ သိတာကတော့ ပန်းချီဆရာမလောင်းလျာ၊ အင်ဂျင်နီယာလောင်းလျာ ကျောင်းသူတယောက်ရဲ့ ဘ၀ အလဟဿဖြစ်သွားခဲ့တယ်။ မိဘတွေဟာ သားသမီးတွေနဲ့ အပေးအယူ လုပ်ရမယ်ဆိုတာကို ဒီနေ့သင်တန်းမှာ ဆွေးနွေးကြတော့ ဒီဥပမာလေးကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၃။ Reassurance ဆိုတာကတော့ စိတ်ညစ်နေတဲ့၊ နာကျင်မှုခံစားနေရတဲ့၊ စိတ်ရှုပ်ထွေးနေတဲ့ ကလေးတယောက်ကို ဘယ်လောက်ထိ နှစ်သိမ့်မှုပေးနိုင်မလဲ၊ ကူညီထောက်မမှုပေးနိုင်မလဲ ဆိုတာပါ။ မိဘတွေဟာ သားသမီးတွေအတွက် အဖော်ကောင်းဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ရပါမယ်။ မျှဝေခံစားပေးနိုင်ရပါမယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။


() သင့်ကလေး ချော်လဲပြီး၊ တစုံတရာထိခိုက်မှုမရှိပါပဲ ငိုကြွေးနေလျှင် သင်ဘာကိုလုပ်မည်နည်း။


(က) ဒီလောက်တောင် နမော်နမဲ့နိုင်ရလား။ ချော်မလဲပါစေနဲ့ ပြောထားတယ်မလား။

() ကလေးဆန်မနေစမ်းနဲ့။ နာတာလဲ မဟုတ်ပဲ ဟန်ဆောင်နေတယ်။ အလကားကောင်လေး။

() သားနာသွားလား။ မေမေ magic cream လေးလိမ်းပေးမယ်နော်။ ဘယ်နားလဲ။ ပလာစတာ ကပ်ပေးရမလား။


မိဘများအနေနဲ့ အဖြေ ()ကို ရွေးသင့်ပါတယ်။ ကလေးလေးတွေက ဂရုစိုက်ခံချင်တယ်ဆိုတာကို သတိပြုရပါမယ်။ ဒီနေရာမှာ တချို့က ပြောတတ်ပါတယ်။ ဟန်ဆောင်ချော်လဲပြနေရင်ရောတဲ့။ အဲလိုအပြုအမူမျိုးဆိုရင်တော့ ကိုင်တွယ်ရမယ့် ပုံစံက တမျိုးပါ။ တကယ်ချော်လဲမိပြီး၊ ငိုမဲ့မဲ့လေးဖြစ်လာတာဆိုရင်တော့ ဂရုစိုက်ပြပေးတာ အကောင်းဆုံးပါပဲ။ အပြင်ပန်းမှာ မထိခိုက်သွားပေမယ့် ချော်လဲတာကို စိတ်ထဲက လန့်သွားတာမျိုးကော မဖြစ်နိုင်ဘူးလား။ နောက်တခုကြည့်ရအောင်ပါ။


() သင့်ကလေး စိတ်ရှုပ်ထွေးပုံပေါက်နေလျှင် သင်ဘာလုပ်မည်နည်း။


(က) စကားပြောကြည်ပြီး ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲ ဆိုတာ သိအောင်လုပ်မယ်

() ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်

() ဘယ်လိုမျက်နှာဖြစ်နေတာလဲ။ အချိုးကိုပြင်စမ်း။ အလုပ်ရှုပ်ရတဲ့အထိ သူကတမျိုးလို့ ပြောမယ်


ဒီလိုမေးလာရင်တော့ လူတိုင်းက အဖြေ (က) ကိုရွေးကြမှာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာ ()နဲ့ ()တွေ လုပ်နေလေ့ရှိကြပါတယ်။


ကျွန်မတို့ ဘ၀မှာ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ စကားတွေက အနည်းနဲ့အများ လွှမ်းမိုးမှုတွေ ရှိတတ်ကြပါတယ်။ ကိုယ်လေးစား အထင်ကြီးတဲ့လူတွေက ပြောလိုက်တဲ့ အမှတ်မထင် စကားလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ပြန်စဉ်းစား ကြည့်လိုက်ပါ။ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ အနုတ်စကားတွေ၊ ဝေဖန်ချက်တွေကို ကျွန်မတို့ ထူးထူးခြားခြား မှတ်မိနေတတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ပုံဆွဲမတော်ဘူး။ ကြိုးစားဆွဲကြည့်ပါတယ်။ လေး၊ ငါးပုံကို ဆွဲပြီး ဆရာမကို ပြပါတယ်။ ဒါပေမယ့် ဆရာမက လုံးဝအကောင်းမပြောဖူး။ တသက်လုံး ပုံဆွဲတတ်တော့မယ် မထင်ပါဘူး လို့ မှတ်ချက်ပေးတယ်။ ဘာလို့လဲမသိဘူး။ အဲဒီကတည်းက အခုအချိန်ထိ ပုံဆွဲရမှာ ကြောက်နေတုန်းပဲ။ ပုံဆွဲတော့မယ်လုပ်တိုင်း ကျွန်မစိတ်ထဲမှာ အဲဒီတုန်းက စကားလုံးတွေက ပေါ်ပေါ်လာတယ်။


တခါက အရမ်းထင်ရှားကျော်ကြားတဲ့ ဗေဒင်ဆရာကြီးတယောက်ကလဲ ကျွန်မကို ဟောဖူးတယ်။ ”သမီးဘ၀မှာ မရည်ရွယ်ပဲ လူသတ်မှုတခုခု ဖြစ်သွားလိမ့်မယ်။ သူစိမ်းယောက်ျားတယောက်နဲ့ တမိုးအောက်မှာ ဘယ်တော့မှမနေပါနဲ့”တဲ့။ အဲဒီတုန်းကတော့ “တသက်လုံးအိမ်ထောင် မပြုရတော့ဘူးလား အဘရယ်” လို့ ပြန်နောက်လိုက်မိသေးတယ်။ သူက ပြန်ပြောတယ်။ “သေကွဲမဟုတ်ရင် ရှင်ကွဲတွေချည်းပဲ ပါတဲ့ဇာတာ”တဲ့။ ဘ၀မှာ တိုက်ဆိုင်သလိုမျိုးလေးတွေ ကြုံလာခဲ့ပေမယ့်၊ ကျွန်မက အဲလိုမျိုးတွေ သိပ်အယုံအကြည် မရှိတတ်ဘူး။ ကျွန်မအိမ်က ခေါ်သွားလို့သာ မေးဖြစ်သွားတာ။ ဒါပေမယ့် ဘ၀အနာဂတ်အတွက် စီမံကိန်းတွေဆွဲရင် အဲဒီစကားဟာ မသိမသာ ကျွန်မအတွေးထဲ ရောက်လာတတ်တာတော့ အမှန်ပဲ။ စကားလုံးတွေဟာ လူတွေရဲ့ အနာဂတ်ဘ၀ကို တခါတရံ ခြယ်လှယ်တတ်တယ် ဆိုတဲ့အကြောင်း ဥပမာအနေနဲ့ ဆိုလိုတာပါ။ အပြင်လူတွေရဲ့ စကားလေးတွေကတောင် မဆီမဆိုင် အတွေးထဲ ရောက်စေတတ်သေးရင် မိဘတွေရဲ့ စကားတွေဟာ ဘယ်လောက်ထိ သက်ရောက်စေနိုင်မလဲဆိုတာ သိသာပါတယ်။ အထူးသဖြင့် အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်။ reassure လုပ်ကို လုပ်ပေးရပါတယ်။ နှစ်သိမ့်မှု ပေးရပါတယ်။


