ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Governance indicators

Friday, December 21, 2007

နအဖစစ်အုပ်စုတွင် တိုင်းပြည်တိုးတက်အောင် အုပ်ချုပ်နိုင်သော အရည်အချင်း မရှိပါ

တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်များ (good governance) လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် မည်သို့ မည်ပုံ စီမံခန့်ခွဲ ဆောင်ရွက်တယ် ဆိုတဲ့ နည်းစနစ်များ၊ နည်းလမ်းများအားလုံးဟာ governance နဲ့ ဆိုင်ပါတယ်။ good governance ရှိတဲ့တိုင်းပြည်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ပါတယ်။

(၂၀၀၇)ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံပေါင်း (၂၁၂) နိုင်ငံက Governance Indicators တွေကို သုတေသနပြုထားတဲ့ စာတမ်းတခု ထွက်လာပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ သုတေသနစာတမ်းပါ။ ဒီအထဲမှာ Governance Indicators တွေကို dimension (၆)ခု ခွဲပြထားပါတယ်။ dimension တခုချင်းဆီမှာ governance အကောင်းဆုံးကို (၂.၅)၊ အဆိုးဆုံးကို (-၂.၅) ပေးပြီး၊ data sources များစွာကနေ အချက်အလက်များရယူတွက်ချက်ထားတာပါ။

ပထမတခုက Voice & Accountability ပါ။ ဒီအချက်က ပြည်သူ့ဝန်ထမ်းတွေရဲ့ တာဝန်ခံမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှု၊ Civil Society အားကောင်းမှု၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးနိုင်မှုစတဲ့အချက်တွေကို တိုင်းတာပါတယ်။ ကျွန်မတို့ မြန်မာပြည်က ဒီdimension မှာ

(-၂.၂၈)နဲ့ အဆိုးဆုံးထဲမှာ ပါပါတယ်။

ဒုတိယတခုက Political stability ပါ။ ဒီအချက်က ပြည်တွင်း ပဋ္ဋိပက္ခ၊ ပြည်ပပဋ္ဋိပက္ခ၊ ပြည်တွင်းစစ်၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အစွန်းရောက် ၀ါဒီများရှိမှု၊ နိုင်ငံရေးရာများတွင် စစ်တပ်မှ ပါဝင်ပတ်သက်မှု၊ အာဏာသိမ်းမှုများကို တိုင်းတာတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ score က (-၀.၆၉) ဖြစ်ပါတယ်။

တတိယအချက်က Government Effectiveness ပါ။ ဒီအချက်က အစိုးရမတည်ငြိမ်မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အစိုးရရဲ့ စီမံခန့်ခွဲမှု၊ transportation, electricity ဆိုင်ရာ infrastructure များ ရဲ့ အရည်အသွေး စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-၁.၅၈) ဖြစ်ပါတယ်။

စတုတ္ထအချက်က Regulatory Quality ပါ။ ဒီအချက်က ထုတ်ကုန်၊ သွင်းကုန်မူဝါဒများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ငွေကြေးဈေးနှုန်းတည်ငြိမ်မှု၊ ဘဏ်လုပ်ငန်းများ တိုးတက်ကောင်းမွန်မှု စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-၂.၂၄) ဖြစ်ပါတယ်။ အဆိုးဆုံးပါ။

ပဉ္စမအချက်ကတော့ Rule of Law ပါ။ ဒီအချက်က ရဲတပ်ဖွဲ့အပေါ်တွင် ယုံကြည်ရမှု၊ ဥပဒေစိုးမိုးမှု စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-၁.၄၅) ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ Control of Corruption ပါ။ လာဘ်ပေးလာဘ်ယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများကို ထိန်းချုပ်သော ဥပဒေ စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-၁.၆၈) ဖြစ်ပါတယ်။

စစ်အုပ်စုက တပ်မတော်အစိုးရလက်ထက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်သို့ လုပ်ဆောင်နိုင်ကြောင်း၊ တပ်မတော်အစိုးရသာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိကြောင်း၊ ၀ါဒဖြန့်လေ့ ရှိပါတယ်။

ဘယ်လိုပဲပြောပြော အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏာန်းတွေက နအဖ စစ်အုပ်စုမှာ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်း မရှိကြောင်း ညွှန်းဆိုနေပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်စွမ်း မရှိတဲ့ အစိုးရတရပ်ကို အစိုးရနေရာမှာ ဆက်ထားတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ။

ဒါကြောင့် နအဖစစ်အစိုးရကို ဖြုတ်ချပစ်ရပါမယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြန်လည်ထူထောင်ကြရပါမယ်။ ဒါဟာ မြန်မာအားလုံးရဲ့ တာဝန်သာဖြစ်ပါတယ်။ တူချက်တချက်တည်းနဲ့ ကျောက်တုံးမကွဲတာကို စိတ်ဓာတ်ကျစရာမလိုပါ။ ပိုမိုအင်အားကြီးမားတဲ့ တူချက်ပေါင်းများစွာမှာ ဒီကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာပါ။

ခင်မမမျိုး

(21/12/2007)

အပြည့်အစုံဖတ်ချင်ရင်..>>>

Economic sanctions on Gems Trade

Wednesday, December 19, 2007

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာ့ကျောက်မျက်ရတနာ

ကျောက်မျက်ရတနာများမှ ရရှိသော ၀င်ငွေများဟာ နအဖစစ်အုပ်စုနဲ့ အပေါင်းအပါများရဲ့ အရေးပါသော ၀င်ငွေတခု ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်၊ စက်တင်ဘာလမှ ၂၀၀၇ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံမှ တင်ပို့တဲ့ ကျောက်မျက်ရတနာများရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၂၉၆.၉) သန်း ရှိပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့တန်ဖိုးက ၂.၁၆ ဘီလီယံဖြစ်ပြီး၊ ကျွန်းသစ်တန်ဖိုးက (၅၁၉)သန်းဖြစ်တဲ့အတွက် တတိယနေရာမှာ ရှိနေပါတယ်။

နအဖစစ်အုပ်စုဟာ (၁၉၈၈) ခု၊ အာဏာသိမ်းယူပြီး နောက်ပိုင်းကတည်းက မြန်မာ့သယံဇာတ ကျောက်မျက်ရတနာများကို နည်းမျိုးစုံနဲ့ တိုးမြှင့် ထုတ်လုပ်လာကြရာမှာ ၁၉၈၈ခုနှစ်မှာ Gems Blocks (၈)ခုပဲ ရှိရာက၊ (၂၀၀၅)ခုနှစ်မှာ (၆၃၅)ခုဖြစ်လာပါတယ်။ ထုတ်လုပ်မှုပိုင်းမှာကြည့်မယ်ဆိုရင်လဲ ၁၉၈၈ခုနှစ်မှာ (၁၂၆၀၀၀) ကရက်သာ ရှိခဲ့ပြီး၊ (၂၀၀၅)ခုနှစ်မှာကျတော့ (၆၁၂၃၂၀၀၀) ကရက်အထိထုတ်လုပ်မှု ရှိပါတယ်။ ကျောက်စိမ်းဈေးကွက်ကို ကြည့်မယ်ဆိုရင်လဲ (၁၉၈၈)ခုမှာ Jade Blocks (၃)ခုပဲ ရှိရာက (၂၀၀၅)ခုနှစ်မှာ (၁၂၀၂) ဖြစ်လာပါတယ်။ ထုတ်လုပ်မှုပိုင်းမှာလဲ ၁၉၈၈ခုနှစ်က ကျောက်စိမ်းထုတ်လုပ်တင်ပို့မှုဟာ (၁၃၀၀၀၀)ကီလိုသာ ရှိခဲ့ပေမယ့် (၂၀၀၅)ခုနှစ် ထုတ်လုပ်တင်ပို့မှုဟာ (၁၈၄၉၇၀၀၀)ကီလိုဖြစ်ပါတယ်။

ဒီလိုသယံဇာတပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်မှုဟာ တိုင်းပြည်ရဲ့ဝင်ငွေ တိုးတက်မှုဖြစ်တဲ့အတွက် သာမန်ကြည့်မယ်ဆိုရင်တော့ ၀မ်းမြောက်စရာပါ။ နည်းပညာတိုးတက်မှု၊နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ လက္ခဏာတခုပါ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုဖြစ်မလာပဲ စစ်ဗိုလ်ချုပ်ကြီးများနဲ့ အပေါင်းအပါးတစုတို့ရဲ့ ချမ်းသာကြွယ်ဝမှုကိုသာ ဖြစ်လာစေခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍတိုးတက်မှုမှာ ကြည့်မယ်ဆိုရင် ၅နှစ်အောက် ကလေးငယ်များ သေဆုံးမှုဟာ (၁၉၉၅)ခုနှစ်မှာ လူတထောင်မှာ(၁၃၀)ရှိပြီး၊ (၂၀၀၅)ခုနှစ်မှာ (၁၀၅)ယောက်ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအများစုက အယောက် (၂၀)၊ ခန့်သာ ရှိပါတော့တယ်။ ဒီတိုင်းတာမှုဟာ နိုင်ငံတနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို ဖော်ညွန်းတဲ့ အရေးပါသော ပြယုဂ်တခုပါ။ ဒါကိုကြည့်ခြင်းအားဖြင့်တင် နအဖစစ်အုပ်စုဟာ ကျန်းမာရေး ကဏ္ဍတိုးတက်ရေးကို ဦးစားပေးမလုပ်ဆောင်ခဲ့ကြောင်း သိသာထင်ရှားနေပါတယ်။

ပညာရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လဲ secondary school enrollment ratio ဟာ (၁၉၉၅) ခုနှစ်မှာ (၃၈) % သာ ရှိပြီး ၊ (၂၀၀၅)ခုနှစ်ကျတော့လဲ (၄၀)% ပဲ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ဒေသတွင်း ပျမ်းမျှ ရာခိုင်နှုန်းဟာ (၈၀)ကျော်ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းမှာဆိုရင်လဲ ၁၉၈၈ခု Implicit GDP Deflator ဟာ ၁၆၁.၇ ဖြစ်ပြီး၊ ဆယ်နှစ်အတွင်း (၁၉၉၉) ခုမှာတင် (၁၄၄၉.၄) ကို တိုးသွားခဲ့ပါတယ်။ နိုင်ငံရဲ့ကြွေးမြီဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၄၄၃၁) သန်းဖြစ်ပြီး၊ (၂၀၀၅) ခုနှစ်မှာ (၅.၂) ဘီလီယံဖြစ်ပါတယ်။

(၁၉၉၄)ခုနှစ်ကနေ (၂၀၀၄)ခုနှစ်အကြားကိန်းဂဏန်းများအရ အစိုးရရဲ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုဟာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ (၅)ရာခိုင်နှုန်းသာ ရှိခဲ့ပြီး၊ ကာကွယ်ရေးနဲ့ စစ်လက်နက်ကဏ္ဍတွေမှာ (၂၂)ရာခိုင်နှုန်းဖြစ်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့သယံဇာတထွက်ကုန်များအား တင်ပို့ ရောင်းချခြင်းမှရတဲ့ တိုင်းပြည်ဝင်ငွေတွေဟာ ပြည်သူလူထုအပေါ် ဘာအကျိုးဖြစ်ထွန်းစေမှုမှ မရှိစေခဲ့ကြောင်း ထင်ရှားလှပါတယ်။

မြန်မာ့ကျောက်မျက်ရတနာဈေးကွက်ကို နိုင်ငံတော်ပိုင် Myanmar Gems Enterprise မှ ချုပ်ကိုင်ထားပြီး၊ private gems trading ကုမ္ပဏီများကတော့ (၁၀၀၀) ကျော်ခန့် ရှိပါတယ်။ ဒီကုမ္ပဏီများကို ပိုင်ဆိုင်သူအများစုဟာ နအဖဗိုလ်ချုပ်ဆွေမျိုးများ၊ ငြိမ်းအဖွဲ့အစည်းများနဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင်တချို့သာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ မြန်မာ့ကျောက်မျက်ရတနာတင်ပို့ရောင်းချမှု အပေါ် စီးပွားရေးပိတ်ဆို့မှုများဟာ ပြည်သူလူထုကို မထိခိုက်ပဲ နအဖစစ်အုပ်စုများအပေါ်သာ တိုက်ရိုက်ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။

တခုပဲ ရှိပါတယ်။ ကျောက်မျက်ရတနာဈေးကွက်ဟာ တခြား commodities တွေဖြစ်တဲ့ clothing & Textiles လို၊ အချိုရည်ပစ္စည်းလို ဈေးကွက်တွေနဲ့တော့ မတူညီခြားနားမှု ရှိနေပါတယ်။ တခြားကုန်ပစ္စည်းတွေက ကမ္ဘာ့ဈေးကွက်ကို တိုက်ရိုက်ထိခိုက်မှု သိပ်မရှိပေမယ့် ဒီဈေးကွက်ကျတော့ global supply fluctuations ဖြစ်နိုင်ပါတယ်။ (၁၉၉၉) ခုနှစ်တုန်းက မိုးကုတ်ကျောက်တွင်းများကို နိုင်ငံခြားသားများ access လုပ်ခွင့် တရားဝင်ပိတ်လိုက်တဲ့အခါတုန်းက ထိုင်းနိုင်ငံရဲ့ ပတ္တမြားဈေးကွက်ကို အကြီးအကျယ် ထိခိုက်သွားခဲ့ပါတယ်။ မြန်မာ့ပတ္တမြားတွေရဲ့ (၉၀)ရာခိုင်နှုန်းဟာ ထိုင်းဈေးကွက်ကိုသွားပြီးမှ ကမ္ဘာကို ပျံ့နှံ့ရောက်ရှိပါတယ်။ Global Ruby Supply ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒီလိုပေါ်လစီမျိုးဟာ အချိန်တိုအတွင်းမှာ၊ အထိရောက်ဆုံးလုပ်နိုင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ Long-run မှာဆိုရင်တော့ price တွေ အရမ်းတက်သွားပြီး၊ dealer တွေကလဲ alternative နည်းမျိုးစုံကို ရှာဖွေလာမှာဖြစ်ပါတယ်။ global market demand ကို မေ့ထားလို့ မရပါဘူး။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေအခြေအနေမျိုး ဖြစ်သွားနိုင်ပြီး၊ နအဖတွေ အောက်လမ်းနည်းနဲ့ ပိုမိုကြွယ်ဝသွားနိုင်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်းမှာ ထိရောက်တဲ့ measures တွေ လုပ်နိုင်မှသာ နအဖစစ်အုပ်စုကို ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။ ဥရောပတိုက်အတွင်းမှာပဲ ဂျာမနီနိုင်ငံကို တရားဝင်တင်သွင်းနေမှုဟာ နှစ်စဉ်ယူရိုသန်းပေါင်းများစွာ ရှိနေပါတယ်။ မြန်မာ့ ကျောက်မျက်တွေ အ၀င်များတဲ့ နိုင်ငံတိုင်းမှာ ကျောက်မျက်ရတနာဈေးကွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အဲဒီ နိုင်ငံရဲ့ သက်ဆိုင်ရာတွေကို သတင်းပေးပို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။ မဟုတ်ရင် ရွှေသမင်ဘယ်ကထွက်ကိန်းနဲ့ စစ်အုပ်စုကို မထိခိုက်ပဲ Global Market ကိုပဲ ထိခိုက်နေတာမျိုး၊ နိုင်ငံတကာ မှောင်ခိုဂိုဏ်းတွေ ပိုမိုကြီးထွားလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ခြုံငုံပြောရရင်တော့ ကျောက်မျက်ရတနာ sanction ဟာ စစ်အုပ်စုအပေါ် ထိရောက်မှုရှိပါတယ်။ အမေရိကန်အပြင် အီးယူပါဖြစ်တဲ့အတွက် ထိရောက်မှုအား ကြီးပါလိမ့်မယ်။ ပေါ်လစီမှန်ပေမယ့် တကယ်ထိရောက်အောင် အရှိန်မြှင့်လုပ်ဖို့ လိုပါလိမ့်မယ်။ ဒီအတွက် မြန်မာအတိုက်အခံများကလဲ မျက်စိဖွင့်၊ နားစွင့်ပြီး ယိုပေါက်တွေ၊ လမ်းကြောင်းတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ လိုပါလိမ့်မယ်။

(18/12/2007)

အပြည့်အစုံဖတ်ချင်ရင်..>>>

River (part-5)

Thursday, December 13, 2007

မြစ်တစင်း (အပိုင်း-၅)

(၁၀)

”ရေတွေတက်လာတဲ့အချိန်က ညသန်းခေါင်ကြီး။ ဘာမှ ယူချိန်မရဘူး။ လူတွေတောင် မနည်းကိုယ်လွတ်ရုန်းကြရတာ။ ဒါတောင် မလွတ်တဲ့လူတွေ အများကြီး။ မဆယ်ရသေးတဲ့ အလောင်းတွေ အခုထိမျောနေတုန်း”

ရေကြီးသည့် အကြောင်းကို ရွာသားတဦးက ပြောပြနေငည်။ သူမတို့ ရောက်နေသည့်နေရာကား ဝေါမြို့နယ်အတွင်းမှ ရွာငယ်လေးတခု။ ဝေါရေဘေးဒဏ် ခံနေကြရသော ပြည်သူများအတွက် ဆန်အိတ်နှင့် အ၀တ်အစားများ လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။ အုပ်ချုပ်သူများထံလှူလျှင် ပြည်သူများထံမရောက်ပဲ မင်းဘဏ္ဍာဖြစ်သွားမည်ကို စိုးရိမ်၍ ကိုယ်ထူကိုယ်ထ လော်ရီကားကြီးများဖြင့် ရွာစဉ်လှည့် လှူနေကြခြင်းပါ။ ပဲခူး-ဝေါကားလမ်းမကား ချိုင့်ခွက်များဖြင့် ပြည့်နှက်လျက်။ ရေဒဏ်ကြောင့် ကျိုးကျသွားသော ရထားလမ်းတံတားငယ်လေးတခုနှင့် ရထားစက်ခေါင်းမှာ သူမတို့ရောက်ချိန်အထိ ရှိနေဆဲ။ ကားလမ်းပေါ်မှ လှမ်းမြင်နေရသည်။ လူတွေဘယ်လောက်များ ထိခိုက်သည်မသိ။ သတင်းအမှောင်ချထားသည့် တိုင်းပြည်မို့ ဘာဆိုဘာမှ သိခွင့်မရပါ။ သူမတို့တတွေတောင် နီးစပ်သူ မြို့ခံများဆီမှ ကြားရ၍ ကတိုက်ကရိုက် စီစဉ်ကြရခြင်းပါ။

ရွာသား၏စကားများကို နားထောင်ရင်း သူမကျေနပ်နေမိသည်။ တကယ်လိုအပ်သည့်နေရာတွင် ဖြည့်ဆည်းပေးသည့် ကုသိုလ်လုပ်ငန်းတခု၍ ပါဝင်ခွင့်ရခဲ့ပြီ။ ရန်ကုန်ရောက်နေဆဲမို့ တော်ပါသေးရဲ့။

မငယ်နှင့် ဆုံတွေ့ပြီးနောက်ပိုင်း စစ်တပ်နှင့် ပတ်သက်သော အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လိုစိတ်က အားနည်းလာသည်။ စိတ်အားထက်သန်မှု မရှိတော့။ တစုံတခုသော အဖြေမထွက်မီ ကြားနေလိုက်တာက ကောင်းမည်ဆိုသော စိတ်ဖြင့် ရန်ကုန်သို့ ရောက်လာခဲ့သည်။ မေမေနှင့်တော့ အတိုက်အခံ အတော်ပြောယူရသည်ပေါ့။

အင်္ဂလန်မှ အဝေးသင်အဖြစ်ပေးသော ကွန်ပျူတာ ဒီပလိုမာတက်ရန်၊ စပ်တူလုပ်ထားသော လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဦးစီးရန် ပြောလိုက်မှ အဆင်ပြေသွားသည်။ တိတ်တဆိတ်ဆက်သွယ်ရမည့်သူများ ရှိသဖြင့် ရန်ကုန်ဆွေမျိုးများနှင့်လဲ သူမမနေဖြစ်။ ကိုယ့်ဘာသာကို ဌားနေလိုက်သည်။ မြို့ကြီးများတွင် မပျော်၊ နယ်မှာပဲပျော်တတ်သူမို့ အိမ်ဝယ်ပေးပါလားလို့တော့ မေမေ့အား မပူဆာရဲ။ တော်ကြာ ကိုယ့်စကားနှင့်ကိုယ် ရန်ကုန်တွင်ပင် အခြေစိုက်နေနေရဦးမည်။ ရန်ကုန်တွင် မနေချင်၍ ဆေးကျောင်းကိုပင် မန္တလေးတက်ရန် တာစူထားသည်။ ထိုဆေးကျောင်းကလဲ ဘယ်တော့မှ ဖွင့်မည်မသိ။ ၉၆ ကျောင်းသားအရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားသည်။

ဘာပဲပြောပြော ရန်ကုန်သို့ ထွက်လာလိုက်ပြီး ရန်ကုန်အသိုင်းအ၀ိုင်းများနှင့်လဲ ခပ်ကင်းကင်းကိုယ့်ဘာသာ ကိုယ်နေလိုက်သဖြင့် အသိုင်းအ၀ိုင်းများနှင့် ဝေးသွားသည်တော့ အမှန်။ တောင်ကြီးတွင်နေသော မငယ်သူငယ်ချင်း အစ်ကိုကြီးတောက်ပေးလိုက်သော လိပ်စာများနှင့် လူများကို သာ သူမတွေ့ဆုံခဲ့သည်။ အလုပ်တဘက်၊ ကျောင်းတဘက်၊ ၀ါသနာပါသော စာသင်ကြားခြင်း (study Guide) ကတဘက်နှင့် သူမမှာလဲ နားချိန်မရခဲ့။ ကွန်ပျူတာပညာရပ်ကို ၀ါသနာမပါပဲ တခြားအကြောင်းပြချက်အတွက် သင်နေရသည်ဖြစ်သော်လဲ မည်သည့်အတတ်ပညာမဆို တချိန်တွင် အသက်မွေးဝမ်းကျောင်း ဖြစ်လာနိုင်သည်ဟူသော ခံယူချက်ဖြင့် သူမကြိုးစားလေ့လာသင်ယူခဲ့သည်။ ပေးဆပ်ထားသည့် အချိန်ကိုတော့ အလဟဿ အဖြစ်မခံနိုင်ပါ။

ဘာလိုလိုနှင့် လများအတန်ငယ်ကြာလာတော့ သူမသိချင်သည်များကို သိခွင့်ရလာသည်. ကျေးရွာများတွင် လူသတ်သည်ဆိုသည်ကို ဟုတ်မဟုတ်လေ့လာခဲ့သော သူမသည် ရန်ကုန်မြို့လယ်ခေ့င် ဆူးလေဘုရားရှေ့ လူသတ်ပွဲအကြောင်းကိုပါ ကြားလာရသည်။ ဆေးရုံကြီးရှေ့ လူသတ်ပွဲအကြောင်းကိုလဲ သိခွင့်ရခဲ့ပြီ။ တံတားဖြူအား တံတားနီအဖြစ် ဘာကြောင့် ခေါ်ကြသည်ကို လဲ သိလိုက်ရပြီ။ အစ်ကိုကြီးတယောက် ဖွက်၍ သိမ်းထားသော ဓာတ်ပုံများနှင့် ရှစ်လေးလုံးစာစောင်အချို့ကိုလဲ ဖတ်ခွင့်ရခဲ့သည်။

ထိုအစ်ကိုကြီးနှင့် ဆုံရသည်ကို သူမမည်သို့မျှမမေ့။ သူမစေ့စေ့ပေါက်ပေါက် မေးမှုများအား သံသယ ရှိလာ၍ထင့်။ “ညည်းက အမ်အိုင်ပလား“ဟုမေးသည်။ သူမကလဲ သွက်လက်စွာပင် “အခုတော့ on the margin ပဲ ရှိသေးတယ်။ အစ်ကိုတို့ ပြောတာတွေ၊ အထောက်အထားတွေ မခိုင်လုံရင်၊ အစ်ကိုတို့ လုပ်တာတွေ မဟုတ်ရင်တော့ ကျွန်မ အမ်အိုင်ထဲ တကယ်ဝင်သွားမှာ” ဟု ပြောလိုက်သည်။ သည်လောက် ပွင့်ပွင့်လင်းလင်းပြောလိုက်တော့လဲ ယုံသွားပုံရသည်။ အဖိုးမဖြတ်နိုင်သော သမိုင်းအထောက်အထားများကို သူမမြင်ခွင့်ရခဲ့ပါသည်။ သူမလဲ မယုံ၍ မရတော့။ သူမတချိန်က ဆူပူသူ အဖျက်သမားများဟု ခေါ်ဝေါ်သမုတ်ခဲ့သူများသည် သူမနှင့် အရင်းနှီးဆုံး အစ်ကို၊ အစ်မများ ဖြစ်လာခဲ့လေပြီ။ နောက်ဆုံး ”တလှေတည်းစီး၊ တခရီးတည်းသွား“ ဆိုသကဲ့သို့ ရေဘေးကယ်ဆယ်ရေးထဲတွင်ပင် သူမပါလာခဲ့ပြီ မဟုတ်ပါလား။

တလှေတည်းစီး၊ တခရီးတည်းသွားဆိုသည်ကတော့ အတော်မှန်သည်။ ယခုရွာလေးသို့လာရာတွင် လော်ရီကားပေါ်မှ ဆန်အိတ်များပေါ်တွင် ထိုင်ကြရင်း နိုင်ငံရေး အကျဉ်းသားဟောင်း အစ်ကိုကြီးတယောက်ပြောပြသည့် ထောင်တွင်း အတွေ့အကြုံများအား နားထောင်ခွင့်ရခဲ့သည်. ရွာသို့ရောက်တော့လဲ ကားလမ်းမဘေးမှ ရွာသည် ရေကြီးနေ၍ သူမတို့အား လှေလှော်၍ လာကြိုခဲ့လေသည်။ ရွာဘုန်းကြီးကျောင်းသို့ရောက်ပြီး ယခုသူမတို့ ထိုင်နေသော နေရာကား ကျောင်းအပေါ်ထပ်ဖြစ်သည်။ ကျောင်းအောက်ထပ်ကား ရေမြှုပ်နေပါသည်။ ကြံကြံဖန်ဖန်ကြုံခဲ့ရသော အတွေ့အကြုံသစ်တခု။

”တာတွေကလဲ ကျိုးတာမြန်လိုက်တာနော်“

အတူပါသူသူအစ်မတယောက်၏ မှတ်ချက်ချသံကြောင့် ရုပ်မြင်သံကြား ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် တပ်မတော်အစိုးရလက်ထက်၌ ဆည်မြောင်းတာတမံ ဘယ်နှစ်ခု ပြီးစီးကြောင်း၊ မည်မျှတိုးတက်ဖွံ့ဖြိုးလာကြောင်း ဖြေခဲ့ဖူးသည်ကို သွားသတိရလိုက်မိသည်။ တက်တက်စင်အောင် လွဲနေပါပကော။

ရိုးသားသော ရွာသားကတော့ သူကြားထားသည်များကို ဆက်ပြောလေသည်။

”ကျိုးမှာပေါ့။ နတ်ကိုင်တာကိုး။ စစ်သားတွေက နတ်မြွေကို သတ်မိတာ။ နတ်မြွေက သာမညဘုန်းဘုန်းကို အိပ်မက်ပေးတာ်။ ”မီးနဲ့ဆေးရမလား၊ ရေနဲ့ဆေးရမလား”ဆိုပြီး။ ဘုန်းဘုန်းက အိပ်မက်ထဲမှမီးနဲ့ဆိုပိုဆိုးမယ်။ ရေနဲ့တေးလို့ မိန့်လိုက်တာတဲ့။ ညတွင်းချင်း တာတွေ ကျိုးကုန်တာ”

သူမနှင့် သူမဘေးတွင် ထိုင်နေသော ကိုသက်တို့ တယောက်မျက်နှာတယောက် ကြည့်မိကြသည်။ အားလုံးလဲ ရေငုံနှုတ်ပိတ်။ ဘာဆက်ပြောရမည်မသိ။ နေရင်းထိုင်ရင်း သူမညဆရာတော်အပြစ်ဖြစ်နေပြီ။ အကြောင်းအရာတခုဖြစ်လျှင် ဘာကြောင့်လဲ မတွေးပဲ ထင်ရာမြင်ရာ လျှောက်ပြောသူများကို အလွန်ပင် စိတ်ကုန်မိသည်။ ထိုသူများက လျှောက်ပြောသည်ကိုရိုးသားသူများက အမှန်ထင်နေကြလေသည်။ သည်လိုကိစ္စတွေ ရှိသည်မရှိသည်ကိုတော့ သူမမငြင်းလို။ နိုင်ငံတော်အကြီးအကဲ ဆိုသူများမှာလဲ ထိုကိစ္စများနှင့်သာ အချိန်ကုန်နေကြလေသည်။ ရှေးဟောင်းဘုရားများအားထီးတင်လျှင် အာဏာမြဲမည်ဆိုသော အခါပေးများကြောင့် ဘုရားများအားလိုက်လံမွမ်းမံပြုပြင်ခြင်း၊ ထီးတော်တင်ခြင်းများ လုပ်နေကြသည်မှာ သူမမျက်မြင်ကိုယ်တွေ့။

မည်သို့ဆိုစေ၊ ယခုရေကြီးသည့်ကိစ္စကတော့ တာတမံများ ပြီးစလွယ် ပြုလုပ်ထား၍ဖြစ်သည်။ စစ်တပ်မှ ပြီးစလွယ် လုပ်ထားသည့် အကြောင်းများကိုတော့ သူမမျက်မြင်တွေ့သိခဲ့ပြီါ် ဖြစ်သည်။ သူမတို့ ရှမ်းပြည်န်ာတောင်ပိုင်းရထားလမ်းသည် ရွှေညောင်ဘူတာတွေင် အဆုံးသတ်ပြီး ရွှေညောင်သည် မြို့တော်တောင်ကြီးနှင့် (၁၂)မိုင်ခန့်သာ ဝေးသည်။ (၁၅)မိနစ်တကြိမ်ထွက်သော လိုင်းကားများ၊ တက္ကစီများနှင့် သူ့ဘာသာသူ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးသား။ နေသားတကျဖြစ်ပြီးသား။

ထိုသို့ ရှိနေပါလျက် တောင်ကြီး၊ ရွှေညောင်ရထားလမ်းဆိုသည်ကို အကောင်အထည် ဖော်ကြတော့သည်။ တလအတွင်း ပြီးရမည့် စီမံကိန်း၊ ပေါ်တာဆွဲပြီး စေခိုင်းခံရသူ အနီးအနား ရွာသားများက နောက်တော့ ပြန်ပြောပြကြသည်. အမြန်ပြီးအောင် ရထားလမ်းအောက်ထဲတံင် ငှက်ပျောတုံးတချို့ ထည့်ထားသည် ဟူ၍။ မငယ်သူငယ်ချင်းဖြစ်သူမှ ဤကိစ္စကု ပြန်ပြောစဉ်ကဆိုလျှင် ရထားလမ်းဖွင့်ပွဲ၌ အသင်းတခုကို ကိုယ်စားပြုတက်ခဲ့ပြီး၊ ပထမဆုံးရထားအား တာဝန်ရှိသူများနှင့်အတူ လိုက်ပါစီးနင်းခဲ့သည့် သူမတယောက် အလွန်ပင် ခေါင်းကျိမ်းသွားခဲ့သည်။ မြတ်စွာဘုရား။ ကံကြီးပေလို့။ ယင်းနောက်ပိုင်း ထိုရထားလမ်းအား ဆက်လဲ မသုံးကြတော့ပါ။ စစ်မဟာ ဗျူဟာ ပိုင်းမှကြည့်လျှင်တော့ သုံးသုံး၊ မသုံးသုံး ရထားလမ်းများသည် အလွန်ပင် အသုံးဝင်ပါသည်။ ရိုးမပတ်ရထားလမ်း စီမံကိန်းမှာလည်း ထိုနည်း၎င်းပင်။

“အဲဒီညကလေ၊ အမေ့မေတ္တာဆိုတာကို တကယ် တွေ့လိုက်ရတဲ့ညပဲ“

ရွာမှဦးကြီးတယောက်ပြောသည့် စကားကို ကြားတော့မှ လွင့်မျောနေသည့်စိတ်တို့ သတိဝင်လာသည်။

”ဘယ်လိုဖြစ်လို့လဲအဘ”

ကိုသက်က စိတ်ဝင်တစားဝင်မေးသည်။

“ရွာက ကလေးအမေတယောက်လေ။ ရေတွေတက်လာတဲ့အချိန်မှာ ပြေးရင်လွတ်ရက်သားနဲ့ လသားကလေးလေးကို မရရအောင် ကယ်တာ။ ရေလဲ သေချာကူးတတ်တာ မဟုတ်ဘူး။ နောက်ဆုံး သစ်ပင်အမြင့်ပေါ်ရောက်နေတဲ့ ငါ့ကို ကလေးလှမ်းပေးပြီး ရေထဲ မြှုပ်သွားတာ။ ငါလဲ လှမ်းဆွဲလို့ မမှီလိုက်ဘူး“

ကြားရသူများအားလုံး အို၊အယ်ဖြစ်ကုန်ကြသည်။ သားသမီးအတွက် အသက်စွန့်ရဲသော အမေတယောက်၏ စိတ်ဓာတ်နှင့် မေတ္တာတရား။ စွန့်လွှတ်အနစ်နာခံရဲသော သတ္တိ။ ကလေးပေါင်းထောင်နှင့်ချီ၍ မွေးပေးခဲ့ဖူးသော ဆရာဝန်မေမေကတော့ ပြောဖူးသည်။

“ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ မိန်းမတွေထက် ပိုသတ္တိရှိတယ်၊ မြင့်မြတ်တယ်လို့ ယူဆပြောဆိုတတ်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ မိန်းမတွေရဲ့ သတ္တိရှိမှု၊ မြင့်မြတ်မှုကြောင့် လူဖြစ်ခွင့် ရခဲ့ကြတယ်ဆိုတာ မတွေးမိကြဘူး။ မွေးခန်းထဲ ရောက်လာတဲ့ မိခင်လောင်းတချို့ဆိုရင် ဖွင့်ကို ပြောကြတာသမီး။ ဒေါက်တာရယ်-ကလေးအသက်ရှင်ရင်ပြီးရောကပါတဲ့။ တချို့လဲ ပြောသာမေပြောတာ။ ကလေးကိုပဲ ဦးစားပေးမှန်းသိသာနေတယ်။ မမြင်ရသေးတဲ့ ကလေးလေးကိုတောင် ဒီလောက်မေတ္တာထားရင် တသက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ရတဲ့ မိခင်တွေဆိုရင် ဘယ်လိုနေမလဲ။ စဉ်းစားသာကြည့်။ မိခင်တယောက်ရဲ့ အသက်စွန့်ရဲတဲ့ မေတ္တာတရားနဲ့ မြင့်မြတ်မှု၊ သတ္တိရှိမှုကို ဘယ်သူတွေက ယှဉ်နိုင်မှာတဲ့လဲ။ ဒါကြောင့်မိန်းမတွေကို မြင်ရင် ဒီအတိုင်း ကြည့်မနေရဘူး။ မိခင်လောင်းတွေ၊ မိခင်တွေပါလားလို့ လေးစားသမှုနဲ့ ကြည့်ရမယ်သမီး။ အမျိုးသမီးတွေလိုအပ်တာဆိုရင် တတ်နိုင်သမျှ ကူညီပေးရမယ်“

မေမေ့စကားကို မြေ၀ယ်မကျ နားထောင်သူ သူမသည် စစ်တပ်က မိန်းကလေးများကို မုဒိမ်းကျင့်သည် ဆိုသည်ကို အစပြု စိတ်ဝင်စားရာက နိုင်ငံတော်အုပ်ချုပ်သူများကို တော်လှန်နေသူများနှင့် ပေါင်းဖက်မိနေပြီ ဆိုသည်ကိုတော့ မေမေသိဦးမည်မဟုတ်။ သူ့သမီး ကွန်ပျူတာသင်တန်းတက်နေသည်ဟုသာ ထင်ပေလိမ့်မည်။ တနေ့နေ့ သူမအားလုံးကို သိရချိန်မှာတော့ မေမေ့ကိုလဲ သက်သေ သာဓကများဖြင့် ပြောပြဖြစ်ပါလိမ့်မည်။

“အဘ၊ ကလေးလေးကောဟင်။ စောင့်ရှောက်မယ့်လူရှိရဲ့လား“

“ဆွေမျိုးတွေ ဟိုဘက်ရွာမှာ ရှိတယ် တူမကြီးရဲ့”

”တော်သေးတာပေါ့။ သနားစရာကောင်းလိုက်တာ“

သူမတီးတိုးရေရွတ်မိသည်။ လသားအရွယ်မှာ သူ့အတွက် အသက်စွန့်သွားသော အမေဖြစ်သူအား မှတ်မိသိရှိလိုက်မည်ပင် မဟုတ်ပါတကား။

“ဒါနဲ့အဘ။ ဒီဒေသမှာ စစ်တပ်တွေ ဒီလောက်များတာ။ ဖြစ်ဖြစ်ချင်းရေဘေးကယ်ဆယ်ရေး မလာကြဘူးလား“

သူမရုတ်တရက်အမေးကို မည်သူမျှမဖြေကြ။ အမေးခံရသူကလဲ ကြောင်ကြည့်နေသည်။ ရှေ့ပိုင်းတွင် စကားအရမ်းပြောသော ဦးလေးမှာလဲ ရွာလူကြီးအား ကွက်ကြည့်ကွက်ကြည့် ဖြစ်နေတော့မှ သူမအနည်းငယ် လောသွားမှန်းသတိထားလိုက်မိသည်။ ဘယ်သူမှမလာလို့သာ ဒီလို ဖြစ်နေတာပေါ့။ ဖွင့်ပြောရန်ပင် မလိုသည့်ကိစ္စ။

ကိုယ်တွေ့ဆိုတော့ သူမလဲ ရိပ်မိခဲ့ပါပြီ။ နိုင်ငံတော် ဖွံ့ဖြိုးရေး၊ ပြည်သူအကျိုးပြုရေး အော်နေသော ကြံ့ခိုင်ရေးများလဲ တယောက်မှ ပေါ်မလာကြ။ တကယ်ဆို အဖြူအစိမ်းများဝတ်ပြီး ပြေးလာကြပါတော့လား။ လူတွေ ဒီလောက် ဒုက္ခရောက်နေကြသည်ကိုး။

“ကဲ-ဆန်အိတ်တွေ သယ်လို့ပြီးသွားကြပြီဆိုတော့ နောက်တနေရာ ရှေ့ဆက်ကြဦးစို့“

အခြေအနေကို ၀င်ထိန်းသည့်အနေဖြင့် အစ်ကိုကြီးတယောက်က ပြောလိုက်တော့ သူမတို့အားလုံး ထိုင်ရာမှ ထလိုက်ကြပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

လုပ်စရာဆက်လုပ်

Saturday, December 1, 2007

မျှော်လဲမျှော်၊ လုပ်စရာရှိတာလဲလုပ်

စက်တင်ဘာတော်လှန်ရေးပြီးသည့်နောက်ပိုင်း၊ ကုလသမဂ္ဂကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်သို့ နှစ်ကြိမ်သွားရောက်ပြီး နောက်ပိုင်း ကာလတလျှောက် တွေ့ဆုံဆွေးနွေးပွဲ ဆိုသော စကားလုံးများသည် မြန်မာနိုင်ငံရေး၏ အရေးအပါဆုံးစကားလုံးအဖြစ် ထိပ်ဆုံးမှ နေရာရောက်လာသည်။ နအဖမှလည်း ဆက်သွယ်ရေးကိုယ်စားလှယ် ခန့်အပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ အင်အယ်ဒီခေါင်းဆောင်ပိုင်းများအား တွေ့ဆုံပေးခြင်းများ ပြုလုပ်လာသည့်အခါ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာတော့မည် ဟူသော မျှော်လင့်ချက်ရောင်ခြည်တခုပေါ်ထွန်းလာခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ မျှော်လင့်ချက်များသည် ယခုမှ ကောက်ခါငင်ခါ ပေါ်လာခြင်းတော့မဟုတ်။ (၁၉၈၈) နောက်ပိုင်း မြန်မာ့နိုင်ငံရေးသည် တွေ့ဆုံဆွေးနွေးပွဲဆီရောက်လိုက်၊ လူထုတိုက်ပွဲဆီရောက်လိုက်နှင့် သံသရာစက်ဝန်း တပတ်လည်သကဲ့သို့ ဖြစ်နေသည်။ နအဖဖက်မှလည်း လူထုအရှိန်ကောင်းလာလျှင် အကြမ်းဖက်ဖြိုခွဲလိုက်၊ နောက်ဆက်တွဲတွင် တွေ့ဆုံဆွေးနွေးပွဲစကားပစ်လိုက်၊ ဖမ်းလိုက်၊ လွှတ်လိုက်နှင့် ချော့တခါ၊ ခြောက်တလှည့်နှင့် ကလေးများကို ကစားနေသကဲ့သို့ ပြုမူနေသည်။ မိမိတို့ အတိုက်အခံများအားလုံး သူတို့ ကစားကွက်တွင် မယောင်သွားစေရန် အလွန်ပင် အရေးကြီးလှသည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးသည် သတင်းမီဒီယာများ၊ ဘလော့ဂါများ၏ အစွမ်းကြောင့် ကမ္ဘာကြီးတခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နိုင်ငံတကာက အာရုံစိုက်ခံခဲ့ရသည်။ စီးပွားရေးပိတ်ဆို့မှုများ ယခင်ကထက်စာလျှင် ပိုမိုထိရောက်မှု ရှိသွားသည်။ ဗိုလ်သန်းရွှေ၏ ကုလားထိုင် အနည်းငယ် လှုပ်လာသည်။ ဤအခြေအနေတွင် နိုင်ငံတကာ၏ အရှိန်၊ ပြည်တွင်း၏ အရှိန်ကို လျှော့ချရန် တနည်းသာ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှု။ ထိုနည်းကို နအဖတို့ အပြေးအလွှား အသုံးချလိုက်ကြသည်။ နိုင်ငံတကာမှ ယုံစားပြီး အမှန်တကယ် မျှော်လင့်ချက်နှင့် သွားတော့ နအဖဆက်ဆံရေးက မည်သို့ ပြောင်းလာသနည်း။ ကမ္ဘာ့ကုလသမဂ္ဂကိုပင် အရေးဂရု မပြုမှန်း ဂမ်ဘာရီပြည်မ၀င်ခင်ကတည်းက ဌာနေကိုယ်စားလှယ်ကို denounce လုပ်ခြင်းဖြင့် ကြိုတင် message ပေးထားပြီး ဖြစ်သည်။ ဂမ်ဘာရီဝင်သည်။ ဗိုလ်သန်းရွှေ အတွေ့မခံ။ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ပေးသည်။ သံတမန်ရေးရာအရ အောင်ပွဲတခုမို့ ဂမ်ဘာရီပျော်ပျော်ကြီး ပြန်ထွက်သည်။ အန်တီစုကိုယ်စား statement ထုတ်ပေးသည်။ အခြေအနေမှန်နှင့် ကိုက်ညီစွာ ထွက်ပေါ်လာသည့် ထိုကမ်းလှမ်းချက်ကို နအဖမည်သို့ တုန့်ပြန်ခဲ့သနည်း။ အကြောင်းအမျိုးမျိုးပြကာ အပြစ်ရှာသည်။ ပုံကြီးချဲ့သည်။ တိုင်းရင်းသားအဖွဲ့များနှင့် လှည့်တိုက်သည်။ ဖျက်မြင်းများမွေးပြီး ပွဲဖျက်ခိုင်းသည်။

ဤနေရာတွင်ပင် နအဖသဘောထားက လယ်ပြင်မှာ ဆင်သွားသလို ပေါ်နေပါပြီ။ နအဖတွေ့ဆုံဆွေးနွေးရေးလမ်းပေါ် မျက်စပစ်လာခြင်းသည် စီးပွားရေးပိတ်ဆို့မှုများ တင်းကြပ်လာချိန်၊ တကမ္ဘာလုံးမှ အာရုံစိုက်လာချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းသာ ဖြစ်သည်။ အမှန်တကယ် စစ်မှန်သော စိတ်ထားဖြင့် ကမ်းလှမ်းခဲ့ခြင်းသာ မှန်လျှင် ယခုဆိုလျှင် တွေ့ဆုံဆွေးနွေးပွဲက စတင်နေလောက်ပြီဖြစ်သည်။ လတ်တလောအာဆီယံ၏ လုပ်ဆောင်ချက်များကလည်း၊ နအဖတွေ့ဆုံရေးလမ်းပေါ် စလှမ်းခဲ့သည်ထားဦး၊ ပြန်ဆုတ်ရန် အားမာန်များ ဖြည့်တင်းပေးလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂတွင် မဲခွဲရာ၌ အိမ်နီးချင်းနိုင်ငံအများစုသည် ကန့်ကွက်မဲ (သို့မဟုတ်) ကြားနေမဲကိုသာ ပေးသွားခဲ့ကြသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့အရေးသည် မြန်မာတို့၏ အရေးသာဖြစ်ကြောင်း သိမြင်နိုင်ပါသည်။

ယင်းသို့သော အခြေအနေတွင် တွေ့ဆုံဆွေးနွေးပွဲသည် ဖြစ်ချင်လဲ ဖြစ်လာမည်။ ဖြစ်ချင်မှလဲ ဖြစ်လာတော့မည်။ ဖြစ်လာမည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုပါသည်။ သို့ပေမယ့် သေချာသည်ကတော့ နအဖသည် သူတို့ လုပ်စရာရှိသည်ကိုတော့ အင်တိုက်အားတိုက် ဆက်လုပ်နေ ကြခြင်းဖြစ်သည်။ လမ်းပြမြေပုံကို မလွှတ်စတမ်း ဆက်လက်အကောင် အထည်ဖော်နေကြခြင်းသာ ဖြစ်သည်။

ကျွန်ုပ်တို့ကကော ဘာဆက်လုပ်မည်နည်း။ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်မျှော်နေမည်လော။ တွေ့ဆုံဆွေးနွေးပွဲဖြစ်ရန် တွန်းအားပေးပေးပါလို့ နိုင်ငံတကာကို တိုက်တွန်းနေမည်လော။ ဒီမိုကရေစီအရေးကို တော်လှန်ရေးတရပ် အမြင်ဖြင့် ကြည့်၍ တိုက်ပွဲသဏ္ဍာန်မျိုးစုံကို ဆက်လက်အားဖြည့် အကောင်အထည်ဖော်ကြမည်လော။

မည်သို့ဆိုစေ၊ ”မျှော်လဲမျှော်ရင်း လုပ်စရာရှိတာလဲ ဆက်လုပ်ကြပါရန်” လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ သံသရာစက်ဝန်းထဲတွင် ဆက်လက်လည်ပတ်မနေစေရန် အခြေအနေနှင့် အချိန်အခါက တောင်းဆိုနေပါပြီ။ အနှစ်နှစ်ဆယ် မြန်မာပြည်သည် ဖက်ဆစ်နအဖလက်အောက်တွင် ချုံးချုံးကျနေခဲ့ပါပြီ။ မြန်မာလူမျိုးများတစတစ ပျောက်ကွယ်ပြီး အိမ်နီးချင်းလူမျိုးတစု၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးဝါးမျိုမှုများကို ကြောက်မက်ဖွယ် ခံနေရပါပြီ။ မြန်မာပြည်၏ အနာဂတ်အတွက် စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ဖျက်ကြပါစို့။

(1/12/2007)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP