Tuesday, March 31, 2009

စိတ်အင်အား (၀တ္ထုတို)

(၁)
အချိန်ကား (၂၀၀၁) ခုနှစ်။
နေရာကား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ၀မ်ပါခရွာ။

“နင်တို့ မယုတ်မာနဲ့နော်။ ငါ့မှာ ယောက်ျားရှိတယ်”



နန်းမိုခမ်းတယောက် ကြောက်လန့်တကြားဖြင့် အော်ဟစ်နေမိသည်။ ရွာမှ အတန်ငယ်ဝေးသည်မို့ အော်မယ့်သာအော်နေရပေမယ့် သူမအော်သံကို မည်သူမှ ကြားနိုင်မည်မဟုတ်မှန်း စိတ်ထဲက အလိုလိုသိနေသည်။ သို့ပေမယ့်လဲ မတတ်နိုင်။ ဒီလိုအခြေအနေမျိုးမှာ မိန်းမသားတယောက်အနေနဲ့ အော်ရုံကလွဲ၍ ဘာများတတ်နိုင်ပါမည်လဲ။ ပြီးတော့ သူမရင်ဆိုင်တွေ့နေရသည်က ဗမာစစ်တပ်က လက်မရွံ့ လူသတ်သမားများ။

အိမ်က ယောက်ျားဖြစ်သူ စိုင်းကျောက် နေမကောင်းတာကြောင့် ယာခင်းထဲသို့ သူမတယောက်ထဲ ထွက်လာခဲ့မိတာဖြစ်သည်။ ဗမာစစ်တပ်မှ ပေါ်တာဆွဲတာ ခဏခဏခံနေရတာမို့ စိုင်းကျောက်မှာလဲ နလန်မထူနိုင်။ သုံးနှစ်အရွယ် သမီးငယ်လေးကလဲ ရှိတာမို့ မိသားစုဝမ်းရေးအတွက် သူမပဲ ရုန်းကန်နေရသည်။

“ကောင်မ။ ပါးစပ်ကို ပိတ်ထားစမ်း။ သေသွားချင်လား”

စစ်သားများက သူမအား အတင်းဆွဲပြီး အနီးမှ ချုံထဲသို့ ခေါ်သွားသည်။ ထွက်ပြေးဖို့ စဉ်းစားနေတုန်း သမီးမျက်နှာလေးကို မြင်လိုက်မိသည်။ သူမသေလို့မဖြစ်ပါ။ နောက်ဆုံးတော့ မျက်ရည်စက်လက်ဖြင့် ရုန်းရင်းကန်ရင်း၊ ဗမာစစ်သားများ၏ အဓမ္မပြုကျင့်မှုကို ခံလိုက်ရလေသည်။ စစ်သားများ ထွက်သွားသောအခါမှ အားရပါးရ ငိုကြွေးရင်း ရွာသို့အပြေးပြန်လာခဲ့သည်။ ဒီတပ်ကို သူမသိသည်။ တပ်ရင်း (၃၅၉)။ သူမတို့ရွာသို့ ၀င်ထွက်သွားလာနေကျ တပ်ရင်း။ သူမယောက်ျားကို ခေါ်ပြီး ရွာလူကြီးဆီသွားပြောရမည်။ သူမအား မတရားပြုကျင့်သည့် စစ်သားများအား သူတို့ အထက်လူကြီးဆီ သွားတိုင်ရမည်။

(၂)
(၂၀၀၁)ခုနှစ်၊ ဖေဖော်ဝါရီလ။
ခမရ (၃၅၉)။ တာချီလိတ်မြို့။
“ဘာလဲ။ ခင်ဗျားတို့က တပ်မတော်ကိုနာမည်ဖျက်နေတာလား”
“မဟုတ်ပါဘူး ဗိုလ်မှူးရယ်။ ဒီကလေးမက ယာထဲသွားရင်း အမှန်တကယ် ကြုံလာရတာပါ”

တပ်မှူးဆိုသူ၏ အမေးကို ရွာလူကြီးမှ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေနေဆဲ သူမကတော့ အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ လူကြီးတယောက်အနေဖြင့် မတရားမှုကို လာရောက် တိုင်တန်းခဲ့ခြင်းသာ ဖြစ်သည်။ အခုတော့ သူ့လူတွေကိစ္စ တာဝန်မယူသည့်အပြင် သူမတို့ကိုပင် တရားခံလို ပြန်မေးနေလေသည်။

“ဒါကတော့ ဦးအိုက်ပန်ရယ်။ မိန်းမတွေဆိုတာ လူမိရင် ဒီလိုပဲ ပြောမှာပေါ့။ သူ့ဟာသူ ဘယ်က ရွာသားတွေနဲ့မှန်းသိ ဖြစ်တဲ့ကိစ္စမှာ ကျုပ်တို့စစ်တပ်ကို တရားခံလာမရှာစမ်းပါနဲ့။ ခင်ဗျားလဲ ရွာလူကြီးဖြစ်ပြီး ဒီလောက်မှ နားမလည်ဘူးလား”

ဦးအိုက်ပန်စကားအဆုံးမှာ သူမယောက်ျား စိုင်းကျောက် တယောက် ၀ုန်းကနဲ ထရပ်လိုက်တာကို တွေ့ရသည်။

“ခင်ဗျား၊ ကျုပ်မယားကို မစော်ကားနဲ့။ ခင်ဗျားတို့ စစ်တပ် ရွာတကာမှာ မိန်းကလေးတွေ ဖျက်ဆီးနေတာ လူတိုင်းအသိ”
“ဟေ့ကောင်။ မင်းပါးစပ်ကို ပိတ်ထားစမ်း။ စော်ကားနေတာက မင်း။ မင်းတို့တွေအတွက် ငါတို့က အသေခံတိုက်ပေးနေရတာ”

“ဘာ ငါတို့တွေအတွက်လဲ။ မင်းတို့ ဗမာစစ်တပ်တွေလာမှ ငါတို့တွေ ဒုက္ခရောက်တာ။ ငါတို့ဘာသာနေရင် ဘာမှမဖြစ်ဘူး”

“ဟေ့ကောင်တွေ၊ ဒီကောင့်ကို ဖမ်းချုပ်လိုက်စမ်း”

တပ်မှူးဆိုသူ၏ အမိန့်ပေးသံအဆုံးတွင် စစ်သားများပြေးလာပြီး၊ စိုင်းကျောက်ကို ရိုက်နှက်ထုထောင်းကြတော့သည်။

“မလုပ်ကြပါနဲ့ရှင်။ မလုပ်ကြပါနဲ့”

သူမအလန့်တကြားအော်ဟစ်မိသည်။ ရွာလူကြီးမှာလည်း တဆတ်ဆတ်တုန်ယင်နေတာ တွေ့ရသည်။

“ဘာမလုပ်ပါနဲ့လဲ။ ကောင်မ။ နင့်ကို ငါ့တပ်ထဲက လူတွေအားလုံးကို တန်းစီခေါ်ပြမယ်။ နင့်ကို ဟိုဟာလုပ်သွားတယ်ဆိုတဲ့ လူတွေကို ရွေးထုတ်ပြ။ မပြနိုင်လို့ကတော့ နင်ကော၊ နင့်အကောင်ကော အသေပဲ။ တပ်မတော်ကို စော်ကားမှုနဲ့ ထောင်ထဲ ထည့်ပစ်မယ်”

“မလုပ်ပါနဲ့ရှင်။ မလုပ်ပါနဲ့။ ကျွန်မ အဲဒီလူတွေကို မှတ်မိပါတယ်။ တယောက်က ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ပါ”

ဒီတပ်ကဆိုတာကို သိနေတာမို့ သူမအခိုင်အမာ ဆိုလိုက်မိသည်။

“ညနေကျရင် ပြန်လာခဲ့။ ငါ့လူတွေ မစုံသေးဘူး။ နင့်ယောက်ျားကိုတော့ ငါတို့ဖမ်းထားမယ်”
“ကျွန်မကိုသနားပါရှင်။ မတိုင်နဲ့ဆိုလဲ မတိုင်တော့ပါဘူး။ ကျွန်မယောက်ျားကို ပြန်လွှတ်ပေးပါ”
“မင်းတို့ကို ငါမသင်္ကာဘူး။ ငါတို့တပ်မတော်ကို နာမည်ဖျက်ချင်တဲ့ သူပုန်တွေပဲ ဖြစ်ရမယ်။ သူ့ကို စစ်ဆေးစရာရှိတယ်။ မလွှတ်နိုင်ဘူး။ ဦးအိုက်ပန်။ သူ့ကို ခေါ်သွားတော့။ ညနေပြန်လာခဲ့။ နောက်ဆိုရင် ကောင်မတွေပြောတိုင်း မယုံနဲ့။ ခင်ဗျားပါ အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်”
“ဟုတ်။ ဟုတ်ကဲ့။ ကျွန်တော်နောက်ကို ဘယ်သူမှ မခေါ်လာတော့ပါဘူး”

ဦးအိုက်ပန်နောက်သို့ သူမငိုယိုရင်းလိုက်ပါလာခဲ့ရသည်။
ညနေရောက်တော့ သူမတို့ နောက်တခါ ပြန်လာခဲ့ပါသည်။ စိုင်းကျောက်ကို တွေ့ခွင့်ရဖို့ တောင်းပန်ပြောပေမယ့် စစ်ဆင်ရေးမှာ ပေါ်တာလိုလို့ ထည့်လိုက်သည်ဟု ဆိုသည်။ သူမကို မုဒိမ်းပြုကျင့်သွားသူများကိုလဲ မတွေ့ရတော့။ တန်းစီပြီးခေါ်ပြသူများထဲမှာ ထိုသူများ မပါ။

“တပ်မတော်ကို စော်ကားမှုနဲ့ ဒဏ်ငွေ တသိန်းဆောင်ရမယ်။ ဒဏ်ငွေလာဆောင်မှ နင့်အကောင်ကို ပြန်လွှတ်ပေးမယ်”လို့ ဆိုလိုက်သည်။ သူမဘာလုပ်ရပါမည်လဲ။ လူကိုလဲ စော်ကားသည်။ လင်ယောက်ျားကိုလဲ ဖမ်းထားသည်။ ငွေကိုလဲ တောင်းသည်။ အဲဒါ သူမတို့ပြည်သူတွေအတွက် အသက်အသေခံ တိုက်ပေးနေတဲ့ စစ်တပ်တဲ့။

“မဟုတ်ဘူး။ အဲဒါ လူသတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ၊ ပြန်ပေးသမားတွေ”

အတွေးနှင့်အတူ သူမ နာနာကြည်းကြည်း ငိုချလိုက်ပါတော့သည်။

(၃)

အချိန်ကား (၂၀၀၄) ခုနှစ်။
နေရာကား ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်။

“နန်းခမ်းရေ။ အန်တီခေါ်နေတယ်”
ဘ၀တူ အလုပ်သမလေး နန်းလှအသံကြောင့် သူမ ခေါင်းနပန်းကြီးသွားရသည်။ တယောက်ယောက် ကများ သူမကို တိုင်သွားလေသလား။ သူမတို့လို လိင်ကျွန်ဘ၀မှာ အလုပ်ရှင်ကိုလဲ ကြောက်ရသည်။ အဆီတ၀င်းဝင်း မျက်နှာကြီးများဖြင့် ကာမရမက်ကျေးကျွန်ကြီးများကိုလဲ ကြောက်ကြရသည်။ ထိုကာမကျေးကျွန်ကြီးများက စိတ်တိုင်းမကျပဲ တိုင်တောသွားလျှင် အန်တီက အညှာအတာမရှိ ရိုက်နှက်တတ်လေသည်။ အန်တီဆိုသူက မြန်မာစကား၊ ရှမ်းစကားကို ကျွမ်းကျင်စွာ ပြောတတ်သည့် ထိုင်းအမျိုးသမီးကြီး။ ထိုအမျိုးသမီးကြီးဆီသို့ သူမရောက်ခဲ့ရသည်မှာ သူမဆန္ဒပါခဲ့၍ မဟုတ်ပါ။

စိုင်းကျောက်ကို ငွေတသိန်းနှင့် ရွေးရမည်ဆိုတော့ ငွေရလိုရငြား ရွာမှ အဆက်အသွယ်ဖြင့် တဘက်ကမ်းသို့ ရောက်လာခဲ့ရသည်။ ဟိုဘက်ကမ်းရောက်ရင် ငွေတွေအများကြီးရမယ်ဆိုသော စကားလုံးတွေကို သူမယုံစားခဲ့မိသည်။ သမီးလေးရဲ့ နောင်ရေးကလဲ ရှိသေးတယ်မဟုတ်လား။ တကယ်တမ်းကျတော့ ဖွတ်မရ၊ ဓားမဆုံး ဘ၀သို့ သူမကျရောက်ရတော့သည်။ ဘ၀ကို ရိုးရိုးသားသားနဲ့ တောင်ယာစိုက်စားခဲ့သည့် သူမမှာ ဒီလိုဗဟုသုတတွေ မရှိ။ ဟိုဘက်ကမ်းရောက်ရင် အလုပ်လုပ်ရမယ်ဆိုတာသာ သိထားခဲ့သည်။ အကယ်၍ ထိုအလုပ်သည် လိင်ကျွန်အလုပ်မှန်းသာ သူမကြိုသိခဲ့ပါလျှင်------။ သားသမီးချင်း ကိုယ်ချင်းမစာ၊ နှမချင်းကိုယ်ချင်းမစာသည့် လူပွဲစားများ သူမတို့တိုင်းပြည်မှာ အများအပြား ရှိနေပြီဆိုတာကိုသာ သူမကြိုသိခဲ့ပါလျှင်--------။

ဘာကိုမှ ကြိုမသိခဲ့သူ၊ သူမအတွက်တော့ ဘ၀ဆိုသည်မှာ အဖတ်ဆယ်မရတော့ပါ။ နည်းအမျိုးမျိုးဖြင့် ငြင်းဆန်စဉ်က ကိုယ်ပေါ်သို့ကျရောက်လာသည့် တုတ်ချက်များကို သူမ အရမ်းပဲ ကြောက်ပါသည်လေ။ ဆွေနီးမျိုးစပ်နဲ့ ထားခဲ့ရသည့် သမီးလေးကိုလဲ လွမ်းလှပြီ။ သမီးလေး အသက်ရှင်ရက်မှ ရှိပါသေးရဲ့လား။ စိုင်းကျောက်ကော ငွေနဲ့လာရွေးမယ့်လူ မရှိလို့ အသတ်ခံလိုက်ရပြီလား။ ဒါတွေကို သူမမသိပါ။ တမ်းတမိလို့ ငိုကြွေးခဲ့ရသည့် မျက်ရည်တွေ၊ ဘ၀ပျက်လို့ ငိုကြွေးရတဲ့ မျက်ရည်တွေ၊ ရွံစရာကောင်းလှတဲ့ မျက်နှာကြီးတွေကို အော့နှလုံးနာစွာ မြင်တွေ့နေရလို့ ကြိတ်ပြီး ကျခဲ့ရတဲ့ မျက်ရည်တွေ။ ဒီမျက်ရည်တွေကိုသာ ပေါင်းလိုက်ရင် သူမနေရတဲ့ အခန်းလေးထဲမှာ မျက်ရည်အိုင်ကြီး ဖြစ်နေတာ ကြာလှရောပေါ့။

“မင်း၊ ဟိုဘက်ကမ်း ပြန်ရမယ်”
“ရှင်။ တကယ်လား အန်တီ။ ၀မ်းသာလိုက်တာ”
“၀မ်းသာမနေနဲ့။ မင်းမှာ အေအိုင်ဒီအက်စ်ဖြစ်နေပြီ။ ငါတို့ဆီမှာ မထားနိုင်တော့ဘူး။ ဒီနေ့ပဲပြန်ရမယ်။ ငါ့လူတွေ ကားဂိတ်လိုက်ပို့ပေးလိမ့်မယ်”

အေအိုင်ဒီအက်စ်ဆိုသော အသံကြားရတော့ သူမလန့်သွားသည်။ ဘယ်လိုဖြစ်တာမှန်း မသိပေမယ့် ကုမရတဲ့ ရောဂါဆိုးကြီးဆိုတာတော့ ကြားဖူးသည်။ ဘာလို့ဖြစ်ရမှာလဲ။ သူမဆီကိုမှ ဒီရောဂါကြီးက ဘာလို့ရောက်လာရတာတဲ့လဲ။

(၄)

(၂၀၀၅) ခုနှစ်။
တာချီလိတ်မြို့။ -----------ရုံးခန်း။

လူမှုထောက်ကူပြု အန်ဂျီအိုအဖွဲ့တဖွဲ့မှ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရသူများအတွက် လိုအပ်သော ဆေးဝါးတွေ ပံ့ပိုးနေသည့် နေရာသို့ သူမရောက်ရှိနေပါသည်။ ရွာကို ပြန်ရောက်ရောက်ချင်းပင် သတင်းဆိုးများကို ဆိုင်းမဆင့်၊ ဘုံမဆင့် ကြားရတော့သည်။ သူမယောက်ျား အသက်ရှင်ရက် ရွာကို ပြန်ရောက်မလာခဲ့ပါ။ သေပြီဆိုသော သတင်းသာ ရောက်လာခဲ့သည်တဲ့။ သမီးငယ်လေးလဲ အသက်မရှင်ခဲ့ပါ။ ဖျားနာပြီး သေဆုံးသွားသည်တဲ့။ သတင်းဆိုးများကြောင့် သူမ သတ်သေချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။ သို့ပေမယ့် ရွာမှာ ရှိနေသော သူမလိုမျိုးပင် ရောဂါပိုးကူးစက်ခံရသည့် အမျိုးသမီးတချို့က သူမကို ကူညီအားပေးခဲ့ကြသည်။ မိန်းမသားအချင်းချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် တယောက်လက်များကို တယောက် ခိုင်ခိုင်မာမာ လက်တွဲဖြစ်ခဲ့ကြသည်။ သူတို့အကူအညီဖြင့် အန်ဂျီအိုဆိုသော အဖွဲ့ကြီးတခုနဲ့လဲ ဆက်သွယ်ဖြစ်ခဲ့သည်။ ဘာပဲပြောပြော ရေနစ်သူ ၀ါးကူထိုးတတ်ကြတဲ့ ဒီခေတ်ကြီးထဲမှာ ကောက်ရိုးတမျှင်ဟာလဲ တန်ဖိုးရှိစမြဲ မဟုတ်ပါလား။

“လာ၊ ညီမလေး”

မစိုးစိုးအသံက ကြည်လင်နွေးထွေးလို့နေသည်။ ရောဂါသည်သူမကို ဖေးဖေးမမ ဆက်ဆံသည်မို့ မစိုးစိုးနဲ့တွေ့တိုင်း သူမ စိတ်တွေ လန်းဆန်းသွားတတ်စမြဲ။

“ကျွန်မ နည်းနည်းနောက်ကျသွားတယ်”
“ရပါတယ်။ ကိစ္စမရှိပါဘူး။ ရုံးမှာ ဘယ်သူမှမရှိတော့တာနဲ့ အတော်ပဲ။ ကျွန်မလဲ နန်းမိုခမ်း အကြောင်းလေးတွေ တစွန်းတစ ကြားရကတည်းက မေးချင်တာလေးတွေ ရှိနေလို့”
“ဘာမေးစရာရှိလို့လဲဆရာမ”
“ကျွန်မကို ဆရာမလို့ မခေါ်ပါနဲ့။ မစိုးလို့ပဲခေါ်ပါ။ ရင်းရင်းနှီးနှီးပေါ့”
“ဟုတ်ကဲ့။ မစိုး”
“ဖြစ်နိုင်မယ်ဆိုရင်လေ နန်းမိုခမ်းရဲ့ ဘ၀ဇာတ်ကြောင်းလေးကို ပြည့်ပြည့်စုံစုံလေးသိချင်လို့ပါ”
“ရှင်”

“ဒီလိုပါ။ ကျွန်မက ဒီဒေသက မဟုတ်ပါဘူး။ ဒီဒေသနဲ့ အဝေးကြီးမှာ နေထိုင်ကြီးပြင်းခဲ့သူပါ။ ကျွန်မကျောင်းပြီးတော့ အလုပ်ရှာရင်း ဒီအလုပ်လေးကို မထင်မှတ်ပဲ ရခဲ့တယ်။ လုပ်ရင်းနဲ့ ဘယ်လောက်တောင် မွန်မြတ်တဲ့အလုပ်ဆိုတာကိုလဲ တစတစ သိနားလည်ခဲ့ရတယ်။ ကျွန်မဘ၀မှာ မနီးစပ်ခဲ့တဲ့ တမြေတည်းနေ၊ တရေတည်းသောက်နေရတဲ့ လူအများကိုလဲ သိကျွမ်းခဲ့ရတယ်။ ဒီလိုသိကျွမ်းလာရင်း လူတွေရဲ့ ဘ၀တွေကို ကျွန်မစိတ်ဝင်စားလာမိလို့ပါ။ နန်းမိုခမ်း ပြောချင်မှ ပြောပါနော်။ ကျွန်မက သိချင်ရုံ သက်သက်ပါ”

“ရပါတယ် မစိုးရဲ့။ ကျွန်မလဲ ဒီကိစ္စတွေကို တယောက်ယောက်ကို ပြောပြချင်နေတာ။ ဟိုလေ- ဒီမှာ ပြောလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်။ ဘယ်သူ့မှ မရှိတော့တာပဲ”
ဘာလိုလိုနဲ့ မေးသူကလဲရှိ၊ သူမကလဲ တယောက်ယောက်ကို ရင်ဖွင့်ချင်နေသူမို့ ဘ၀ဇာတ်ကြောင်းစုံကို ရင်ဖွင့်ဖြစ်သွားသည်။ ပြောနေသူ၊ သူမက မျက်ရည်စက်လက်နဲ့ ပြောနေသလို နားထောင်နေသူကလဲ မျက်ရည်ဝဲပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ သတိထားမိသည်။ သူမသမီးလေးဆုံးသွားတဲ့ အကြောင်းကို ရောက်တော့ သူမမနေနိုင်တော့ပဲ ငိုချလိုက်မိချိန်မှာ သူမလက်ကို မစိုးက လာဆုပ်ကိုင်လိုက်လေသည်။

“ညီမနန်းမိုခမ်း။ ဘာမှအားမငယ်နဲ့ ညီမလေး။ တကယ်တော့ ဒီအဖြစ်ဆိုးတွေဟာ ညီမကြောင့် ဖြစ်ရတာမှ မဟုတ်ပဲကွယ်။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ တိုင်းပြည်မှာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်မှု မပေးနိုင်လို့၊ လူတွေရဲ့ အသက်ကို ကာကွယ်ပေးရမယ့် စစ်တပ်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေလို့၊ သူတပါးမျက်ရည်စက်လက်ကို ငွေကြေးနဲ့လဲလှယ်ကြတဲ့ လူပွဲစား လူယုတ်မာတွေရှိနေလို့ ညီမလေးလို အမျိုးကောင်းသမီးတွေ ဒုက္ခရောက်ကြရတာပါ။ ဒါကြောင့် ညီမလေးရဲ့ စိတ်ဓာတ်ကို လုံးဝအကျမခံပါနဲ့။ ညီမလေးရဲ့ စိတ်အင်အားကို အတတ်နိုင်ဆုံး ခိုင်မာအောင် စုစည်းထားပါ။ ဒီစစ်အာဏာရှင်တွေကြောင့် ဘ၀ပျက်ခဲ့ရပေမယ့် စိတ်ဓာတ်ကိုတော့ လုံးဝ ယိုင်လဲ မခံပါနဲ့။ စိတ်ဓာတ်မကျသေးသရွေ့ ညီမလေးဘ၀ကို ဖျက်ခဲ့တဲ့ ဒီလူတွေကို ညီမလေး မရှုံးသေးဘူး။ ညီမလေးကို အမတို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန် ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာလေး တပုဒ် ရွတ်ပြမယ်နော်-----။

မစိုးစိုးရဲ့ ကဗျာရွတ်ဆိုသံလေးက ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသားနှင့် ထွက်ပေါ်လို့ လာပါသည်။ အားလုံးကို မမှတ်မိပေမယ့် စာသားလေးတချို့ကတော့ သူမနှလုံးသားထဲကို စိမ့်ဝင်သွားခဲ့လေသည်။

“မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင်
ထားနိုင်မယ်ဆိုရင်” တဲ့။

မစိုးဆီမှ ပြန်လာသော သူမခြေလှမ်းများက ဖြတ်လတ်လို့နေသည်။ ဘာလိုပဲဖြစ်ဖြစ် သူမရဲ့ စိတ်အင်အားကို ခိုင်မာစွာ လက်ကိုင်ထားပြီး၊ ဘ၀ရဲ့ ကျန်ရှိနေသော အချိန်လေးများကို ဖြတ်သန်းနိုင်ဖို့ သူမကြိုးစားရပါဦးမည်။ မြန်မာပြည်ရဲ့ အာဏာရှင်စနစ်ဆိုးက သူမဘ၀ကို ဖျက်ဆီးခဲ့ပါသည်။ သို့ပေမယ့် သူမစိတ်အင်အားကိုတော့ မဖျက်ဆီးနိုင်အောင် ခိုင်မာစွာလက်ကိုင်ထားမည်ဟု သန္နိဌာန်ချရင်း--------။

ခင်မမမျိုး (၃၁၊ ၃၊ ၂၀၀၉)

Friday, March 27, 2009

တော်လှန်ရေးနေ့ ပန်ကြားချက်

မြန်မာ့တပ်မတော်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအပေါင်းတို့ရှင်-

ဒီကနေ့ဟာ မြန်မာပြည်သူလူထုအပေါ် စော်ကားနှိပ်စက်၊ အနိုင်ကျင့်ဗိုလ်ကျခဲ့ကြတဲ့ ဖက်ဆစ် လူရမ်းကားတွေကို မြန်မာ့တပ်မတော်က ဦးဆောင်ပြီး၊ ပြည်သူတရပ်လုံးက တိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ (၆၄) နှစ်မြောက် တော်လှန်ရေးနေ့ ဖြစ်ပါတယ်။

ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ သမိုင်းရဲ့  လိုအပ်ချက်နဲ့အညီ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ အခွင့်
အရေးတွေကို တိုင်းရင်းသား ပြည်သူတရပ်လုံး ခံစား၊ စံစားနိုင်ရေးအတွက် ရဲဘော်တို့ရဲ့ ဘိုးဘေးဘီဘင် မြန်မာ့တပ်မတော်သားကြီးတွေဟာ အသက်၊ သွေး၊ ချွေးကို စတေးပြီး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

အခုလက်ရှိအခြေအနေမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူလူထုအနေနဲ့ ခံစားခွင့် မရရှာကြသေးပါဘူး။

မြန်မာပြည်သူလူထုဟာ အာဏာရူးနေတဲ့ စစ်အာဏာရှင်တစုရဲ့ ဖိနှိပ်ချုပ်ခြယ်၊ သတ်ဖြတ် နှိပ်စက်မှုတွေကို ခံနေကြရဆဲဖြစ်ပါတယ်။ ဒီစစ်အာဏာရှင်တစုဟာ ရဲဘော်တို့ရဲ့ ရိုးဖြောင့်တည်ကြည်မှု၊ သစ္စာစောင့်သိမှုတွေကို အသုံးချပြီး သူတို့အာဏာတည်မြဲဖို့၊ သူတို့သားသမီး၊ မြေးမြစ်တွေကောင်းစားဖို့ စီမံဆောင်ရွက်နေကြပါတယ်။

ပြည်သူလူထုမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ၀မ်းရေးအတွက် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေနေကြရတာ ရဲဘော်တို့ မျက်မြင်ကိုယ်တွေ့ပါ။

ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ လူထုတရပ်လုံး လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့  ရည်မှန်းချက် တာဝန်ဟာ မပြီးမြောက်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဒီရည်မှန်းချက်တာဝန်တွေ ပြည့်စုံပြီးမြောက်ဖို့အတွက် မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းထဲ တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ပြည်သူ့တပ်မတော်သား ပီသစွာ တော်လှန်တိုက်ပွဲဝင်ပေးဖို့ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီကနေ့မှာ မြန်မာပြည်သူတဦးအနေနဲ့ ရဲဘော်
တို့အားလုံးကို ပန်ကြားတောင်းဆိုအပ်ပါတယ်။

သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ကို ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်အောင် တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့် တပ်မတော်သားအပေါင်းကို
ဂုဏ်ယူစွာနဲ့ စောင့်ကြိုလိုပါကြောင်း အလေးအနက်ထား ပြောကြားလိုက်ပါတယ်။

ခင်မမမျိုး (၂၇၊ ၃၊ ၂၀၀၉)

အသံဖိုင်နားဆင်ချင်ရင် >>> ဒီမှာ ကလစ်ပါ...။

Monday, March 23, 2009

သတိမမူ၊ ဂူမမြင်

အခုတလော ကျွန်မ မောမောနေတတ်တယ်။ ခေါင်းကိုက်သလိုလို၊ မူးသလိုလိုကလဲဖြစ်၊ ပင်ပန်းနွမ်းနယ်သလိုလဲဖြစ်နဲ့ တော်တော်အနေရဆိုးတာ။ အစတုန်းကတော့ ဒါတွေဟာ silent killer လို့ခေါ်နေကြတဲ့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်တွေ ကျွန်မအိမ်ထဲမှာ အများအပြား ရှိနေတာကြောင့်လို့ သတိမထားမိခဲ့ဘူး။ သတိမထားမိတာထက် အလုပ်တွေများပြီး “သတိမမူ၊ ဂူမမြင်” ဖြစ်နေတာဆိုရင် ပိုမှန်မယ်။ တကယ်တော့ ဒီအကြောင်းတွေ မကြားဖူးတာလဲ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်နဲ့ မဆိုင်သလိုပဲ နေခဲ့မိတာ။

ခဏခဏခေါင်းကိုက်လိုက်၊ မူးလိုက်ဆိုတော့ သွေးတိုးနေလို့လို့ပဲ ထင်ခဲ့တာ။ ကျွန်မဆိုတာကလဲ လူ့သက်တမ်းတ၀က်လောက်မပြည့်သေးခင်ကတည်းက သွေးတိုးရောဂါက ရှိနေပြီ။ နှလုံးက တခါတလေ အောင့်တတ်သေး။ အဲလိုဆိုတော့ ခေါင်းမူးလာတာနဲ့ပဲ သွေးကျဆေးလေး ကောက်သောက်တတ်တာက အကျင့်ပါသလို ဖြစ်နေခဲ့တာ။ ပင်ပန်းနွမ်းနယ်နေတာ၊ မောမောနေတာကိုလဲ ဒီလိုပဲ အလုပ်တွေ များနေလို့ပဲ ထင်ခဲ့တာ။ အချိန်ဆိုတာကို အလုပ်နဲ့ပဲ တိုင်းတာတွက်ချက်နေတတ်တဲ့သူ ဖြစ်နေခဲ့တာက အခက်သား။ ၀င်ငွေရှာရတဲ့ အလုပ်ကတဘက်၊ မွေးဖွားရာ ဇာတိအတွက် လုပ်သင့်တာတွေ လုပ်နေရတာက တဘက်၊ နေထိုင်ကျက်စားရာ ဌာနေအတွက် လုပ်သင့်တာတွေ လုပ်နေရတာက တဘက်၊ formal education ကို ကလေးတဘက်ကြောင့် ခေတ္တရပ်ထားရပေမယ့်လဲ professional education တွေကျပြန်တော့ ဘ၀ရှေ့ရေး၊ အလုပ်အကိုင် ရာထူးအခွင့်အရေးတွေအတွက် လုပ်နေရတာက တဘက်၊ professional member အဖြစ် ပါဝင်ထားရတဲ့ အဖွဲ့တွေရဲ့ နှစ်ပတ်လည်ညီလာခံတွေ၊ စာတမ်းဖတ်ပွဲတွေအတွက် သုတေသနလုပ်ရတာကတဘက်၊ ဒီကြားထဲ အချိန်ပြည့်၊ အချိန်ပိုင်းကျောင်းတွေ ပြန်မတက်နိုင် သေးခင်မှာ ကိုယ်စိတ်ဝင်စားရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ပညာရပ်လေးတခုတော့ အဝေးသင်လေး လုပ်ထားဦးမှ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လန်ဒန်တက္ကသိုလ်က အဝေးသင် LLB ဘွဲ့လေးဖြေဖို့ စာဖတ်နေရတာက တဘက်နဲ့ ဆိုတော့ ရသမျှအချိန်လေးတွေကို တစက္ကန့်၊ နှစ်စက္ကန့် ခွာနေရတဲ့ဘ၀ကို ရောက်နေတာ။

ဘာလိုပဲဖြစ်ဖြစ် အခုတလောတော့ အရမ်းပင်ပန်းနေတာနဲ့ အနားယူဦးမှဆိုပြီး၊ ည (၁၂) နာရီလောက်ဆို ပုံမှန်အိပ်ယာဝင်လိုက်တာ စာရေးတာတောင် နည်းနည်းကျဲသွားပါလေရော။ ပို့စ်အသစ်တွေတောင် သိပ်မတင်ဖြစ်သလို ဖြစ်သွားတယ်။ ဒါပေမယ့် ခက်တာက အဲဒီလို တပတ်ဆယ်ရက်လောက် အနားယူလိုက်ပေမယ့်လဲ ပင်ပန်းတာတွေက ပျောက်မသွားပြန်ဘူး။ တခုခုတော့ လွဲနေပြီလို့ ထင်လိုက်မိတယ်။ ပိုသိသာလာတာက ဒီတပတ် စနေ၊ တနင်္ဂနွေမှာ အိမ်မှာလဲ တနေ့လုံးနေလိုက်တဲ့ အခါမှာပဲ။ ဘယ်လိုမှန်းကို မသိဘူးလေ။ အိမ်မှာနေတော့မှပဲ ပိုပင်ပန်းနေသလိုလို၊ ကိုယ်လက်အဂါင်္နာကျင်နေသလို ဖြစ်နေတော့တာကိုး။

ဒါနဲ့ ဒီနေ့ညနေတော့ အသိဆရာဝန်မတယောက်ဆီ ဖုန်းဆက်မေးတော့ ဆရာဝန်ဆီသွားပြီး CohB test စစ်ဖို့ အကြံပေးတယ်။ အဲဒါက ကိုယ့်သွေးထဲက ကာဗွန်မိုနော့ဆိုဒ် ပမာဏကို စစ်တာ။ ဒီလိုစစ်ရင် အိမ်ကနေ ချက်ချင်းတိုက်ရိုက်သွားရမယ်လို့လဲ သူက သတိပေးတယ်။ ဒီအဆိပ်ဓာတ်ငွေ့က အချိန်ကြာလာတာနဲ့ အမျှ မြန်မြန် ပျောက်သွားတတ်တယ် ဆိုပဲ။ စစ်မယ်ဆိုရင် အိမ်ကနေ ဆေးခန်းကို တိုက်ရိုက်သွားရမယ်တဲ့။ အလုပ်ပြီးမှ၊ ဟိုဝင်ဒီဝင်ပြီးမှ မသွားရဖူးတဲ့။ ကျောင်းတုန်းကတော့ ဒီဂုဏ်သတ္တိတွေသင်ဖူးတယ် ထင်ပါရဲ့။ အချိန်တွေကြာလာတော့လဲ မမှတ်မိတော့ပါဘူးလေ။ အခုများတော့ ခေါင်းထဲမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဥပဒေ စကားလုံးတွေပဲ ကျန်တော့သလား မသိဘူး။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ စာတွေတောင် သိပ်မမှတ်မိတော့ဘူး။ အသက်ကြီးလာလို့လဲ ပါမယ် ထင်ပါရဲ့။

အဲဒါနဲ့ ဖုန်းချအပြီး၊ နောက်နေ့တော့ GP ဆီ သွားရမယ်ဆိုတဲ့ အတွေးလေးနဲ့ ညစာပြင်ဖို့ မီးဖိုထဲ လှမ်းအ၀င်မှာ ရုတ်တရက်လန့်သွားတယ်။ အနံ့။ အနံ့။ ဓာတ်ငွေ့နံ့။ တချိန်တည်းမှာပဲ မဖြစ်ခင်သာ သတိမမူရင်နေမယ်။ ဖြစ်လာရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ ချက်ချင်းတုန့်ပြန်တတ်တဲ့ ဦးနှောက်ဟာ ချက်ချင်းအလုပ်စလုပ်သွားတော့တယ်။ အိမ်ထဲမှာ ဓာတ်ငွေ့နံ့ရတာနဲ့

(၁) ဂက်စ်မီတာမှာရှိတဲ့ gas supply ကို ချက်ချင်းပိတ်ပစ်ရမယ်။
(၂) မီးဖို၊ heater အစရှိတဲ့ gas appliances အားလုံးကို ချက်ချင်းပိတ်ပစ်ရမယ်။
(၃) မီးခလုတ်တွေကို မထိရဘူး။
(၄) ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို လေ၀င်လေထွက်ရအောင် ဖွင့်လိုက်ရမယ်။
(၅) Gas Emergency ကို ချက်ချင်းအကြောင်းကြားရမယ်။

ဘာရယ်တော့လဲမဟုတ်၊ ဘ၀အတွက် လိုအပ်တဲ့ အခြေခံသင်တန်းလေးတွေလို့ ယူဆပြီးတက်ထားဖူးတဲ့ Health and Safety သင်တန်းတုန်းက အချက်အလက်လေးတွေက အလိုအလျောက် ခေါင်းထဲ ၀င်လာတယ်။ ဒါနဲ့ သားလေးကို လေ၀င်လေထွက်ရှိတဲ့ နေရာနားမှာ ခဏသွားထားလိုက်ပြီး လုပ်သင့်တာလေးတွေ ဆက်လုပ်ရတော့တာပါပဲ။ ဂက်စ်အရေးပေါ်ကို လှမ်းခေါ်လိုက်တာဆိုတော့ အင်ဂျင်နီယာကတော့ ဆယ့်ငါးမိနစ်အတွင်း ရောက်လာပါတယ်။ တကယ်တော့ ဂက်စ်ပိုက်က နည်းနည်းချင်းစိမ့်နေတာကို ကျွန်မသတိမထားမိခဲ့တာပါ။

တခါတရံမှာ အသိဆိုတာ သိရုံနဲ့ မပြီးဘူး။ အသိကို သတိရှိဖို့လဲ လိုအပ်တယ်ဆိုတာ ဒီအဖြစ်အပျက်လေးက သင်ခန်းစာရလိုက်ပါတယ်။ အဖြစ်အပျက်လေးလို့သာ ဆိုရတာပါ။ ဒီလို အဖြစ်အပျက်လေးတွေကြောင့် လူတွေ ရဲ့ အသက်တွေ ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့်လဲ “သတိမမူ၊ ဂူမမြင်” ဆိုတဲ့ အဆိုအမိန့်ကို ရှေးလူကြီးတွေက ပြောကြားဆုံးမခဲ့တာ ဖြစ်မှာပါ။

ဒါကြောင့် ကာဗွန်မိုနော့ဆိုက်ဒ် အဆိပ်ငွေ့ကို သတိပြုကြဖို့၊ gas appliances တွေကို ကျွမ်းကျင်သူတွေခေါ်ပြီး ပုံမှန်စစ်ဆေးကြဖို့၊ flue area မှာ ပိတ်ဆို့မှုတွေဖြစ်တတ်တဲ့ ငှက်သိုက်စတာတွေကို ဂရုတစိုက်ဖယ်ရှားဖို့၊ အိမ်ထဲမှာ လုံလောက်တဲ့ လေ၀င်လေထွက်ရှိဖို့၊ gas grill တွေကို room heater တွေအနေနဲ့ အသုံးမပြုဖို့၊ ဖြစ်နိုင်မယ်ဆိုရင် အိမ်ထဲမှာ CO detector တပ်ဆင်ဖို့ ဆိုတဲ့ အဆိပ်ဓာတ်ငွေ့အန္တရာယ်မှကင်းဝေးရေး အချက်လေးတွေကို သတိပေးပြောကြား လိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၃၊ ၃၊ ၂၀၀၉)

Monday, March 9, 2009

တိုက်ပွဲဝင်ကြစို့

မတရားမှုဟာ
ဥပဒေ ဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်ခြင်းဟာလဲ
သမိုင်းပေးတာဝန်
ဖြစ်လာတယ်”တဲ့။

ငါတို့မြန်မာပြည်မှာ
လူငယ်အားလုံးရဲ့
အနာဂတ်ဘ၀တွေကို
မတရားဖျက်ဆီးထားတာ
ခံနေကြရတယ်။

လူငယ်တွေဘ၀အတွက်
အရေးကြီးတဲ့
ဆယ်တန်းစာမေးပွဲ
ကာလမှာတောင်
စာကြည့်ခွင့်မရအောင်
မီးမှောင်ချထားခံကြရတယ်။

ဒို့အားလုံးရဲ့
ဘ၀အနာဂတ်တွေကို
အာဏာရှင်တွေ
သွန်လိုသွန်၊
မှောက်လိုမှောက်နဲ့
ဒီလိုလုပ်နေတဲ့အပေါ်မှာ
အညံ့ခံခေါင်းငုံ့နေကြရမှာလား။

မြန်မာပီပီ
မြန်မာ့သွေးကို
ပြကြစို့၊
ဒို့အားလုံးရဲ့
ရပိုင်ခွင့်တွေအတွက်
တိုက်ပွဲဝင်ကြစို့၊
မတရားတဲ့
အာဏာရှင်ကို
တော်လှန်ရင်း
သမိုင်းပေးတာဝန်ကို
ထမ်းဆောင်ကြစို့။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှု

အစဉ်အလာ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျူဟာများ အကြောင်းကို ရေးသားတင်ပြပါမယ်။

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီး ဖြစ်ဖြစ် သူတို့ရဲ့ ဘ၀တွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘ၀ကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialists တွေ၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်စားတဲ့ parochial participants တွေ၊ ဒေသဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ communalists တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအတွက် ကင်ပိန်းဆောင်ရွက်ပေးတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။

အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာကိုတော့ Contentious Politics အသွင် သဏ္ဍာန်နဲ့ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှုတွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာ institutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventional politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။

အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ

(၁) အတွေးအခေါ်

နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇီဝဗေဒအရ ကွဲပြားမှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေ သတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။

ဒါကြောင့်လဲ ကိုယ့်ဘ၀အပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုသိလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။

(၂) နိုင်ငံရေးရာ

နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics, conventional politics တွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက် ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက်တချက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေ အပေါ် နှိမ့်ချဆက်ဆံမှုစတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ၀င်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေ ရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တ၀က်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့၊ တနိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။

နောက်တချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီးတယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ်ကပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်တွေကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန် လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ၀န်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူ့အဖွဲ့အစည်းအပေါ်၊ နိုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါတယ်။

လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲနင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်း အမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။

အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ

(၁) Gender quotas
နှစ်ဆယ်ရာစုနှောင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံး လာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structureထဲ များလာအောင် ထည့်သွင်းတာတခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တချက်က ဒီလိုဆောင်ရွက်လာတဲ့အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowerment လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။

(၂) အမျိုးသမီးနိုင်ငံရေးကွန်ယက်

နောက်တနည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရ လုပ်ငန်း ဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသားတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားမလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

နောက်တချက်က gender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အစိုးရအဖွဲ့အတွင်းတွေမှာတင် အမျိုးသားအချို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက်မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရုမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ယက်တွေ လိုအပ်လှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသမီးလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တ၀က်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီးတွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ၀ိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတ၀ှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။

Eisenstein, Z (1984) Contemporary Feminist Thought, Unwin, London

Keck, M. & Sikkink, K. (1998) Activist Beyond Borders: Advocacy Networks in International Politics, Cornell University Press, NY

Kennedy-Pipe, C. (2007) “Gender and Security” in Collins, A. (ed.) Contemporary Security Studies, Oxford University Press, Oxford

Lovenduski, J. (1992) “Gender and Politics” in Hawkesworth, M. & Kogan, M. (eds) Encyclopedia of Government and Politics, Routledge, London & NY

Phillips, A. (1998) Feminism & Politics, Oxford University Press, Oxford


Tuesday, March 3, 2009

ကျောင်းသားလက်စွဲ- ပို့ချမှုအား သင်ယူခြင်း

ကျောင်းသားတယောက်အတွက် စာသင်ခန်းတွင် ပို့ချမှုအား သွားရောက်သင်ယူရသော အချိန်သည် တန်ဖိုးလွန်စွာရှိသော အချိန်ဖြစ်လေရာ ထိုအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန် လိုအပ်လှပေသည်။

ပို့ချမှုသို့ မသွားမီ


စာသင်ခန်းသို့ မသွားမီကပင် မိမိသင်ယူရမည့် ဘာသာရပ်၏ ခေါင်းစဉ်ကို ကြိုတင်သိရှိ လေ့လာသွားသင့်သည်။

ပို့ချချိန်၌

(၁) သင်ကြားပို့ချနေသော စာကို အာရုံစိုက်သင့်သည်။ အဓိကကျသော စကားလုံးများ၊ စကားစုများကို အထူးဂရုပြု နားထောင်သင့်သည်။

(၂) ပို့ချမှုလမ်းကြောင်းကို ဂရုပြု နားထောင်ရမည်။ ဥပမာ- အခုဆက်လက်ပြီး၊ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်၊ အဓိကအုပ်စုသုံးမျိုးရှိပါတယ် အစရှိသော စကားလုံးများကို သတိပြုနားထောင်သင့်သည်။

(၃) အရေးပါသော အချက်များကို လိုက်လံမှတ်သားရမည်။ ခေါင်းစဉ်များ၊ မေးခွန်းများ၊ ရည်ညွှန်းကိုးကားများကို သတိပြုမှတ်သားရမည်။

(၄) နားထောင်ခြင်းနှင့် ရေးမှတ်ခြင်းကို balance ဖြစ်စေရမည်။ သင်ရိုးစာအုပ်ထဲတွင် ပါသော အချက်အလက်အသေးစိတ်များအား လိုက်လံမှတ်သားခြင်းကို ရှောင်ကြဉ်ပါ။ ပို့ချနေသော အကြောင်းအရာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုစွာ တွေးတောရမည်။ ဥပမာ- ပို့ချမှုမှ အချက်များကို သဘောတူသလား။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ စသဖြင့် တွေးရမည်။

စာသင်ချိန်ပြီးသွားပါက

မှတ်စုများ၊ ဆရာ၊ ဆရာမပေးသည့် handouts များ ကို ရက်စွဲများသတ်မှတ်၍ ဖိုင်တွင် ထည့်သွင်းသင့်သည်။ မှတ်စုများပြန်ဖတ်ပြီး၊ သင်ရိုးစာအုပ်များ၊ ကိုးကားစာအုပ်များမှ အချက်အလက်များကို ထပ်မံထည့်သွင်းသင့်သည်။ စာသင်ချိန်တနာရီမှတ်စုအတွက် ရည်ညွန်းကိုးကား စာအုပ်စာတမ်းများ ထပ်မံဖတ်ရှုချိန် ခြောက်နာရီ အနည်းဆုံး ရှိသင့်သည်။ ပို့ချမှုနှင့် ပတ်သက်၍ အခြားကျောင်းသူကျောင်းသားများနှင့် ဆွေးနွေးမှုများ ထပ်မံလုပ်သင့်သည်။ အသစ်ရလာသော အချက်အလက်ကို သိပြီးသား အချက်အလက်များနှင့် ဆက်စပ်စဉ်းစားပြီး၊ မကျေလည်မှုများကို ဖော်ထုတ်၍ လေ့လာဆွေးနွေးမှု ပြုလုပ်သင့်သည်။

ခင်မမမျိုး (၂၊ ၃၊ ၂၀၀၉)