အစ္စရေး-ပါလက်စတိုင်း ပြဿနာအကြောင်း တစေ့တစောင်း
စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သုတေသီတွေ၊ ပဋ္ဋိပက္ခဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအတွက် အစ္စရေး- ပါလက်စတိုင်းကြားက ပြဿနာတွေဟာ လေ့လာလို့မကုန်နိုင်တဲ့ ပညာသိုက်ကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ အတွက်ကလဲ ဒီပြဿနာဟာ ခေါင်းခဲစရာ ဖြစ်နေတတ်တယ်။ ဒီပြဿနာအပေါ်မှာ ချဉ်းကပ်အဖြေရှာနည်းတွေ အများအပြားပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန်ထိတော့ ပြဿနာဟာ မပြေလည်နိုင်သေးပါဘူး။ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေ အများအပြားလည်း သေကြေပျက်စီးခဲ့ပြီးပါပြီ။ မီဒီယာအကြမ်းဖက်မှု (Media Terrorism) လို့ခေါ်တဲ့ ပဋ္ဋိပက္ခပြဿနာကို ကမ္ဘာသူကမ္ဘာသားတွေ မီဒီယာကတဆင့် အာရုံစိုက်မှုဖြစ်လာစေအောင် ပြုလုပ်တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေ၊ လူစည်ကားရာနေရာတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေ၊ ပြည်သူအများ သွားလာလှုပ်ရှားရာနေရာတွေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေပါ တွဲစပ်လာတာကြောင့် ပဋ္ဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က ပြည်သူတွေရဲ့ လုံခြုံရေးကိုသာမက ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာတာတွေ ရှိနေပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်စစ်တပ်အကြားဖြစ်ပွားတဲ့ regular warfare အသွင်ဆောင်တဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ် (Civil War ) တွေ၊ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲ (Guerrilla warfare) တွေ၊ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) တွေသာမက political violence တွေ၊ Civil disobedience တွေ၊ proxy war တွေအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာတွေရဲ့ သမိုင်းနောက်ခံအချက်လေးတွေရယ်၊ အခု အစ္စရေးတို့ ချေမှုန်းနေတဲ့ Hamas အဖွဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်မီက ပါလက်စတိုင်းအာရပ်များသဘောထား
၁၉၂၀နဲ့ ၁၉၂၉ ခုနှစ်တို့မှာ ဂျူးတွေကို တိုက်ခိုက်တဲ့ အာရပ်အရေးအခင်းတွေ အချို့သောအာရပ် မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေးအခင်းကို ဦးဆောင်သူများကတော့ ပါလက်စတိုင်း အာရပ်များပါပဲ။ သူတို့က ဂျူးတွေကို ကျူးကျော်သူတွေလို့ ယူဆကြပါတယ်။ ဂျေရူဆလင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးအခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်ဖို့ အာရပ်ပြည်ထဲ ရောက်လာတယ်လို့ တွက်ဆကြပါတယ်။ ဒီအရေးအခင်းတွေမှာ ဟီဘရွန်က ဂျူးလူ့အဖွဲ့အစည်းရယ်၊ Zionist တွေရယ် အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉၃၆ ကျတော့ ဒီအရေးအခင်းတွေဟာ ကျေးလက်ဒေသတွေအထိ ပြန့်နှံ့သွားပါပြီ။
ဒီအရေးအခင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့ အာရပ်ဒေသကို ဂျူးတွေ ပြောင်းရွှေ့နေရာချမှု ပေါ်လစီအပေါ်မှာ များစွာ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာစစ်အရိပ်အယောင်တွေလဲ သန်းနေချိန်ဖြစ်လေတော့ ဗြိတိသျှတို့အနေနဲ့က ဂျူးတွေရဲ့ အကျိုးထက် အာရပ်တွေရဲ့ ဆန္ဒကို ဦးစားပေးရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗြိတိသျှတို့က ဂျူးတွေရဲ့ ပြောင်းရွှေ့နေရာချထားမှုနှုန်းကို လျှော့ချခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလ
ဒုတိယကမ္ဘာစစ်ပြီးကာလရောက်တော့ ပါလက်စတိုင်းအာရပ်နယ်မြေမှာ ဂျူးအကြမ်းဖက်အဖွဲ့တွေ၊ Irgun and the stern ဆိုတဲ့ ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့တွေက မြို့ပြတိုက်ပွဲ အသွင်သဏ္ဍာန်ကိုယူပြီး၊ ဗြိတိသျှ mandatory အစိုးရကို တိုက်ရိုက်တိုက်ခိုက်မှုတွေ ပြုလာပါတယ်။ ဒီအဖွဲ့တွေရဲ့ သူတို့ကို အားပေးထောက်ခံသူတွေက ပါလက်စတိုင်းနယ်မြေကနေ ဗြိတိသျှတွေကို မောင်းထုတ်ဖို့နဲ့ ဂျူးနိုင်ငံတည်ထောင်မှုကို ဆန့်ကျင်နိုင်ဖို့ အကြမ်းဖက်အသွင်ဆောင်တဲ့ အဆုံးအဖြတ်တိုက်ပွဲတွေ နွှဲရမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ထည့်မတွက်လိုက်တာ တချက်က သူတို့ မတော်လှန်လဲ ဗြိတိသျှတွေက ထွက်တော့မယ် ဆိုတာပါပဲ။ ဗြိတိသျှတွေအနေနဲ့ အိန္ဒိယကို လွတ်လပ်ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အရှေ့အလယ်ပိုင်းဒေသကို ဆက်လက်ထိန်းချုပ်ထားဖို့အတွက် ဗြိတိသျှအစိုးရမှာ မဟာဗျူဟာကျတဲ့ အကြောင်းပြချက် (strategic reason) မရှိတော့ပါဘူး။
ဒီလိုပါပဲ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းခဲ့တာဟာလဲ မြန်မာပြည်ရဲ့ သယံဇာတဆိုတာထက် တည်နေရာ အနေအထားကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတခုပါ။ ဒါကြောင့်လဲ အိန္ဒိယလက်အောက်ခံ နယ်တနယ်အနေနဲ့ပဲ သတ်မှတ်အုပ်ချုပ်ခဲ့ကြတာပါ။ မြန်မာထဲက မြို့ပြအုပ်ချုပ်ရေးဝန်ထမ်းတွေကိုတောင် အိန္ဒိယရဲ့ အိုင်စီအက်စ်စာမေးပွဲ အဆင့်လောက်ပဲ ဖြေခိုင်းပြီး၊ အထက်မှာ အိန္ဒိယလူမျိုးတွေနဲ့ ဗြိတိသျှလူမျိုးတွေက ဦးဆောင်အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယကို လက်လွှတ်ဖို့ ဆုံးဖြတ်တဲ့အခါမှာ မြန်မာပြည်ဟာ ဗြိတိသျှတွေအတွက် strategic interest မဟုတ်တော့သလို၊ ဆက်လက်ချုပ်ကိုင်ထားဖို့ strategic reason မရှိခဲ့တော့ပါဘူး။ ဒါကြောင့်လဲ ဗိုလ်ချုပ်တို့က နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ဆက်တိုက်ခဲ့ကြတာပါ။ “ရရင်ရ၊ မရရင်ချ” ဆိုပေမယ့် အဲဒီအချိန်မှာ ဗြိတိသျှတို့အနေနဲ့ ပေးဖို့က အဆင်သင့်ရှိနေခဲ့ကြပါပြီ။ တခါတရံမှာ ရန်သူဘက်က အခြေအနေပျော့ပျောင်းနေရင် နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ရည်မှန်းချက်အောင်မြင်နိုင်ပါတယ်။ ရန်သူဘက်က တင်းမာနေရင်တော့ တိုက်ပွဲသဏ္ဍာန်လဲ ပြင်းထန်တိကျဖို့လိုပါတယ်။ တင်းနေတဲ့ရန်သူကို စစ်ရေးစီမံချက်မလိုပဲ နိုင်ငံရေးတိုက်ပွဲပဲ လုပ်မယ်ဆိုရင်တော့ ရန်သူက ဂုပ်ခွစီးသွားမှာ အသေအချာပါပဲ။
ဒီလိုနဲ့ Middle East Bases တွေကို တောင်အာရှနဲ့ အရှေ့တောင်အာရှက ဗြိတိသျှကိုလိုနီနယ်မြေတွေအတွက် ပေါင်းကူးတံတားသဖွယ် သတ်မှတ်ခဲ့တဲ့ ဗြိတိသျှအစိုးရဟာ ဒီနယ်မြေတွေကို စွန့်ခွာမယ်လဲ ဆုံးဖြတ်လိုက်ရော၊ အရှေ့အလယ်ပိုင်းဒေသကို ထိန်းချုပ်ထားမှုကို ရပ်စဲလိုက်ပါတော့တယ်။ ၁၉၄၇ နိုဝင်ဘာရောက်တော့ UN resolution တခုထွက်လာတယ်။ အဲဒီမှာ ပါလက်စတိုင်းတွေကို ကိုယ်ပိုင်နိုင်ငံတည်ထောင်ခွင့်ပြုထားပေမယ့် ပါလက်စတိုင်းတွေက ဒါကိုငြင်းပယ်လိုက်တယ်။ တကယ်တော့ ဒါဟာ ပြဿနာတွေအားလုံးရဲ့ အစလို့ပဲ ဆိုရပါတော့မယ်။ သူတို့ဒီလိုငြင်းပယ်လိုက်တာကြောင့် ပါလက်စတိုင်းနိုင်ငံဖြစ်တည်ခဲ့ရမယ့် နယ်မြေဒေသတွေဟာ ဂျော်ဒန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံ ပေါ်ပေါက်လာတော့ အာရပ်အိမ်နီးချင်းတွေက လက်မခံခဲ့ကြပါဘူး။ စစ်ပွဲတွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့သလို၊ အီဂျစ်နဲ့ ဂျော်ဒန်စစ်တပ်တွေက အားပေးထောက်ခံတဲ့ fidayin လို့ခေါ်တဲ့ အဖွဲ့တဖွဲ့က အစပျိုးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောင်နှစ်ပေါင်းများစွာအကြာ ၁၉၇၀၊ ၁၉၈၀ ကာလတွေမှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုတွေရဲ့ ရှေ့ပြေးတခုပါပဲ။
ခြောက်ရက်ကြာစစ်ပွဲနောက်ပိုင်းကာလ
၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အဆုံးသတ်အဖြေကတော့ အစ္စရေးတို့ အနိုင်ရခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးတဲ့ မဟာဗျူဟာ အပြောင်းအလဲတရပ်ပါပဲ။ ဒီစစ်ပွဲမတိုင်ခင်က နိုင်ငံနယ်မြေသေးကွေးလွန်းတဲ့ အစ္စရေးနိုင်ငံကို ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူးလို့ အာရပ်တို့က လျှော့တွက်ခဲ့ကြတယ်။ ဒီစစ်ပွဲလဲပြီးရော၊ ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ရှိခဲ့ရမယ့် နယ်မြေဒေသအားလုံးဟာ အစ္စရေးထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပါပြီ။ အာရပ်တိုင်းပြည်တွေကတော့ အစ္စရေးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မလုပ်ပါဘူးလို့ ကြေငြာခဲ့ကြတယ်။ ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာက အစ္စရေးဘက်ကို အလေးသာသွားခဲ့နေပြီ။ ဒါကြောင့်လဲ ဂျူးလူမျိုးများရဲ့ အခြေစိုက်နေထိုင်မှုတွေကို အလျင်အမြန်ပြုလုပ်ပါတော့တယ်။ ဂျူးလူမျိုးတွေဟာ ဂျေရူဆလင်မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေသာမက၊ ဂျူးအခြေစိုက်နယ်မြေတွေနဲ့ ဝေးကွာတဲ့ အာရပ်မြို့တွေ၊ ကျေးရွာတွေအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြပါတယ်။ အစ္စရေး- ပါလက်စတိုင်းမီးပွားကတော့ တော်တော်ကြီးသွားခဲ့ပါတယ်။ ပြဿနာမီးပွားရှည်ကြာလာလေလေ၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေဟာ ခက်ခဲရှုပ်ထွေးလာလေလေပါပဲ။
Fatah နဲ့ PLO
၁၉၆၀ အစောပိုင်းနှစ်များမှာ ကိုင်ရိုမှာ ပညာသင်ကြားနေကြတဲ့ ပါလက်စတိုင်းလူမျိုးတချို့ဟာ Fatah ဆိုတဲ့ အုပ်စုတခုကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ထင်ရှားသူတယောက်ကတော့ နောင်တချိန် ပါလက်စတိုင်းခေါင်းဆောင်တဦးဖြစ်လာမယ့် ရာဇာအာရဖတ်ပါ။ သိပ်မကြာခင်မှာပဲ ၁၉၆၄ ခုမှာ Palestine Liberation Organization (PLO) လို့ခေါ်တဲ့ အဖွဲ့တခုကလဲ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကို ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းအဖွဲ့တွေအကြား ညီညွတ်မှုတည်ဆောက်ပြီး၊ တိုက်ပွဲဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ်နိုင်ငံများက ကြိုးကိုင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တော်လှန်ရေးတခုမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်ရေး လှုပ်ရှားမှုတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့တွေ ပျံ့ကျဲနေလို့ကတော့ ရန်သူက အချိန်မရွေးချေမှုန်းသွားနိုင်ပါတယ်။ မချေမှုန်းရင်တောင် ရန်သူက အလေးထားပြီး စာရင်းထဲ ထည့်မတွက်ပါဘူး။ တိုက်ပွဲဝင် မဟာဗျူဟာ၊ နည်းဗျူဟာတွေအားလုံးကို strategic Doctrine တခုတည်းမှာပဲ အခြေတည်ချနိုင်ဖို့အတွက် တိုက်ပွဲဝင်တပ်ပေါင်းစုကြီးတခု လိုအပ်ပါတယ်။ ဒီလိုမရှိရင် တယောက်တပေါက်နဲ့ ရန်သူကို ထိုးစစ်မဆင်နိုင်ပါဘူး။ ခံစစ်ကိုတောင် အတုန်းအရုန်းနဲ့ ခံကြရတဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။
ရာဇာအာရဖတ်တို့ရဲ့ Fatah အဖွဲ့ဟာ အခြေအနေရဲ့လိုအပ်ချက်နဲ့အညီ ပီအယ်လ်အိုအဖွဲ့မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့မခွဲခြားပဲ တပ်ပေါင်းစုပီအယ်လ်အိုရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်တာကို တခြားအဖွဲ့တွေကလည်း သူတို့မိခင်အဖွဲ့တွေ နာမည်မထွက်မှာ စိုးရိမ်စိတ်နဲ့ ၀ိုင်းဝန်းပိတ်ဆို့ခြင်း မရှိခဲ့ပါဘူး။ ဦးဆောင်နိုင်သူတွေက တက်တက်ကြွကြွ ဦးဆောင်လာတာကို တက်တက်ကြွကြွပဲ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။
အစကနဦး မဟာဗျူဟာကတော့ West Bank နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လက်ကိုင်ကိုင်တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမဟာဗျူဟာဟာ ဖြစ်နိုင်ချေမရှိတဲ့ မဟာဗျူဟာပါ။ West Bank ဟာ လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဖန်တီးနိုင်မယ့် အခြေခံဒေသလိုအပ်ချက်နဲ့ မကိုက်ညီပါဘူး။ တောတောင်တွေမရှိတဲ့အပြင် ပုန်းခိုရာ နေရာလဲ ရှားပါးလှပါတယ်။ ဒါကြောင့်လဲ ဂျော်ဒန်နဲ့ လက်ဘနွန်နယ်စပ်ဒေသတွေကို အခြေပြုပြီး လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်တိုင်းတပ်တွေဟာ သူတို့လုံးဝမျှော်လင့်မထားခဲ့တဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုတခုကို ရင်ဆိုင်လိုက်ရပါတယ်။ ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ Black September ဆိုတဲ့ တိုက်ခိုက်မှုကြီးပါပဲ။ လက်ဘနွန်မှာလဲ အလားတူ military confrontation ကြီးတခု ထပ်ဖြစ်ခဲ့ပါသေးတယ်။
၁၉၇၃ ရောက်တော့ ပါလက်စတိုင်းတပ်တွေရဲ့ မဟာဗျူဟာက လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်စခန်းတခု ခိုင်ခိုင်မာမာရှိဖို့ဖြစ်ပါတယ်။ ဒီအတွက်လုပ်နေရာက ပါလက်စတိုင်းတပ်တွေဟာ လက်ဘနွန်ပြည်တွင်းစစ်မှာ ပါဝင်ရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၂ လဲရောက်ရော၊ အစ္စရေးက လက်ဘနွန်ကို ၀င်ရောက်ကျူးကျော်ပါတော့တယ်။ ၂၀၀၀ ခုနှစ်အထိ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို security zone အဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ကြပါတယ်။
ဒီလိုအခြေအနေတွေမှာ ပါလက်စတိုင်းတွေဟာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေးရာ အခြေအနေတွေနဲ့၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီး မဟာဗျူဟာပေါင်းများစွာကို ပြောင်းလဲ ချမှတ်ခဲ့ကြပါတယ်။ သံတမန်နည်းလမ်းများစွာကိုလဲ ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ ၁၉၈၈ ရောက်တော့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် ကြေငြာနိုင်ခဲ့ပါတယ်။ ၁၉၈၉ မက်ဒရစ်ကွန်ဖရင့်ကနေ စပြီး၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။
အဲဒီနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ များသောအားဖြင့် ပီအယ်လ်အိုက မဟုတ်ပါဘူး။ တခြားသော သေးငယ်တဲ့ အုပ်စုကွဲတွေဖြစ်တဲ့ Abu Nidal ဆိုတဲ့ ဆီးရီးယားထောက်ပံ့အဖွဲ့နဲ့ အီရန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေမှ ဖြစ်ပါတယ်။
Intifada
အစ္စရေး၊ ပါလက်စတိုင်းပြဿနာအကြောင်းပြောရင် Intifada အကြောင်းကတော့ မပါမဖြစ်ပါပဲ။ ၁၉၈၇ ခုကနေ ၁၉၉၃ ခုနှစ်အထိ ခြောက်နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒီပဋ္ဋိပက္ခကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဖြစ်အပျက်ကတော့ ရိုးရိုးလေးစတင်ခဲ့တာပါ။ ဒါပေမယ့် ရင်ထဲမှာ မကျေနပ်မှု မီးစတွေရှိနေရင် သာမန်အဖြစ်အပျက်လေးတခုဟာလဲ ကြီးစွာသော ပဋ္ဋိပက္ခကြီးတွေအတွက် trigger တွေပါပဲ။
၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဂါဇာကမ်းမြောင်ဒေသမှာ ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေးကုန်တင်ကားကြောင့် အာရပ်တချို့သေဆုံးခဲ့ရပါတယ်။ အဲဒီမှာ အစ္စရေးတပ်တွေကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲတွေ စတင်တော့တာပါပဲ။ သပိတ်မှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်တွေကို ကျူးကျော်သူတွေအနေနဲ့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ လက်နက်တွေကတော့ ဗုံးတွေ၊ သေနတ်တွေမဟုတ်ပါဘူး။ ကျောက်တုံးတွေဖြစ်ပါတယ်။ Molotov cocktail တွေလဲ အပါအ၀င်ပေါ့။
Intifada ရဲ့ ကနဦးနည်းဗျူဟာတွေက လူထုအန်တုမှုတွေပါ။ အခွန်ငွေမပေးတာ၊ အစ္စရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ နှစ်ဘက်ပဋ္ဋိပက္ခတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ၁၉၉၀၊ အောက်တိုဘာမှာ Temple Mount လို့နာမည်ကြီးတဲ့ အရေးအခင်းတခု ဖြစ်ပွားလာခဲ့ပါတယ်။ ခြောက်နှစ်ကြာ ဒီပဋ္ဋိပက္ခဟာ ဂျူးတွေအကြားမှာ political polarization ဖြစ်စေခဲ့ပြီး၊ အစ္စရေးစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို များစွာ ဂယက်ရိုက်မှုရှိခဲ့ပါတယ်။ အာရပ်တွေဘက်ကျတော့ စီးပွားရေးဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ပွားခဲ့ပြီး၊ political radicalization ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာကျတော့ ပါလက်စတိုင်း အဖွဲ့အစည်းတခုဖြစ်တဲ့ Hamas ဆိုတဲ့ အဖွဲ့ဟာ အစ္စရေး- ပါလက်စတိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတော့တာပါပဲ။
Hamas
Hamas (Harakat al muqawamah al Islamiyah, “Islamic resistance movement”) ဆိုတဲ့ အဖွဲ့ဟာ ပါလက်စတိုင်းက Muslim Brotherhood အဖွဲ့ခွဲတခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အီဂျစ်က Brotherhood အဖွဲ့လိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တခုပါ။ ဒီအဖွဲ့မှာ radicalization စဖြစ်လာတာကတော့ ၁၉၈၇-၈၈ ကာလတွေမှာပါ။ ဒါကလဲ တချို့သော အကြောင်းရင်းတွေမှာ အခြေခံပါတယ်။ နိုင်ငံရေးပညာရှင် Walter Laqueur ဆိုခဲ့သလိုပဲ ပထမတချက်ကတော့ မွတ်စလင်အဖွဲ့တွေအားလုံးဆီမှာ ဖြစ်ပွားလာခဲ့တဲ့ general trend ပါ။ နောက်တချက်ကတော့ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေး အခြေအနေတွေပါ။ တတိယတချက်ကတော့ အတော့်ကိုအရေးကြီးပါတယ်။ Hamas နဲ့ Fatah, PLO တို့ကြားက ပြိုင်ဆိုင်မှုတွေပါ။ တခါတရံမှာ နိုင်ငံရေးပြဿနာတခုကို ဖြေရှင်းနေဆဲမှာပဲ အဖွဲ့အစည်းတွေအကြားမှာ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ လှုပ်ရှားမှုတခုအတွက် အတော်ပဲ အန္တရာယ်ကြီးပါတယ်။ မူလရည်ရွယ်ချက်တွေကနေ သွေဖည်သွားတတ်ပြီး၊ အမျိုးသားလှုပ်ရှားမှု တခုလုံးကို ထိခိုက်သွားတတ်ပါတယ်။
Hamas အဖွဲ့က ပါလက်စတိုင်းအရေးဟာ ဘာသာရေးဆိုင်ရာ religious obligation တခုဖြစ်တာကြောင့်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူတို့က Jihad ကို strategic doctrine အဖြစ် သတ်မှတ်လာကြပါတယ်။ သူတို့က မွတ်စလင် Brotherhood တွေလို nationalism ကို လုံးဝကန့်ကွက်ခြင်း မလုပ်ခဲ့ကြပေမယ့် တခြားအာရပ် nationalism တွေကိုတော့ ရုပ်ဝတ္ထုဆန်တယ်၊ secular ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါလက်စတိုင်း အမျိုးသားဝါဒကတော့ Islamic ဖြစ်တယ်လို့ ကြေငြာကြပါတယ်။
တကယ်တော့ Fatah, PLO နဲ့ Hamas တို့က ယှဉ်တွဲလုပ်ကိုင်နေကြတဲ့ အဖွဲ့တွေပါ။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ပါပဲ။ ဒါပေမယ့် Hamas ဟာ ပြိုင်ဆိုင်ဖို့ ခြေလှမ်းကို စတာနဲ့ တပြိုင်တည်း ၁၉၈၇ အစောပိုင်းကာလတွေမှာ anti- Fatah လက်ကမ်းစာစောင်တွေ စတင်ထုတ်ဝေပါတော့တယ်။ အဖွဲ့အစည်းတခုဟာ အခြားအဖွဲ့အစည်းတခုက လူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းတွေကို မိတ်ဆွေလိုဝေဖန်တာ မဟုတ်တော့ပဲ ပုဂ္ဂိုလ်ရေးစွပ်စွဲ တိုက်ခိုက်လာပြီဆိုရင် ဒါဟာပြိုင်ဆိုင်မှုစလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေဟာ ညီညွတ်ရေးကို ထိခိုက်တတ်ပြီး၊ တခါတရံမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပါလက်စတိုင်းတွေမှာလဲ ဒီအတိုင်းဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း ဂါဇာမှာ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး camps နှစ်ခုကြားက followers တွေရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဆယ့်ရှစ်ယောက် သေကြေခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေက ချက်ချင်းငြိမ်းချမ်းရေး စေ့စပ်ခဲ့ကြပေမယ့် ဒီအနာဟောင်းဟာ ခဏခဏ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့နှစ်ဖွဲ့အကြား ပြိုင်ဆိုင်မှုတွေက တိုးမြင့်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း Hamas အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နေရာအနှံ့မှာ အများအပြားဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေက ပုံစံစုံပါပဲ။ ဓားနဲ့ထိုးသတ်တာ၊ ပုဆိန်နဲ့ ခုတ်သတ်တာ၊ အစ္စရေးစစ်သားတွေကို ကားကြုံခေါ်တင်ပြီး ကားပေါ်မှာ အစဖျောက်လိုက်တာ၊ ကားနဲ့ တိုက်သတ်တာ စတဲ့ နည်းမျိုးစုံပါပဲ။ ၁၉၉၃- ၉၄ နောက်ပိုင်းကျတော့ suicide bombings တွေက ခေတ်စားလာပါတော့တယ်။ ၁၉၉၅- ၉၆ ကာလတွေမှာ Hamas တွေအပေါ် အစ္စရေးထိုးစစ်တွေ ကြီးထွားလာခဲ့သလို၊ ပီအေလို့ခေါ်တဲ့ Palestinian Authority) တွေကလဲ အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်လာကြပါတယ်။ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလကစပြီး၊ Hamas အဖွဲ့ရဲ့ အဓိကပင်မ မဟာဗျူဟာကတော့ စစ်ရေးအရအရေးပါတဲ့ နေရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ဂျေရုဆလင်၊ Tel Aviv, Hadera, Netanya စတဲ့ နေရာမျိုးတွေပါ။
နိဂုံး
အခု (၂၀၀၉) နှစ်သစ်ကို မရောက်မီ (၂၀၀၈) ခုနှစ်၊ နှစ်ကုန်ပိုင်းမှာပဲ အစ္စရေးတပ်တွေက Hamas အဖွဲ့ဝင်တွေကို ချေမှုန်းရေးတွေ ပြုလုပ်နေကြပါတယ်။ အခုဒီစာတမ်းဟာ အစ္စရေး၊ ပါလက်စတိုင်း မည်သည့်ဘက်ကိုမှ ဘက်လိုက်ရေးသားထားတာ၊ ထောက်ခံအားပေးထားတာတွေ မရှိပါဘူး။ အစ္စရေး- ပါလက်စတိုင်း ပြဿနာမီးပွားတွေ Hamas နဲ့ Fatah, PLO အကြောင်းတွေရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်ကိုသာ ဗဟုသုတအဖြစ် တင်ပြထားခြင်း ဖြစ်ပါတယ်။
ခင်မမမျိုး (၆၊ ၁၊ ၂၀၀၉)
ရည်ညွန်းကိုးကားစာရင်း ။ ။
Erlich, R. (2000) “The History of Israel Policy in Lebanon”, ICT, June 29, 2000
Hroub, K.(2000) Hamas, New York
Heehs, P. (1998) Nationalism, Terrorism, Communalism: Essays in Modern India History, New Delhi, 1998
Laquer, W. (2003) No End to War: Terrorism in the Twenty-First Century, Continuum, London
Sayigh, Y. (1997) Armed Struggle and The search for State, New York