ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

market economy

Wednesday, December 31, 2008

ဈေးကွက်စီးပွားရေးစနစ်တဲ့လား


(၁၉၈၈)ခုနှစ် မတရားအာဏာသိမ်းပွဲနောက်ပိုင်းကာလ နဝတ၊ နအဖတို့၏ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများလိုလိုတွင် မပါမဖြစ် စကားတစ်ခု ရှိသည်။ ယင်းကား ‘နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဈေးကွက်စီးပွားရေးစနစ်အား ကျင့်သုံးနေသည်’ ဟူသောစကား။ အပြောနှင့်အလုပ်ညီစွာ အမှန်တကယ် ကျင့်သုံးခဲ့ပါလျှင် စာရေးသူတို့ အမိမြန်မာပြည်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံး ဤမျှ စုတ်ပြတ်သတ်သွားစရာ အကြောင်းမရှိ။ အနှစ်နှစ်ဆယ်ကြာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှု၏ ရလာဒ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်နေစေမည်မှာ မလွဲဧကန်မုချ။


နည်းမှန်လမ်းမှန် ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများနှင့် ချိန်ထိုးကြည့်ပါက နအဖတို့၏ လိမ်လည်မှုများကား ကွက်ကွက်ကွင်းကွင်းပေါ်လာပါသည်။ အတုအယောင် အမျိုးသားညီလာခံ ကျင်းပပြီး ထွက်ပေါ်လာသည့် ရလာဒ်များနှင့် အတုအယောင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော နအဖသည် ကမ္ဘာတဝှမ်းလုံး လက်ခံကျင့်သုံးနေသည့် ဈေးကွက်စီးပွားရေး စနစ်ကိုလဲ အတုအယောင် လုပ်ခဲ့ကြလေသည်။ မည်သို့ လိမ်လည်လှည့်ဖြားခဲ့ကြသည်ကို လေ့လာကြည့်ကြပါစို့။


နိုင်ငံတကာမှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင် လက္ခဏာများမှာ

(က) ပုဂ္ဂလိက ပိုင်ဆိုင်မှု


ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေးသည် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ ရရှိခံစားရမည့်အခွင့်အရေးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု နှင့် စီးပွားဓနတိုးတက်မှုတို့ကို တွန်းအားပေးသည့်အရာ ဖြစ်ရပါမည်။


လက်တွေ့တွင်ကား ဤအချက်နှင့် မလျော်ညီစွာပင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေး အလွန်ပင် ရှားပါးပါသည်။ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိက ပိုင်အဖြစ် လွဲပြောင်းထားသည်ဟု မည်မျှပင်ဆိုစေကာမူ၊ ဖြစ်ရပ်မှန်ကား စစ်ဗိုလ်ချုပ်ကြီးများ နောက်ကွယ်မှ ကြိုးကိုင်ပိုင်ဆိုင်မှု ယူထားသော လုပ်ငန်းများသာ ဖြစ်နေပါသည်။ စစ်အရာရှိကြီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့်ပင် ဤအချက်မှာ ထင်ရှားနေပါသည်။ အချို့သော လုပ်ငန်းများမှာလဲ နအဖတို့နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများမှ မောင်ပိုင်စီးလုပ်ကိုင်နေကြပါသည်။


()လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့် နှင့် ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်


လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများ၌ သယံဇာတအရင်းအမြစ်များ၊ ကုန်ကြမ်းများအား လွတ်လပ်စွာ ရယူပိုင်ခွင့်၊ အသုံးပြုခွင့်၊ မိမိတို့နှစ်သက်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်ခွင့်နှင့် ထုတ်ကုန်များကို မိမိတို့နှစ်သက်ရာ ဈေးကွက်များ၌ ရောင်းချခွင့်ရှိရပါမည်။


ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့နှစ်သက်ရာ ပိုင်ဆိုင်မှုအရင်းအမြစ်များကို နှစ်သက်ရာအချိန်တွင် ရွေးချယ်အသုံးချခွင့်ရှိရမည်ဖြစ်ပြီး၊ လုပ်သားများမှာလဲ နှစ်သက်ရာ အလုပ်ကို ရွေးချယ်လုပ်ကိုင်ခွင့်နှင့် နှစ်သက်ရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ခွင့်ရှိရမည်ဖြစ်လေသည်။ ထို့အတူ စားသုံးသူများမှာလဲ မိမိတို့ဝင်ငွေအား စိတ်ကြိုက်သုံးစွဲပိုင်ခွင့် ရှိရမည်ဖြစ်လေသည်။


နဝတ၊နအဖတို့လက်ထက်တွင်ကား အဆိုပါအခွင့်အရေးများမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ မော်တော်ယာဉ်လုပ်ငန်းများလုပ်မည်လား၊ ပါမစ်လိုပါသည်။ သစ်လုပ်ငန်းလုပ်မည်လား၊ ပါမစ်လိုပါသည်။ ဟိုနေရာသွားလဲ ပါမစ်၊ သည်နေရာသွားလဲ ပါမစ်နှင့် တမစ်တည်းသာမစ်နေတော့သည်။ လုပ်ငန်းများလုပ်လျှင် ပါမစ်လိုသည်ကတော့ နိုင်ငံတိုင်းလိုလိုပင်။ သို့ပေမယ့် မြန်မာပြည်ကပါမစ်ကတော့ တမူထူးခြားပါမစ်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ မည်မျှပင် မှန်ကန်စေပါမူ ဗိုလ်ချုပ်များ အိတ်ကပ်ထဲသို့ ငွေမရောက်သရွေ့ ပါမစ်မှာ မိုးပေါ်မှ မကျနိုင်သော တိမ်စိုင်တိမ်ခဲပမာကဲ့သို့ပင်။ ဒီကြားထဲ ပါမစ်အရောင်းအ၀ယ်ပွဲစားများကလဲ ရှိလိုက်သေးသည်။


အလုပ်သမားအခွင့်အရေးဆိုသည်ကိုတော့ မြန်မာနိုင်ငံတွင် ဘာလဲဆိုသည်ကိုပင် မေးယူရမည်ကဲ့သို့။ မိမိတို့နှစ်သက်ရာ အလုပ်အကိုင်များကို ရွေးချယ်လုပ်ရန်နေနေသာသာ၊ မနှစ်သက်သော အလုပ် များ၊ ယုတ်စွအဆုံး- ပြည့်တန်ဆာအလုပ်ပင်လျှင် အဆက်အသွယ်ရှိမှဖြစ်သည်တဲ့။ စားသုံးသူများ၏ ရွေးချယ်စားသုံးပိုင်ခွင့်၊ မိမိတို့ဝင်ငွေကို စိတ်ကြိုက်အသုံးပြုခွင့် ဆိုသည့် သဘောတရားရှိသည် မရှိသည်ကိုတော့ ဝန်ထမ်းမိသားစုများ ပိုမိုနားလည်ပေလိမ့်မည်။ ဆန်ပေးသည်ဆိုသော နာမည်ကောင်းယူကာ ဖွဲ၊သလဲများနှင့် ပြည့်နှက်နေသော ဆန်ကို မယူမနေရ လခထဲမှ ဖြတ်တောက်မှု၊ မည်သည့်ရုံးသွားသွား၊ ပြက္ခဒိန်များ အတင်းထိုးရောင်းမှုစသည်များ။ ဆယ်တန်းအမှတ်စာရင်း သွားထုတ်သည်ကို ပြက္ခဒိန်ဝယ်မှ အမှတ်ထုတ်ပေးမည်ဆို၍ မဆီမဆိုင်ဝယ်ခဲ့ရသည့် နေ့ရက်များ၊ အထက်တန်းကျောင်းများတွင် ဆရာဆရာမများ အားလပ်ချိန်တိုင်း မုန့်ရောင်းရမည်ဆို၍၊ ကျောင်းဆရာ၊ ဆရာမဘဝတလှည့်၊ ဈေးအော်ရောင်းနေ သည့် ဈေးသည်တလှည့်ဖြစ်နေသော ဆရာ၊ဆရာမများအားကြည့်ကာ အားနာပါးနာနှင့် ဝယ်ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောင်းသတိရမိပါသည်။ သြော်-မြန်မာပြည်ရဲ့ စားသုံးသူ အခွင့်အရေးဆိုတာ ဤသို့နှယ်ပါ။


()ကိုယ်ပိုင်အကျိုးစီးပွား


ကိုယ်ပိုင်အကျိုးစီးပွားရှာမှုသည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါတစ်ရပ်ဖြစ်ပါသည်။ ထုတ်လုပ်သူများက အမြတ်အများဆုံး(ဝါ) အရှုံးအနည်းဆုံးဖြစ်အောင် လုပ်သကဲ့သို့၊ လုပ်သားများမှလဲ မိမိတို့ ဝင်ငွေအား တိုးတက်များပြားအောင် လုပ်ဆောင်ကြလေသည်။ ထိုနည်းတူ စားသုံးသူများမှလဲ ကုန်ကျရသည့် ပိုက်ဆံနှင့် တန်သော ပစ္စည်းများကို ရရှိမှကျေနပ်မှုရှိကြလေသည်။ ယင်းသို့ အကျိုးအမြတ်၊ ဝင်ငွေ၊ စားသုံးသူများ ကျေနပ်အားရမှုစသည်တို့အား အပြိုင်အဆိုင် ကြိုးပမ်းရယူနေခြင်းရှိမှသာ စီးပွားရေးအဆောက်အအုံ တရပ်လုံး တိုးတက်မှု ရှိလေမည်။

နဝတ၊ နအဖလက်ထက်မြန်မာပြည်တွင်ကား ဤသို့သုံးဦးသုံးဖလှယ် အား ပြိုင်မှုများ မရှိပါ။ ထုတ်လုပ်သူများမှာ အမြတ်ဝေစု၏ သုံးပုံနှစ်ပုံခန့်ကို အုပ်ချုပ်သူများ၊ ဌာနဆိုင်ရာများသို့ ပေးကျွေးခွံ့နေကြရသဖြင့် အမြတ်များသထက်များအောင် လုပ်လိုက်သောအခါ ကုန်ဈေးနှုန်းအဆမတန် ကြီးထွားလာပါသည်။ တဖန် ဝိသမလောဘကုန်သည်များကြောင့် ကုန်ဈေးနှုန်းတက်ပါသည်ဆိုပြီး မရောင်ရာဆီလူး နအဖဗိုလ်ချုပ်များက ဆိုပြန်၍ ဈေးနှုန်းကျရန် လုပ်ရပြန်သောအခါ ကုန်ပစ္စည်းအရည်အသွေး ကျဆင်းသွားပြန်သည်။ စားသုံးများမှာတော့ ကျေနပ်သည်၊ မကျေနပ်သည်အသာထား၊ အသက်ရှင်ရပ်တည်ဖို့ ကောင်းလဲစား၊ မကောင်းလဲစား၊ ကောင်းလဲသုံး၊ မကောင်းလဲသုံးဘဝ။ လုပ်သားများမှာလဲ လုပ်အားနှင့် လုပ်ခတန်သည်မတန်သည် အပထား၊ စားစရာရှိအောင်၊ နေစရာရှိအောင် တခုခုတော့ လုပ်နေရမည်မို့ ပါးစပ်ပိတ်၊ ခေါင်းငုံ့ကာ နေကြရသည်။