မိဘနဲ့ သားသမီးကြား မဟုတ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံလေး တခုရှိခဲ့ဖူးပါတယ်။ ကျွန်မဂိုက်အနေနဲ့ စာသင်စတုန်းက ဆယ့်ခုနစ်နှစ် မပြည့်ခင်အချိန်ဆိုတော့ ကိုယ်ကလဲ ကလေးစိတ် သိပ်မကုန်ပါဘူး။ ကိုယ်တောင်ဒီစာကို ရသေးရင် သူကဘာလို့မရရမှာလဲ ဆိုပြီး တဘက်သတ်ကလဲ တွေးတတ်သေးတယ်။ ဒီလောက်ရှင်းပြနေတာကို ဘာလို့နားမလည်နိုင်တာလဲ ဆိုပြီး၊ ဒေါသကလဲ ထွက်တတ်သေးတယ်။ တရက်တော့ ကလေးတယောက်က လပတ်စာမေးပွဲမှာ သင်္ချာဂုဏ်ထူးမပါဘူး။ စိတ်ဆိုးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတော်တော်ကို ဆူပစ်လိုက်မိတယ်။ ကလေးမျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ထိုင်ငိုတော့မှ လွန်သွားပြီ သတိထားလိုက်မိတာပါ။ တကယ်တော့ ကျွန်မနဲ့ မတွေ့ခင်ကတည်းက သူအရမ်းဝမ်းနည်းနေပါတယ်။ တခန်းလုံးမှာ သူတယောက်တည်း ဂုဏ်ထူးမပါတာပါ။ တကယ်ဆို ကျွန်မလုပ်သင့်တာက အားပေးပြီး၊ နောက်ဒီလိုမဖြစ်အောင် အားနည်းချက်တွေကို အဖြေပြန်ရှာသင့်တာပါ။ တကယ်တော့ မကြိုးစားတဲ့ ကလေးလဲမဟုတ်ပါ။ သူ့မျက်နှာကိုကြည့်ပြီး၊ သူ့အရိပ်အကဲကို ကျွန်မသိတတ်ခဲ့ဖို့ကောင်းပါတယ်။ အဲဒီတုန်းက သူကျွန်မကို ဘယ်လောက်များ စိတ်နာသွားမယ် မသိဘူး။ ကျွန်မ ဂရုဏာဒေါသော ပြောလိုက်မိတဲ့ စကားတွေကလဲ သူ့ဘ၀မှာ ဘယ်လောက်ထိများ ရိုက်ခတ်သွားခဲ့မယ် မသိဘူး။ ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းကျွန်မကို အမြဲအမှတ်ရနေစေခဲ့ပါတယ်။ ကလေးတယောက်ကို အပြစ်ရှိတဲ့အခါ မဆူရဘူး၊ ပြစ်ဒဏ်မပေးရဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အချိန်အခါကို ကြည့်ပြီး၊ လိုက်လျောညီထွေ ဆက်ဆံဖို့ လိုတယ်ဆိုတာကိုပါပဲ။ အထူးသဖြင့်တော့ ၀မ်းနည်းအားငယ်နေချိန်မှာ ပြစ်တင်ဝေဖန်ခြင်း လုံးဝမလုပ်သင့်ပါဘူး။ တရက်၊ နှစ်ရက်နေမှ သူ့အခြေအနေကို ကြည့်ပြီး၊ အမှားကို သင်ခန်းစာယူဖို့ ပြောပြတာ လုပ်သင့်ရင်လုပ်ရမှာပါ။ တရက်၊ နှစ်ရက်လေးစောင့်လိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ အဓိကအရေးကြီးတာကတော့ ကလေးရဲ့ အရိပ်အကဲကို သတိပြုမိဖို့ပါပဲ။ သူဘာတွေ ခံစားနေရတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာ သိရရင်၊ အားပေးထောက်ကူမှုတွေနဲ့ ဘ၀လမ်းကြောင်းကို ပဲ့ပြင်ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။


အခု ဒီဆောင်းပါးလေးကို ကျွန်မဒီနေ့ သင်တန်းမှာ သိခဲ့ရတဲ့ အချက်လေးသုံးချက်ပေါ်မှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဥပမာလေးတွေပါ ထည့်သွင်းပြီး၊ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေနဲ့ မျှဝေခံစားတာပါ။ ကျွန်မဟာ child psychologist တယောက်မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တယောက်လဲ မဟုတ်ပါဘူး။ မိဘတို့ သိသင့်တတ်သင့်တာ လေးတွေကို လေ့လာသင်ယူနေတဲ့ မိခင်တယောက်သာ ဖြစ်ပါတယ်။ တချို့သော မိဘများအတွက် တစုံတရာ အကျိုးရှိစေမယ်ထင်လို့ မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အမှားအယွင်းလေးတွေ၊ သဘောထား မတိုက်ဆိုင်တာလေးတွေရှိရင် ပြန်လည်မျှဝေ၊ ထောက်ပြပြောဆိုပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။


ခင်မမမျိုး (၂၃၊ ၁၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

မြတ်ဆရာ (အပိုင်း-၁)

Thursday, January 22, 2009


မြတ်ဆရာ (အပိုင်း- )



ဆရာတယောက်ရဲ့ ပုံရိပ်ဆိုတာ တပည့်တယောက်ရဲ့ နှလုံးသားမှာ မေ့ပျောက်မသွားနိုင်အောင် အမြဲစွဲထင် ကျန်ရစ်နေတတ်တယ်” တဲ့။


ဘယ်သူဆိုခဲ့တဲ့ စကားလဲတော့ မမှတ်မိတော့ပါ။ ၀တ္ထုတိုပေါင်းချုပ် စာအုပ်လေး တခုမှာ ဖတ်ခဲ့ဖူးတာ ဆိုတာကိုတော့ သတိရနေမိတယ်။


ဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဟိုး- လွန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်ကာလက ၀လုံးအစချီတဲ့ စာလေးတွေကိုသာ ဆရာမကြီးတွေဆီက သင်ယူခွင့် မရခဲ့ဖူးဆိုရင် ဘလော့ပေါ်မှာ အခုရေးတင်နေတဲ့ ပို့စ့်လေးတွေဟာ ပေါ်ပေါက်လာခဲ့မှာ မဟုတ်ဘူးဆိုတာ တွေးမိလိုက်တဲ့အခါတိုင်း၊ ဆရာမကြီး ဒေါ်ကြီး ဒေါ်ငယ်ကို သွားသတိရမိပါတယ်။ ကျွန်မသုံးနှစ်အရွယ်မှာ မူကြိုစတက်တော့ တောင်ကြီးက ဒေါ်ကြီး၊ ဒေါ်ငယ် မူကြိုမှာ တက်ပါတယ်။ ငယ်ဘ၀ကို မမှတ်မိတော့ပေမယ့် အရွယ်ရောက်ချိန်မှာ ဆရာမကြီးတို့ထံကို အလည်အပတ် သွားရောက်ခဲ့တာကိုတော့ မှတ်မိပါသေးတယ်။ မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးစကာပါ။ ပညာရေးရဲ့ အဆင့်တဆင့်ကို ဖြတ်ကျော်ပြီးသွားချိန်မှာ ဆရာမကြီးတို့ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး၊ သွားကန်တော့ဖြစ်ပါတယ်။ ဆရာမကြီး ဒေါ်ငယ်နဲ့ပဲ တွေ့ရပါတယ်။ ဆရာမကြီး ဒေါ်ကြီးကတော့ ဆုံးသွားပြီလို့ သိရတယ်။ အခုတော့ ဒေါ်ငယ်လဲ ဆုံးသွားပြီ ကြားရတယ်။ ဆရာမကြီးတို့က မူကြိုကျောင်းလေးတင်မက မိဘမဲ့ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးပါတယ်။ တောင်ကြီးမှာ ဆရာမကြီးတို့ရဲ့ တပည့်ဟောင်းလေးတွေ လက်ညှိုးထိုးမလွဲ များပြားလှပါတယ်။ မိဘမဲ့ကလေးငယ် အများအပြားလဲ ဆရာမကြီးတို့လက်ထဲမှာ လူလားမြောက်ခဲ့ပါတယ်။


ဆရာမကြီးတို့က ခရစ်ယာန်ဘာသာဝင်တွေပါ။ စန္ဒယားတီးတာလဲ သိပ်တော်တာပဲတဲ့။ အိမ်က ပြောတာတော့ ငယ်ငယ်တုန်းကဆို ကျွန်မက ကျောင်းသွားရတာကို သိပ်စိတ်ဆိုးဆိုပဲ။ ဒါကြောင့် ကျောင်းရောက်ရင် ဆရာမကြီးတို့က ချီသွားပြီး၊ ဆရာမကြီး ဒေါ်ပန်းရွှေရဲ့ ပေါင်ပေါ်မှာ တင်ပြီး စန္ဒယားတီးပြရတယ် ပြောတယ်။ ကျွန်မကတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စန္ဒယားနဲ့နီးတဲ့ ၀န်းကျင်မှာ ကြီးပြင်းခဲ့တာမဟုတ်ပဲ၊ စန္ဒယားသံကို အတော်ခုံမင် စွဲလမ်းနေတာကတော့ အဲဒီတုန်းက မျိုးစေ့ကြောင့်ပဲ ထင်ပါတယ်။ ဆယ်တန်းပြီးတုန်းက မေမေ့ဆီခွင့်ပန်ပြီး စန္ဒယားအတီးသင်ခဲ့သေးတယ်။ ကျွန်မလက်ချောင်းလေးတွေက ပုတိုတိုလေးတွေမို့လို့ သိပ်မကိုက်ညီတာနဲ့ သင်တာရပ်လိုက်ရတယ်။ ဒါပေမယ့် ရှေးဟောင်းဂီတ စန္ဒယားသံတွေကို ခုံမင်နေဆဲပဲ။ တခါက ကျွန်မသူငယ်ချင်းတယောက်က ဘာစီဒီခွေတွေရှိလဲဆိုပြီး အိမ်က စီဒီတွေကို စပ်စပ်စုစုကြည့်တယ်။ ပြီးတော့ သူ့မှတ်ချက်က “ငါပေါင်းနေတာ လူငယ်တယောက်နဲ့လား၊ အဖွားကြီးပေါက်စ တယောက်နဲ့လားဆိုတာ မသိတော့ဘူး” တဲ့။ ကျွန်မကလဲ ကျွန်မပါပဲလေ။ ကျွန်မ၀ယ်ပြီး သိမ်းထားတဲ့ စီဒီလေးတွေက Mozart, Beethoven, Tchaikovsky တို့တွေရဲ့ စန္ဒယားသံစဉ်လေးတွေ ဖြစ်နေတာကိုး။ ဘာပဲပြောပြော ကျွန်မရဲ့ အတွင်းစိတ်ထဲမှာ ဂီတ၀ိညာဉ်လေး ရှင်သန်လာအောင် မျိုးစေ့ချပေးခဲ့တဲ့ ဆရာမကြီးတို့ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါပဲ။ ဂီတဆိုတာ လူတယောက်ရဲ့ စိတ်တွေကို အေးချမ်းစေပါတယ်။


ဆရာမကြီးတို့နဲ့ ပတ်သက်ပြီး နောက်တခု မှတ်မှတ်ထင်ထင်ဖြစ်နေတာကတော့ မိဘမဲ့ ကလေးလေးတွေ ကိစ္စပါ။ ဆရာမကြီး ဒေါ်မြတ်ရွှေနဲ့တွေ့တုန်းက မိဘမဲ့ကလေးတွေရဲ့ ဘ၀လေးတွေ၊ သူတို့ရဲ့ စိတ်ခံစားမှုလေးတွေ၊ လိုအပ်ချက်လေးတွေကို သေချာရှင်းပြပါတယ်။ လူအား၊ ငွေအား တဘက်တလမ်းကနေ မိဘမဲ့ကလေးလေးတွေ အမိုးအကာအောက်မှာ နေထိုင်ရရေး၊ ပညာသင်ကြားခွင့်ရရေး ကြိုးပမ်းတာဟာ လူ့လောကကြီးကို ဘယ်လောက်အလှဆင်ပေးနိုင်လဲ ဆိုတာလေးတွေကို ကြင်နာမှုရှိတဲ့ မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးလေး ဆင်မြန်းပြီး ပြောပြခဲ့တယ်။ တချိန်ဘ၀မှာ အောင်မြင်ရင် မိဘမဲ့ကလေးတွေရဲ့ အကျိုးအတွက် တဘက်တလမ်းကနေ လုပ်ပါလို့လဲ ပြောတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဟိုလွန်ခဲ့တဲ့ ရှစ်နှစ်လောက်တုန်းက တောင်ပေါ်ဘုရားလေးမှာ ချစ်သူနဲ့ အနာဂတ်ဘ၀လေးတွေအကြောင်း ပြောကြစဉ်တုန်းကလဲ သူကပြောဖူးတယ်။ နှစ်ကိုယ်တူဘ၀ တည်ဆောက်ပြီးတဲ့အခါ ငွေအနည်းအကျဉ်းလေးစုပြီး၊ တောင်ကြီး ဘုရားဖြူဘက်မှာ ခြံဝိုင်းလေးတခု ၀ယ်ထားရအောင်တဲ့။ ဘာလုပ်ဖို့လဲမေးတော့ အသက်တွေကြီးလာလို့ မိသားစုတာဝန်တွေ မရှိတော့တဲ့အခါ မိဘမဲ့ကလေးလေးတွေကို မွေးစားပြီး ပြုစုစောင့်ရှောက်ဖို့တဲ့။ အခုလက်ရှိမှာ ကျတော့ တတ်နိုင်တဲ့ ငွေအားလေးတွေနဲ့ သူများတွေလုပ်တာမှာ အနည်းအကျဉ်း ပါဝင်နိုင်နေပေမယ့်၊ လူအားတော့ စိုက်မထုတ်နိုင်သေးဘူး။ ဘ၀ရဲ့ ဆန္ဒလေးတွေထဲမှာတော့ တခုအပါအ၀င်ပေါ့လေ။ တချိန်ချိန်မှာတော့ မိဘမဲ့ဂေဟာ သေးသေးလေးတခုလောက် လုပ်ချင်ပါသေးတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ဆရာမကြီး ဒေါ်ကြီးဒေါ်ငယ်ကျောင်းက ဆရာမကြီးတို့ရဲ့ ပုံရိပ်လေးတွေဟာ ကျွန်မနှလုံးသားမှာတော့ ထင်ကျန်ရစ်နေဆဲပါပဲ။ လူဖြစ်ရတဲ့ ခဏတာ ဘ၀မှာ လူပေါင်းများစွာကို ကြင်နာမှုအရိပ်တွေ ပေးသွားခဲ့တဲ့ ဆရာမကြီးတို့ရဲ့ မေတ္တာ၊ စေတနာတွေကို ဆရာမကြီးတို့ သင်ပေးခဲ့လို့ တတ်မြောက်ခဲ့ရတဲ့ ကကြီး၊ ခခွေး စကားလုံးလေးတွေကို အသုံးပြုပြီး ဒီပို့စ်လေးနဲ့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။


ခင်မမမျိုး (၂၂၊ ၁၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

For Sayargyi UTin Moe

(ဆရာကြီး ဦးဘဂျမ်း (ဆရာကြီးဦးတင်မိုး) ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့သတိရဖွယ် အစီအစဉ်နေနဲ့ ဆရာကြီး ဆုံးပါးစဉ်က ရေးဖွဲ့ထားခဲ့တဲ့ အမှတ်တရ စာစုလေးကို ပြန်တင်လိုက်ပါတယ်။)


ရိုးသားသောဖန်မီးအိမ်ရှင်၏ထာဝရအလင်း


(၂ဝဝ၄)ခုနှစ်၊ နိုဝင်ဘာလ(၂၇)။ လန်ဒန်မြို့။

ထိုတစ်နေ့ကို စာရေးသူဘဝတွင် မည်သို့မျှ မေ့ပျောက်နိုင်မည် မဟုတ်ပါ။ ကမ္ဘာလောကကြီး၏ လှပသော ထိုတစ်နေ့တွင် ရိုးသားသော ဖန်မီးအိမ်ရှင်ကို စာရေးသူ ဆုံတွေ့ခွင့်၊ ဂါဝရရှေ့ထားပြီး ရှိခိုးကန်တော့ခွင့် ရရှိခဲ့ပါသည်။ အဆိုပါဖန်မီးအိမ်ရှင်ကား ကဗျာဆရာကြီး ဦးဘဂျမ်း(သို့မဟုတ်) ဆရာကြီးဦးတင်မိုး။


လန်ဒန်တွင် ကျင်းပသော အမျိုးသားနေ့ စာပေဟောပြောပွဲသို့ ဆရာကြီး ကြွရောက်ဟောပြောခဲ့ခြင်းဖြစ်ပြီး ဆရာကြီးနှင့် သီးသန့်တွေ့ဆုံခွင့်ရခဲ့သည်မှာ နာရီဝက်ခန့်ပင်ဖြစ်ပါသည်။ သို့ပေမယ့် ဆရာကြီး၏ ရိုးသားမှု၊ ဖြူစင်မှု၊ စိတ်ကောင်းရှိမှုများမှာ သိသာထင်ရှားစွာ ပေါ်လွင်လှပါသည်။ဆရာကြီး မည်မျှတိုင်းချစ်ပြည်ချစ် စာပေချစ်စိတ် ကြီးမားလှသည်ကို ဆရာကြီး၏ ရှင်းလင်းကြည်သန့်သော မျက်ဝန်းအစုံက ဖော်ကျူးနေခဲ့ပါသည်။ ဆရာကြီးစကားများကို နာကြားရင်း၊ အမိမြန်မာပြည်အကြောင်း ပြောနေစဉ်၊ စာရေးသူမှနေ၍ ‘ဖြစ်ချင်သောဘဝဆန္ဒက၊အမိမြန်မာပြည် တက္ကသိုလ်တစ်ခုဆီက ဆရာမအဖြစ်နှင့် ကျောင်းသားများကို စာသင်ပေးရင်း သုတေသနပြုသူ၊ ကျောင်းမှအားလပ်ချိန်များတွင် ကဗျာစာပေရေးသူ၊ ဖြစ်နေသောဘဝက တိုင်းတပါးမှာ နေထိုင်ရင်း အမိမြန်မာပြည်ရဲ့ ဒုတိယလွတ်မြောက်ရေးတိုက်ပွဲတွင် ကျရာနေရာမှ ပါဝင်နေရသူဖြစ်နေကြောင်း၊ တော်လှန်ရေးတွင် တဘက်တလမ်းမှ ဆက်လက်ပါဝင်နေရင်း မြန်မာပြည် လွတ်လပ်သည့်အခါတွင် လိုအပ်လှသော ပညာရှင်ဘဝသို့ ရောက်အောင်လဲ ကျားကုတ်ကျားခဲ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ သို့ပေမယ့် အခုနေများ ဒီမိုကရေစီ ချက်ချင်းရလိုက်ရင်ဖြင့် ပန်းဆိုးတန်းမြန်မြန်ပြေးသွားပြီး စာအုပ်အဟောင်းဆိုင်လေးများတွင် ရှားပါးစာအုပ်လေးများ သွားမွှေချင်ကြောင်း။ မွေးရပ်ဇာတိမြေကို ပြန်ပြီး အိမ်အပြန်လမ်း ပီတိစာလေးများ ရေးချင်ကြောင်း” မထင်မှတ်ပဲရင်ဖွင့်မိတော့၊ စာရေးသူလက်ကို အားပါးတရဆုပ်ကိုင်ပြီး ကြိုးစားရန် အားပေးစကား ပြောကြားခဲ့ပါသည်။ လက်ဖျားမှတဆင့် သွေးကြောထဲသို့ စီးဆင်းသွားခဲ့သော ထိုတစ်နေ့က အားမာန်သည် စာရေးသူ၏ တော်လှန်ရေး ခရီးတစ်လျှောက်၊ ဘဝခရီးတစ်လျှောက်အတွက် နောက်မဆုတ်တမ်း စိတ်ဓာတ်ခွန်အားတို့ကို ပေးသွားမည်မှာ သေချာလှပါသည်။ ဆရာကြီးကျေးဇူးကား ကြီးမားလိုက်ပါဘိ။


အမှန်စင်စစ်ဆရာကြီး၏ ကျေးဇူးတရားသည်ကား မြန်မာ့ရေမြေတွင် ကြီးပြင်းလူလားမြောက်ခဲ့ရသော စာရေးသူတို့အားလုံးအတွက် မူကြိုအရွယ်လူမမယ်ကပင် ရှိနေခဲ့ပါသည်။ ဆရာကြီးသည် သင်ဆရာ မဟုတ်ခဲ့သော်လဲ မြင်ဆရာ၊ ကြားဆရာ ဖြစ်ခဲ့သည်ကတော့ သေချာလှပေသည်။ မူကြိုအရွယ်၊ ကကြီးခကွေးဘဝက အသံပြဲကြီးများဖြင့် ရွတ်ဆိုခဲ့ရသည့်


ကကြီးကကြီး၊ဖိုးကကြီး

တစ်ခါတုန်းက ကသစ်သီး

ဟောဒီလောက်ကြီး။

ခကွေးခကွေးလခြမ်းကွေး

တခါတုန်းကခရုလေး

ဟောဒီလိုကွေး”

အစရှိသည့်ကဗျာလေးများမှာ ဆရာကြီး၏ ‘ပျိုးခင်းတေးသံ’ကဗျာ စာအုပ်ထဲမှပင် မဟုတ်ပါလား။


မူလတန်းအရွယ်ရောက်ပြန်တော့လဲ

ဆေးလိပ်လဲတို

နေလဲညိုပြီ

ငါ့ကိုပြန်ပို့ကြပါလေ။’ဟူသော ‘ဧည့်သည်ကြီး’ကဗျာလေးနှင့် ဖန်မီးအိမ်စာအုပ်ထဲမှ ကဗျာလေးများသည် မြန်မာစာပေအား စတင်စိတ်ဝင်စားစေခဲ့သည့် တွန်းအားများပင်ဖြစ်သည်။


အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝ။ စာရေးသူမှတ်မိပါသေးသည်။ မတောက်တခေါက် ကဗျာလေးများ၊ စာစုလေးများ စရေးပြီး၊ ရွှေသွေး တေဇ၊ မင်္ဂလာမောင်မယ်တို့မှာ ပါ၍ရရှိသော စာမူခ(၅ဝ) (၁ဝဝ)များကို အကြော်များဝယ်၍ လူတကာကိုလိုက်ကျွေး၊ လိုက်ကြွား လုပ်နေသော ကာလများက သွားလေရာ ပါနေကျဖြစ်သော ‘စိမ်းလန်းသောအိပ်မက်၊ ပန်းဈေးခင်း၊ အမေ့ကျောင်းကဗျာများ၊ ထီးကလေးနဲ့မနီ၊ ပုဂံကျောင်းက ခေါင်းလောင်းသံ အစရှိသော ကဗျာစာအုပ်များ၊ ပိတောက်မှသရဖီသို့ဟူသော စကားပြေကဗျာစာအုပ်’ တို့မှာလဲ ဆရာကြီး၏ လက်ရာများပင်ဖြစ်ပါသည်။


ဘဝခရီးကို ကိုယ့်ဘာသာကိုယ် အမှန်တရားဘက်မှ ရပ်တည်လျှောက်လှမ်းရန် ဆုံးဖြတ်စဉ်ကာလများတွင်လဲ၊ ဆရာကြီး၏

ကိုယ့်ဓားကိုယ်ပိုးပြီး

ကိုယ့်ခါးကိုယ်ချိုး

ကိုယ့်အားကိုယ်ကိုး။

ကိုယ့်အလုပ်ကိုယ့်စခန်း

ကိုယ့်အထုပ်ကိုယ်ထမ်း

ကိုယ့်လမ်းကိုယ်လျှောက်

ကိုယ်နှာခေါင်းပေါက်ကိုယ်ရှု

ကိုယ့်ထူကိုယ်ထမှ

အလိုကျလိမ့်မယ်ဗျို့။’

ဟူသော ‘ကိုယ့်အားကိုယ်’ကဗျာတစ်ပုဒ်သည် မည်မျှတန်ဖိုးရှိသည်ကို ခံစားဖူးသူတိုင်း နားလည်နိုင်ပါလိမ့်မည်။


ဤသို့နှယ် လူသားတစ်ယောက်၏ ဘဝအလင်းရောင်နှင့် စိတ်ဓာတ်ခွန်အားများ ပေးတတ်သော ဆရာကြီးသည် လူသားတစ်ဦးချင်း တင်မက လူသားများစွာအတွက်လဲ မီးရှူးတန်ဆောင်ပမာ အလင်းပြခဲ့ပါသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆောင်ပုဒ်ဖြစ်သော ‘အာဇာနည်မျိုး၊သေရိုးမရှိ’ကို ရေးခဲ့သူ ဆရာကြီးသည် တိုင်းချစ်ပြည်ချစ် ကဗျာဆရာကြီး ဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် အဖိုးမဖြတ်နိုင်လှသော ကဗျာစာပေပေါင်း မြောက်မြားစွာကို ရေးသားခဲ့လေသည်။


ဘဝသစ်ရွက်ကလေးတွေ

တစ်ရွက်ပြီးတစ်ရွက်ကြွေကျ။

ကြွေကျနေတဲ့သစ်ရွက်ကလေးပေါ်မှာ

အတွေးမှတ်တမ်းလေးတွေရေးမိတယ်’

ဟူ၍အစချီထားသော ‘သစ်ရွက်ကြွေလေးပေါ်မှာ ရေးတဲ့မှတ်တမ်းများ’ထဲတွင် ပါရှိသည့်

လူ့သမိုင်း အရိုင်း စိတ်ဝင်လာလျှင် ကြာပွတ်သံ၊ခြေကျင်းသံ ကြားရစမြဲတည်း။နိုင့်ထက်စီးနင်း ပြုကျင့်ခြင်းသည် လူ့ကမ္ဘာ၏ သာယာသောတေးသီချင်းမဟုတ်တုံ။ (အရိုင်းကမ္ဘာမှကြာပွတ်သံ)


အားနည်းသူတွေဟာ ကျောချင်းကပ်၊ရင်ချင်းကပ် ပေါင်းစည်းရမယ်လို့ ကြယ်ကလေးတွေကို ဘယ်သူက သင်ပေးသလဲ။ ရံရွေတာရာမပါရင် လမင်းဘယ်လောက်သာသာ၊ညပြာပြာနဲ့ မတင့်တယ်နိုင်ပေဘူးလို့ ဘယ်သူကသင်ပေးသလဲ။ သူ့အလိုလိုဖြစ်လာတာပါ။ သဘာဝရဲ့သင်ပြချက်ပါ။ (အလိုလိုညီညွတ်ခြင်း)


တက်မညောင်း၊ လက်မညောင်းခင် ပန်းတိုင်မြင်ဘို့လိုသည်။ ရောင်နီပေါ်စ မှုန်ပျပျတွင် မောဟဖိစီးနေ၍ မသင့်တော်ပြီ။ နောက်ကိုချန်မှန်ခဲ့ပြီ။ ရှေ့ကိုလှော်ပျော်ခဲ့ပြီ။ လက်ငင်းလုပ်ဟုတ်ခဲ့ပြီ။ အလုပ်မှန်လျှင် ဧကန်ပန်းတိုင်ရောက်မည်တည်း။ (ပန်းတိုင်ခရီးဆီသို့လှော်ခတ်စို့)


စသော စကားပြေကဗျာလေးများသည် မြန်မာ့တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်အောင်ပင် တန်ဖိုးကြီးမားလှပေသည်။


ဆရာကြီးသည်ကား လောဘ၊ဒေါသမောဟများ ပေါများရာ၊ လူယုတ်မာများ တစတစများပြားလာရာ ဤကမ္ဘာလောကကြီးတွင် အလွန်ပင်ရှားပါးလှသော ရိုးသားဖြူစင် စိတ်ကောင်းရှိသူ တစ်ဦးဖြစ်ပါသည်။ဘဝတလျှောက်ကာလများတွင် ကိုယ်ကျင့်တရားတည်ကြည်စွာ၊ မှန်ကန်ဖြောင့်မတ်စွာ လျှောက်လှမ်းသူများကိုသာ လူ့ဂုဏ်သိက္ခာရှိသူများအဖြစ် သတ်မှတ်နိုင်ပါသည်။လူ့ဂုဏ်သိက္ခာ ဆိုသည်မှာ တိုက်၊ ကား၊ စိန်ရွှေရတနာများကို ခေါ်သည်မှ မဟုတ်သည်ပဲကိုး။ ဤသည်ကို နားမလည်ပဲ ရွှေသမင် အလိုက်မှားသူများမှာ ဂုဏ်သိက္ခာနှင့် ကျက်သရေကင်းမဲ့သူများ အဖြစ်သာ လူတို့၏ သတ်မှတ်ခြင်း ခံကြရပါသည်။


ဆရာကြီးကား ဘဝတလျှောက် လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ရင်း လူအများကြည်ညို လေးစားခံခဲ့ရသည့်၊ စာပေအနုပညာ၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းသူ ပုဂ္ဂိုလ်မြတ်ကြီးပင် ဖြစ်ပေသည်။


ဆရာကြီးအား (၁၉၃၃)ခု၊ နိုဝင်ဘာ(၁၉)တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာတွင် မွေးဖွားခဲ့ပါသည်။ အထက်တန်းကျောင်းသားဘဝမှ စတင်ကာ ကန်မြဲရွာလူငယ် စာကြည့်တိုက် တည်ထောင်သူ၊ ရေစကြို ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ ရေစကြိုကလောင်ရှင်အသင်း တည်ထောင်သူနှင့် အတွင်းရေးမှူး စသည်ဖြင့် စာပေတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ (၁၉၅ဝ) သီတင်းကျွတ်အထူးထုတ် မန္တလေးဗဟိုရ်စည် သတင်းစာတွင် ဝါကျွတ်သဘင်ကဗျာကို ကန်မြဲသက်နှင်း အမည်ဖြင့်ရေးဖွဲ့ပြီး စာပေလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ (၁၉၅၁)တွင် ကန်မြဲနန်းမြင့်နွယ် အမည်ဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်မဂ္ဂဇင်းတွင် လယ်ထဲက တေးသံချိုကဗျာအား ရေးသားခဲ့သည်။ (၁၉၅၅၊၁၉၅၈)ကာလတွင် ကိုရင်ဂျမ်း၊ စန်းရောင် အမည်များဖြင့် ကဗျာများရေးသားခဲ့ပြီး၊ (၁၉၅၈) ဖေဖော်ဝါရီလမှစ၍ တင်မိုးဟူသော ကလောင်အမည်ကို စတင်ခံယူခဲ့ပါသည်။ (၁၉၅ရ)မှ(၁၉၅၈)အထိ မန္တလေးပွဲကုန်းကျောင်း၊ (၁၉၅၈)မှ(၁၉၅၉)အထိ မန္တလေးရွှေမန်းတက္ကသိုလ်ကျောင်း၊ (၁၉၆၁)မှ(၁၉၆၂)အထိ ဗီအီးအေ အလွတ်ပညာသင်ကျောင်းနှင့် (၁၉၆၂)မှ(၁၉၆၇)အထိ မန္တလေးနေပြည်တော် အထက်တန်းကျောင်းတို့တွင် မြန်မာစာပို့ချခဲ့သည်။


(၁၉၅၉)တွင် ဆရာကြီး၏ ပထမဆုံးသော ကဗျာစာအုပ်ဖြစ်သည့် ဖန်မီးအိမ်ကဗျာစာအုပ်ဖြင့် စာပေဗိမာန်ဆုရရှိခဲ့သည်။ စာပေဗိမာန်၏ ပထမဆုံးကဗျာဆုရ စာအုပ်ဖြစ်ပြီး အလွန်ပင်ကျော်ကြားခဲ့သည်။ စာပေများရေးသားရင်း၊ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဒုဥက္ကဌတာဝန်အား (၁၉၅၇)မှ(၁၉၅၉) အထိလည်းကောင်း၊ ဥက္ကဌတာဝန်အား ၁၉၆ဝတွင် လည်းကောင်း၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်တာဝန်အား (၁၉၆၃)မှ(၁၉၆၉) အထိလည်းကောင်း၊ မန္တလေးလူထုသတင်းစာ၏ ကဗျာအယ်ဒီတာတာဝန်အား (၁၉၆၆)မှ(၁၉၆၇) အထိလည်းကောင်း၊ တက္ကသိုလ် ဘာသာပြန်ဌာန စာပြုနှင့် လက်ထောက်အယ်ဒီတာ တာဝန်အား (၁၉၆၇)မှ(၁၉၆၈) အထိလည်းကောင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း အဖွဲ့ဝင် တာဝန်အား (၁၉၈ဝ)မှ(၁၉၈၄)အထိ လည်းကောင်း ထမ်းဆောင်ခဲ့သည်။


(၁၉၇ဝ)တွင် ထီးကလေးနဲ့မနီ ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့ပြီး၊ (၁၉၉၁)မှ(၁၉၉၅)အထိ ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်ယူစဉ် စစ်အစိုးရ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ထောင်ဒဏ်()နှစ် ချမှတ်ခံခဲ့ရသည်။ ဆရာကြီးမတရားဖမ်းဆီး ထောင်ချခံနေရစဉ် ကာလကဖြစ်ပါသည်။အလယ်တန်း ကျောင်းသူဘဝ မြန်မာစာသင်ယူနေရစဉ် စာရေးသူတို့ မြန်မာစာဆရာမသည် မြန်မာကဗျာအား သင်ကြားပို့ချရင်း၊ ဆရာကြီး၏ ကဗျာများ အကြောင်း ပြောပြရင်း၊ ‘အခုတော့၊အခုတော့’ဆိုကာ မျက်နှာနီလာပြီး အတန်းကို ခဏခွင့်ပန်ကာ အလျင်စလို ထွက်သွားခဲ့ပါသည်။ ဆရာမတစ်ခုခုကို စိတ်ဆိုးသွားသည် အထင်နှင့် အတန်းနောက်တွင် ပုံခိုးဆွဲနေသူများ၊ အိပ်ငိုက်နေသူများ၊မုန့်ခိုးစားနေသူများ လန့်ထိတ်သွားကာ တစ်တန်းလုံး ငြိမ်သက်သွားသော်လဲ ရှေ့ဆုံးတန်းမှ ဆရာမနှင့် အနီးဆုံးနေရာတွင် ထိုင်ပြီး ဆရာမစကားပြောဟန်၊ သင်ကြားဟန်များကို စက္ကန့်မလပ် ထိုင်ကြည့်နေသူ၊ စာရေးသူအဖို့တော့ မျက်ရည်ဝဲသွားသော မျက်ဝန်းအစုံနှင့်၊ အံကြိတ်ထိန်းသိမ်းလိုက်သော နာကျည်းမှု မျက်နှာတို့ကို အမှတ်မထင် တွေ့မြင်လိုက်ရပါသည်။ ထိုစဉ်ကတော့ မတရားသော အာဏာရှင်စနစ်၏ ဖိနှိပ်ထိန်းသိမ်းမှုကို ခံထားရသော ဆရာကြီးအား ကြည်ညိုလေးစားသူ မြန်မာစာပြ ကျောင်းဆရာမ တစ်ယောက်၏ ပြောမထွက်ခဲ့သော ရင်ထဲမှစကားသံများကို စာရေးသူ နားလည်နိုင်စွမ်း မရှိခဲ့သေးပါ။


ဤသို့ လူအများ၏ လေးစားခြင်းကို ခံခဲ့ရသော ဆရာကြီးကား လူ့လောကအတွင်းမှ မထင်မှတ်ပဲ ရုတ်တရက် ထွက်ခွာသွားလေပြီ။ ပြည်ပတွင်ကား စာရေးသူတို့၏ ရင်ထဲမှကြေကွဲမှုများကို ကဗျာ၊ဆောင်းပါး၊ အမှတ်တရစကား အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖော်ထုတ်ခွင့်ရကြပါသည်။ ပြည်တွင်းတွင်လဲ ဆရာမကဲ့သို့သော ရင်ထဲမှ ကြိတ်ငိုကြွေးနေကြမည့် ပြည်သူအများ ထောင်သောင်းများစွာ ရှိနေကြမည်မလွဲပါ။ ဆရာကြီး မီးထွန်းခဲ့သော ဖန်မီးအိမ်သည် ထာဝရ လင်းလက်နေမည်သာ ဖြစ်ပါသည်။ ဆရာကြီးအား လွမ်းဆွတ် သတိရသည်ဆိုလျှင် ဆရာကြီးပြောကြားခဲ့သော စကားများကို မှတ်သားကျင့်ကြံပြီး၊ ဆရာကြီးရေးခဲ့သော၊ ကဗျာစာပေများ၏ အနှစ်သာရများကို ဖော်ထုတ်ကာ၊ ဆရာကြီးဖြစ်ချင်ခဲ့သော ဆန္ဒများ အကောင်အထည် ပေါ်လာစေရန် ဆက်လက်ကြိုးစား နေကြရမည်ပင် ဖြစ်ပေသည်။


နိဂုံးချုပ်အနေဖြင့်၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ပညာရှင်များအား စစ်အစိုးရမှ နည်း မျိုးစုံဖြင့် ဆွဲဆောင်သိမ်းသွင်းနေသော ယခုအချိန်ကာလ အခြေအနေမျိုးတွင် ပညာရှင်များနှင့် ပတ်သက်၍ ဆရာကြီးပြောကြားခဲ့သော စကားစုလေးအား၊ ဧရာဝတီမဂ္ဂဇင်း၌ ကိုစိုးရေးသားသည့် ‘ကဗျာဆရာကြီး ဦးတင်မိုးနှင့် တွေ့ဆုံခြင်း’ အင်တာဗျူးဆောင်းပါးမှ ကောက်နှုတ်ဖော်ပြလိုပါသည်။


ပညာရှင်ဆိုတာကတော့ များသောအားဖြင့် ပညာနဲ့မွေ့လျော်တတ်တဲ့ ပုဂ္ဂိုလ်တွေပါ။ ပညာနဲ့ မွေ့လျော်တယ်ဆိုတာ သန့်ရှင်းပါတယ်။ သန့်သန့်ရှင်းရှင်း ဖြစ်တာ များပါတယ်။ တကယ်လို့ အုပ်စိုးတဲ့ အာဏာပိုင်တွေကို မျက်နှာလိုအားရ မလုပ်ဘူးဆိုရင်၊ အခွင့်အရေး မမျှော်လင့်ဘူးဆိုရင် ပညာရှင်တွေဆိုတာ သန့်ရှင်းပါတယ်။ အဲဒီလို အာဏာပိုင်တွေဆီကနေ ဆုတော်လာဘ်တော် မျှော်လင့်တာမျိုးတို့လို စိတ်ဓာတ်ရှိရင်တော့ ပညာရှင်ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားတာပါပဲ။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက်လာရင် ပညာရှင်တွေဟာ သတ္တိရှိဖို့လိုပါတယ်။ ကိုယ့်ပညာအပေါ်မှာပဲ ယုံကြည်သင့်တယ်။ ကိုယ့်ကိုချီးမြှင့်တဲ့ ဆုလာဘ်တွေအပေါ်မှာ အာရုံမညွတ်သင့်ဘူးလို့ ထင်တယ်” ဟူသတည်း။


ခင်မမမျိုး (ဇန်န၀ါရီလ၊ ၂၀၀၇)


(ဆရာကြီးဦးဘဂျမ်း(ဆရာကြီးတင်မိုး)အား ဤစာစုလေးဖြင့် ကန်တော့ပါသည်။ ဆရာကြီးကောင်းရာ သုဂတိ လားပါစေ)


အပြည့်အစုံဖတ်ချင်ရင်..>>>

ဘ၀နဲ့ဆန္ဒ

Wednesday, January 21, 2009

ဆရာမဟောင်းတယောက် နေမကောင်းဘူးဆိုလို့ ဖုန်းဆက်သတင်းမေးဖြစ်တယ်။ ဖုန်းချခါနီး “အဝေးကနေပဲ ကန်တော့ပါတယ်” ဆိုတော့ ဆရာမက “ဘ၀နဲ့ဆန္ဒ တထပ်တည်းဖြစ်ပါစေ”တဲ့။

ဆရာမကို မပြောဖြစ်လိုက်တဲ့ ရင်ထဲက စကားလုံးလေးတွေက လျှံထွက်လာတယ်။

ပုထုဇဉ်လူသားတယောက်ဖြစ်တဲ့အတွက် ဆန္ဒတွေကတော့ အများကြီးပါပဲ ဆရာမရယ်။ ဒါပေမယ့် အကြီးဆုံးဆန္ဒတခုကတော့
“မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီစနစ် ဖြစ်လာတဲ့အခါ၊ မြန်မာပြည်ရဲ့ နိုင်ငံတည်ထောင်မှု ပုံစံဟာ ဖဒရယ်ပြည်ထောင်စုပုံစံ ဖြစ်လာတဲ့အခါ၊ မြန်မာပြည်က ပြည်သူအားလုံးဟာ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို ခံစားခွင့်ရတဲ့အခါ။ မွေးရပ်မြေလေးဆီ ပြန်လာချင်တဲ့ ဆန္ဒလေး တခုပါ” လို့။

နေ့တိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေး တပုဒ်ရှိတယ်။ အဲဒီသီချင်းလေးကို ကိုယ်တိုင်သီကြွေးနိုင်မယ့် နေ့ကို စောင့်မျှော်တမ်းတရင်း-----။

အပြည့်အစုံဖတ်ချင်ရင်..>>>

Strategy (article)

Monday, January 19, 2009

အပြည့်အစုံဖတ်ချင်ရင်..>>>

January Newsletter by Free Burma Federation

Saturday, January 17, 2009

အပြည့်အစုံဖတ်ချင်ရင်..>>>

မွေးနေ့အမှတ်တရ

Tuesday, January 13, 2009

ဒီနေ့ အစ်ကို့မွေးနေ့။ မြန်မာမွေးသက္ကရာဇ်နဲ့မွေးနေ့တွက်တတ်တဲ့ အစ်ကို့အတွက် မြန်မာမွေးနေ့မှာပဲ ကုသိုလ်ကောင်းမှုလုပ်ပေးပါတယ် အစ်ကို။ အစ်ကိုက ကလေးလေးတွေကို သိပ်ချစ်တတ်တာမို့ save the children (UK) မှာ အလှူငွေ ထည့်ပေးပါတယ်။ ဒီကောင်းမှုတွေအတွက် အစ်ကို အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးရမှာလား။ ကောင်းရာဘုံဘ၀ ရောက်ပါစေ ဆုတောင်းပေးရမှာလား။ ညီမလေး တကယ်ကို မသိပါဘူး အစ်ကိုရယ်။ ဘာလိုလိုနဲ့ ခြောက်နှစ်တောင် ကြာသွားခဲ့ပြီပဲ။

ဘာပဲဖြစ်ဖြစ် အစ်ကို့မွေးနေ့မှာ မွေးနေ့လက်ဆောင်လေး သုံးခုပေးပါတယ်။ ပထမတခုက ဒီအမှတ်တရ ဘလော့ပို့စ်လေးပါ။ ဒုတိယတခုက အစ်ကိုလျှောက်ခဲ့တဲ့လမ်း၊ အစ်ကို ညီမလေးအတွက် ခင်းပေးခဲ့တဲ့လမ်းကို လမ်းဆုံးလို့ရွာတွေ့တဲ့အထိ မဖြစ်မနေ လျှောက်ပါမယ်ဆိုတဲ့ ကတိစကားပါ။ တတိယ တခုကတော့ သီချင်းလေး တပုဒ်ပါ။ ညီမလေး နှလုံးသားထဲက အစ်ကိုကို့ ပြောချင်တဲ့ စကားလုံးတွေဟာလဲ ဒီသီချင်းလေးနဲ့ ထပ်တူထပ်မျှပါ။

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တိုင်းရင်းသားရေးရာ

Saturday, January 10, 2009

ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တိုင်းရင်းသားရေးရာ


ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ဖို့ဆိုရင် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်လိုမျိုးစတာတွေ ရှိရပါတယ်။


ဒါတွေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲလို့ မေးချင်စရာပါပဲ။ သမိုင်းအဆက်ဆက် နိုင်ငံပေါင်းများစွာရဲ့ သင်ခန်းစာတွေကတော့ nationalism ဆိုတဲ့ အမျိုးသားရေး ၀ါဒအပေါ်မှာ အခြေခံတဲ့ ethnic antagonism တွေ ဖြစ်လာနိုင်တာပါပဲ။ ဒီလိုတွေဖြစ်လာရင် နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (initial democratization) ကနေ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာမှု (democratic consolidation) ဖြစ်လာဖို့ကို အတားအဆီးတွေ ဖြစ်လာစေတတ်ပါတယ်။ ဒီနေရာမှာ nationalism ဆိုတဲ့အကြောင်းလေးကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စိတ်ဓာတ်ရေးရာ အပိုင်းလေးတွေကနေ မြင်လေ့ရှိကြတဲ့ ရှုထောင့်အမြင်လေး အနည်းငယ်ကို တင်ပြချင်ပါတယ်။


Nationalism


political doctrine အရဆိုရင် အမျိုးသားရေးဝါဒဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူအများဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရတွေရှိနေတဲ့ nation states ဆိုတဲ့ နိုင်ငံတော်တွေမှာ သီးခြားနေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ Culture ideal အရ ဆိုရင်ကျတော့ identities များစွာ ကွဲပြားခြားနားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နိုင်ငံတော်တရပ်အနေနဲ့ primary form of belonging ပံ့ပိုးပေးတဲ့ ၀ါဒတရပ်အနေနဲ့ မြင်ကြတယ်။ moral ideal အနေနဲ့ကျတော့ ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှု ကျင့်ဝတ်တွေကို မီးမောင်းထိုးပြတတ်ကြတယ်။


ဒီလိုကမ္ဘာ့သမိုင်းအဆက်ဆက်က အမျိုးသားရေးဝါဒတွေကို လေ့လာပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် Ignatieff က civic nationalism နဲ့ ethnic nationalism ဆိုတဲ့ အမျိုးအစားနှစ်မျိုးကို ခွဲခြားရှင်းပြဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကား ဆိုတာတွေအပေါ်မှာ လုံးဝခွဲခြားမှုမရှိတော့ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေးမူဝါဒ (nation's political creed) အပေါ်မှာပဲ တညီတညွတ်တည်း လက်ခံကျင့်သုံး ယုံကြည်ချက်ရှိနေတာကို civic nationalism လို့ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အများစုမှာ ဒီ civic nationalism ကို အခြေခံတဲ့အတွက် အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေမှာ အခက်အခဲတွေ နည်းပါးခဲ့ပါတယ်။ ဒီလိုတွေမဟုတ်ပဲ အာရှ၊ အာဖရိကနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေဟာ ကြာမြင့်တာတွေ၊ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ nationalism က များသောအားဖြင့် ethnic nationalism ပေါ်မှာ အခြေခံတဲ့အတွက်ကြောင့်ပါပဲ။


ethnic nationalism ကကျတော့ လူတဦးချင်းရဲ့ ရင်းနှီးဆက်နွယ်မှုတွေဟာ inherited ဖြစ်တယ်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပါတယ်။ နိုင်ငံတော်ဆိုတာဖြစ်လာပြီးမှ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမဟုတ်ပဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာကို လူမျိုးစုအချင်းချင်း နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဆိုတာ ဖြစ်တည်လာတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုအယူအဆအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေအတွက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေအပေါ်မှာ နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဖြစ်တည်မှုရှိရပါတယ်။ ဒီလိုမဟုတ်ရင်ကျတော့ ethnic antagonism ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် လူမျိုးအချင်းချင်းခွဲခြားဆက်ဆံမှု (discrimination) တွေ၊ ပြည်တွင်းစစ် (Civil Wars) တွေဖြစ်လာတော့တာပါပဲ။ အဆိုးဆုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမြှင့်တင်မှုတွေ ဖြစ်လာရာက စစ်အာဏာရှင်စနစ်တွေ ဆက်တိုက်ထွန်းကားလာပြန်ပါတော့တယ်။ ဒါကြောင့်လဲ ပဋ္ဋိပက္ခတွေမှာ state formation conflict (နိုင်ငံတော်တည်ထောင်မှုဆိုင်ရာ ပဋ္ဋိပက္ခ) ဟာ ဖြေရှင်းရအခက်ဆုံးနဲ့ အရှည်ကြာဆုံး ပဋ္ဋိပက္ခပုံစံတမျိုးဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။


နိုင်ငံရေးသိပ္ပံဘာသာရပ်ဟာ ဒီပြဿနာတွေကို နားလည်မှုရှိစေဖို့နဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို consociational democracy ဆိုတဲ့ အိုင်ဒီယာနဲ့ ဖော်ပြလမ်းညွှန်ပေးပါတယ်။


Consociational Democracy


Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးလူ့အဖွဲ့အစည်းတရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ political arrangement တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းတာဖြစ်ပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီမြင့်မားတဲ့ အော်တိုနော်မီ ပေးအပ်ရမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါမယ်။


တကယ်တော့ ဒီသဘောတရားဟာ ကွဲပြားခြားနားမှု (diversity) ရှိနေတဲ့ နိုင်ငံတွေမှာ political arrangements တွေ တည်ဆောက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ သာဓကတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဥပမာအားဖြင့်- ဘယ်လဂျီယံနိုင်ငံမှာဆိုရင် Flemings နဲ့ Walloonsတို့အကြားက ကွဲပြားခြားနားမှုတွေ၊ ဟော်လန်မှာဆိုရင် အမြစ်တွယ်နေတဲ့ religious cleverages တွေ၊ သြတတြီးယားမှာဆိုရင် anti-clerical socialistsနဲ့ catholic bourgeoisie တို့အကြားက ပြင်းထန်တဲ့ antagonism တွေစတဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပါတယ်။


Principles and Preconditions


ဒီလိုကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအတွက် အသင့်လျော်ဆုံးဖြစ်တဲ့ consociational democracy သဘောတရားမှာ အခြေခံစည်းမျဉ်းနှစ်ချက် ရှိပါတယ်။


ပထမဆုံးလိုအပ်တဲ့ အခြေခံစည်းမျဉ်းကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ်အများစုကို ခြုံငုံဖွဲ့စည်းထားတဲ့ ပါဝါရှယ်ယာအဖွဲ့အစည်း (executive power-sharing institutions) (သို့မဟုတ်) ညွှန့်ပေါင်းအဖွဲ့အစည်း (grand coalition institutions) တွေဖြစ်ပါတယ်။ ဒုတိယလိုအပ်တဲ့ စည်းမျဉ်းကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် autonomy ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လူဦးရေ အပေါ်မှာ မူတည်တွက်ချက်ပြီး public offices တွေကို ခွဲဝေရပါမယ်။ propotionality အပေါ် အခြေခံရမှာဖြစ်ပါတယ်။


နိုင်ငံရေးသိပ္ပံပညာရှင်များက ဒီလိုအခြေခံစည်းမျဉ်းတွေအပြင် multi-ethnic political system တွေအတွက် အသုံးဝင်လှတဲ့ preconditions တွေကို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်ကတော့ လူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးစုတခု မရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတရပ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ လူမျိုးစုတခုရှိနေရင်၊ ဒါမှမဟုတ် ဒီဝါဒကို အားပေးနေတဲ့ နိုင်ငံအုပ်ချုပ်ေ၇းစနစ်တရပ်ရှိနေရင် ဒီနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ရတတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးစနစ်တခုကတော့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပါပဲ။ ဒီစနစ်မပေါ်ပေါက်နိုင်သရွေ့ ပဋ္ဋိပက္ခတွေဟာ မပြေလည်နိုင်ပါဘူး။ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ချိန်ခွှင်လျှာမညီချိန်မှာ ခေတ္တငုပ်လျှိုးနေခဲ့ရင်တောင် မီးပွားတွေဟာ မငြိမ်းတာကြောင့် မီးတောက်တွေအဖြစ် အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။


နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူမှုစီးပွားကွာဟမှု (socio-economic inequality) တွေဖြစ်ပါတယ်။ လူမျိုးစုတွေအကြားမှာ ဒီလိုကွာဟမှုတွေ သိပ်ကြီးနေရင် နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတော့တာပါပဲ။ ဒါကြောင့် ဒေသတခုချင်းစီအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပရောဂျက်တွေ ချမှတ်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအတွက် အထူးပဲအရေးကြီးလှတဲ့ explanatory factors တွေဖြစ်တာကြောင့် အထူးအာရုံစိုက်ပြီး စနစ်တကျ ပြုလုပ်ရမှာပါ။


တခြားအရေးကြီးတဲ့ geographical compactness တွေ၊ political accomodation ဆိုင်ရာ ယဉ်ကျေးမှုအစဉ်အလာစတဲ့ အချက်တွေရှိနေသေးပေမယ့် နိုင်ငံရေးကျမ်းတခုမဟုတ်တဲ့အတွက် အသေးစိတ်မဖော်ပြတော့ပါဘူး။


နိဂုံး

အခုဒီဆောင်းပါးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ တိုင်းရင်းသားရေးရာတွေမှာ ထည့်သွင်းစဉ်းစားဖို့လိုအပ်လှတဲ့ consociational democracy သဘောတရားကို conceptual approach နဲ့ ရေးသားဖော်ပြထားတာသာဖြစ်ပါတယ်။ case-study approach မဟုတ်တဲ့အတွက် နိုင်ငံတနိုင်ငံချင်းအလိုက် ဥပမာတွေကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံပညာရှင် Peter Ferdinand ကတော့ ဒီအခြေခံသဘောတရားတွေကို အသုံးပြုပြီး Czechoslovakia နဲ့ Yugoslavia တို့ရဲ့ စစ်အေးတိုက်ပွဲပြီးစကာလ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများရဲ့ အခြေအနေတွေ၊ အောင်မြင်မှုမရရှိပဲ ပြိုကွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ၊ အားနည်းချက်၊ လိုအပ်ချက်တွေကို လေ့လာဖော်ထုတ်ထားခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် V. Bogdanor ကလဲ multi-ethnic context အတွက် consociational democracy အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို အသေးစိတ်ရေးသားပြုစုထားခဲ့ကြပါတယ်။ ဒီသဘောတရားတွေဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ပြီး၊ ပြည်တွင်းစစ်မီးအမျိုးမျိုး တောက်လောင်မှုတွေ၊ တော်လှန်ရေးအသွင်မျိုးစုံတွေ၊ အာဏာရှင်စနစ်ရဲ့ လူမျိုးကြီးဝါဒကျင့်သုံးမှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက်လဲ တစုံတရာ အကျိုးပြုနိုင်မယ် ယူဆပြီး၊ ဗဟုသုတအနေနဲ့သာ တင်ပြရေးသားခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်စာတမ်းမဟုတ်ပါ။ ဒီသဘောတရားတွေအပေါ် အခြေခံပြီး၊ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်သုတေသနများ ဆက်လက်ပြုလုပ်ကြမယ်ဆိုရင် အကျိုးရှိစေနိုင်မယ့် သဘောတရားတွေလို့တော့ တွေးထင်မိပါတယ်။


ခင်မမမျိုး (၁၀၊ ၁၊ ၂၀၀၉)


ရည်ညွှန်းကိုးကား


Anderson, B. (1991) Imagined Communities, 2nd edition, Verso, London


Bogdanor, V. (ed.) (1991) The Blackwell Encyclopaedia of Political Science, Blackwell, Oxford


Ferdinand, P. (1997) 'Nationalism, Community and democratic transition in Czechoslovakia and Yugoslavia” in Potter, D., GoldBlatt, D. (eds) Democratization,Polity Press, Cambridge

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP