သြဂုတ်လ (၁၃)ရက်။ ၂၀၀၇ခု
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စစ်ရေးအင်အား၊ စီးပွားရေးအင်အား တည်ဆောက်မှုသည် အရေးကြီးပါသည်။ ထိုအင်အားနှစ်ရပ်သည် အပြန်အလှန် ဆက်စပ်နေပြီး၊ အင်အားနှစ်ရပ်လုံး တပြိုင်နက် ကြီးထွားလာစေရန်မှာ အလွန်ပင် ခက်ခဲသကဲ့သို့ မည်သည့်အင်အားကို စတင်တည်ဆောက်ရမည်ဆိုသည်မှာလဲ နိုင်ငံအုပ်ချုပ်သူ အစိုးရတရပ်အတွက် အလွန်ပင် ခက်ခဲနက်နဲစေသည့် ဆုံးဖြန်ချက်တရပ်ဖြစ်ပါသည်။ အချို့ သော နိုင်ငံများကတော့ စီးပွားရေးအင်အားကို စတင်တည်ဆောက်ပြီး၊ စီးပွားရေး တောင့်တင်းလာသော အခါတွင်မှ စစ်ရေးအင်အား တိုးချဲ့မှုကို ပြုလုပ်ကြပြီး၊ အချို့နိုင်ငံများကတော့ စစ်ရေးအင်အားကို စတင်တည်ဆောက်ကြသည်။ အမေရိကန်၊ တရူတ်စသော အင်အားကြီး နိုင်ငံများသည် ပထမအမျိုးအစားတွင် ပါဝင်ပြီး၊ ဆိုဗီယက်ယူနီယံ၊ မြောက်ကိုးရီးယားစသည့် နိုင်ငံများမှာ ဒုတိယ အမျိုးအစားတွင် ပါဝင်ကြလေသည်။ မည်သူတွေအောင်မြင်၍ မည်သူတွေ ဆုံးရှုံးခဲ့ကြသနည်း။ သမိုင်းက အဖြေပေးခဲ့သည်။ ဆက်လက်၍လဲ အဖြေတွေ ပေးနေပေလိမ့်ဦးမည်။
စစ်ရေးအင်အားဆိုသည်မှာ အခြားနိုင်ငံများအပေါ်တွင် စစ်ရေးနည်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စွမ်းရည်ရှိသော (၀ါ) စစ်အင်အားဖြင့် ခြိမ်းချောက်ထားနိုင်သော အင်အားတရပ်ဖြစ်ပြီး၊ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သက်လုံကောင်းမှု စသည်တို့နှင့် တိုင်းတာနိုင်သည်။ စီးပွားရေးအင်အားဆိုသည်ကား စီးပွားရေးနည်းဖြင့် အခြားနိုင်ငံများအား လွှမ်းမိုးထားနိုင်သည့် စွမ်းရည်ရှိသော အင်အားတရပ်ဖြစ်ပြီး၊ ရေမြေအနေအထား၊ သဘာဝသယံဇာတ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် စသည်တို့ဖြင့် တိုင်းတာနိုင်သည်။ စစ်ရေးအင်အား တိုးချဲ့မှုအတွက် အဓိကကျသော အခရာမှာ စစ်လက်နက်ပစ္စည်း ထိုလက်နက်ပစ္စည်းများကို နိုင်ငံတာဈေးကွက်တွင် ခိုင်မာတောင့်တင်းသော ငွေကြေးဖြင့် ၀ယ်ယူရပသည်။ စီးပွားရေးအင်အား တောင့်တင်းပြီးသော နိုင်ငံများ အတွက် သိပ်အရေးမကြီးလှသော်လဲ ဖွံ့ဖြိုးဆဲ တိုင်းပြည်များအတွက်ကား စစ်အင်အား တိုးချဲ့ခြင်းကို စတင်သည်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးသွားစေတော့သည်၊ “ငွေတကျပ်နှင့် ငါးကြင်းခေါင်းကိုင်၍ မရ“ ဟူသော အဆိုပင်ရှိသည်မဟုတ်လား။ စီးပွားရေး မတောင့်တင်းပဲ စိန်၊ ရွှေ ၀ယ်ဝတ်လျှင် အကြွေးများပြီး၊ မိသားစုတစုလုံး ရေသောက်ဗိုက်မှောက်ရကိန်း နှင့် ကြုံတတ်ပါသည်။ ထိုနည်းနှယ်နှယ်ပင်။ စစ်အေးကာလအင်အားကြီး နိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အား လေ့လာကြည့်ကြပါစို့။
၁၉၇၀ နှစ်လယ်ပိုင်းကာလအထိ အမေရိကန်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုမှာ စီးပွားရေးအခြေအနေ တိုးတက်မှု မရှိသေးသဖြင့် အောင်မြင်မှု သိပ်မရှိခဲ့ပေ။ ၁၉၈၀နှစ်ပိုင်းကာလများတွင်ကား တိုးတက်လာသော စီးပွားရေး အင်အားနှင့်အတူ စစ်ရေးအင်အားများမှာလဲ ပိုမိုတိုးတက်လာခဲ့သည်။
သမ္မတရေဂင်၏ အုပ်ချုပ်မှုကာလ (၁၉၈၁-၁၉၈၉) ကာလများတွင် အမေရိကန်၏ စစ်အသုံးစရိတ်များ တိုးမြင့်ခဲ့ပြီး Strategic Defense Initiative ပရောဂျက်ကို အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မော်စကိုကို အောင်ပွဲခံကာ စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့ရသည်။ ထိုပရောဂျက်ကို စစ်အင်အား၊ စီးပွားရေး အင်အား နှစ်ဖက်ညှပ်၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်တို့ အဆိုပါပရောဂျက် စတင်စဉ်၍ ဆိုဗီယက်တို့ကလဲ အားကျမခံ တုံ့ပြန်ခဲ့ပုံမှာ ဆိုဗီယက်စစ်တပ်သည် သိပံပညာရှင်များအပါအ၀င် ပညာတတ် လူတန်းစားများပါသော စစ်အင်အားကို ၁၀သန်းအထိ တိုးချဲ့ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ ဂျီဒီပီ (၂၅) ရာနှုန်းမှာ စစ်အင်အားအတွက်ဖြစ်ပြီး၊ တနိုင်ငံလုံးမှ စက်ရုံ၊ အလုပ်ရုံများ၏ တ၀က်ခန့်မှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုကိုသာ ဇောင်းပေးခဲ့သည်။ စီးပွားရေးအင်အား တိုးချဲ့မှုည် ဒုတိယနေရာသို့ ရောက်ရှိသွားသည်။
ရလာဘ်ကား ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာ၏ စစ်ပွဲများသည် စစ်အင်အားတခုတည်းနှင့် မပြည့်စုံနိုင်တော့ပါ။ စစ်အင်အားဖြင့် တိုက်သည့်စစ်ပွဲများလဲ ရှားပါးလာခဲ့လေပြီ။ စီးပွားရေးအင်အားဖြင့် တိုက်သည့် စစ်ပွဲများခေတ်သို့ ဦးတည်လာခဲ့လေပြီ။ နိုင်ငံအနှံ့ ထိုစစ်ပွဲများအတွက်သာ ပြင်ဆင် ကြိုးပမ်းနေကြသည်။
အဆိုပါကာလမျိုးတွင် ကျွနုပ်တို့ မြန်မာပြည်၏ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင်များ ဘာလုပ်နေကြသည် ထင်ပါသနည်း။ အနှစ်နှစ်ဆယ်ကာလအတွင်း စစ်သည်အင်အား တသိန်းကျော်မှ လေးသိန်းကျော်ဖြစ်လာပါသည်။ တပ်ရင်းတပ်မများ၊ တိုင်းစစ်ဌာနချုပ်များ တိုးချဲ့ဖွဲ့စည်းလာသည်။ စစ်သင်တန်းကျောင်းများ အဆမတန် များပြားလာသည်။ ရေတပ်၊လေတပ် လက်နက်ပင်အားများ တိုးချဲ့ထားသည်။ ထောင်ပေါင်းများစွာသော စစ်အရာရှိများအား ရုရှား၊ အင်ဒိုနီးရှား၊ အစ္စရေးစသော တိုင်းပြည်များသို့ပို့၍ နူကလီးယားသင်တန်း၊ စစ်ဦးစီးသင်တန်းများ၊ လက်နက်ရေးရာ ကျွမ်းကျင်သင်တန်းများ တက်ခိုင်းထားသည်။
ရာပေါင်းများစွာသော အေးဂျင့်များကို ပြည်ပနိုင်ငံများသို့လွှတ်၍ ထောက်လှမ်းရေးတာဝန်များသာမက တရားမ၀င် ငွေလွှဲပြောင်းမှုများ၊ လက်နက်ဝယ်ယူမှုများ၊ ပြည်တွင်းသို့ လျှို့ ဝှက်တင်သွင်းမှုများ ပြုလုပ်ရန် စေခိုင်းထားသည်။ စစ်အသုံးစရိတ်အသုံးများသော နိုင်ငံများစာရင်းတွင်လဲ ရှေ့ပိုင်းစာရင်းမှ ပါဝင်နေပြီ။
မြန်မာပြည်၏ စစ်အင်အားကတော့ ထိုသို့ရှိပါသည်။
သို့ပေမယ့် အခြားတဘက်က စီးပွားရေးအင်အားကို ကြည့်လိုက်လျှင်ကား
တိုင်းပြည်တခုလုံး၏ စီးပွားရေးသည် ချွတ်ခြုံကျနေသည်မှာ စားစရာမရှိ၍ ငတ်သေသည့် လူထုပင်ရှိနေပြီ။ ငွေကြေးဖောင်းပွနှုန်းများက အဆမတန် တက်လာသည်။ ပညာရေးဆိုသည်မှာနိုင်ငံတကာကပင် အသိအမှတ်ပြု လက်ခံခြင်း မရှိတော့။ ကျန်းမာရေးဘက်ကြည့်လိုက်လျှင်လဲ ဆေးရုံတွင် ဆေးမရှိ၍ လူနာဘေးငုတ်တုတ်ထိုင်ကာ သေမည့်အချိန်စောင့်ပေးနေရသော ဆရာဝန်များပင်ပေါ်ပေါက်လာခဲ့ပြီ။ အာဏာမြဲလျှင်ပြီးရောဆိုကာ ငြိမ်းအဖွဲ့များအား ပါမစ်များ စည်းမရှိ၊ကမ်းမရှိ ထုတ်ပးထားမှု၊ ခေတ်ပျက်သဌေး များအား ရောင်းလို့ရတာ အကုန်ရောင်း ပေါ်လစီချကာ အာဏာရှင်မိသားစုများအတွက် ငွေရှာခိုင်းမှု စသည်တို့ကြောင့် သဘာဝသယံဇာတများလဲ ကုန်သလောက်ရှိနေပြီ။
အိုင်တီနည်းပညာတိုးတက်မှု ရှိနေပေမယ့် နည်းပညာမျာူကို စစ်အာဏာရှင် ယန္တရား လည်ပတ်ရေးအတွက်သာ ပိုမိုဇောင်းပေးအငုံးချထားသဖြင့် တိုင်းပြည်တိုးတက်ရေးငကို အထောက်အကူမပြုပဲဖြစ်နေသည်။ မည်သည့် စီးပွားရေးအင်အား ပြသော နှုန်းထားများ အကောင်းကျန်ပါသေးသနည်း။ စီးပွားရေးအင်အားမှာ အပေါင်းမဟုတ်ပဲ အနုတ်လက္ခဏာသာ ထွက်နေရတော့သည်။
စီးပွားရေးအင်အား မတောင့်တင်းပဲ စစ်ရေးအင်အားချည်း သက်သက်သာ ဆက်လက်တည်ဆောက်နေလျှင်တော့ “အခွံသာကျန်တဲ့ သေနတ်စုတ်“ ကဲ့သို့သာ ဖြစ်လာမည်မှတပါး အခြားမရှိပါကြောင်း။