တဖန် ဝန်ထမ်းများကျပ်တည်းသည်ဆိုကာ နအဖတို့မှ အာမခံချက်မရှိသော ငွေစက္ကူများအား အတင်းရိုက်ထုတ်ပြီး လစာများတိုးပြန်တော့လဲ ကုန်ဈေးနှုန်းများက အဆမတန် တက်သွားပြန်သည်။ တက်မည်ပေါ့။ လစာတိုးမည်ဆိုသည်ကို ကြားသည်နှင့် ဈေးကွက်ဝယ်လိုအားက အဆမတန်ထိုးတက်သွားသည်ကိုး။ ဝယ်လိုအားနှင့် ရောင်းလိုအားညီမျှရန် ဈေးနှုန်းနှင့် ညှိယူရသည်လေ။ ကုန်သည်များ၏ အပြစ်ဆိုပြီးပဲ လက်ညှိုးထိုးနေ၍မရပါ။ ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအား၊ ငွေကြေးသုံးစွဲမှုစသည့် စီးပွားရေးအခြေခံအချက်လေးများကိုပင် နားမလည်သော ပရမ်းပတာအုပ်ချုပ်သူများ၏ လုပ်ချင်ရာလုပ်နေသော အိုးနင်းခွက်နင်းကိစ္စများ၏ ရလာဒ်သာဖြစ်သည်။


() ပြိုင်ဆိုင်မှု


ဈေးကွက်အတွင်းတွင် ရောင်းသူဝယ်သူ အပြိုင်အဆိုင်များစွာ ရှိရပါမည်။ ရောင်းသူများခြင်းဖြင့် မည်သည့်တဦးတယောက်သော ရောင်းသူကမှ ဈေးကွက်ရောင်းလိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ချုပ်ကိုင်၍ မရတော့ပါ။ ထိုနည်းတူစွာ ဝယ်ယူသူများအပြိုင်အဆိုင် ပေါများခြင်းဖြင့် မည်သည့် စားသုံးသူကမှ ဈေးကွက်ဝယ်လိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ထိန်းချုပ်၍မရပါ။ ထို့အပြင် ထုတ်လုပ်သူများသည် ဈေးကွက်အတွင်းသို့ လွယ်ကူစွာ ဝင်ထွက်ခွင့်ရှိရပါမည်။ ပြိုင်ဆိုင်မှုအား ခွင့်မပြုသော မည်သည့်ဈေးကွက်စီးပွားရေးမှ တိုးတက်အောင်မြင်မှုမရှိနိုင်ပါ။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းသော Transition Economies များ၏ Structural Adjustment programs (SAPs) များတွင် ပြိုင်ဆိုင်မှုပေါ်လစီများ (Competition policies) အား မြှင့်တင်ရေးသည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါသည်။


နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအား အမှန်တကယ် တိုးတက်စေလိုသည်ဆိုလျှင် ဦးပိုင်မှသာ သီးခြား ဦးစီးလုပ်ကိုင်နေသော လုပ်ငန်းများ၊ နအဖဆွေမျိုးများသာ လုပ်ကိုင်ခွင့်ရပြီး အခြားပြည်သူလူထုအား လုပ်ငန်းလိုင်စင်မချပေးသည့် လုပ်ငန်းများအား ရပ်တန်းက ရပ်သင့်ပါသည်။ ပြည်သူလူထုနှင့်အတူ တန်းတူရောယှက်၍ မှန်ကန်စွာ၊ တရားနည်းလမ်းကျစွာ ပြိုင်ဆိုင်သင့်ပါသည်။ အရည်အချင်းမရှိ၍ စည်းဝိုင်းထဲတွင် မပြိုင်ဆိုင်နိုင်သည်နှင့် စည်းဝိုင်းအား မောင်ပိုင်စီးကာ တစ်ယောက်တည်း ပထမဆုယူပြနေခြင်းမှာ လူကြီးလူကောင်းတို့၏ လုပ်ရပ်မဟုတ်ပါ။ လူကလိန်ကကျစ်တို့၏ လုပ်ရပ်သာဖြစ်ပါသည်။


ဈေးကွက်စီးပွားရေးစနစ်တွင် အခြားသော သွင်ပြင်လက္ခဏာများလဲ ရှိပါသေးသည်။ စီးပွားရေးကျမ်းမဟုတ်၍ စာရေးသူ အကျယ်မချဲ့လိုတော့ပါ။ သေချာသည်ကတော့ မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေမှုများမှာ ဈေးကွက်စီးပွားရေးစနစ်နှင့် သိသာစွာ ကွဲလွဲနေခြင်းသာ ဖြစ်သည်။


ဖွတ်ထွက်မှ တောင်ပို့မှန်းသိ စကားပုံရှိပါသည်။ ဖွတ်ကထွက်နေသည်မှာ အမြီးပင် ပေါ်နေပြီင်္။ စာရေးသူတို့ မြန်မာပြည်သားများ အဘယ်သို့သော အချိန်ထိ စောင့်နေမည်နည်း။ အတုကိုအတုမှန်းသိရင်တော့ အစစ်ကို ရှာဖွေအကောင်အထည်ဖော်ရပေမည်။ အစစ်ကို အကောင်အထည်ဖော်ရန် နအဖစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီးမှသာ ဖော်ထုတ်၍ ရပေမည်။ နအဖတွင် အစစ်ဆိုသည်မှာ မရှိတော့ပါ။ သူတပါးလက်ထဲမှ အာဏာရယူထားသည့် အစိုးရအတု၊ အာဏာမြဲရေး ကြိုးပမ်းထားရသည့် ငြိမ်းချမ်းရေးအတု၊ ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်သည့် ညီလာခံအတု၊ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမှ မပါသည့် စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံဥပဒေ အတု၊ ဈေးကွက်စီးပွားရေးအတု စသည့် အတုအယောင် ဂုဏ်ပုဒ်များဖြင့်သာ ကမ္ဘာကျော်နေသူများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပဲ အတုအယောင်ကို မျှော်လင့်ချက်ထားကာ ရွှေသမင်အလိုက်မှားလျှင်တော့ စာရေးသူတို့ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည် ကမ္ဘာပေါ်တွင်ပင် မရှိတော့သည့် အဖြစ်ဆိုးသို့ အသွင် ကူးပြောင်းသွားပေတော့မည်။


မည်သို့ဆိုစေ နအဖဝန်ကြီးများကတော့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဆိုကာ မီးကုန်ယမ်းကုန် (မည်သူမျှမကြားချင်၍ နားပိတ်ထားသော်လဲ) အော်ဟစ်နေကြပါသည်။ စာရေးသူတို့ပြည်သူများမှလဲ


ဈေးကွက်စီးပွားရေးတဲ့လား နအဖရယ်၊

ဘယ်လိုပြောပြော

တို့ပြည်သူများမယုံပါတယ်။

ကယ်တင်ရှင်ဆိုသူ နအဖရယ်၊

လာရာလမ်းကို ပြန်တော့ကွယ်”


ဟူ၍သာ ကြွေးကြော်ရင်း နေရာမှန်ကို ပြန်ပို့လိုက်ကြပါစို့။


ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

အပြောင်းအလဲ

( ၂၀၀၇ ခုနှစ်က ဆောင်းပါးဟောင်းလေးကို ပြန်တင်လိုက်ပါတယ်)


အပြောင်းအလဲ


လောကတွင် အပြောင်းအလဲ များစွာ ရှိတတ်ပါသည်။ လူတစ်ယောက်ဘဝတွင် ကြုံရသည့် အပြောင်းအလဲများမှာပင် မရေတွက်နိုင်အောင် များလှသည်။ တခါတရံအပြောင်းအလဲများသည် ကာယကံရှင် မသိလိုက်ပဲ ကံကြမ္မာ ဆုံးဖြတ်သွားသည်။ တခါတရံတွင် ကာယကံရှင်က အခြေအနေအရ ပြောင်းလဲပစ်ရသည်လဲရှိသည်။ မည်သို့ဆိုစေ အပြောင်းအလဲ တစ်ခုဖြစ်တိုင်း ကောင်းကျိုးဆိုးကျိုး ကျန်မည်ကတော့ သေချာသည်။ ကောင်းကျိုးသည် ဆိုးကျိုးထက်များနေပါက အနာဂတ်တွက် ရှေ့ရှုပြီး အခက်အခဲများကို ရင်ဆိုင်ပစ်ရတတ်သည်။ ဆိုးကျိုးများကို လျစ်လျူရှူနိုင်ရသည်။ အပြောင်းအလဲကို ကြောက်နေ၍မရ။ ပြောင်းရမည့် အခြေအနေကြုံလာလျှင် ပြောင်းလဲနိုင်အောင် ကြိုးစားရပေမည်။ လူတစ်ယောက်အတွက်ပင် ဤသို့ ကြုံတတ်ပါလျှင်၊ နိုင်ငံတစ်ခုအတွက် ဆိုလျှင်ကား ပို၍များပြားမည်မှာ ဧကန်မလွဲ။


စာရေးသူတို့၏ ချစ်စွာလှသော မြန်မာနိုင်ငံတော်ကြီးတွင်လဲ အပြောင်းအလဲများစွာ ဖြစ်ခဲ့ပါသည်။ အခြေအနေအရ လိုအပ်ချက်ကိုမြင်ကာ ခေတ်နှင့်အညီ လက်နက်စက်ရုံများတည်ထောင်ရန် ကြိုးစားသည့် နိုင်ငံရေးရာ သံတမန်ရေးရာ ကျွမ်းကျင်ပိုင်နိုင်သော ကနောင်မင်းသား၏ စီမံကိန်းကား ‘လက်နက်တွေ စမ်းသပ်တော့ ငါးတွေသေကုန်တာပေါ့’ ဟူသော အဆိုစကားကြောင့် ပျက်သုဉ်းခဲ့ရဖူးသည်။ ငါးများသေစေလို၍ ပြောနေခြင်းမဟုတ်ပါ။ ငါးများ အသေအပျောက် အနည်းဆုံ့းဖြစ်အောင် လုပ်ရမည့် နည်းလမ်းများကို၊ ဆုံးဖြတ်ရမည့်သူ ရေမြေ့သခင် မင်းတုန်းမင်းတရား လေ့လာခဲ့ဖို့ ကောင်းပါသည်။ အပြောင်းအလဲလုပ်ရန် လိုအပ်သည်ကို နားလည်ခဲ့ဖို့ကောင်းပါသည်။ထိုသို့မဟုတ်ပဲ မင်းဆရာ၏ အဆိုအမိန့်ကိုသာ မျက်စိမှိတ် နားထောင်ခဲ့မှုကြောင့် ငါးများတင်မဟုတ်ပဲ ပြည်သူများစွာ၏ အသက်များ သေကြေပျက်စီးခဲ့ရသည်။ လက်နက်အင်အားမမျှတမှုကြောင့် မြန်မာပြည်ကြီးလဲ ကျွန်ဘဝရောက်ခဲ့ရသည်။


တဖန်သီပေါမင်းလက်ထက်ရောက်ပြန်တော့လဲ ရန်သူများ နန်းတော်သို့ နီးကပ်လာစဉ်တွင် ခုခံမည်၊ မခုခံမည် အငြင်းပွားစဉ်ကာလ၌ ရှင်ဘုရင်ဖြစ်သူက ဘာမှဝင်ပြောနိုင်ရန် အရည်အချင်းမရှိ။ မင်းတိုင်ပင် ဘိုးဘိုးများ၏ အကြံပေးချက်အတိုင်း ကြက်ငှက်ပမာ အဖမ်းခံခဲ့သည်။ ‘ဘိုးဘိုးတို့ သတ္တိမရှိရင် ထမီဝတ်ထားကြပါလား။ စုဖုရားကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်တိုက်မယ်’ဆိုသော စုဖုရားစကားကိုလဲ လျစ်လျူရှုခဲ့ကြသည်။ စုဖုရားအား ထောက်ခံပြောနေခြင်း မဟုတ်ပါ။ စုဖုရားမှားခဲ့သည်များ၊ များစွာရှိပါသည်။ သို့ပေမယ့် အာဏာ၏ ပင်မချက်ချာနေရာ နန်းတော်ရာကိုကား အသက်နှင့် လဲလှယ်၍ ကာကွယ်သင့်ပါသည်။ ထိုသို့မဟုတ်ပဲ နိုင်ငံတစ်ခု၏ အပြောင်းအလဲ ကံကြမ္မာကာလတွင် မြန်မာတို့ သရဲဘောကြောင်ခဲ့ကြသည်မှာ သမိုင်းတွင် ရှက်ဖွယ်လိလိ။ လက်နက်အင်အားမညီမှုကြောင့် ရှုံးကောင်းတော့ ရှုံးခဲ့လိမ့်မည်။ သို့ပေမယ့် နိုင်ငံခြားသား စစ်ကာနယ်တစ်ယောက်၏ မှတ်တမ်းတွင် မြန်မာတို့နန်းတော်အား သေနတ်မဖောက်ရပဲ သိမ်းနိုင်ခဲ့သည် ဟူ၍တော့ သမိုင်းတွင်ကျန်ခဲ့မည်မဟုတ်။


လွတ်လပ်ရေးတိုက်ပွဲကာလ မြန်မာများမူကား အလွန်ပင် တော်ကြပါသည်။ ဝါဒရေးရာများ၊ ပုဂ္ဂိုလ်စွဲများရှိသော်လဲ လုပ်သင့်သည့်အချိန်တွင်တော့ ညီညာစွာ ဆုံးဖြတ်လုပ်နိုင်ခဲ့ကြသည်။ ဂျပန်အားလက်နက်နှင့် တွန်းလှန်ရမည့် အချိန်တွင် လက်နက်ကို ကိုင်တွယ်နိုင်ခဲ့ကြသည်။ ဂျပန်ထွက်ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ကိုမူကား သံတမန်ရေးရာနည်းဖြင့် အနိုင်ယူနိုင်ခဲ့ကြသည်။ အပြောင်းအလဲနှင့် လိုက်လျောညီထွေသော နည်းပရိယာယ်များ ချနိုင်ခဲ့ကြသည်။


သို့ပေမယ့် လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာများသည်ကား တွေဝေမှုတွေ များလာသည်။ အပြောင်းအလဲကို ကြောက်တတ်သူများကတမျိုး၊ ဆိုးကျိုးများတွေး၍ နောက်ပြန်ဆွဲတတ်သူ များကတမျိုး၊ အခက်အခဲများကို တွေးကြောက်၍ နောက်တွန့်နေသူများကတစ်မျိုး၊ အပြောင်းအလဲကာလတွင် တွေဝေနေသူများကတမျိုးနှင့်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ။ လုပ်ချင်ရာလုပ်နေကြတော့သည်။ ထင်ရာစိုင်းကာ တယောက်တပေါက်နှင့် လျှောက်ရမည့် လမ်းအားမလျှောက်ကြတော့ပဲ အပြောများက လွှမ်းမိုးလာကြသည်။


ပမာဆိုရသော် လူအများ ခရီးသွားရင် ချောက်တစ်ခုအားကြုံနေသည် ဆိုပါစို့။ ချောက်နှင့် သင့်လျော်သည့် ကျော်ဖြတ်နည်းကို သုံးရပေမည်။ နည်းကတော့ အမျိုးမျိုးရှိပေသည်။ နောင်လာနောက်သားများအတွက် စဉ်းစားကာ ကွန်ကရစ်လောင်း တံတားထိုးလဲရသည်။ ကျော်ဖြတ်၍ရယုံ ဝါးတံတားထိုး၍လဲရသည်။ ချောက်ထဲဆင်းပြီးမှ ပြန်တက်သည့်နည်းလဲရှိမည်။ ကြိုးပစ်ကူး၍လဲ ရချင်ရမည်။ လုပ်သင့်သည်ကို လုပ်ကြဖို့သာလိုသည်။ ညှိ၍မရလဲ ချောက်ကျော်နိုင်ဖို့သာ အာရုံစိုက်၍ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်နေဖို့သာ ရှိသည်။


သို့ပေမယ့် စာရေးသူတို့မြန်မာများအား ဤသို့မဟုတ်။ ချောက်ကူးဖို့ကနေ သူ့နည်းကိုယ့်နည်း ကောင်းသည်ဟူ၍ ထိုင်ငြင်းခုံနေသည့် အခြေအနေသို့ ရောက်လာကြသည်။ ချောက်ကူးရန် ကြိုးစားသူများကိုလည်း မကူးနိုင်ရန် နည်းမျိုးစုံဖြင့် အပုပ်ချဟန့်တားမှုတွေ လုပ်တတ်လာကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်နက်ကိုင်လှုပ်ရှားမှုများတွင်လည်း မစည်းရုံးခဲ့ကြ။ နယ်မြေလုတိုက်ပွဲတွေပင် ဆင်နွှဲခဲ့ကြသည်။ ရလာဒ်ကား နေဝင်းအစိုးရ စိတ်ကြိုက်ဖြစ်သွားသည်။ ဟိုဘက်မြှောက်ပေးလိုက်၊ သည်ဘက်မြှောက်ပေးလိုက်။ လက်နက်ကိုင်များ၏ ယူနီဖောင်းများ အရေခြုံဝတ်ပြီး ကြားဝင်ရှုပ်လိုက်။ အချင်းချင်းတိုက်ပွဲဖြစ်လာရင် ဟိုဘက်ဝင်ကူလိုက်၊သည်ဘက်ဝင်ကူလိုက်နှင့် ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခံခဲ့ရသည်။


ယင်းနောက်ပိုင်းကာလ ရှစ်ဆယ့်ရှစ်အရေးအခင်းကြီးကား အပြောင်းအလဲတစ်ရပ်ကို သမိုင်း၏ လိုအပ်ချက်နှင့်အညီ ဖန်တီးပေါ်ပေါက်လာနိုင်ခဲ့သောကာလ။ မြန်မာ့မျိုးဆက်လူငယ်ကျောင်းသားများက ပြောင်မြောက်စွာ ဦးဆောင်နိုင်ခဲ့ကြသည်။ အပြောင်းအလဲပေါ်ပေါက်လာပြီးမှ အပြောင်းအလဲကို ကိုယ်တွယ်နိုင်မည့် နည်းလမ်းဖြစ်သော ကြားဖြတ်အစိုးရကား အကြောင်းအမျိုးမျိုးကြောင့် မပေါ်ပေါက်နိုင်ခဲ့။ ချောက်မကူးပဲ ထိုင်ငြင်းခုံသည့် စိတ်များက လွှမ်းမိုးလာခဲ့ပြန်သည်။ ရလာဒ်ကား ရန်သူလက်ဦးသွားခဲ့သည်။


မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်နေသော ဒီမိုကရေစီစနစ် ၊ဖယ်ဒရယ်စနစ်ကိုသာ စုပေါင်းဆောင်ရွက်ရေး ဦးတည်နိုင်လာသော အချိန်ကျပြန်တော့လဲ မစည်းလုံးကြပြန်။ ရန်သူ၏ ပရိယာယ်စက်ကွင်းထဲသို့ ရောက်သွားသူများရှိလာပြန်သည်။ ဂျပန်ခေတ်ကလို အဖွဲ့ချုပ် စိတ်ထားမရှိကြ။ ကိုယ်အဖွဲ့၊ သူ့ အဖွဲ့သာ အာရုံစိုက်ကြတော့သည်။ ဘာလိုလိုနှင့် မည်သည့်မဖွဲ့မျှ နိုင်ငံရေးရည်ရွယ်ချက်များ မအောင်မြင်ခဲ့ကြသည်တော့ အမှန်။


ယခုလဲ အပြောင်းအလဲတစ်ရပ်၏ အချိန်ကားရောက်လာလေပြီ။ Engage လား၊ Defeat လား။ Engage လုပ်ရမည်ဟု မစားရ၀ခမန်း ထိုင်ပြောနေသူများရှိသည်။ နှစ်ပေါင်းများစွာ ဒိုင်ယာလော့ခ် အော်ခဲ့ကြသည်မှာ Engage မဟုတ်ပါဘူးလား။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးလို့ ဆိုခဲ့ကြပေမယ့်၊ Defeat လမ်းကြောင်းပေါ်တက်၍၊ တကယ်တိုက်ပွဲဝင် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများက အနည်းငယ်သာ ရှိခဲ့သည်။ စစ်အစိုးရပြုတ်ကျရေးပြောပြီး၊ ဒိုင်ယာလော့ခ်ပြောလိုက်၊ ပူးတွဲအစိုးရပြောလိုက်၊ လူထုတိုက်ပွဲပြောလိုက်နှင့် engage လိုလို၊ defeat လိုလို ယောင်နေခဲ့သည့် အချိန်က များခဲ့သည်။ အပြောင်းအလဲအတွက် အမှန်တကယ်လိုအပ်သည့် လမ်းစဉ်တခု ပြတ်ပြတ်သားသား မချနိုင်ခဲ့ကြ။


ယောင်ခြောက်ဆယ်သမားများကလဲ ရှိသေးသည်။ အတိုက်အခံက engage မလုပ်၍ပါဟု ဆရာကြီးလုပ် ဝေဖန်နေကြသည်။ နှစ်နှစ်ဆယ်လုံးလုံး engage ပဲလုပ်နေခဲ့တဲ့ တောင်းဆိုချက်များကို မြင်အောင် မကြည့်တတ်သည်ပဲလား။ engage လုပ်ခြင်းဆိုသည်ကို လက်နက်ချအရှုံးပေးရမည်ဟုပဲ ညံ့ဖျင်းစွာ သဘောပေါက်နေ၍လားမသိ။ တကယ်တန်းကျတော့ ဒိုင်ယာလော့ခ်လုပ်ရန် တောင်းဆို၍ engage လုပ်သည်ကို နအဖက လက်မခံပဲ ငြင်းဆန်နေခြင်းသာဖြစ်သည်။ အတိုက်အခံက မလုပ်ခဲ့ခြင်းမဟုတ်။ နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှုများကလဲ engage လုပ်ရန်သာဖြစ်သည်။ ဒါတွေကို မျက်နှာပြောင်တိုက် ငြင်းဆန်ခဲ့သည်က နအဖ။ အဖြေကရှင်းနေပါသည်။ နအဖက engage ကို လုံးဝစိတ်မ၀င်စားပါ။ အတိုက်အခံများကို defeat လုပ်လိုက်ရန်သာ စိတ်ဝင်စားပါသည်။


အပြောင်းအလဲအတွက် စိန်ခေါ်မှုကတော့ စတင်နေခဲ့ပါပြီ။ အတိုက်အခံများ ဘာလုပ်ကြမည်နည်း။ engage လမ်းကြောင်းပေါ်ပဲ ထိုင်နေလို့တော့မရပါ။ နအဖက ဂုတ်ခွစီးသွားလိမ့်မည်။ ချောက်ကူးဖို့ မကြိုးစားပဲ ကူးနည်းများ ထိုင်ငြင်းခုံလိုက်၊ ကူးဖို့ကြိုးပမ်းနေသူတွေကို အပြစ်တင်ဝေဖန်လိုက် လုပ်နေရုံနဲ့လဲ အကျိုးမထူးပါ။ ထိုသို့သော စိတ်ဓာတ်များကို ပြုပြင်သင့်ကြပါသည်။ လမ်းစဉ်ကတော့ တကြောင်းသာ ကျန်ပါတော့သည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရမည်။


အဆိုပါလမ်းစဉ်ဖော်ဆောင်ရန် လက်နက်ကိုင်တော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပျောက်ကျားး စသည်ဖြင့် နည်းအမျိုးမျိုးရှိမည်။ ကောင်းကျိုး၊ ဆိုးကျိုး၊ အချိန်မြန်ဆန်မှု၊ နှေးကွေးမှုစသည်ဖြင့် အကျိုးဆက်များစွာရှိသည်။ ကိုယ်သန်ရာကိုယ်လုပ်ရန်သာဖြစ်သည်။ ထင်ထင်ပေါ်ပေါ်နေချင်သူကို မြေအောက်တာဝန်သွားပေးလျှင် လိုင်းတစ်လိုင်းလုံး ရန်သူ့လက်ထဲရောက်မည်။ မြေအောက်လုပ်ချင်သူကို မြေပေါ်တာဝန် သွားပေးပြန်ရင်လဲ ထိရောက်မည်မဟုတ်။ သေနတ်မနိုင်သူလက်ထဲ သေနတ်သွားထည့်လို့လဲမရ။ အပြောကောင်းပြီး၊ စည်းရုံးရေးကောင်းသူကို သေနတ်တလက်ပေးပြီး ကင်းစောင့်ခိုင်းနေလျှင် အိပ်ပျော်သွားလိမ့်မည်။ လူအများနှင့် ရောရောနှောနှော မနေတတ်သူကို စည်းရုံးရေးမှူး သွားလုပ်ခိုင်းလျှင်လဲ ရှောင်ထွက်သွားလိမ့်မည်။ လူမှန်၊နေရာမှန် ဖြစ်ဖို့သာလိုသည်။ အပြောင်းအလဲ တစ်ခုအတွက် လိုအပ်သော သင့်လျော်သည့် နည်းမှန်လမ်းမှန်နှင့် လူမှန်၊ နေရာမှန်ဖြစ်လျှင်တော့ အောင်ပွဲဆိုသည်ကား မြေကြီးလက်ခတ်မလွဲ။


သူနည်းကောင်းသည်၊ ကိုယ့်နည်းကောင်းသည် ငြင်းခုံပွဲလုပ်ရန် အချိန်မဟုတ်။ အတိတ်သည် သင်ခန်းစားယူရန်ဖြစ်သည်။ သမိုင်းတရားခံရှာရန်မဟုတ်။ နောင်တရပြီး ဆွေးမြေ့တမ်းတနေရန် မဟုတ်။ ထိုသို့ဖြစ်ခဲ့သည်၊ ထပ်မဖြစ်စေရန် မည်သို့ ရှောင်ရမည်ကို သိဖို့ကတော့ လိုအပ်သည်။ ချားရဟတ်ကဲ့သို့ စက်ဝိုင်းတခုထဲတွင်သာ လည်နေပြီး၊ မူလနေရာသို့ ပြန်ရောက်သွားသည်မျိုး မဖြစ်စေရန်ကို အထူးဂရုပြုရမည်။


ချုပ်၍ဆိုရသော် မြန်မာ့ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော အပြောင်းအလဲတစ်ရပ်ကာလတွင် နအဖစစ်အာဏာရှင်တို့အား တော်လှန်နေသည့် အတိုက်အခံများအားလုံး ကိုယ်နိုင်ရာ တာဝန်ကိုယူဆောင်၍ ဟန်ချက်ညီ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုက်ရပါကြောင်း။


ခင်မမမျိုး (ဧပြီလ၊ ၂၀၀၇ခုနှစ်)

အပြည့်အစုံဖတ်ချင်ရင်..>>>

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

Friday, December 26, 2008

မြေအောက်ရဲဘော် ဆောင်ရန်ရှောင်ရန်



နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့အစည်းတိုင်းမှာ သူ့အုပ်စုနဲ့သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ


ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။


စိတ်နေစိတ်ထား


ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။



အ၀တ်အစား


လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။


လှုပ်ရှားမှု


စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။


နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။


မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။


အစည်းအဝေး


တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။


မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။


ဆက်သွယ်ရေး


လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။


ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။


ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။


ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့ အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။


စာရွက်စာတမ်း


တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။


စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။


မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။


တော်လှန်ရေးသစ္စာဖြင့်

ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Merry Christmas!

Thursday, December 25, 2008


You Tube ကနေ download လုပ်ထားတဲ့ သီချင်းလေးနှစ်ပုဒ် တင်ထားပါတယ်။ ပျော်ရွှင်ဖွယ်ခရစ်စမတ်ကာလလေး ဖြစ်ပါစေရှင်။

video



video


အပြည့်အစုံဖတ်ချင်ရင်..>>>

စစ်ကျွန် (၀တ္ထုတို)

Wednesday, December 24, 2008

စစ်ကျွန် (၀တ္ထုတို)


()


အချိန်ကား (၁၉၉၄) ခုနှစ်။

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။


အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်”

အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်”

ဘာ----”


သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ “အမယ်လေး၊ ကိုသောင်းမင်းရယ်”လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။


သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”


ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”

သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”


()


အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။


သမီး၊ ဆုံးဖြတ်ပြီးပြီလား”

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။


မေမေကသဘောမတူလို့လားဟင်”

မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”

ဘာဖြစ်လို့လဲမေမေ”

မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်”

သိပါတယ်မေမေ”

မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”


မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။


လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး”


မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး”

တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”


အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။


()


၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။


မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”

အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”

ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”

ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့”

မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား”


ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”

မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”

ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား”

စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”


တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့”


မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ”

ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့”


သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။


မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”


သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။


မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား”


လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ”

ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်”

အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ”

ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”

အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”

မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ”


မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။


ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့”

မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ”


ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး-လာ။ မေမေနဲ့လိုက်ခဲ့”


မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။


()

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။


ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။


ဒေါ်ကြီးစိန်ရေ။”


ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။


ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”

ဟေ”

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။


ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”

အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”


အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ”

ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ”


မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။


ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား”


()


(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။


သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။


သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။


တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။


မေမေရယ်။ သူ-”

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။


မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ”

မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----”

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။


အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်”


မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။


ခင်မမမျိုး (၂၂၊ ၁၂၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

စိန်နှင့်လူသား

Friday, December 19, 2008


စိန်နှင့်လူသား (၀တ္ထုတို)


()


သူမအမည် တင်မမ။


သူမပိုင်ဆိုင်သော ဆယ့်ရှစ်ရတီ၊ ဆယ်ရတီ စိန်တစ်လုံးနားကပ်များ၊ စိန်ခြယ်ရံနားကပ်များ၊ စိန်ပန်းခိုင်၊စိန်ဆံထိုး၊ စိန်လက်စွပ်များကို အကြောင်းပြု၍ အများခေါ်သည့် အမည်ကတော့ ဒေါ်စိန်မမ။ သူမကလဲ ထိုနာမည်ကို ပျော်ရွှင်ကြည်နူးစွာ လက်ခံတတ်စမြဲ။ အလှူမင်္ဂလာပွဲများတွင် တကိုယ်လုံးအား စိန်စီသွားပြီး ရှေ့ဆုံးစားပွဲတွင် နေရာပေးခံရမှ ကျေနပ်တတ်သူ။


မမတို့က မွေးကတည်းက စိန်စီထားတဲ့ ရွှေလင်ဗန်းမှာ အချင်းဆေးပြီး မွေးလာတာ”


သူမ၏ ခပ်ကြွားကြွားအပြောများကို နားငြီးကြသော်လည်း လူမှုရေးအရ နားထောင်ကြရသည်။ သူမလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သူများ အတွက်ကတော့ ပိုလို့ဆိုးသေးသည်။ လောက၀တ်အရ “မချစ်ပေမယ့်လဲ အောင့်ကာနမ်း” ဆိုသည်က ရှိသေးသည် မဟုတ်လား။


သူမကလည်း ဥစ္စာပစ္စည်းများကို လိုသည်ထက် ပိုမိုမက်မောတတ်သူဆိုတော့ ငွေရတာမှန်သမျှ အကုန်လုပ်သည်။ သူမမြို့လေးတွင်ရှိသော စီးပွားရေးလုပ်ငန်း တော်တော်များများ သူမနှင့် မကင်းလှ။ သက်ဆိုင်ရာအား ပေးသင့်တာပေး၊ ကျွေးသင့်တာကျွေးပြီး ဇိမ်ခန်းများ ဖွင့်သည်မှအစ ကျောက်မျက်ကုန်ကူးမှုများ၊ သစ်ခိုးထုတ်မှုများ၊ တဘက်နိုင်ငံသို့ လူကုန်ကူးမှုများအထိ သူမနှင့် မကင်း။ သူမနာမည် ဟုန်းဟုန်းတောက်နေချိန်ကား မှောင်ခိုများ လျှမ်းလျှမ်းတောက်နေသည့် ရှစ်ဆယ်ခုနှစ်များကာလ။ ငွေစက္ကူများ အစိုးရသိမ်းခံရပြီး၊ အများပြည်သူများ စားရမဲ့သောက်ရမဲ့ ဖြစ်နေချိန်တွင်လည်း သူမက အပြုံးမပျက်။


ငွေဆိုတာ အသွင်ပြောင်းထားရတယ်။ မမတို့ကတော့ စိန်တွေဖြစ်အောင် လုပ်ထားလိုက်တာပဲ။ ဦးနှောက်မှမရှိကြတာ။ ခံရတာတောင်နည်းသေးတယ်”


ထိုသို့ပင် ကိုယ်ချင်းမစာနာ ပြောတတ်သေးသည်။


မီးစာကုန်ရေခန်း၍ အိပ်ယာထဲလဲနေသော အမေအိုက ‘ငါးကြော်လေးနဲ့ ထမင်းလေးစားချင်လိုက်တာ သမီးရယ်’ ဆို၍ စုထားသော ခုနစ်ဆယ့်ငါးကျပ်တန်လေးကိုင်ရင်း ဈေးသို့အပြေးမှာ ထိုပိုက်ဆံ ဘာမှအသုံးမဝင်တော့ကြောင်း သိလိုက်ရသည့် သမီးတစ်ယောက်၏ ရင်ထဲမှသောကနှင့် မျက်ရည်စများကို သူမမြင်မိပါလေစ။ မြင်လျှင်လဲ ကိုယ်ချင်းစာတတ်သော နှလုံးသားသူမမှာမရှိ။သူမဘဝတလျှောက်လုံး သူများမျက်ရည်များ၊ သောကများ၊ ဘဝများနှင့် ရလာသော ငွေကြေးနှင့် နေထိုင်အသက်ရှင်ခဲ့သည်ပဲလေ။ထိုငွေစများကိုပင် စိန်များအဖြစ်သို့ အသွင်ပြောင်းလဲပြီး စိန်မမဘွဲ့ကို ခံယူထားသည်ပဲ။


()

သူ့အမည်ဦးဘစိန်။ ဘဝတလျှောက်လုံး မြေဖြူခဲများ၊ တပည့်များအကြားတွင် နစ်မြှုပ်ထားသူ၊အများအကျိုးကို ကိုယ်ကျိုးမငဲ့ပဲ ဆောင်ရွက်တတ်သည့်အတွက် တမြို့လုံးလေးစားစွာခေါ်ကြသည်က ဆရာစိန်၊ ကျောင်းအုပ်ဆရာကြီးဆရာစိန်။


ပောာင်းနွမ်းနေသော တိုက်ပုံလေးနှင့် စက်ဘီးအိုလေးသည် ဆရာစိန်၏ ပြယုဂ်။မိဘအမွေအနှစ် ပျဉ်ထောင်အိမ်လေးမှာ နေထိုင်ရင်း၊ ကျောင်းမှာ ကိုယ်ရောစိတ်ပါ သင်ပေးရုံမက စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် စာကျက်ချင်သူ ကျောင်းသားများကိုပါ၊ အိမ်ခေါ်၍ ရေနွေးကြမ်း၊ထန်းလျက်ခဲလေးများ ချကျွေးပြီး စာသင်ပေးသည့် ဆရာစစ်စစ်။အဖိုးအခစကားပြောလျှင်တော့ အစဉ်ပြုံးနေသော မျက်နှာတင်းသွားပြီး၊ ပိုက်ဆံလိုချင်လျှင် မှောင်ခိုကုန်သွားကူးမည်ဟု ပြောလွှတ်လိမ့်မည်။


မြို့မှသာရေး၊ နာရေးကိစ္စများတွင် ဆရာစိန်သည်မပါမဖြစ်။ ရိုးသားဖြောင့်မတ်မှု၊ သပ်ရပ်သေချာမှု၊တာဝန်ယူဆောင်ရွက်တတ်မှုများကြောင့် မြို့အုပ်ချုပ်သူများကပင်လေးစားရသူ။အရေးပေါ်သွေး ဆေးရုံမှာလိုအပ်လို့ကတော့ တခြားသွားမရှာနှင့်။ညသန်းခေါင်ကျော်တွင်ပင် ဆရာစိန်အိမ်တံခါးသွားခေါက်လိုက်၊ ချက်ချင်းထပြီး သွေးအမျိုးစားတူလျှင် သူကိုယ်တိုင်လှူသည်။သွေးမတူလျှင်လဲ သူတပည့်ဟောင်းများထံမှ လိုက်ရှာပေးသည်။သူတော်ကောင်း လူသားတစ်ယောက်ဖြစ်၍ သူ့အနီးတွင်လဲ သူတော်ကောင်းစိတ်ရှိသူများသာ နေကြသည်။ အရေခြုံ သူယုတ်မာများကား၊ ပြဒါးတလမ်းသံတလမ်းမို့ ကြာကြာမနေနိုင်ကြ။ မြှောက်စားပင့်စားများလဲမရှိ။


တပည့်များကိုပင်ဖြစ်စေ၊ မိတ်ဆွေများကိုပင်ဖြစ်စေ သူအမြဲပြောတတ်သော စကားတစ်ခွန်းရှိသည်။

စိန်တပွင့် အရည်အသွေးလက်လာဖို့ဆိုတာ အကွက်ပေါင်းခြောက်ဆယ့်လေးကွက် သွေးယူရတယ်။တကယ်တော့ လူတွေအားလုံးဟာ စိန်ရိုင်းပွင့်လေးတွေချည်းပဲ။အများတန်ဖိုးထားတဲ့ လူသားစိန်ပွင့်လေး ဖြစ်တာမဖြစ်တာကတော့ လူသားတစ်ယောက် သူ့ကိုယ်ကို ဘယ်လိုသွေးယူတယ်ဆိုတာနဲ့ပဲ ဆိုင်တယ်။ကိုယ်ကျင့်တရားကောင်းမှု၊ ရိုးသားဖြောင့်မတ်မှု၊ အများအကျိုးဆောင်မှု၊ ကိုယ်ချင်းစာနာတတ်မှု၊ သိက္ခာစောင့်စည်းမှုဆိုတဲ့ အကွက်တွေပေါ့’ ဟူသောစကား။


ပြောသည့်အတိုင်းလဲလက်တွေ့ကျင့်သုံးတတ်သူ။ငွေစက္ကူသိမ်းသည့် ညနေကလက်ထဲ ကျန်နေသောငွေစလေးများဖြင့်၊ ဆန်များ၊ဘဲဥလေးများဝယ်ပြီး ရပ်ကွက်ထဲမှလတ်တလော ထမင်းတနပ်စားရန် ခက်ခဲသူများကို အိမ်မှာခေါ် ထမင်းကျွေးသည်။လူသားတို့၏ ရင်ထဲမှသောကများကို ခံစားနားလည်ပေးတတ်သည့် စေတနာရှင်လူသား။


()

(၁၉၈၈)ခု၊စက်တင်ဘာ(၁၉)ရက်၊တနလာင်္နေ့နံနက်ခင်း။

အများပြည်သူတို့၏ ရင်တွင်းမှထွက်ပေါ်လာသော ခံစားချက်ဆန္ဒများဖြင့် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အင်အားသုံး ဖြိုခွင်းနေသည့်ကာလ။စက်တင်ဘာ(၁၈)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ နယ်တိုင်း၊မြို့တိုင်းတွင် ပေါ်ပေါက်လာသော အစိမ်းရောင်စစ်ကားကြီးများနှင့် ခံစားမှုမဲ့နေသော ကျောက်ရုပ်မျက်နှာစစ်သားများ။


ထိုအချိန်တွင် ဒေါ်တင်မမ၏ အိမ်တွင်းတွင်ကား စကားများငြင်းခုန်သံများဖြင့် ဆူညံနေသည်။


ဒေါ်တင်မမ။ ခင်ဗျားလူလည်မကျနဲ့နော်။ခင်ဗျားပေးလိုက်တဲ့ စိန်တွေကို ရှမ်းကမ်းက လူတွေက လက်မခံဘူးဗျ။ အတုတွေလို့ပြောတယ်’

မင်းကိုယ်တိုင်ကြည့်ပြီးမှ ယူသွားတာပဲ ကျော်ဇေယျ။ ငါ့ကိုဘာမလိမ့်တပတ် လုပ်နေတာလဲ’

စိန်အကြောင်းနားမလည်ဘူးလို့ ခင်ဗျားကိုကျုပ်ပြောခဲ့သားပဲ။ ခင်ဗျားကိုယုံလို့ ကျုပ်ပုံအောလိုက်တာ’

စိန်အကြောင်း နားမလည်ပဲ စိန်အလုပ်လုပ်ချင်တာတော့ မင်းအပြစ်နဲ့မင်းပဲ။ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးပြောနေသားပဲ။ ထွက်သွားကွာ၊ နားငြီးတယ်။’

သွားမယ်၊သွားမယ်။ခင်ဗျားလို စိန်ရူးရူးပြီး ကောက်ကျစ်နေတဲ့ မိန်းမကြီးကို လောကကြီးထဲကထွက်အောင် လုပ်ပြီးမှ ကျုပ်လဲသွားမယ်။ ကဲ။’

ငယ်သံပါအောင် အော်လိုက်သော ဒေါ်တင်မမ(ခေါ်)စိန်မမ၏ အသံအဆုံးတွင် သူမတပည့်များ ပြေးလာသည့်အခါတွင်ကား၊သွေးသံရဲရဲတွင် လဲကျနေသော သူမအလောင်းနှင့် ထွက်ပြေးသွားသော လူသတ်သမား ကျော်ဇေယျကိုသာ တွေ့ကြရတော့သည်။

()


ထိုအချိန်တွင် ဆရာစိန်ကားသူတို့မြို့မှသပိတ်စခန်းရှေ့ တရားဟောစင်မြင့်ပေါ်တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ်တည်ဆောက်ရေးများ အကြောင်းဟောပြောနေသည်။လူထုနှလုံးသားနှင့် တသားတည်းခံစားတတ်သူတစ်ယောက် လူထုအရေးတော်ပုံကာလတွင် သပိတ်ခေါင်းဆောင် ဖြစ်လာသည်မှာမဆန်း။ခေါင်းဆောင်နေရာဟူသည် အတင်းဝင်ယူ၍ ရကောင်းသည့်အရာမဟုတ်။ လူထုခေါင်းဆောင်ကို လူထုကပင် ရွေးချယ်သွားတတ်သည် မဟုတ်ပါလော။


မကြာမီပင် သပိတ်စခန်းအား စစ်တပ်မှဝိုင်း၍ တရားဟောသည်ကို ရပ်ခိုင်းသည်။ ဆရာစိန်ကားမရပ်။လက်နက်အားကိုးနှင့် မခြိမ်းခြောက်ရန် ငြိမ်းချမ်းရေးစကားကိုသာဆိုသည်။ သေနတ်ပစ်ခြင်း၊လူသတ်ခြင်းကိုသာ နားလည်သောသူများကား ငြိမ်းချမ်းရေးစကားကို နားမလည်။နဝတစစ်တပ်မှ အရာရှိတစ်ယောက် ရှေ့သို့ထွက်လာသည်။ပြီးတော့ ပစ္စတိုကို မာန်ပါပါဖြင့်ဆွဲထုတ်ပြီး ဆရာစိန်အား ပစ်သတ်လိုက်သည်။ ထောင်ပေါင်းများစွာသော လူအများရှေ့က လူသတ်ပွဲ။မည်မျှစက်ဆုပ်ဖွယ် ကောင်းပါသနည်း။ လူသတ်ပွဲကား မပြီးသေး။ထိုအရာရှိနောက်မှ တပ်သားများကလဲ လူအုပ်ထဲသို့သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ဆရာစိန်ကား အမှန်တရားအတွက် ပြည်သူအများ ရင်ဖွင့်ရာ တရားဟောစင်ပေါ်တွင် ထာဝရလဲလျောင်းလျက်၊သူချစ်မြတ်နိုးသော ပြည်သူများအတွက် အသက်ပေးသွားခဲ့လေပြီ။


()

လူ့ဘဝသက်တမ်းကား အလွန်ပင်တိုတောင်းလှပါသည်။ “ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီ’ အချိန်တိုလေးမှာပင် လူ့နှလုံးခုန်သံများကား ရပ်ဆိုင်းသွားတတ်သည်။စိန်နှင့်ပတ်သက်နေသော လူနှစ်ယောက်ကားတစ်နေ့တည်း၊တစ်ချိန်တည်းတွင်ပင် လူ့လောကထဲမှ ထွက်ခွာသွားခဲ့ကြသည်။


တစ်ဦးကား စိန်များကို အပေါ်ယံတန်ဆာအဖြစ် မြတ်နိုးတန်ဖိုးထားသူ။နောက်တစ်ဦးကား မိမိ၏ကိုယ်ကျင့်တရား စိတ်ထားကို စိန်တစ်ပွင့်ကဲ့သို့ တန်ဖိုးထားတတ်သူ။


လောကတွင် အလားတူ လူအမြောက်အမြားပင် ရှိပါလိမ့်မည်။ လူသားစိန်ပွင့်များ၊ပိုမိုများပြားလာစေရန်သာ ဆုတောင်းရပေမည်တကား။


ခင်မမမျိုး (၃၀၊ ၁၂၊ ၂၀၀၆)


(မှတ်ချက်။၁၉၈၈ခု၊ စက်တင်ဘာ(၁၉)ရက်နေ့တွင် ထားဝယ်မြို့ သပိတ်စခန်းအပြင်၌ တရားဟောနေစဉ်၊နဝတစစ်တပ်မှ ဒုဗိုလ်မှူးကြီးမြင့်သိန်းဆိုသူ၏ ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခြင်းခံလိုက်ရပြီး၊ယုံကြည်ချက် အမှန်တရားအတွက် အသက်ပေးခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးပန်ကျော်အား ဤဝတ္ထုတိုဖြင့် ရည်စူးကန်တော့ပါသည်။ ဆရာကြီးကောင်းရာသုဂတိလားပါစေ။)

အပြည့်အစုံဖတ်ချင်ရင်..>>>

သွေးစွန်းလက် (၀တ္ထုတို)

Saturday, December 13, 2008

(တကယ်တော့ ဒီဇင်ဘာလဆိုတာ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ မှတ်တိုင်လေးတွေနဲ့ ပြည့်နှက်နေတဲ့ လလေးတခုပါပဲ။ ၁၉၉၁ မှာ 10D လှုပ်ရှားမှု ရှိခဲ့သလို၊ ၁၉၉၆ ကျတော့လဲ ကျောင်းသားများဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၉၉၆ ဒီဇင်ဘာလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်)


သွေးစွန်းလက် (၀တ္ထုတို)


()

၂ဝဝ၄ခုနှစ်၊စက်တင်ဘာ(၁၆)ရက်။

အလုပ်မှပြန်ရောက်ရောက်ချင်း ကွန်ပျူတာခလုတ်ကို သူမဖွင့်လိုက်သည်။ ဒါကလဲ သူမအမြဲလုပ်နေကျ။ ဒီလိုတိုးတက်လှသော နည်းပညာခေတ်ကြီးတွင် သတင်းအချက်အလက်များနှင့် မျက်ချေပြတ်နေလို့မရ။ အထူးသဖြင့် နိုင်ငံတစ်ခု၏ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲရန် ကြိုးစားနေကြသော သူမတို့လို တော်လှန်ရေးသမားများအတွက် သတင်းတစ်ခု၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်အောင် ကြီးမားလှသည်။ အီးမေးလ်ထဲသို့ဝင်ပြီး ပေးပို့ထားသော သတင်းတစ်ပုဒ်ကို သူမဖတ်ကြည့်လိုက်မိသည်။


သတင်းခေါင်းစဉ်က “ဝန်ကြီးချုပ်ကိုတိုင်းမှူးကအလဲထိုးနိုင်သလား” တဲ့။ အလာချည်းပါလား။ သူမဆက်ဖတ်ကြည့်သည်။


ဗိုလ်ချုပ်ကြီးခင်ညွန့် ညီလာခံပြီးရင် ရွေးကောက်ပွဲဝင်ဖို့ လျှို့ဝှက်ရံပုံငွေရှာပေးနေတဲ့ နယ်စပ်ကုန်သွယ်ရေးအဖွဲ့(နစက)ကို ဖျက်တော့မယ်လို့ သိရပါတယ်။ ကြားရပုံကတော့ ကွတ်ခိုင်နဲ့မူဆယ်ကြားမှာရှိတဲ့ နမ့်ဖကာစစ်ဆေးရေးဂိတ်မှာ နစကအဖွဲ့တကကဇော်မိုးနဲ့ တကကခင်အေးတို့ကို ၁၂၊၉၊၂ဝဝ၄ရက်နေ့မှာ စဖမ်းပြီးနောက်ပိုင်းကြားရတာပဲ။ အဲဒီနေ့မှာပဲ ရန်ကုန်က နစကချုပ်ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ စစ်မဟာဗျူဟာလေ့လာရေးရုံးက ဗိုလ်မှူးကြီးစန်းပွင့်တို့ မူဆယ်ရောက်လာတယ်။ ပြီးတော့ဖမ်းထားသူအားလုံးကို လားရှိုးတိုင်းမှူးရုံးကို ခေါ်သွားတယ်။ အခုထိ ဖမ်းထားသူအားလုံး (၁၅)ရက်နေ့ထိ (၅ဝ)ကျော်နေပြီ။ ဒီလိုလုပ်ဖို့ တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်က ပြင်နေတာကြာပြီ။ အခုမှ ဝန်ကြီးချုပ်ရန်ကုန်မှာ မရှိတုန်းထလုပ်ပစ်တာ။ ဒီနေ့ထိကြားရတဲ့ သတင်းကတော့ ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ ဗိုလ်မှူးကြီးစန်းပွင့်က တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်ကို နစကအဖွဲ့ဖျက်သိမ်းပေးဖို့ ဝန်ကြီးချုပ်ကို သူတို့ကိုယ်တိုင်ပြောပါ့မယ် ကတိပေးပြီး၊ (၁၅)ရက်နေ့က ရန်ကုန်ပြန်သွားကြတယ်။ အခုဖမ်းထားသူတွေထဲမှာ မူဆယ်က ဗိုလ်ကြီးစည်သူအောင်လဲ ပါတယ်လို့သိရပါတယ်’


ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေသည့် သူမမျက်လုံးများ ပြာဝေသွားသည်။ ရင်ထဲတွင် ကတုန်ကရင်ဖြစ်လာသဖြင့် ရေတစ်ခွက်ကို သူမထသောက်မိသည်။

ဘယ်လိုလဲ။ဘယ်လိုဖြစ်ကုန်တာလဲ’


သာမန်ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ပုဒ်မဟုတ်တာတော့ သေချာသည်။နစကဆိုတာက နအဖဝန်ကြီးချုပ်ရဲ့ လက်ရုံးတစ်ခုဖြစ်သလို ဗိုလ်ကြီးစည်သူအောင်ဆိုတာကလဲ စစ်ထောက်လှမ်းရေးကနေ နစကတပ်ထဲ ရောက်သွားခဲ့သူပဲ။


မယုံနိုင်စရာပါပဲလားကိုကိုရယ်’

သူမတီးတိုး ရေရွတ်လိုက်မိသည်။

ကိုကို(သို့မဟုတ်)ဗိုလ်ကြီးစည်သူအောင်။

တသက်တခါ၊ တလွှာတပွင့်ရယ်လို့ သူမစွဲလမ်းမြတ်နိုးခဲ့ဖူးသူ။

ကုလားထိုင်ကို နောက်မှီထိုင်လိုက်ရင်း သူမအတွေးများက အတိတ်သို့ အလိုလိုရောက်သွားသည်။ ရှေ့တည့်တည့်မှ ကွန်ပျူတာဖန်သားပြင်ကိုလဲ မမြင်နိုင်တော့။


()

သိပ်မကြိုးစားပါနဲ့ နန္ဒာရယ်။ နင့်မျက်နှာက တော်တော်ချောင်နေပြီသိလား။ စာမေးပွဲကဖြင့် အဝေးကြီးလိုသေးတယ်’

မလိုတော့ပါဘူးဟာ၊ တရက်ပြီးတရက်နီးနီးလာပြီဟ၊ ခြောက်လဆိုတဲ့အချိန်ဟာ မထင်နဲ့နော်၊ ဟိုလှည့်ဒီလှည့်နဲ့ ကုန်သွားမှာ’

အေးပါဟာ၊ နင်က ဆေးကျောင်းသွားမှာဆိုတော့ ပိုကြိုးစားရမှာပေါ့။ ငါက နင်နေမကောင်းဖြစ်မှာ စိုးရိမ်လို့ပါ’

အောင်မယ်၊ နင်ကကော မသွားမှာလိုက်လို့၊ စာသာမကျက်ချင်တာ၊ ဂျူတီကုတ်တော့ ဝတ်ချင်တယ်ဆို နင်ပဲပြောပြီးတော့’

ပြောပြောဆိုဆိုနှင့် ရယ်သံလေးများ လွင့်ပျံနေသည့်နေရာက မန္တလေးမြို့၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ စာသင်ခန်းလေးတစ်ခု။

ပြောသာပြောရတယ်ကြူမာရယ်၊ ငါသင်္ချာသိပ်မရဘူးဟ၊ ဂုဏ်ထူးရမှာတော့ သေချာပါတယ်ဟာ။ဒါပေမယ့်(၁ဝဝ)ရချင်တယ်။ အမှတ်တွေပေါင်းလိုက်ရင် သင်္ချာအမှတ်က အရမ်း carry လုပ်တယ်ဟ။’


နင်ပြောမှငါသတိရတယ်။ ငါ့ဆီမှာ သင်္ချာဂုဏ်ထူးတန်း နောက်ဆုံးနှစ်တက်နေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်။ သူ့ကိုသင်ခိုင်းရင် မကောင်းဘူးလား။’


ဒီလိုနှင့်ပင် ကြူမာရဲ့ မိတ်ဆက်ပေးချက်အရ သူမနဲ့ ကိုစည်သူတို့ စတင်တွေ့ဆုံခဲ့ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့ဆိုလျှင် ဘုရားကြီးနားမှာရှိသော ကိုကိုတို့အိမ်သို့ သူမတို့ရောက်နေကျ။ ကိုကိုသင်ပေးသည့် သင်္ချာပုစ္ဆာများကို တွက်ချက်ရင်း၊ ကိုကို့အမေ ချက်ကျွေးသည့် ထမင်းဟင်းများကို အဆောင်ကျောင်းသူတွေ ပီသစွာ အလုအယက်၊ ငတ်ကြီးတကျစားရင်း အလွန်ပျော်စရာ ကောင်းခဲ့သောအချိန်များပါပေ။


တခါတရံ ညနေအပြန် မဟာမြတ်မုနိဘုရားကြီးအား ဝင်ဖူးရင်း ဘုရားဈေးတန်းမှ မုန့်များဝင်စားရသည်မှာလဲ အစားကြိုက်သူ သူမအဖို့အမှတ်တရပါပဲ။

နန္ဒာကစာမေးပွဲပြီးရင် ရှမ်းပြည်ပြန်နေမှာလား’

ပြန်မှာပေါ့အစ်ကို။ ဆယ်တန်းကို အမှတ်များများနဲ့ အောင်ချင်လို့သာ မြို့ကြီးမှာ ကျောင်းလာတက်နေရတာ။ နယ်မှာလိုမပျော်ဘူး။’

မပျော်လို့ ဘယ်ရမလဲလေ၊ တက္ကသိုလ်တက်ရင် ပြန်လာရဦးမှာ။နောက်ဆို အမြဲနေသွားရမယ့်နေရာလဲ ဖြစ်ချင်ဖြစ်သွားမှာပေါ့။’


သူမအား စူးစူးစိုက်စိုက်ကြည့်ရင်း ကိုကိုက ပြောသည်။ဆယ်တန်းစာမေးပွဲဖြေဖို့ (၁ဝ)ရက်ခန့်အလိုမှာ ဦးနှောက်ဆေးသည့်အနေဖြင့် တောင်သမန်သို့ အလည်သွားခဲ့ကြသည်။တောင်သမန်အင်းဘေး စားသောက်ဆိုင်လေးမှာ ထိုင်ရင်း စကားလက်ဆုံကျတော့ ဆရာပီပီ ခပ်တည်တည်နေတတ်သူက မနောက်စဖူးနောက်လိုက်သည့်မို့ သူမနဲနဲအနေခက်သွားသည်။ ပညာရေးကိုသာ မျက်စိမှိတ် စိတ်နှစ်ထားပေမယ့် သူမလဲ ဆယ်ကျော်သက် ရင်ခုန်သံကို ခံစားတတ်သူပဲလေ။ကြူမာက “ယောင်းမ’ခေါ်ပြီး ကိုကိုနဲ့ စသည်ကိုလဲ အနဲငယ်ကျေနပ်မိသလို၊ ညစာကျက်ချိန်လေးတွေမှာ မသိမသာ ဝင်ရောက်နေရာယူတတ်တဲ့၊ စတစ်ကော်လာဖြူ၊ ပုဆိုးကွက်စိပ်လေး အမြဲဝတ်တတ်တဲ့ သူ့ကိုလဲ “ကိုကို’ရယ်လို့ ရင်ထဲကနေ တိတ်တခိုး ခေါ်ဝေါ်သုံးစွဲနေတတ်ခဲ့ပြီပဲ။


ဒီလိုနှင့် စာမေးပွဲကြီးပြီးသွားသည်နှင့်အမျှ အရာအားလုံးလဲ ပြီးသွားခဲ့ပြန်သည်။ မန္တလေးမြို့ကြီးမှ ခွဲခွာပြီး၊မွေးဖွားရာ ဇာတိမြို့လေးမှာ မိဘလက်ငုတ်လက်ရင်း ပွဲရုံလေးမှာ ပြန်ကူညီနေရသဖြင့် ကုန်စာရင်းများ၊ငွေစာရင်းများနှင့်သာ လုံးချာလည် လိုက်နေသည့်အဖြစ်။ ကြူမာလဲ သူ့မိဘများရှိရာ မိုးကုတ်သို့ ပြန်သွားသဖြင့် တခါတရံစာရေးဖြစ်သည်မှအပ မတွေ့ဖြစ်ကြတော့။ ကိုကိုဆီမှ စာလေးများတော့ တခါတရံ ရောက်လာတတ်သည်။ ကျောင်းပြီးပြီး၊ ဗထူးတွင်ဗိုလ်သင်တန်း တက်နေသည်ဆိုပဲလေ။လူကြုံရှိသဖြင့် ရှမ်းပဲပုတ်ထောင်းကြော်လေးများ၊ ဆီတို့ဖူး၊ မုန်ညင်းချဉ်လေးများ ပို့ပေးဖြစ်သည်။ကိုကို့ဆီက ကျေးဇူးတင်စာရတော့ သူမမှာ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ကျောင်းဆင်းပွဲ ဖိတ်စာနှင့်အတူ၊ပခုံးပေါ်မှာ ရာထူးကြယ်ပွင့်လေး လာတပ်ပေးဖို့၊ သူ့မေတ္တာကို လက်ခံပေးဖို့ ကိုကို့ဆီက စာရောက်လာတော့ သူမမှာ တအံ့တသြ။ သူမမိဘများကို ဘယ်လိုပြောပြီးသွားရပါမည်လဲ။မြို့ကြီးမှာ ကျောင်းတစ်နှစ်သွားထားလိုက်တာ၊ ရည်စားပါရလာသည်ဟု စွပ်စွဲတာ သူမမခံနိုင်။ ပြီးတော့ သူမအသက်ကလဲ ငယ်သေးပါသည်လေ။ ကျောင်းဖွင့်ချိန်ကလဲ နီးလာပြီဆိုတော့ ကိုကိုနဲ့တွေ့မှပဲ အကြောင်းစုံ ရှင်းပြတော့မည်ဟု သူမဆုံးဖြတ်လိုက်မိသည်။


()

မျှော်လင့်တွေ့ချင်နေသူ တစ်ယောက်ကို မမျှော်လင့်တဲ့အချိန်မှာမှ ပြန်တွေ့ရတာအတွက်တော့

သူမရဲ့ ဆိုးဝါးလှသော ကံကြမ္မာကိုပင် အပြစ်တင်ရမည်လား’


ကျောင်းတွေပြန်ဖွင့်တော့ သူမရည်မှန်းထားသည့်အတိုင်းပင် ဆေးတက္ကသိုလ်တက်ခွင့်ရသည်။ ကြူမာလဲ ဆေးကျောင်းရောက်လာသဖြင့် သူငယ်ချင်းနှစ်ယောက် အရမ်းပျော်သွားကြသည်။ ကြူမာ ပျော်သည်ထက် သူမက ပိုပျော်မည်ထင်ပါသည်။ ကြူမာဆီကနေ ကိုကို့အကြောင်းကြားရမည် မဟုတ်ပါလော။


ကြီးကြီးမျိုးက၊ အစ်ကိုအောင် သင်တန်းသွားကတည်းက မိုးကုတ် ပြန်ပြောင်းလာတယ်ဟ၊ကျောင်းဆင်းပွဲတုန်းက တခေါက်ပဲ ရှမ်းပြည်တက်သွားတယ်။ အစ်ကိုအောင်လဲ သူ့တပ်ကိစ္စတွေ ရှုပ်နေတယ်ထင်ပါရဲ့။ အဆက်အသွယ်ပြတ်နေတယ်’


သဲလွန်စက တွေ့ရမည်လိုလိုနှင့် ပျောက်သွားပြန်သည်။ ဘယ်ရောက်နေလဲ ကိုကိုရယ်။ရှေ့တန်းမှာများလားဆိုတာ တွေးမိတော့ စိတ်ပူသွားမိသေးသည်။


ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းမှာ ဆယ်တန်းတုန်းက သင်ခဲ့ရသည့် ဘာသာရပ်များကိုသာ အဆင့်မြှင့်သင်ကြားခြင်းဖြစ်သဖြင့် ဆယ်တန်းစာကျေပြီးသား သူမတို့အဖို့ သိပ်မခက်ခဲလှ။ လက်တွေ့ သင်ခန်းစာများမှလွဲ၍ ကျန်ဘာသာရပ်များမှာ သိပြီးသားများဖြစ်သဖြင့် စိတ်ဝင်စားစရာလဲ မကောင်းလှ။ အမှန်တကယ် စိတ်ဝင်စားစရာကောင်းသည်က တက္ကသိုလ်တံတိုင်းကို ကျော်ပြီးဝင်လာတတ်သည့် ထူးခြားသောစကားလုံးလေးများ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အာဆီယံစသည်များ။ရှစ်လေးလုံးအရေးအခင်းကို သိသော်လဲ အသက်ငယ်သေးသည်က တကြောင်း၊စစ်တပ်များ ဝန်းရံထားသော နယ်မြို့လေးမှာဖြစ်သည်ကတကြောင်းတို့ကြောင့် အဆက်အစပ် သိပ်မရှိလှ။ အခု မန္တလေးမှာကျတော့ အဆက်အစပ်က နဲနဲရှိလာပြီ။ နောက်ဆုံးနှစ်အပိုင်း(က)မှာ တက်နေသည့် ရှမ်းအသင်းခေါင်းဆောင်မှတဆင့် မန္တလေးတက္ကသိုလ်ထဲမှ ကျောင်းသားများနှင့် သူမတွေ့ဆုံဖြစ်ခဲ့ပြီ။စာဖတ်ဝါသနာပါသူ သူမအတွက် ပြင်ပစာအုပ်ဆိုင်များတွင် မရနိုင်သော စာအုပ်စာတမ်းများကိုလဲ ဖတ်ခွင့်ရခဲ့ပြီ။ လေးနက်သောစာပေများ၊ ဗဟုသုတများကြောင့် ဆယ်ကျော်သက် ရင်ခုန်သံများကိုပင် မေ့သလိုဖြစ်သွားခဲ့ရသည်။သူမဘဝတလျှောက်လုံး နိုင်ငံရေးမျက်စိကန်းခဲ့သမျှ အခုမှ အမှန်တရားများကို သိလာရသည်။ အမှန်တရားများကို သိလာရလေလေ၊ ယုံကြည်ချက်ဆိုသည်က ပေါက်ဖွားလာလေလေ။ သမိုင်းပေးတာဝန်ဖြစ်သည့် လုပ်သင့်လုပ်ထိုက်သည်များကို သူမဘဝတိုးတက်ရေးထက် ပိုမိုဦးစားပေးတတ်လာခဲ့ပြီ။


ဒီလိုနှင့်ပဲ ၁၉၉၆ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် သူမတက်ကြွစွာ ပါဝင်ဖြစ်ခဲ့သည်။ဆန္ဒပြအရေး ဆိုသူများမှာ ကျောင်းသားလူငယ်များပင်ဖြစ်သော်လဲ ’ပြည်သူကိုရင်ဝယ်သားလို’ သဘောထားပါသည်” ဆိုသောစစ်အစိုးရ၏ တုန့်ပြန်မှုက ကြောက်ခမန်းလိလိ။ အပြောနှင့် အလုပ်မညီကြောင်းကို သက်သေထူလိုက်သည်။ ကျောင်းသားအများအပြား အဖမ်းခံရသလို တိမ်းရှောင်သွားသူတွေလဲ မနည်းလှ။ သူမလဲ အဆောင်မှထွက်၍ သူငယ်ချင်းများအိမ်၌ တလှည့်စီ ပုန်းအောင်းနေခဲ့ရသည်။


အိမ်ရှင်တို့တံခါးဖွင့်ပါ။ ဧည့်စာရင်း စစ်စရာရှိလို့’

နန်းရှေ့မှ သူငယ်ချင်းအိမ်တွင် ပုန်းအောင်းနေသည့် သန်းခေါင်ယံညတည။ မဖိတ်ခေါ်ထားသည့် ဧည့်သည်များက ဆိုင်းမဆင့်၊ ဘုံမဆင့်ရောက်ရှိလာခဲ့သည်။

စောနန္ဒာ၊ ဒီမှာရှိတယ်လို့ အတိအကျ သတင်းရထားတယ်’

အိမ်ရှေ့မှ အသံများကြောင့် အခန်းထဲမှ သူမထွက်သွားလိုက်သည်။ သူမတာဝန်ကို သူမယူရမည်လေ။မဆိုင်သူများကို သူမအတွက် ဒုက္ခမရောက်စေလိုပါ။သူမအသံကြားသည်နှင့် သူငယ်ချင်းဖြူဖြူသန့်ကို ထိုးချိန်ထားသည့် ပစ္စတိုပြောင်းဝက သူမဘက်လှည့်လာသည်။ လက်နက်မဲ့ ကျောင်းသူတစ်ယောက်ကို လာဖမ်းတာများ လက်နက်တွေ အပြည့်အစုံနဲ့ပါလား ထောက်လှမ်းရေး ယောက်ျားသားကြီးတွေရယ်။တွေးမိရင်း ရယ်ချင်သွားသည့် သူမရဲ့ စိတ်တို့သည် သေနတ်ကိုင်ထားသူ၏ မျက်နှာကို မြင်ရသည့်အခါမှာတော့---။ ချစ်ခဲ့ဖူးသူတစ်ယောက်နဲ့ ပြန်ဆုံရတဲ့ ကံကြမ္မာဟာ ဒါမျိုးတဲ့လားကွာ။


()

လှမျိုးဘယ်မှာလဲ။ ငါမေးနေတယ်လေ။ အဓိပ္ပာယ်မဲ့ အသားအနာမခံစမ်းနဲ့’

mainရှေ့မှာ စုကြတဲ့ လူတွေရဲ့ နာမည်တွေရေးစမ်း’

ငါမေးတာမှန်မှန်ဖြေစမ်း၊ ကွေ့ကောက်နေရင် ဘာဖြစ်မယ်ဆိုတာ မင်းနားမလည်ဖူးလား’

ခေါင်းမာတယ်ဆိုတာ မကောင်းဘူးကွ။ အခုမင်းရောက်နေမယ့်နေရာက ခေါင်းမာလို့မရဘူး။ မန္တလေး ထောက်လှမ်းရေး()လို့ခေါ်တယ်။ ဒီမှာပဲရေဝတဆိုတဲ့ ဘုန်းကြီးခေါင်းမာမှုနဲ့ သွေးပွက်ပွက်အန်ဖူးတယ် ဘာမှတ်နေလဲ။ ရိုက်လို့သေသွားရင်တောင် အရိုးရိုက်စစ်မယ့်နေရာကွ။ သိတာအကုန်ပြော’


ကိုကို့မျက်နှာကို မမြင်ရပေမယ့် ကိုကို့အသံမှန်းတော့ သိနေခဲ့ပါသည်။ ကိုကိုလူမှ ဟုတ်သေးရဲ့လားဟု တွေးလိုက်မိသည်။ မကောင်းဆိုးဝါးများဝင်စီးနေတာလား။ ဟုတ်ပါပြီ။ ကိုကိုတို့ရဲ့ စိတ်တွေကို၊မကောင်းဆိုးဝါး စစ်အာဏာရှင်စနစ်က ဝင်စီးနေတာပါ။


စစ်အစိုးရအာဏာရူးတွေရယ်။

တိုင်းပြည်ရဲ့ အဖိုးတန်လူငယ်တွေကို ရာထူးဂုဏ်၊မက်လုံးတွေပေးပြီး မျက်ကန်းမျိုးချစ်ဝါဒရိုက်သွင်းလို့ လူလူချင်းရက်စက်တတ်အောင် သင်ပေးနေတာတွေကို ရပ်တန်းကရပ်ပါတော့။ ကိုကိုတို့ လူငယ်တွေကရော ပညာတတ်တွေဖြစ်ရက်နဲ့ ဘာလို့ဆင်ခြင်တုံတရား၊ အသိဥာဏ်တွေ မရှိရတာလဲ။


တကယ်တော့ တပ်မတော်သားတွေမှာလဲ ဆက်စပ်နေတဲ့ ပြည်သူလူထုတွေ မရှိဘူးလား။ရဲတပ်ဖွဲ့ဝင်တွေမှာရော၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေမှာရော။ အားလုံးက ပြည်သူ့ရင်ထဲက ပေါက်ဖွားလာကြသူတွေချည်းပါ။ အမိန့်နဲ့တာဝန်ဆိုတာကိုပဲ ရိုက်သွင်းပြီး ကိုယ့်မိဘ၊ကိုယ့်ညီအစ်ကို မောင်နှမတွေအပေါ် ပြန်ရက်စက်ခိုင်းတာ၊ ဖြူစင်တဲ့ လက်ချောင်းလေးတွေကို သွေးစက်တွေ စွန်းထင်းခိုင်းနေတာ ဘယ်သူတွေလဲဆိုတာ အမှန်အတိုင်း သိမြင်သင့်ပါတယ်။ ဒေဝဒတ်ကို ဆရာတင်မိပြီး ခိုင်းသမျှ လိုက်လုပ်ခဲ့မိလို့ အမှားကြီးမှားခဲ့ရတဲ့ အဇာတသတ်အကြောင်းကို ပြောပြချင်လိုက်တာ။


()

ဒီတသက် မဆုံတော့ဘူးဟု ထင်ထားပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံရသည်။ မတရား ထောင်ချမှုမှလွတ်မြောက်လာပြီး နောက်ပိုင်းကိုယ့်မြို့လေးသို့ပြန်၍ မိဘလက်ငုတ်လက်ရင်း အလုပ်လေးများကို ဆက်လုပ်ဖြစ်သည်။ ထောင်မှလွတ်လာသော်လဲ ထောက်လှမ်းရေးလက်များကတော့ မလွတ်နိုင်သေး။ကြာလာတော့လဲ မိဘများကစိတ်ပူလာကြသည်။ လွတ်မြောက်ရာရှာဖို့ အကြံပေးကြသည်။မွေးရပ်မြေမြန်မာပြည်သည် သူမအတွက် မလုံခြုံတော့။ လုံခြုံသည့်နေရာကို သူမရှာကြံရတော့မည်။


ဒီကြားထဲ ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ ဇာခြည်က မန္တလေးမှာ ကျင်းပသော သူမမင်္ဂလာပွဲသို့ ဖိတ်လာသည်။ မြန်မာပြည်မှ မထွက်ခင် သူငယ်ချင်းများနှင့် နောက်ဆုံးဆုံတွေ့ခြင်းဟု သဘောပိုက်ကာ မန္တလေးဆီဒိုးနားမှာ ကျင်းပသောမင်္ဂလာပွဲသို့ သူမတက်ရောက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများနှင့် ပြန်တွေ့ရတော့လဲ စိတ်ထဲမှာ လန်းဆန်းသွားသလိုပါပဲ။


နန္ဒာ၊ ဒါဗိုလ်ကြီးစည်သူအောင်တဲ့၊ မူဆယ်က။ တို့အမျိုးသားနဲ့ မိတ်ဆွေတွေလေ’

သူငယ်ချင်းမ တစ်ယောက်က မိတ်ဆက်ပေးရင်း၊သူမဘေးခုံတွင် နေရာလာချပေးသည်။

သြော်-ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ် ဗိုလ်ကြီး။’

သူမအလိုက်သင့် ပြန်နှုတ်ဆက်လိုက်ပါသည်။


ဘယ်တုန်းကလွတ်လဲ’

နှစ်ယောက်တည်း ကျန်ခဲ့တော့ ကိုကိုက မေးသည်။

တစ်နှစ်လောက်ရှိပြီ’

အားလုံးအဆင်ပြေတယ်မလား’

ပြေပါတယ်’

အခု ကိုယ် မူဆယ်နစကမှာ ရောက်နေတယ်’

သြော်’

ဘာအကူအညီပေးရမလဲ’

မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်’

ကိုကို့စကားများကို အလိုက်သင့်ဖြေနေရသည်မှာ ပင်ပန်းလှပါသည်။ တချိန်က စစ်ကြောရေးများကို ပြန်သတိရမိသည်။ စစ်ထောက်လှမ်းရေးပီပီ အခုထိမေးခွန်းတွေ မေးနေတုန်းပါပဲလား ကိုကိုရယ်။

ပြန်လွတ်လာပြီဆိုတော့ ထပ်မမိုက်နဲ့တော့နော်’

ကျွန်မမိုက်ခဲ့တယ်လို့ ဆိုချင်တာလား’

သူမအသံ အနည်းငယ် ကျယ်လောင်သွားသဖြင့် ဘေးဝိုင်းက လှည့်ကြည့်သည်။ နှုတ်ခမ်းကို မသိမသာ ဖိကိုက်ရင်း ဒေါသနှုန်းကို လျှော့ရသည်။


ကျွန်မမိုက်ခဲ့တာ မဟုတ်ဘူးကိုကို၊ အမှန်တရားနဲ့ ပြည်သူ့ဆန္ဒဘက်က ရပ်တည်ခဲ့တာပါ။ တရားမျှတမှု၊လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအတွက် တောင်းဆိုခဲ့တာပါ’

ဒီလောက်နှစ်ရှည် ထောင်ထဲမှာနေခဲ့ရတာတောင်၊ ဒီစကားတွေ သုံးနေတုန်းပါလား။’

ဘာလဲဟင်၊ကိုကိုတို့က ထောင်ချလိုက်ရင် ဒီယုံကြည်ချက်တွေ ပျောက်သွားမယ်လို့ ထင်နေကြတာလား။အဲဒါဆိုရင်တော့ ကိုကိုတို့မှားသွားပြီ။ ကိုကိုတို့ ချုပ်ချယ်လို့ရတာ လူကိုယ်ခန္ဓာကိုပဲရမယ်။ ရင်ထဲမှာ ကိန်းဝပ်နေတဲ့ ယုံကြည်ချက် နှလုံးသားကိုတော့ ချုပ်ချယ် ကန့်သတ်လို့ မရဘူး ကိုကို။ ကျွန်မကို ခွင့်ပြုပါဦးနော်’


ပြောပြောဆိုဆိုနှင့် သူမထရပ်လိုက်သည်။

သြော်ကိုကို၊ နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့ပါရစေ။ ကိုကို့လက်မှာ သွေးတွေစွန်းနေတာ ကိုကိုသတိထားမိရဲ့လား။ ဒီအတိုင်းဆေးလို့တော့ မစင်နိုင်ဘူး ကိုကို။ မှန်ကန်ဖြူစင်တဲ့ နှလုံးသား ရှိလာတဲ့အခါကျရင်တော့ ပြည်သူတွေက ဆေးကြောပေးလိမ့်မယ်’

အဆုံးသတ် စကားပြောရင်း တခြားသူငယ်ချင်းများဝိုင်းသို့ သူမထွက်လာခဲ့သည်။ ကိုကို၊အောင့်သက်သက်နဲ့ ကျန်ခဲ့မှာ အသေအချာပါပဲ။ ဒီစကားတွေအတွက် ထပ်ဖမ်းမည်ဆိုလဲ သူမခံဝံ့ပါသည်လေ။ လူတိုင်းမှာ Freedom of Expression လူ့အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသည် မဟုတ်ပါလား။


()

မမ၊ပြန်ရောက်နေတာ ကြာပြီလား။’

အတွေးရေယဉ်ကြောတွင် မည်မျှမျောနေသည်မသိ။ အတူနေညီမလေး ပြန်လာမှ သတိပြန်ဝင်လာရသည်။ အတိတ်သည် အတိတ်မှာကျန်ခဲ့ပြီးသား။ လက်ရှိပစ္စုပ္ပန်ကို သူမအာရုံစိုက်ရပေဦးမည်။ အနာဂတ်မြန်မာ ပြည်အတွက် ကြိုတင်လေ့လာ ဖတ်ရှူထားရမည့် စာတမ်းတွေ ဖတ်ရဦးမည်ပဲလေ။ တစ်ခုတော့ဆုတောင်းမိပါသည်။ ကိုကိုတို့လို စနစ်ဆိုးရဲ့ အသုံးချခံသားကောင်များ၊ အမြန်ဆုံးအမြင်မှန်ရပြီး၊ သွေးစွန်းလက်များကို ပြည်သူမေတ္တာဖြင့် ဆေးကြောနိုင်ပါစေ ဟု။


ခင်မမမျိုး (2005)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP